← Chapters

အခန်း ၁၆၇

Vol. 17 Ch. 167

အခန်း ၁၆၇

Vol. 17 Ch. 167

အခန်း ၁၆၇

နောက်ထပ် သုံးရက် ကုန်လွန်သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းဟန် မိုးကြိုးတောင်သို့ ရောက်ရှိနေခဲ့သည်မှာ ရက်ပေါင်း နှစ်ဆယ်ပင် ရှိသွားခဲ့ပြီ ဖြစ်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ကျန်းဟန်သည် ပိုင်လင်းနှင့်အတူ လေ့ကျင့်ခြင်းအပြင် ၎င်းနှင့်အတူ မိုးကြိုးအမျိုးအစား ဝိညာဉ်အပင်များကို ရှာဖွေရင်း အချိန်ကုန်လွန်စေခဲ့သည်။

ယခုအခါ ပိုင်လင်း၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ ခရမ်းရောင်မိူကြိုးတောင်ထိပ်၏ ပိုမိုနက်ရှိုင်းသော နေရာအချို့သို့ ဝင်ရောက်နိုင်လောက်အောင် သန်မာနေပြီဖြစ်သည်။ ထိုနေရာများကို အဆင့် ၄ သားရဲများက သိမ်းပိုက်ထားကြသော်လည်း ကျန်းဟန်အနေဖြင့် ဝိညာဉ်စွမ်းအား လှုပ်ခတ်မှုများကို အာရုပြုရုံဖြင့် ၎င်းတို့ကို ရှောင်တိမ်းနိုင်ခဲ့သည်။

ထိုနေရာများတွင် ဝိညာဉ်စွမ်းအား သိပ်သည်းဆ ပိုမိုမြင့်မားပြီး အခြားနေရာများထက် အဆင့် ၃ ဝိညာဉ်အပင်များ ပိုမိုပေါများသဖြင့် ကျန်းဟန်၏ ရရှိမှုများမှာ အတော်လေး များပြားခဲ့သည်။

ရက်ပေါင်းနှစ်ဆယ်မြောက်နေ့၏ နံနက်ခင်း ငါးနာရီကျော်အချိန်တွင် ပိုင်လင်းသည် ခရမ်းရောင်မိုးကြိုးတောင်ထိပ်၌ ၎င်း၏ အံ့ဖွယ်လေ့ကျင့်မှုကို အဆုံးသတ်ခဲ့၏။

“ဘယ်လို ခံစားရလဲ။”

ကျန်းဟန်က ပိုင်လင်းကို ကြည့်ကာ မေးလိုက်သည်။ ယခုအခါ ပိုင်လင်းသည် ၎င်း၏ မိုးကြိုးခုခံနိုင်စွမ်းကို တမင်တကာ ပိတ်ထားပြီး မိုးကြိုး အပစ်ခံလျှင်ပင် သာမန်အားပမာဏရှိသော မိုးကြိုးအများစုမှာ ၎င်း၏ အကြေးခွံများပေါ်တွင် ပက်ဖျန်းရုံမျှသာ တတ်နိုင်တော့ပြီး ထိုဒဏ်ရာများမှာလည်း လျင်မြန်စွာပင် အလိုအလျောက် ပြန်လည်ကောင်းမွန်လာတတ်သည်။

ယင်းကို အစစ်အမှန် မိုးကြိုးနဂါးခန္ဓာဟုပင် ခေါ်ဆိုနိုင်လုနီးပါး ရှိနေပြီဖြစ်သည်။

“သခင်... ကျွန်တော်တို့ အဆင့်တက်ဖို့ နောက်တစ်ကြိမ် ကြိုးစားကြည့်လို့ ရပြီထင်တယ်။”

ပိုင်လင်းက ခေါင်းညိတ်လိုက်ပြီး ခေါင်းဆောင်အဆင့်သို့ ရောက်ရှိရန် အလွန် စိတ်အားထက်သန်နေခဲ့သည်။ ၎င်းသည် လက်ရွေးစင်အဆင့်တွင် ရှိနေခဲ့သည်မှာ အချိန်အတော် ကြာမြင့်နေပြီဖြစ်သည်။ ဟုတ်ဟုတ်မှာမူ ခေါင်းဆောင်အဆင့်၏ နှောင်းပိုင်းသို့ပင် ရောက်ရှိတော့မည် ဖြစ်သော်လည်း ၎င်းမှာမူ လက်ရွေးစင်အဆင့်တွင်သာ ပိတ်မိနေဆဲပင်။

“ကောင်းပြီလေ။ မင်းကိုယ်မင်း အဆင်သင့်ပြင်ထားလိုက်။ ငါ ဆေးရည်တွေ ပြင်ဆင်လိုက်မယ်။”

ယခုတစ်ကြိမ်တွင် ကျန်းဟန်သည် အချင်း တစ်မီတာခန့်ရှိသော သံဇလုံကြီးတစ်လုံးကို ထုတ်ယူလိုက်သည်။ သူသည် အရင်ဆုံး မိုးကြိုးဆေးရည် သုံးပုလင်းကို လောင်းထည့်လိုက်၏။ ပြီးနောက် အဆင့် ၃ မိုးကြိုးဝိညာဉ်ပုံဆောင်ခဲ ၃၀၀ ကို တစ်တုံးချင်းစီ အမှုန့်ကြိတ်ကာ ထည့်လိုက်ပြီး နောက်ဆုံးတွင် လွန်ခဲ့သည့်ရက်ပိုင်းက သူစုဆောင်းထားသော ဝိညာဉ်အပင်များနှင့် အဆင့် ၄ မိုးကြိုးပန်းတစ်ပွင့်ကိုပါ ထည့်သွင်းလိုက်သည်။

၎င်းတို့အားလုံးမှာ မိုးကြိုးအမျိုးအစား ပစ္စည်းများဖြစ်ကြသဖြင့် ထူးထူးခြားခြား ပြင်ဆင်နေရန် မလိုပေ။ ဇလုံအပြည့်ရှိသော ဆေးရည်မှာ မကြာမီပင် ပြီးစီးသွားခဲ့သည်။ မိုးကြိုးဝိညာဉ်ပုံဆောင်ခဲများကို အမှုန့်ကြိတ်ထားခြင်းကြောင့် ၎င်းတို့မှာ အရှိန်အဟုန်ဖြင့် အငွေ့ပျံကာ လွင့်ပျယ်နေကြသည်။

“စကြစို့။”

ကျန်းဟန်က ပြောလိုက်သည်။

“ဝေါင်းးးး”

ပိုင်လင်းက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး ပါးစပ်ကိုဟကာ ဆေးရည်အားလုံးကို ၎င်း၏ ဝမ်းဗိုက်ထဲသို့ စုပ်ယူမြိုချလိုက်တော့သည်။

ပြီးခဲ့သည့်တစ်ကြိမ်နှင့် နှိုင်းယှဉ်ပါက ဆေးရည်မှာ ၎င်း၏ဝမ်းဗိုက်ထဲသို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် ပိုင်လင်း၏ ခန္ဓာကိုယ်မှ တောက်ပသော ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ မကြာမီတွင် ထိုခရမ်းရောင်အလင်းမှာ ပိုမိုကျယ်ပြန့်လာပြီး ၎င်း၏ခန္ဓာကိုယ်အပြင်ဘက်တွင် ကြီးမားလှသော ဝိညာဉ်စွမ်းအား ဝဲကတော့ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ယင်းက ဟင်းလင်းပြင်တွင်းနက်ကြီးတစ်ခုကဲ့သို့ ပတ်ဝန်းကျင်ရှိ မိုးကြိုးဝိညာဉ်စွမ်းအားများကို အဆက်မပြတ် ဆွဲယူနေတော့သည်။

လက်ရွေးစင်အဆင့်တွင် အမြုတေမှာ စတင်ဖြစ်ပေါ်ကာစမျှသာ ရှိသေးပြီး အလွန်မတည်ငြိမ်သေးချေ။ ၎င်းသည် ဝိညာဉ်စွမ်းအားများကို စုပ်ယူ၍ အာဟာရဖြည့်တင်းပေးရန်သာ တတ်နိုင်ပြီး ဝိညာဉ်စွမ်းအားများအား အပြင်သို့ ထုတ်လွှတ်ရန် ခက်ခဲလှသည်။ အားကောင်းသော ပါရမီစွမ်းရည်ရှိသည့် သားရဲအချို့ သို့မဟုတ် လက်ရွေးစင်အဆင့်၏ နှောင်းပိုင်းသို့ ရောက်ရှိ၍ ဝိညာဉ်စွမ်းအင် အမြုတေ အနည်းငယ် တည်ငြိမ်သွားသည့် သားရဲများသာလျှင် ဝိညာဉ်စွမ်းအားကို တစ်ကြိမ်လောက်သာ အပြင်သို့ ထုတ်လွှတ်နိုင်ကြသည်။

ခေါင်းဆောင်အဆင့်နှင့် ပတ်သက်၍မူ ယင်းက ဝိညာဉ်စွမ်းအင်အ‌မြုတေ ပိုမိုကြီးထွားလာခြင်းဖြစ်ပြီး ဝိညာဉ်စွမ်းအား၏ သန့်စင်မှုမှာလည်း အနည်းငယ် ပိုမိုမြင့်မားလာမည်ဖြစ်သည်။ သို့သော်လည်း လက်ရွေးစင်အဆင့်နှင့် အလွန်အမင်း ကွာခြားလှသည်တော့ မဟုတ်ပေ။ အဓိကအချက်မှာ ဝိညာဉ်စွမ်းအင်အမြုတေ လုံးဝ တည်ငြိမ်သွားခြင်းဖြစ်ပြီး ၎င်း၏ အလားအလာကို ပိုမို ဘေးကင်းလုံခြုံစေခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ ဝိညာဉ်စွမ်းအားကို စိတ်ကြိုက် လွှတ်ထုတ်နိုင်ပြီး အကယ်၍ လျော့နည်းသွားပါကလည်း ဝိညာဉ်စွမ်းအင်အမြုတေအပေါ် မည်သည့်ဝန်ထုပ်ဝန်ပိုးမျှ မဖြစ်စေဘဲ အချိန်မီ ပြန်လည်ဖြည့်တင်းပေးရန်သာ လိုအပ်သည်။

လက်ရွေးစင်အဆင့်ရှိ သားရဲတစ်ကောင်၏ ပဲစေ့ခန့်သာရှိသော ဝိညာဉ်စွမ်းအင်အမြုတေနှင့် နှိုင်းယှဉ်ပါက ခေါင်းဆောင်အဆင့်သို့ ရောက်ရှိချိန်တွင် သားရဲတစ်ကောင်၏ ဝိညာဉ်စွမ်းအင်အမြုတေမှာ အနည်းဆုံး သစ်ကြားသီးခန့်အထိ ကြီးမားလာပြီး ကြောက်မက်ဖွယ်ကောင်းသော ပါရမီစွမ်းရည်ရှိသည့် သားရဲအချို့တွင်မူ ထို့ထက်ပင် ပိုမိုကြီးမားနိုင်ကြသည်။

ဝိညာဉ်စွမ်းအင်အမြုတေသည် သားရဲတစ်ကောင်၏ ဝိညာဉ်စွမ်းအားအမြုတေ သက်သက်သာ မဟုတ်ဘဲ သားရဲ၏ ဝိညာဉ်နှင့် ၎င်း၏ တာအိုနှင့် နိယာမ သိမြင်နားလည်မှုများကိုပါ သိုလှောင်ထားရာ နေရာဖြစ်သောကြောင့် သားရဲတစ်ကောင်၏ အဓိကအကျဆုံးသော အစိတ်အပိုင်း ဖြစ်သည်။

၎င်း၏ ဖွဲ့စည်းတည်ဆောက်ပုံမှာ သိပ်သည်းဆမြင့်မားသော ဝိညာဉ်စွမ်းအားများဖြင့်သာ စုစည်းထားခြင်းမျိုးကဲ့သို့ ရိုးရှင်းလှသည်မဟုတ်ပေ။ ၎င်းသည် ဝိညာဉ်နှင့် အသွေးအသား၊ အဆီအနှစ်တို့၏ ပါဝင်ပတ်သက်မှုများ ရှိနေပြီး လူသားတို့၏ ဦးနှောက်ထက်ပင် ပိုမိုရှုပ်ထွေးသော ဗဟိုချက်မတစ်ခုကို ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ဝိညာဉ်စွမ်းအင်အမြုတေ၏ လျှို့ဝှက်ချက်များနှင့် ပတ်သက်၍မူ ယနေ့ထက်တိုင် မည်သည့် မွေးမြူရေးပညာရှင်မျှ ယင်း၏ ဆန်းကြယ်မှုများကို အပြည့်အဝ နားမလည်နိုင်ကြသေးချေ။

ဝိညာဉ်စွမ်းအား ဝဲကတော့ကြီး ပြီးပြည့်စုံအောင် ဖြစ်ပေါ်လာသည်နှင့်အမျှ ယခုတစ်ကြိမ်တွင် ပိုင်လင်း၏ အဆင့်တက်ခြင်းမှာ အခြားအနှောင့်အယှက်များသာ မရှိပါက မည်သည့် ပြဿနာကြီးကြီးမားမားမျှ ရှိလာမည်မဟုတ်ကြောင်း ကျန်းဟန် သိလိုက်သည်။

ထို့ကြောင့်ပင် သူသည် နံနက်ခင်း ငါးနာရီအချိန်ကို ရွေးချယ်ခဲ့ရုံတင်မကဘဲ ဤကဲ့သို့ အလွန် ဝေးလံခေါင်ဖျားသော နေရာကိုပါ ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး ကင်းစောင့်ရန်အတွက်လည်း ဟုတ်ဟုတ်ကိုပါ အပြင်သို့ စေလွှတ်ထားခဲ့သည်။

ဝိညာဉ်စွမ်းအားများကို အဆက်မပြတ် စုပ်ယူနေသည်နှင့်အမျှ ပိုင်လင်း၏ ခန္ဓာကိုယ်မှာ သိပ်သည်းသော ဝိညာဉ်မြူခိုးများဖြင့် တဖြည်းဖြည်း ဖုံးလွှမ်းသွားခဲ့ပြီး ၎င်းကို ရှင်းလင်းစွာ မမြင်ရတော့ချေ။

သို့သော် ကျန်းဟန်သည် ပိုင်လင်း၏ အဆင့်တက်ခြင်းမှာ သေချာပေါက် နဂါး၏ မူလသွေးနှင့် ဝိညာဉ်တို့၏ ပေါင်းစပ်မှုနှင့်အတူ ယှဉ်တွဲပါလာလိမ့်မည် ဖြစ်ကြောင်း သိထားသည်။ ယခင်က ရရှိခဲ့သော နဂါး၏ မူလသွေးနှင့် ဝိညာဉ်အများစုမှာ ပိုင်လင်း၏ သွေးမျိုးဆက်ထဲတွင် သိုလှောင်ထားရုံမျှသာ ရှိခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ ပိုင်လင်း၏ လုံးဝဥဿုံ အသွင်ပြောင်းလဲခြင်းကို ပြီးမြောက်စေရန်အတွက် ၎င်းတို့အားလုံး ပါဝင်ပတ်သက်လာကြမည် ဖြစ်သည်။

နဂါး၏ မူလသွေးနှင့် ဝိညာဉ်တို့ ပေါင်းစပ်ပါဝင်လာမှုကြောင့် ပိုင်လင်း အသစ်ဖွဲ့စည်းလိုက်သော ဝိညာဉ်စွမ်းအင်အမြုတေကို ဘိုးဘေးနဂါးအဆင့်ဟုပင် ဆိုနိုင်သည်။ ယင်းက ယူဆောင်လာပေးသည့် မြှင့်တင်မှုများသည် သာမန်နဂါးမျိုးနွယ်စု၏ ဝိညာဉ်စွမ်းအင်အမြုတေထက် များစွာ သာလွန်ပြီး ဝိညာဉ်စွမ်းအား ဆံ့ဝင်သည့်ပမာဏတွင်ဖြစ်စေ၊ ဝိညာဉ်စွမ်းအား တောင့်ခံနိုင်စွမ်း အပိုင်းတွင်ဖြစ်စေ နှစ်ခုစလုံးမှာ များစွာ ပိုမိုသန်မာသည်။

ပိုင်လင်းအနေဖြင့် ခေါင်းဆောင်အဆင့်သို့ တက်လှမ်းသွားသည်နှင့် ထိုနယ်ပယ်အတွင်း လုံးဝ ပြိုင်ဘက်ကင်းသွားလိမ့်မည်ဟုပင် ဆိုနိုင်သည်။

သို့သော်လည်း ကျန်းဟန် အနည်းငယ် စိုးရိမ်နေဆဲပင်။ အကြောင်းမှာ ထိုနဂါး၏ မူလသွေးနှင့် ဝိညာဉ်တို့၏ မြစ်ဖျားခံရာက ဆန်းကြယ်လွန်းနေသောကြောင့် ဖြစ်သည်။ ယင်းတို့ကို နဂါးမြှုပ်နှံခြင်းတောင်ကြား အောက်ခြေရှိ ပြောင်းပြန်ကမ္ဘာထဲမှ ရေတွက်မရနိုင်သော နဂါးအလောင်းများထံမှ ရလာခြင်း ဖြစ်သည်။ ထိုနဂါးမျိုးနွယ်စုဝင်များသည် သေဆုံးပြီးနောက်တွင်ပင် နတ်ဘုရားစွမ်းရည်များကို ပိုင်ဆိုင်ထားဆဲဖြစ်ပုံရပြီး ဤနဂါး၏ မူလသွေးနှင့် ဝိညာဉ်ကို အပေါ်သို့ ပို့ဆောင်ပေးရသည့် သူတို့၏ ရည်ရွယ်ချက်က ဘာလဲဆိုသည်ကို သူ မသိရှိချေ။

ကျန်းဟန်၏ တစ်ခုတည်းသော ဝှက်ဖဲမှာ အံ့ဖွယ်ဆင့်ကဲပြောင်းလဲခြင်းသာ ဖြစ်သည်။ အံ့ဖွယ်စွမ်းအင်များက နဂါး၏ မူလသွေးနှင့် ဝိညာဉ်ထဲတွင် ကျန်ရှိနေနိုင်သော မည်သည့်ပုန်းကွယ်နေသည့် အစီအစဉ်မျိုးကိုမဆို ဆေးကြောသန့်စင်ပေးနိုင်လိမ့်မည်ဟု သူ မျှော်လင့်မိသည်။ ဤသည်မှာလည်း ပိုင်လင်းတွင် အကန့်အသတ်မဲ့ အလားအလာများ ရှိနေနှင့်ပြီးသား ဖြစ်သော်လည်း သူက အံ့ဖွယ်ဆင့်ကဲပြောင်းလဲခြင်းကိုသာ ဇွတ်အတင်း ဆက်လက်လုပ်ဆောင်ခဲ့သည့် အကြောင်းရင်း ဖြစ်သည်။

အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ဝိညာဉ်စွမ်းအား ဝဲကတော့ကြီးမှာ တဖြည်းဖြည်းချင်း လွင့်ပြယ်သွားခဲ့သည်။ ဤအတောအတွင်း မည်သည့်သားရဲမျှ အနားသို့ ချဉ်းကပ်မလာကြချေ။ အားလုံးက နဂါး၏အရှိန်အဝါကို ကြောက်ရွံ့နေကြပုံရသည်။ ယင်းကို အလွန် ကံကောင်းသည်ဟု ဆိုရပေမည်။ အကယ်၍ သာမန်သားရဲတစ်ကောင် အဆင့်တက်ပြီး ဤကဲ့သို့သော ဝိညာဉ်စွမ်းအား လှုပ်ခတ်မှုများကို ဖြစ်ပေါ်စေခဲ့မည်ဆိုပါက သေချာပေါက် တိုက်ခိုက်ခြင်း ခံရပေလိမ့်မည်။

နောက်ဆုံးတွင် ပိုင်လင်း၏ ရှေ့မှောက်ရှိ ဝိညာဉ်မြူခိုးများမှာ တဖြည်းဖြည်းချင်း လွင့်ပြယ်သွားခဲ့၏။ သို့သော်လည်း ကျန်းဟန် ပိုင်လင်းကို မြင်လိုက်ရသည့်အခါ ပိုင်လင်း၏ လက်ရှိရုပ်သွင်ကြောင့် အံ့အားသင့်ကာ ဆွံ့အသွားခဲ့ရတော့သည်။

ရုပ်ရည်ပိုင်းအရဆိုလျှင် ပိုင်လင်းမှာ အလွန်အမင်း ပြောင်းလဲသွားခြင်း မရှိပေ။ ယခုအခါ စစ်မှန်သော နဂါးတစ်ကောင်၏ ပုံသဏ္ဌာန်သို့ လုံးလုံးလျားလျား ရောက်ရှိသွားခြင်း ဖြစ်သည်။ ၎င်းသည် ယခုအခါ ရှေးဆန်ပြီး ခန့်ညားထည်ဝါသော အငွေ့အသက်များကို ပိုင်ဆိုင်ထားပြီး သာမန်နဂါးအငွေ့အသက်ထက် ပိုမိုမြင့်မြတ်ကာ လောကဓံကို ဖြတ်သန်းခဲ့ရသည့် ပုံစံမျိုး ရှိနေသည်။ ပျောက်ဆုံးသွားခဲ့သော ရှေးဟောင်းခေတ်ဦးမှ နိုးထလာခဲ့သည့် အတုမရှိသော ဘုရင်တစ်ပါးကဲ့သို့ပင် ဖြစ်သည်။

ကျန်းဟန်ကို အရှိန်အဟုန်အပြင်းဆုံး တုန်လှုပ်သွားစေသည်မှာ ၎င်း၏ အရွယ်အစား ဖြစ်သည်။ ယခင်က ပိုင်လင်းသည် အလျား ရှစ်မီတာ သို့မဟုတ် ကိုးမီတာခန့်သာ ရှိပြီး ၎င်း၏ လုံးပတ်မှာ ကျန်းဟန်၏ ခန္ဓာကိုယ်လုံးပတ်နီးပါးခန့်သာ ရှိခဲ့သော်လည်း ယခုအခါတွင်မူ ၎င်း၏ ခန္ဓာကိုယ်အလျားက ရုတ်တရက် မီတာ လေးဆယ် သို့မဟုတ် ငါးဆယ်ခန့်အထိ ထိုးတက်သွားခဲ့ပြီး ကျန်းဟန်အနေဖြင့် ၎င်း၏ လုံးပတ်ကို လက်နှစ်ဖက်ဖြင့်ပင် ပွေ့ဖက်နိုင်လိမ့်မည် မဟုတ်ချေ။

၎င်း၏ ခရမ်းရောင် ဒေါင်လိုက်မျက်သူငယ်အိမ်များသည် ရှေးဟောင်းပုံစံ မှန်တင်ခုံမှ မှန်ချပ်ကြီးတစ်ခုစာခန့် ကြီးမားပုံရပြီး နဂါးနှုတ်ခမ်းမွေးများက ဆယ်မီတာနီးပါးခန့် ရှည်လျားလာကာ ၎င်း ပါးစပ်ကို ဟလိုက်သည့်အခါ နွားတစ်ကောင်ကိုပင် အလွယ်တကူ မျိုချနိုင်စွမ်း ရှိသည်။

အထူးသဖြင့် ယခုအခါ ၎င်း လိပ်ခွေနေသည့်အခါ ခရမ်းစွဲကျောက်ကဲ့သို့ အကြေးခွံများက တဖျတ်ဖျတ် တောက်ပနေပြီး ၎င်းတို့ပေါ်တွင် ရှေးဟောင်းမိုးကြိုးအက္ခရာများကလည်း ပေါ်လိုက်ပျောက်လိုက် ဖြစ်နေပုံရသည်။ ဤအငွေ့အသက်မှာ ပြိုင်ဘက်ကင်းလွန်းပြီး မြင့်မြတ်လွန်းလှသည်ဖြစ်ရာ အမှန်တကယ်ပင် ဒဏ္ဍာရီထဲမှ လမ်းလျှောက်ထွက်လာသော သတ္တဝါတစ်ကောင်ကဲ့သို့ ဖြစ်နေတော့သည်။

ကျန်းဟန် အံ့ဩဆွံ့အနေစဉ်မှာပင် သူ၏ ခန္ဓာကိုယ်အတွင်း၌ တစ်ခါမျှ မကြုံဖူးသော နွေးထွေးသည့် စွမ်းအင်စီးကြောင်းတစ်ခု ဖြစ်ပေါ်လာပြီး သမုဒ္ဒရာကြီးတစ်ခုကဲ့သို့ သူ့ကိုယ်ထဲသို့ စီးဝင်လာခဲ့ရာ သူသည် ချက်ချင်းပင် နှာခေါင်းမှ သွေးများ လျှံထွက်လာခဲ့တော့သည်။

“အား... သွားပြီ။”

ကျန်းဟန်က သူ၏ နှာခေါင်းကို ကိုင်ကြည့်ရင်း အလွန် အံ့အားသင့်သွားခဲ့ရသည်။ သို့သော် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပူလောင်နေဆဲဖြစ်ပြီး အထူးသဖြင့် သူ၏ ကျောရိုးမကြီးမှာ အရည်ကျိုထားသော သံရည်ပူများကို လောင်းထည့်ခြင်း ခံလိုက်ရသကဲ့သို့ ခံစားနေရသည်။ ဤခံစားချက်က မကြာမီမှာပင် သူ၏ ခြေလက်အင်္ဂါများနှင့် ဦးနှောက်ဆီသို့ ပြန့်နှံ့သွားခဲ့၏။

ကျန်းဟန်၏ စိတ်စွမ်းအားမှာ ကြီးမားသော အဆင့်မြှင့်တင်မှုကို ရရှိခဲ့ပြီး အရှိန်အဟုန်ဖြင့် စတင်လည်ပတ်လာကာ ယခင်ကထက် ငါးဆကျော်မျှ ပိုမိုမြန်ဆန်လာခဲ့သည်။ သူ၏ စိတ်စွမ်းအားနယ်ပယ်မှာလည်း အဆက်မပြတ် မြင့်တက်နေခဲ့သည်။ မိနစ်အနည်းငယ်အတွင်းမှာပင် ကျန်းဟန်သည် စိတ်တည်ငြိမ်ခြင်း၏ ဒုတိယနယ်ပယ်ခွဲဖြစ်သော လေစုန်၏ အကန့်အသတ်သို့ ရောက်ရှိရန် နီးကပ်သွားခဲ့ပြီး ကမ္ဘာတုန်ခါမှု အဆင့်သို့ပင် အချိန်မရွေး ချိုးဖျက်တက်လှမ်းနိုင်တော့မည့်အလား ခံစားလိုက်ရသည်။

“အား... အား... အရမ်းနာတယ်... အားးးး။”

ကျန်းဟန်သည် နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ အော်ဟစ်လိုက်ရင်း မြေပြင်ပေါ်တွင် လူးလိမ့်နေရတော့သည်။

All Chapters