လုပ်ကြံသတ်ဖြတ်မှုအစစ်
Vol. 81-85 Ch. 1230
“ဒီလိုလူမျိုးကို ပေါင်လုံအဖွဲ့အစည်းထဲ ဝင်ခိုင်းဖို့ သေချာပါပြီလား”
သူ့အရှေ့မှ သွေးအေးသော ပင်ကိုယ်စရိုက်ရှိသော အမျိုးသမီးတစ်ယောက်က အေးစက်စက် လေသံဖြင့် မေးလာသည်။ သူမသည် ကိုယ်ရောင်ဖျောက် စစ်ဝတ်စုံနှင့် စစ်ဖိနပ်တို့ကို ဝတ်ဆင်ထားပြီး တစ်ကိုယ်လုံးမှ အေးစက်သော အရှိန်အဝါများ ထွက်ပေါ်နေ၏။
သူမသည် သွေးပင်လယ်နှင့် အလောင်းတောင်ကို ဖြတ်ကျော်လာသကဲ့သို့ သွေးအေးလွန်းပြီး တစ်ချက် ကြည့်လိုက်ရုံနှင့် သူမကိုယ်မှ ရက်စက်သော အငွေ့အသက်ကြောင့် ကြောက်လန့်သွားလောက်သည်။
သူမ ထိုစကားမျိုး ပြောသည်ကို အခြားသူများ ကြားသွားပါက ပါးစပ် အဟောင်းသား ဖြစ်သွားကြသည်။ ပေါင်လုံ အဖွဲ့အစည်းသည် ကျုံးကျိုး အင်ပါယာတွင်းရှိ အထူးခြားသော အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်ပြီး တော်ဝင် မျိုးနွယ်နှင့် ကျုံးကျိုး အင်ပါယာ၏ အဆင့်မြင့် အရာရှိကြီးများကို ကာကွယ် စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
၎င်းအဖွဲ့အစည်း၏ အဆင့်အတန်းက မြင့်မားလွန်းသည်။ ဝန်ကြီးအဆင့်အောက်မှ အရာရှိများကို သူတို့ သတ်ချင်စိတ် ရှိလျင် သတ်နိုင်ပြီး သတင်းပို့စရာ မလိုပေ။
ပေါင်လုံ အဖွဲ့အစည်း၏ အဖွဲ့အဝင်တစ်ယောက် အနေဖြင့် တစ်ယောက်ချင်းစီက သေခြင်းတရားကို ရှောင်လွှဲနိုင်သည့် ရွှေတံဆိပ် ရထားကြသည်။ နိုင်ငံတော် သစ္စာဖောက်မှုမှလွဲ၍ သူတို့သည် သေခြင်းတရားမှ တစ်ကြိမ် လွတ်မြောက်နိုင်သည့် အခွင့်အရေး ရှိလေသည်။
ပေါင်လုံ အဖွဲ့အစည်းကို ဝင်နိုင်မည့် အခြေအနေများကလည်း အလွန် ခက်ခဲကြမ်းတမ်းပြီး အနည်းဆုံး လိုအပ်ချက်မှာ ချွန်းယန်အဆင့် ရှိရမည်ဟူသည့် လိုအပ်ချက်ပင်။
ပေါင်လုံအဖွဲ့အစည်းကလည်း ယဲ့ဖန်ကို သတိထားမိပြီး ဤသို့သော ပါရမီရှင်ကို သူတို့ အသုံးချနိုင်မည်ဟု တွက်လာသည်။
“သူက ထိန်းမရဘူးဆိုပင်မယ့် သူက ပါရမီရှင်ဆိုတာတော့ ငြင်းမရဘူး၊ အနည်းဆုံး ကျုံးကျိုး အင်ပါယာ တည်ထောင်ပြီးကတည်းက သူ့လိုလူမျိုး တစ်ခါမှ မမြင်ဖူးသေးဘူး”
အရှေ့မှအဘိုးအိုက အေးအေးလူလူ ပြောလိုက်သည်။ သူ့စကားကို ကြားသော် သူ့အရှေ့မှ အမျိုးသမီးက ထိတ်လန့်သွားပြီး လှပသော မျက်နှာပေါ်၌ ကြောက်လန့်တကြား ဖြစ်ဟန်များ ပေါ်လာသည်။
ဤဘက်မလိုက်တတ်သော အဘိုးအိုသည် မည်သူ့ကိုမဆို မချီးကျူးခဲ့ဖူးပါ။ အင်ပါယာ စစ်နတ်ဘုရားဟု ခေါ်ဆိုခဲ့ရသော ဤအဘိုးအိုက လူတစ်ယောက်အား ချီးကျူးရန် ခဲယဉ်းသည်က အံ့ဩစရာ မဟုတ်ပေ။ ဤအဘိုးအိုက ယဲ့ဘုရင်ကို အလွန် တန်ဖိုးထားနေလိမ့်မည်ဟု သူမ ထင်မှတ်မထားမိချေ။
*ယဲ့ဘုရင်က တကယ်ပဲ တစ်မူထူးခြားနေလို့လား*
သူမ သံသယဝင်နေသည်ကိုမြင်ပြီး အဘိုးအိုက ပြုံးလိုက်သည်။
“ငါ သူ့ကို နောက်တက်မယ့် အင်ပါယာ စစ်နတ်ဘုရားဖြစ်အောင် လေ့ကျင့်ပေးဖို့ ရည်ရွယ်ထားတယ်”
ထိုအမျိုးသမီး ရုတ်ချည်းဆိုသလို မှင်တက်သွားပြီး အသံပင် မသိမသာ တုန်ယင်လာ၏။
“ရှင် … ရှင် တကယ် ပြောနေတာလား”
အင်ပါယာ စစ်နတ်ဘုရားသည် ဘုရင်ထက် တစ်ဆင့်သာနိမ့်သော ရာထူးဖြစ်ပြီး တစ်ခါတရံ၌ ဘုရင်များတောင်မှ မျက်နှာသာ ပေးရသည်။ ဩဇာအာဏာနှင့် အဆင့်အတန်းမြင့်မားသော နေရာတစ်ခု ဖြစ်လေသည်။
သို့သော် ဤအဘိုးအိုက ထိုနေရာအား တစ်ခါမှ မျက်နှာချင်းမဆိုင်ဖူးသည့် လူငယ်လေးတစ်ယောက်ကို လွှဲပြောင်း ပေးဖို့ ကြံစည်ထားသည်တဲ့လား။ မြို့ပေါင်းများစွာကို ဖျက်ဆီးကိန်း ဆိုက်အောင် လုပ်သည့် ပြဿနာအိုးကိုမှလေ။
အဘိုးအို ရူးများသွားလေသလားဟု သူမ သံသယဝင်လာမိသည်။
“သူ့ကို ငါ့နေရာကို ချက်ချင်း အမွေဆက်ခံခိုင်းဖို့ ဘယ်ဖြစ်နိုင်မလဲ၊ သူ အောက်ခြေကနေ စဖို့ လိုတယ်၊ စစ်ရေး အတွေ့အကြုံတွေ၊ စွန့်စားခန်းတွေကို နည်းနည်းချင်းဆီ ရင်ဆိုင်ခံရမယ်၊ ပြီးတော့ အရာရာတိုင်းက ချောမွေ့နေတာ မဟုတ်ဘူး၊ တိုးတက်ဖို့ လိုသေးတယ်”
သူ့စကားကိုသာ ယဲ့ဖန်ကို ကြားပါက သူ လှောင်ရယ်လောက်သည်။ သူ့မျက်လုံးထဲတွင် သက်ရှိတိုင်းအား ပုရွက်ဆိတ်သဖွယ် သက်မှတ်ထားပြီး သူတို့က မျက်စိစပါးမွေး စူးအောင် လုပ်လာလျင် ရှင်းလင်းပစ်မည်သာ။
“ဒါ … ဒါ အရမ်း မဆင်မခြင်လုပ်ရာ ကျသွားမလား”
ထိုအမျိုးသမီးက အနည်းငယ် မလိုလားဟန်ဖြင့် မေးလိုက်သည်။ အဘိုးအို၏ စကားအဓိပ္ပာယ်မှာ ပေါင်လုံ အဖွဲ့အစည်းအား ယဲ့ဘုရင်လက်ထဲသို့ လွှဲပြောင်းခြင်း ဖြစ်သဖြင့် သူမ အလွန် တွန့်ဆုတ်နေမိသည်။
“မဆင်မခြင်လုပ်ရာကျမလား ဟုတ်လား၊ အင်ပါယာတစ်ခုလုံးရဲ့ အသိုင်းအဝိုင်း သူနဲ့ ယှဉ်နိုင်တဲ့သူ ဘယ်သူ ရှိသေးလို့လဲ”
အဘိုးအိုက ပြန်မဖြေနိုင်သော မေးခွန်းမျိုး မေးလိုက်သည်။ ထိုအခါ သူမ တစ်ခဏမျှ စဉ်းစားမိပြီး ခေါင်းခါလိုက် မိသည်။
“သူနဲ့ ဘယ်သူမှ မယှဉ်နိုင်ပါဘူး”
“အဲ့တော့ စစ်နတ်ဘုရားဆိုတဲ့ ရာထူးက သူကလွဲပြီး ဘယ်သူမှ မယူနိုင်ဘူး”
အဘိုးအိုက အလွန် ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
“ဒါပေမဲ့ သူက မလိုက်နာရင် …”
အမျိုးသမီးက မဝံ့မရဲ မေးလိုက်သည်။ ယဲ့ဖန်နှင့် ပတ်သက်၍ သူမ တစ်စုံတစ်ရာကို သိပါသေးသည်။ ထိုအရာမှာ ယဲ့ဖန်သည် တစ်ခြားသူများ မျက်နှာသာပေးခြင်း ခံရရန် လုပ်တတ်သည့် လူနှင့် ဟုတ်ပုံမရခြင်းပင်။
ထိုစကားကြောင့် အဘိုးအို၏ မျက်လုံးများက ရုတ်တရက် အေးစက်တင်းမာသွားသည်။
“ဒါဆို … သူ့ကိုသတ်ရမှာပေါ့”
“ဒီလိုလူမျိုးကို ငါတို့ အသုံးချလို့မရနိုင်ရင် ငါတို့ကို သေချာပေါက် သူ အန္တရာယ် ပေးလာလိမ့်မယ်”
“သူက အကောင်းအဆိုးကို မသိမှတော့ သေလမ်းတစ်လမ်းပဲ ရှိတော့တာပေါ့”
“ဟုတ်တယ်”
….
“အမှိုက်၊ အမှိုက်၊ အားလုံး အမှိုက်တွေ”
လျှို့တှက်ခန်းအတွင်း၌ ယဲ့မိသားစု၏ တတိယဘိုးဘေးက ဒေါသတကြီး အော်ဟစ်နေပြီး သူ့မျက်နှာထားက ကြောက်စရာ ကောင်းနေသည်။
ထိုလူများသည် မည်မျှ ဆိုးရွားနေပါစေ ယဲ့ဖန် ဒဏ်ရာအချို့ရအောင် လုပ်နိုင်မည်ဟု ထင်ခဲ့မိသည်။ သို့သော် သူတို့အားလုံး ယဲ့ဖန် သတ်တာ ခံလိုက်ရလိမ့်မည်ဟု သူ လုံးဝ တွက်မထားမိချေ။
ဤအဖြစ်ကြောင့် ယဲ့မိသားစုသည် အရှက်ကွဲသွားသလို ဖြစ်သွားပြီး ထိုနတ်ဆိုးအား ဂုဏ်တက်အောင် လုပ်ပေးလိုက်သလို ဖြစ်သွားသည်။
“ဟားဟားဟား … တတိယဘိုးဘေး ခင်ဗျား အခု ဘာနဲ့တူနေလဲ သိလား၊ မသာကြီးနဲ့ တူနေတာဗျ”
နတ်ဆိုးနဂါးဖုရှန်က ဘေးမှနေ၍ အားပါးတရ ရယ်မောကာ စုတ်သတ်နေ၏။
“ဒါပေမဲ့ ဒါက ဘာလို့ ကျုပ်ကို လန်းဆန်းသွားအောင် လုပ်နိုင်ရတာလဲ၊ ကြည့်ရတာ ကျုပ် ဒီတစ်ခေါက် အလကား နေရတယ်တဲ့ တူတယ်၊ အလကား စားသောက်နေရရုံတင် မကဘူး၊ ပွဲကြီးပွဲကောင်းလည်း ကြည့်လိုက်ရသေးတယ်”
“ပါးစပ်ပိတ်ထား”
တတိယဘိုးဘေး ဒေါသတကြီးနှင့် ခြေဆောင့်လိုက်ပြီး နတ်ဆိုးနဂါး ဖုရှန်၏ မျက်နှာကို စေ့စေ့ ကြည့်၍ ပြောလိုက်သည်။
“ဒါ ပြီးသွားပြီလို့ မင်း ထင်နေလား၊ မင်း သိအောင် ပြောလိုက်ဦးမယ်၊ တကယ့် အကွက်က လာဖို့လိုသေးတယ်ကွ”
“ဝှစ်”
ရုတ်ချည်းဆိုသလိုပင် သူ့လက်ထဲ၌ ရွှေရောင်အလုံးတစ်လုံး ပေါ်လာပြီး ၎င်းထဲမှာ ယန်စွမ်းအင်များ ထွက်ပေါ် နေသည်။
“ဒါက …”
နတ်ဆိုးနဂါး ဖုရှန် အံ့ဩသွားပြီး ထိုပုတီးစေ့ကို တအံ့တဩနှင့် မယုံနိုင်စွာ ကြည့်နေမိသည်။
“ဒီပုတီးကို ယန်လေ့ဝမ်လီလို့ ခေါ်တယ်၊ ဒါကို အဲ့မျိုးမစစ်အတွက် ငါ ပြင်ထားတာ၊ ငါ့ယဲ့မိသားစုရဲ့ ရတနာ၊ ဒီထဲမှာ ထောင်ချီတဲ့ ယန်စွမ်းအင်တွေ ရှိတယ်၊ ဒါနဲ့ဆို သေခြင်းတရားကနေ ရှောင်ဖို့ ခက်တယ်”
တတိယဘိုးဘေး၏ မျက်လုံးတွင် မကျေမချမ်းဖြစ်မှုနှင့် ရက်စက်မှုများနှင့် ပြည့်နှက်ကာ ခက်ထန်စွာ ပြောလိုက်သည်။
“အခု သူ မြန်မြန် ရောက်လာပါစေလို့ ဆုတောင်းနေတာ၊ ဒါမှ ဒီနတ်ပုတီးကို သုံးပြီး သူ့ကို တစ်စစီဖြစ်အောင် လုပ်ပစ်လို့ရမှာ”
နတ်ဆိုးနဂါးဖုရှန် ထိတ်လန့်ကြောက်ရွံ့သွားသည်။ ဤနတ်ပုတီးမှ ထုတ်လွှတ်နေသော အငွေ့အသက်က သူ့အား ကြောက်လန့်စေသည်။ ၎င်းက တကယ်ကို အဖျက်စွမ်းအင်ရှိသော အရာတစ်ခုပင်။
ယဲ့ဖန်တောင်မှ ၎င်းကို မတောင့်ခံနိုင်လောက်ပေ။ ယန်နယ်မြေက ကြောက်စရာကောင်းလွန်းလှသည်။ ယခုအချိန်တွင် သူ ယဲ့ဖန်ကို စိုးရိမ်စ ပြုလာပြီး ယဲ့ဖန် အရူးလုပ်မခံရပါစေနှင့်ဟု ဆက်တိုက် ဆုတောင်းနေမိသည်။
သို့သော် တတိယဘိုးဘေးက ထီမထင်ဟန်ပြုံး၍ သူ့ထံ ဖြည်းဖြည်းချင်း လျှောက်လာသည်။ နတ်ဆိုးနဂါး ဖုရှန်က တစ်စုံတစ်ရာကို သတိပြုမိသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ကောက်ကျစ်တဲ့ အယုတ်တမာကြီး၊ ခင်ဗျား သေသင့်တယ်”
…
တစ်ဖက်တွင်မူ ယဲ့ဖန်သည် ဖျင်အန်းမြို့ထဲ၌ ပြန်ရောက်နေသည်။ သို့ရာတွင် ရုတ်ရုတ်သဲသဲ ဖြစ်စေသော သတင်းများက တစ်နိုင်ငံလုံးသို့ ဆက်တိုက် ပျံ့နှံ့နေ၏။
ယဲ့ဘုရင် ဘာလုပ်ခဲ့သလဲ သိသွားပြီးနောက် တောင်ဘီလူးဘုရင်သည် ဒေါသတကြီး တောတောင်မြစ်ချောင်းများကို ဖျက်ဆီးကာ ရာချီသော တောင်ဘီလူးများကို ဦးဆောင်၍ ကျုံးကျိုး အင်ပါယာကို တိုက်ခိုက်လေည်။
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားသည်လည်း သူ့တပည့်က ယဲ့ဖန် သတ်တာ ခံလိုက်ရသည်ကို သိသွားပြီး ဒေါသထွက်ကာ နိုင်ငံသို့ ပြန်လာပြီး ယဲ့ဘုရင်ကို အသေသတ်မည်ဟု သစ္စာဆိုလေ၏။
ထိုနှစ်ယောက်သည် လောကနှင့် ကင်းကွာစွာ နေခဲ့ကြပြီး ဘုရင်ထက် မြင့်မားသော ပုဂ္ဂိုလ်များ ဖြစ်ကာ လောကတစ်ပိုင်းအား အချိန်မရွေး ပျက်စီးအောင် လုပ်နိုင်၏။ သူတို့အကြောင်း ကြားရုံနှင့်တင် လူအများအား ကြောက်ရွံ့ ရိုသေ၍ ဒူးထောက်အောင် လုပ်နိုင်ပေသည်။
လက်ရှိတွင် ထိုနှစ်ယောက်သည် ယဲ့ဘုရင်ကို ပစ်မှတ်ထားနေပြီး ဖျင်အန်းမြို့သို့ မြန်မြန်ရောက်ရန် အစွမ်းကုန် ကြိုးစားနေကြသည်။ တစ်နိုင်ငံလုံး ဆူညံပွက်လောရိုက်နေ၏။
“ယဲ့ဘုရင်က တကယ် သန်မာလွန်းတယ်၊ လူငယ်မျိုးဆက်မှာ သူ့ကို ယှဉ်နိုင်တဲ့သူ မရှိဘူး၊ ကြောက်စရာကောင်းတဲ့ လူတွေကို ဒေါသထွက်အောင် လုပ်မိလို့ အမုန်းတရားတွေ ရလာတာတော့ သနားစရာပဲ”
“ဟားဟားဟား ဘုရားသခင်က လှည့်ကြည့်ပြီကွ၊ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားနဲ့ တောင်ဘီလူးဘုရင်က ယဲ့ဘုရင်ကို သတ်ဖို့ ပြောနေပြီဆိုတော့ သူ သေချာပေါက် သေမှာပဲ၊ ငါတို့ နဂါးမြို့တော်ကို ပြန်နိုင်ဖို့ သိပ်ကြာမှာ မဟုတ်ဘူး”
“အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားက သူ့တစ်ဘဝလုံး တိုက်ခိုက်လာတာ တစ်ခါမှ မရှုူံးသေးဘူး။ သူက နတ်ဘုရားလိုပဲ။ အချိန်တန်ရင် ယဲ့ဘုရင် သူ့ရှေ့ဒူးထောက်ပြီး ဘယ်လို တောင်းပန်မလဲ ကြည့်ရသေးတာပေါ့၊ ဟားဟားဟား”
“တောင်ဘီလူးဘုရင်ကလည်း တအား သန်မာပြီးတော့ ကြောက်စရာကောင်းတယ်၊ သူ ယဲ့ဘုရင်ရဲ့ အရိုးတိုင်းကို ချိုးပစ်မယ်လို့ ငါ ထင်တယ်၊ ပြီးရင် သူ့ကို အဆာပြေလို ဝါးစားလောက်တယ်”
ဖိုရမ်တွင်း၌ သရော်သော စကားသံများ ပြန်လည်ထွက်ပေါ်လာ၏။ ယဲ့ဖန်တစ်ယောက် ထိုလူနှစ်ယောက်၏ နင်းချေခြင်း ခံရသည်ဟု မြင်ယောင်ပြီး စိတ်လှုပ်ရှားနေကြသည်။
ယဲ့ဖန်မှာမူ ထိုအရာကို စဉ်းစားချိန် မရှိပေ။ သူသည် ဖျင်အန်းမြို့မှ ယဲ့မိသားစု၏ ဘိုးဘွား သုသာန် အပျက်အစီး တွင်း၌ ရပ်နေပြီး ယိုယွင်းနေသော အုတ်ဂူအား ဘာမှမပြောဘဲ ကြည့်နေသည်။
သူ့မျက်လုံးတွင်း၌ ဒေါသရိပ်များ ရှိနေသည်။ ကြည့်လေလေ ဒေါသရိပ် တိုးလာလေပင်။ အသက်ရှူလိုက်တိုင်း အမုန်းတရားများ တိုးလာ၏။
ဤနေရာသည် ယဲ့မိသားစုကြောင့် သူ ကံဆိုးမိုးမှောင်ကျပြီး ရက်စက်စွာ မြှုပ်နှံခံရသည့် နေရာဖြစ်သည်။ ယခု အရာအားလုံးကို အဆုံးသတ်နိုင်ပေတော့မည်။
“အမေ ကျွန်တော် ပြန်လာပြီ”
ယဲ့ဖန် ခပ်တိုးတိုး ပြောလိုက်ပြီး နောက်လှည့်ကာ ပြန်ထွက်လာခဲ့သည်။ ထိုစဉ် သူ့ကိုယ်ထဲမှ လူသတ်လိုသော အရှိန်အဝါက တစ်ဟုန်ထိုး ထွကပေါ်လာသည်။
သူ့မျက်နှာ မည်းမှောင်သွားပြီး အကြည့်များက ပိုကြောက်စရာကောင်းလာ၏။
“ယဲ့မိသားစု သေရတော့မှာပါ”
“ဝုန်း ဝုန်း ဝုန်း”
ပျက်စီးနေသော ယဲ့မိသားစု သုသာန်အတွင်း၌ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ စူးရှသော အလင်းတန်းများက ယဲ့ဖန်ထံသို့ ဝင်ရောက်လာသည်။ သတ်ဖြတ်လိုသော အရှိန်အဝါများ ထွက်ပေါ်လာပြီး တစ်စုံတစ်ယောက်က ခိုးဝှက်၍ တိုက်ခိုက်လာလေ၏။
“လာတိုက်ရဲမှတော့ … သေသင့်တယ်”
သို့သော် ယဲ့ဖန်က ရိပ်မိပြီးသား ဖြစ်သည်။ သူသည် ကောင်းကင်သို့ မော့ကြည့်၍ နတ်ဆိုးဘုရင်သဖွယ် ဟစ်ကြွေးလိုက်သဖြင့် ပြင်းထန်သော နတ်ဆိုးအော်သံ ထွက်ပေါ်လာလေသည်။
၎င်းအလင်းတန်းများအားလုံး ပျက်စီးသွားသည်။ အမှောင်ထဲမှ လူများအားလုံး မှင်တက်သွားကြသည်။
*ငါတို့ရဲ့ လုပ်ကြံသတ်ဖြတ်ရေး သိုင်းကွက်က ချက်ချင်း သတိထားခံရပြီးတော့ အဖျက်ခံလိုက်ရတာလား*
*ဒါမျိုး တစ်ခါမှ မဖြစ်ဖူးပါဘူး*
*ဒီကောင်က ဘယ်လို မိစ္ဆာကြီးလဲ*
သို့သော် ဤမျှနှင့် မပြီးသေးပေ။ ယဲ့ဖန်၏ နတ်ဆိုးအော်သံက ကောင်းကင်ယံမှ အရပ်မျက်နှာတစ်ခုသို့ အရှိန်ဖြင့် စုဝေးကျရောက် သွားပြန်သည်။
ချက်ချင်းဆိုသလိုပင် ပုံရိပ်သုံးခု ထင်းခနဲ ပေါ်လာပြီး မြေကြီးပေါ် ချက်ချင်း ပြုတ်ကျလာသည်။ သူတို့၏ ဒွာရ ခုနစ်ပေါက်မှ သွေးများ ထွက်နေပြီး ကြက်သေ သေနေသောကြောင့် သေဆုံးချိန်၌ မျက်လုံးပင် မမှိတ်နိုင်ပေ။
“မဖြစ်နိုင်ဘူး၊ ငါတို့ လုပ်ကြံသတ်ဖြတ်ရေး စနစ်သုံးခဲ့တာပါ၊ မင်း ငါတို့ကို ဘယ်လိုတွေ့တာလဲ”
အမှောင်ထဲမှလူတစ်ယောက် အော်ဟစ်လာသည်။
“ဘာလို့လဲဆိုတော့ မင်းတို့က အဆင့်နိမ့်လို့၊ ဘာလို့လဲဆိုတော့ မင်းတို့က အသုံးမကျလို့၊ ဒီအဖြေကို သဘောကျရဲ့လား”
ယဲ့ဖန်က လှောင်ရယ်၍ ပြောလိုက်သည်။
“မင်းတော့ သေချင်နေတာပဲ”
အမှောင်ထဲမှ လုပ်ကြံရေးသမားများ ဒေါသူပုန်ထသွားသည်။ သူတို့သည် လောကထဲရှိ ထိပ်တန်းအကျဆုံး လုပ်ကြံ သတ်ဖြတ်ရေးဂိုဏ်းမှ လူများ ဖြစ်သည်။ သူတို့သည် ဂိုဏ်းများကြားထဲ၌ အကောင်းဆုံးသော လုပ်ကြံ သတ်ဖြတ်ရေး စနစ်ဖြစ်သည့် အမှောင်ထုတွင်း၌ သတ်ဖြတ်နည်းကို သုံးခဲ့သည်။
သို့သော် ဤလူက သူတို့ကို အသုံးမကျဟု ပြောသည်တဲ့လား။
ချက်ချင်းဆိုသလိုပင် ဓားစွမ်းအင်များက ယဲ့ဖန်ထံသို့ တစ်ဟုန်ထိုး ကျရောက်လာပြီး သတ်ဖြတ်လိုသော အရှိန်အဝါများက ကြောက်စရာကောင်းလောက်အောင် မြင့်တက်လာ၏။
“ခွေးမသား ငါတို့ သတ်ဖြတ်ခြင်းကျောင်းတော်ကို စော်ကားရဲရင် ဘာဖြစ်မလဲ သိအောင် ပြရသေးတာပေါ့”
ထိုလေသံ၌ အလွန် မကျေမချမ်း ဖြစ်ဟန်များ ပြည့်နှက်နေပြီး ယဲ့ဖန်ကို တစ်စစီဖြစ်အောင် လုပ်ရန် မစောင့် နိုင်သည့်ပုံပင်။
သတ်ဖြတ်ခြင်းကျောင်းတော်သည် အလွန် ရှေးကျသော လုပ်ကြံရေးဂိုဏ်း ဖြစ်ပြီး အချိန်အတော်ကြာစဉ် ကတည်းက တည်ရှိခဲ့ကာ လူသတ်၍ ပိုက်ဆံရှာခဲ့သည်။
အလွန် ရှေးကျသောအချိန်က ယင်းဂိုဏ်းက နတ်ဘုရားတစ်ပါးကိုပင် သတ်ခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့်ပင် သတ်ဖြတ်ခြင်း ကျောင်းတော်ဟု ခေါ်ဝေါ်ခဲ့ကြသည်။
သတ်ဖြတ်ခြင်းကျောင်းတော်၏ ပစ်မှတ်ထားခြင်းခံရလျင် သေလမ်းတစ်ခုတည်းသာ ရှိတော့သည်။ ဤလူများကို ယဲ့မိသားစုက ငှားရမ်းထားခြင်းဖြစ်ပြီး ယဲ့ဖန်၏ တိုက်ပွဲဝင်ခွန်အား လျော့ကျစေရန် ရည်ရွယ်ထားခြင်း ဖြစ်လေသည်။
ဓားစွမ်းအင်များ ကျရောက်လာသော်လည်း ယဲ့ဖန်က အမူအရာ ပြောင်းလဲခြင်း မရှိသေးပေ။ သူက လှောင်ပြုံးသာ ဆက်ပြုံးနေ၏။
“တူတူပုန်းတမ်း ဆော့နေတာလား၊ ငါ မကြိုက်ပင်မယ့် ငါ ဒီကစားနည်းကို မကျွမ်းဘူးလို့ မဆိုလိုဘူး”
“တကယ့် လုပ်ကြံသတ်ဖြတ်ရေးက ဘာလဲဆိုတာ မင်းတို့သိအောင် ပြရမှာပေါ့”
စာစဉ် ၈၂ ဤတွင် ပြီးပါပြီ။