အခန်း ၁၆၆
Vol. 17 Ch. 166
အခန်း ၁၆၆
ကျန်းဟန်သည် မိုးကြိုးတောင်ကို အကြိမ်အနည်းငယ် ပတ်ပျံလိုက်ပြီး နဂါးမြှုပ်နှံခြင်းချိုင်းဝှမ်းသို့ပင် သွားလိုက်၏။ သူ့နောက်မှ မည်သူမျှ လိုက်မလာကြောင်း သေချာစေပြီးမှသာ ကမ်းပါးပေါ်ရှိ သူ၏ သစ်လုံးအိမ်လေးသို့ ပြန်လာခဲ့လိုက်သည်။
သစ်လုံးအိမ်လေးမှာ သူထားခဲ့သည့်အတိုင်း ရှိနေပြီး အရှေ့ဘက် ဝရန်တာစင်မြင့်ပေါ်တွင် စိုက်ပျိုးထားသော မိုးကြိုးနှလုံးသားမြက် အနည်းငယ်မှာလည်း ကောင်းမွန်စွာ ကြီးထွားနေသည်ကို မြင်လိုက်ရမှသာ ကျန်းဟန်တစ်ယောက် နောက်ဆုံးတွင် စိတ်အေးသွားတော့သည်။
ဤစွန့်စားမှုမှာ တကယ်ကို ထိုက်တန်လှသည်။ အန္တရာယ်များသော်လည်း ရွှေငါးမူး (နေ့တစ်ဝက်) အတွင်းမှာပင် ၁.၅ သန်းအထိ ရှာဖွေနိုင်ခဲ့ခြင်းက စွန့်စားရကျိုး နပ်စေခဲ့သည်။
ယင်းသည် အဓိကအားဖြင့် ရုပ်ရည်ပြောင်းလဲရန် ကူညီပေးခဲ့သော မြူခိုးမျက်နှာဖုံးကြောင့်ဖြစ်သည်။ မဟုတ်ပါက မှောင်ခိုဈေးကွက်မှ ထွက်ပြေးရခြင်းမှာ သွေးချောင်းစီးသည့် ကိစ္စတစ်ခု ဖြစ်လာပေလိမ့်မည်။ ဤသည်မှာလည်း ထိုမိသားစု အဖွဲ့အစည်းများက သူ့ကို စဉ်းစားရန် အချိန်ပေးခဲ့ကြသည့် အကြောင်းရင်းတစ်ခု ဖြစ်သည်။
အကြောင်းမှာ ကျန်းဟန်အနေဖြင့် သူ့ကို လူမည်မျှအထိ စောင့်ကြည့်နေကြသည်ကို မကြာခင် သဘောပေါက်လာလိမ့်မည်ဟု သူတို့က သိထားကြသောကြောင့် ဖြစ်သည်။ အကယ်၍ သူသာ ထိုမိသားစုကြီးများကို အမှီမပြုပါက မှောင်ခိုဈေးကွက်မှ ထွက်ခွာလိုက်သည့် အခိုက်အတန့်သည် သူ သေမည့်နေ့ ဖြစ်လာပေလိမ့်မည်။
သို့သော် ကျန်းဟန်သည် ဆုတ်ခွာမည့်လမ်းကြောင်းကို ကြိုတင်တွေးဆထားပြီးသား ဖြစ်၏။ ယင်းက ထိုမိသားစုအင်အားစုများကို ငြင်းပယ်ရဲသည့် သတ္တိကို ပေးစွမ်းခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်တွင် ကောင်းကင်ယံမှာ အလင်းပေးစပြုနေပြီဖြစ်သည်။ ကျန်းဟန်သည် အနည်းငယ် အနားယူပြီးနောက် ယနေ့အတွက် အံ့ဖွယ်လေ့ကျင့်မှုကို ဆက်လက်လုပ်ဆောင်ရန် ပိုင်လင်းကို ခေါ်ဆောင်၍ ခရမ်းရောင်မိုးကြိုးတောင်ထိပ်သို့ သွားရောက်ခဲ့လိုက်သည်။ ယခုအခါ ပိုင်လင်း အဆင့်တက်ရန်အတွက် လိုအပ်သော ပစ္စည်းများ အဆင့် ၃ မိုးကြိုးဝိညာဉ်ပုံဆောင်ခဲ ၃၀၀ အပြည့်နှင့် အဆင့် ၄ မိုးကြိုးပန်း တစ်ပွင့်...အားလုံး စုံလင်သွားပြီဖြစ်ရာ သေချာပေါက် လုံလောက်ပြီဖြစ်သည်။
ကျန်ရှိသည်မှာ အဆင့်တက်ရန်အတွက် ကောင်းမွန်သော အချိန်အခါတစ်ခုကို ရှာဖွေရန်သာ ရှိတော့သည်။ ယခုတစ်ကြိမ်တွင် သူ သေချာပေါက် အောင်မြင်ရပေမည်။ မဟုတ်ပါက ကျန်းဟန်အနေဖြင့် အချိန်တိုအတွင်း ဤမျှများပြားသော အရင်းအမြစ်များကို ထပ်မံစုဆောင်းရန် မဖြစ်နိုင်တော့ပေ။
ထို့ကြောင့် ထိုအချိန်မတိုင်မီ အထူးအခြေအနေမျိုးနှင့် မကြုံတွေ့ရစေရန် ကျန်းဟန်သည် မိုးကြိုး ဝိညာဉ်အပင်များကို တတ်နိုင်သမျှ ပိုမိုစုဆောင်းရန် ကြိုးစားရမည်ဖြစ်သည်။
“သခင်... ကျွန်တော့်အထင် ဒီနေရာက ကောင်းတယ်ထင်တယ်။”
ပိုင်လင်းက ကျန်းဟန်ကို ကျောက်ကမ်းပါးအသစ်တစ်ခုဆီသို့ ခေါ်ဆောင်လာခဲ့သည်။
“ကောင်းပြီ။ အရင်ဆုံး ပတ်ဝန်းကျင်ကို ကြည့်ရအောင်။ ပြဿနာမရှိဘူးဆိုရင် စကြတာပေါ့။”
ကျန်းဟန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
ပတ်ပတ်လည်ကို လျှောက်ကြည့်ပြီး မည်သည့်အန္တရာယ် သို့မဟုတ် ပုန်းကွယ်နေသော ခြိမ်းခြောက်မှုမျှ မရှိကြောင်း သိလိုက်ရပြီးနောက် ကျန်းဟန်သည် ပိုင်လင်းကို တစ်နေရာတွင် ထိုင်ခိုင်းလိုက်ပြီး ယနေ့အတွက် လေ့ကျင့်မှုကို စတင်လိုက်တော့သည်။
ပိုင်လင်း၏ အသက်ရှူသွင်းမှုနှင့်အတူ ခရမ်းရောင် ဝိညာဉ်စွမ်းအား ပူဖောင်းတစ်ခု ချက်ချင်း ဖြစ်ပေါ်လာပြီး မီတာရာဂဏန်းခန့်ရှိသော ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပြန့်နှံ့သွားခဲ့သည်။
ရှဥ့်များ၊ မြွေများနှင့် ဖွတ်အချို့သည် ကိုးကွယ်ယုံကြည်သူများကဲ့သို့ ပိုင်လင်းထံသို့ ဦးညွှတ်နေကြသည်ကို ကျန်းဟန် သတိထားမိလိုက်သည်။
ပိုင်လင်းသည်လည်း ထိုသတ္တဝါများကို သတိပြုမိသွားပြီး ၎င်းရှူသွင်းလိုက်သော ဝိညာဉ်စွမ်းအား အနည်းငယ်ကို ချက်ချင်း မျှဝေပေးလိုက်သည်။ နဂါးအငွေ့အသက်ပါရှိသော ထိုဝိညာဉ်စွမ်းအားကို ရရှိပြီးနောက် ထိုသတ္တဝါလေးများတွင် အပြောင်းအလဲအချို့ ဖြစ်ပေါ်လာခဲ့သည်။ အဆင့်မရှိသော ရှဥ့်အချို့မှာ အစေခံအဆင့်သို့ တိုက်ရိုက် တိုးတက်သွားခဲ့ပြီး ၎င်းတို့၏ ဦးခေါင်းပေါ်တွင် ခရမ်းရောင်လိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အစေခံအဆင့် မြွေငယ်များနှင့် ဖွတ်ငယ်အချို့မှာလည်း အဆင့်ငယ်တစ်ခု ချက်ချင်း တက်သွားခဲ့ပြီး ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် နဂါးသွေးမျိုးဆက် အစွန်းအစအချို့ ဖြစ်ပေါ်လာခဲ့သည်။
ကျန်းဟန်သည် ဤလုပ်ငန်းစဉ်ကို ကူးစက်ခြင်းဟု ခေါ်ပြီး ဓာတ်ရောင်ခြည်သင့်ခြင်းနှင့် အလွန်တူကြောင်း သိရှိထားသည်။ နဂါးသွေးမျိုးဆက် အားနည်းသော သတ္တဝါအများစုမှာ ဤနည်းဖြင့် ဖြစ်ပေါ်လာကြခြင်း ဖြစ်သည်။ ၎င်းတို့မှာ မျိုးရိုးလိုက်ခြင်း မဟုတ်ဘဲ ကိုးကွယ်ဆည်းကပ်ခြင်းမှတစ်ဆင့် နဂါး၏ ကူးစက်မှုကို ရရှိခဲ့ကြခြင်း ဖြစ်သည်။
ယေဘုယျအားဖြင့် အခြားသတ္တဝါများကို ကူးစက်စေနိုင်သော နဂါးတစ်ကောင်သည် အနည်းဆုံး သွေးစစ်နဂါးဖြစ်ရမည်။ အသွင်မပြောင်းသေးသော နဂါးရိုင်းများပင်လျှင် ၎င်းကို မလုပ်ဆောင်နိုင်ဘဲ သွေးလိုင်းမှတစ်ဆင့်သာ ကူးစက်စေနိုင်သည်။
ပိုင်လင်းတွင်မူ နဂါး၏ မူလသွေးနှင့် ဝိညာဉ်ကို ပိုင်ဆိုင်ထားသဖြင့် ဤကဲ့သို့သော အရာမျိုးမှာ ၎င်းအတွက် အလွန်ရိုးရှင်းလှသည်။
၎င်း၏ ကူးစက်ခြင်းကို ခံလိုက်ရပြီးနောက် ထိုသတ္တဝါလေးများအတွက် ၎င်းသည် ဘိုးဘေးသဖွယ် ဖြစ်သွားခဲ့ပြီး ၎င်းတို့က ဤမိုးကြိုးတောင်တွင် ကူညီမည့်လက်များအဖြစ် ဆောင်ရွက်ပေးနိုင်ကြသည်။
ထိုသတ္တဝါလေးများသည် ရတနာများနှင့် သန်မာသော သားရဲများ၏ ဂူများရှိရာ နေရာများကို အလွန် ကောင်းမွန်စွာ သိရှိထားကြသည်။
သုံးနာရီကျော် အချိန်ကုန်လွန်ပြီးနောက် ပိုင်လင်းသည် ယနေ့အတွက် လေ့ကျင့်မှုကို အဆုံးသတ်နိုင်ခဲ့သည်။
“သခင်... ခုနက ရှဥ့်လေးက ပြောတယ်။ သူတို့နေတဲ့နေရာမှာ အရမ်းရက်စက်တဲ့ မြွေကြီးတစ်ကောင် ရှိတယ်တဲ့။ ပြီးတော့ အဲဒီမြွေရဲ့ အသိုက်ထဲမှာ လျှပ်စီးတွေ လက်နေတဲ့ ပန်းပွင့်တစ်ပွင့် ရှိတယ်လို့ ပြောတယ်။”
ပိုင်လင်းသည် ဝိညာဉ်စွမ်းအား တစ်မျှင်ကို အသုံးပြု၍ စောစောက ခရမ်းရောင် ရှဥ့်လေးကို မ၊ယူလိုက်၏။ အစေခံအဆင့်သို့ တိုးတက်သွားပြီးနောက် ၎င်းသည် ဉာဏ်ရည်အနည်းငယ် ရရှိလာခဲ့သည်။ ၎င်းသည် ပိုင်လင်းကို ဦးညွှတ်လိုက်ပြီး လက်ဟန်ခြေဟန်ဖြင့် အပြင်းအထန် စတင်ရှင်းပြတော့သည်။
၎င်း၏ စကားများကြားတွင် ထိုမြွေကြီးမှာ မည်မျှရက်စက်ကြောင်း၊ ၎င်း၏ မိဘများမှာ ထိုမြွေကြီးလက်ချက်ဖြင့် မည်သို့ ဒုက္ခရောက်ခဲ့ရကြောင်းနှင့် ထိုမြွေကြီး၏ လိုက်လံရန်ရှာမှုမှ လွတ်မြောက်ရန် ၎င်း၏ အိမ်ကို မည်သို့ စွန့်ခွာခဲ့ရကြောင်းတို့ကို ဖော်ပြနေခဲ့သည်။
ထို့ပြင် လျှပ်စီးများဖြင့် လင်းလက်နေသော ထိုပန်းပွင့်မှာ မည်မျှ ဆန်းကြယ်ပြီး တောက်ပကြောင်းကိုလည်း ပြောပြနေခဲ့သည်။
ကျန်းဟန်မှာမူ ၎င်း၏ တစီစီနှင့် တတွတ်တွတ် ပြောနေသည်များကို တစ်လုံးမှ နားမလည်သော်လည်း ပိုင်လင်းကမူ နားလည်နိုင်စွမ်း ရှိသည်။
“ဒါဆို သွားကြည့်ကြတာပေါ့။”
ကျန်းဟန်က ခေါင်းညိတ်လိုက်ပြီးနောက် ပိုင်လင်းက သူ့ကို သယ်ဆောင်၍ ပျံသန်းသွားခဲ့သည်။ ကျောက်ကမ်းပါးကို ဖြတ်ကျော်ပြီး နောက်ထပ် နှစ်ကီလိုမီတာခန့် ခရီးဆက်ပြီးနောက် ကျန်းဟန်သည် ထိုရက်စက်ကြမ်းကြုတ်လှသော မြွေကြီးကို မြင်တွေ့လိုက်ရတော့သည်။
ထိုရှဥ့်လေးအတွက်တော့ ယင်းက သေချာပေါက် မြွေကြီးတစ်ကောင် ဖြစ်သည်။ ၎င်းမှာ ခေါင်းဆောင်အဆင့် အစောပိုင်း ခေါင်းနှစ်လုံးပါ မြွေတစ်ကောင် ဖြစ်သည်။
ပိုင်လင်း၏ နဂါးအရှိန်အဝါက ၎င်းကို တိုက်ရိုက်ပင် ကြောက်လန့်သွားစေခဲ့သည်။ ၎င်း၏ အဆင့်မှာ ပိုင်လင်းထက် မြင့်မားသော်လည်း လုံးဝမခုခံရဲချေ။
ပိုင်လင်းက အဆုံးစီရင်မည့် တိုက်ခိုက်မှုကို ပြုလုပ်လိုက်သည့် အခါမှသာ ၎င်း၏ အသက်ရှင်သန်လိုစိတ် ဗီဇက ပေါက်ကွဲထွက်လာပြီး ပြင်းထန်စွာ ခုခံခဲ့၏။ သို့သော်လည်း ပိုင်လင်း၏ ခြေသည်းတစ်ချက်ဖြင့်ပင် လျင်မြန်စွာ ဆုတ်ဖြဲခြင်း ခံလိုက်ရတော့သည်။
“ဒါက အဆင့် ၃ မိုးကြိုးအမျိုးအစား ခြောက်သွေ့ကုန်းကြာပန်း ပဲ။ ကြည့်ရတာ အတော်လေး ကောင်းမွန်ပုံရတယ်။”
ကျန်းဟန်သည် ဂူထဲသို့ လျှောက်ဝင်သွားပြီး ဝိညာဉ်အပင်ကို ခူးယူလိုက်သည်။ သူသည် အလွန်ဆုံးရှိမှ အဆင့် ၂ ဝိညာဉ်အပင်သာ ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သဖြင့် ယခုကဲ့သို့ အဆင့် ၃ ဖြစ်နေသည်ကို တွေ့ရခြင်းက တကယ်ကို မမျှော်လင့်ဘဲ ရရှိခဲ့သော ဆုလာဘ်တစ်ခု ဖြစ်သည်ဟုပင် ဆိုနိုင်သည်။
“ကျိကျိ....”
အလွန်အမင်း ရက်စက်ကြမ်းကြုတ်လှသော မြွေကြီး အသတ်ခံလိုက်ရသည်ကို မြင်သောအခါ ခရမ်းရောင်အစင်းကြောင်း ရှဥ့်လေးမှာ ပိုင်လင်းကို စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း ဦးညွှတ်ကိုးကွယ်တော့သည်။
ပိုင်လင်းသည် ကျန်းဟန်နှင့်အတူ မထွက်ခွာမီ ၎င်းထံသို့ နဂါးချီတစ်မျှင်ကို ပေါ့ပေါ့ပါးပါးပင် ထပ်မံမျှဝေပေးခဲ့၏။
ကျောက်ကမ်းပါးရှိ သစ်လုံးအိမ်လေးသို့ ပြန်ရောက်သောအခါ ကျန်းဟန်သည် မိုးကြိုးသံလက်ဖက်ရည်တစ်အိုး တည်လိုက်သည်။ ဤလက်ဖက်ရည်ကို သောက်သည့်အခါ လျှပ်စီးများက အရသာခံအဖုများကို လှုံ့ဆော်ပေးနေသကဲ့သို့ ထူးခြားသော တဆစ်ဆစ်ခံစားချက်ကို ပေးစွမ်းပြီးနောက် လန်းဆန်းစေသော ရနံ့တစ်ခုက စွဲကျန်ရစ်ခဲ့သည်။ လည်ချောင်းထဲသို့ စီးဆင်းသွားချိန်တွင် အနည်းငယ် ချိုမြိန်လာပြီး အလွန်ထူးခြားသော အရသာ ရှိသည်။
ကျန်းဟန်သည် လက်ဖက်ရည်သောက်ရင်း အနားယူနေပြီး ပိုင်လင်းနှင့် ဟုတ်ဟုတ်တို့ကမူ သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲတွင် နှစ်ဖက်စလုံးမှ အနိုင်အရှုံးကို အပြတ်အသတ် ဆုံးဖြတ်ရန် စိတ်ပိုင်းဖြတ်ထားသည့်အလား ဂိုမိုကုကို ဆက်လက်ကစားနေကြသည်။
လက်ဖက်ရည်သောက်ပြီးနောက် ကျန်းဟန်သည် မြူခိုးမျက်နှာဖုံးကို ယူကာ မြူခိုးအဖွဲ့အစည်း၏ ဝဘ်ဆိုက်သို့ လော့ဂ်အင်ဝင်လိုက်ရာ တစ်စုံတစ်ယောက်က သူ့ထံ အီးမေးလ် ပို့ထားသည်ကို တွေ့ရှိလိုက်ရသည်။
ပထမဆုံးတစ်ခုမှာ မိမိကိုယ်ကိုယ် အကြီးအကဲယောင်ဟု ခေါ်ဆိုသော သူစိမ်းတစ်ဦးထံမှ သတင်းစကား ဖြစ်ပြီး ၎င်း၏ လက်အောက်တွင် အလုပ်လုပ်ရန် ဆန္ဒရှိမရှိ ကျန်းဟန်ကို မေးမြန်းထားကာ လစဉ် အခြေခံလစာ ယွမ် တစ်သန်း၊ အခမဲ့ သားရဲမွေးမြူရေးအစီအစဉ် ရေးဆွဲပေးမှုနှင့် ကြယ်ငါးပွင့်အဆင့် သားရဲတစ်ကောင်တို့ကို ကမ်းလှမ်းထားသည်။
ဤအကျိုးခံစားခွင့်မှာ ကျန်းဟန်ကိုပင် စိတ်လှုပ်ရှားသွားစေ၏။ သို့သော်လည်း ရရှိမှုများလေလေ ပေးဆပ်ရမှု ကြီးမားလေလေဖြစ်ကြောင်း သူ သိရှိထားသည်။ ဤလူတွင် လျှို့ဝှက်ထားထားသော ရည်ရွယ်ချက်များ သေချာပေါက် ရှိနေပေလိမ့်မည်။ မဟုတ်ပါက အခြေခံအဆင့် သားရဲထိန်းချုပ်သူ တစ်ယောက်ကို စုဆောင်းရန် ဤမျှအထိ အခွင့်ထူးခံ အခြေအနေမျိုးကို ကမ်းလှမ်းလိမ့်မည်မဟုတ်ပေ။
သူသည် ဝဘ်ဆိုက်တွင် အများပြည်သူ သိရှိနိုင်ရန် ဖော်ပြထားသော အကြီးအကဲယောင်၏ အချက်အလက်များကို ချက်ချင်း စစ်ဆေးကြည့်လိုက်သည်။
အကြီးအကဲယောင်သည် မြူခိုးအဖွဲ့အစည်း၏ အသန်မာဆုံး မွေးမြူရေးပညာရှင် ဆယ်ဦးထဲမှ တစ်ဦးဖြစ်ပြီး အထွတ်အထိပ် မွေးမြူရေးပညာရှင် အဆင့်ကို ပိုင်ဆိုင်ထားသည်။ သူသည် တစ်ချိန်က ကြယ်ခုနစ်ပွင့်အဆင့် ရေအောက်မှော်ငါးကို ဖန်တီးခဲ့ဖူးပြီး အသက်ရှည်ခြင်းစီမံကိန်း၏ အဓိက တာဝန်ခံပုဂ္ဂိုလ်လည်း ဖြစ်သည်။
“ဝိုး... ကြည့်ရတာ ဒါက မြူခိုးအဖွဲ့အစည်းရဲ့ အဆင့်မြင့်အဖွဲ့ဝင်တွေထဲက တစ်ယောက် ဖြစ်ရမယ်။ ငါ့ကို လာပြီး စုဆောင်းလိမ့်မယ်လို့ မထင်ထားမိဘူး။”
ကျန်းဟန်သည် ချက်ချင်းပင် အံ့ဩတုန်လှုပ်စွာဖြင့် အသက်ရှူမှားသွားခဲ့ရပြီး မဟာကမ္ဘာကြီး၏ အပူချိန်ကို ပိုမိုမြင့်တက်စေရန်အတွက် အရှိန်အဟုန်ဖြင့် အသက်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။
ဤလူသည် သူ့ထံမှ မည်သည့်အရာကို မြင်တွေ့သွားသနည်းဟူသည်ကို သူ အနည်းငယ် ဝေခွဲမရ ဖြစ်သွားခဲ့ရသည်။ သေသေချာချာ စဉ်းစားကြည့်ပြီးနောက်တွင်မူ သူ မှောင်ခိုဈေးကွက် အသေခံတိုက်ပွဲ ကွင်းပြင်တွင် ပါဝင်ခဲ့စဉ်ကမှသာ သတိပြုမိသွားခြင်း ဖြစ်နိုင်ပေသည်။
ထို့နောက် သူသည် ဒုတိယမြောက် အီးမေးလ်ကို ဖွင့်ကြည့်လိုက်၏။ ထိုအီးမေးလ်မှာ ချီရှီးမား ဆာကူရာထံမှ ပေးပို့ခြင်းဖြစ်ပြီး အကြီးအကဲယောင်နောက်သို့ မလိုက်ရန် သူ့ကို ပြင်းထန်စွာ သတိပေးထားကာ မဟုတ်ပါက သူမကိုယ်တိုင် ပျံသန်းလာပြီး သူ့ကို တိုက်ရိုက် သတ်ပစ်မည်ဟု ဆိုထားပြီး သူသည် သူမ၏လူသာ ဖြစ်ရမည်ဖြစ်ကြောင်းနှင့် သစ္စာဖောက်ခြင်း၏ အဓိပ္ပာယ်မှာ သေခြင်းတရားသာဖြစ်ကြောင်း ရေးသားထားသည်။
သူမသည် မည်သည့် ဆွဲဆောင်မှုရှိသော မက်လုံး မျိုးကိုမျှ မပေးဘဲ တုတ်ကြီးတစ်ချောင်းဖြင့်သာ တိုက်ရိုက် စတင်ခြိမ်းခြောက်လိုက်ခြင်း ဖြစ်သည်။
“အဟက်....”
ကျန်းဟန်က နှာခေါင်းရှုံ့လိုက်ပြီး သူ၏ ခွန်အားက ဤအမျိုးသမီးထက် သာလွန်သွားသည့်နေ့တွင် သူမကို သေချာပေါက် ဖမ်းဆီးကာ သူ့အတွက် ဖိနပ်သယ်ခိုင်းမည်ဟု တွေးလိုက်မိသည်။ သူမက အရမ်း မောက်မာထောင်လွှားလွန်းလှ၏။
သို့သော်လည်း သူသည် ထိုအကြီးအကဲယောင်ဟု ခေါ်သောသူကို လျစ်လျူရှုထားလိုက်သည်။ သူ့ ကိုယ်ပေါ်တွင် လျှို့ဝှက်ချက်များစွာ ရှိနေသည်ဖြစ်ရာ ဤကဲ့သို့သော အထွတ်အထိပ် မွေးမြူရေးပညာရှင်တစ်ဦးထံသို့ ချဉ်းကပ်ခြင်းမှာ ကိုယ့်ကိုယ်ကိုယ် အသတ်ခံရန် သွားပို့သကဲ့သို့သာ ဖြစ်ပေလိမ့်မည်။
ဘေးကင်းလုံခြုံစေရန်အတွက် သူသည် ထိုအကြီးအကဲယောင်ကို မပြောနှင့်...လက်ရှိအချိန်တွင် ချီရှီးမား ဆာကူရာနှင့်ပင် မတွေ့ချင်သေးပေ။