← Chapters

အခန်း ၂၂၁

Vol. 23 Ch. 221

အခန်း ၂၂၁

Vol. 23 Ch. 221

အခန်း (၂၂၁) - ဤအရာပေါ်၌ လောင်းကြေးထပ်မည်

ထိုစကားများ ထွက်ပေါ်လာသည်နှင့် လူတိုင်းက ချန်ယွီ လက်ညှိုးထိုးပြနေသည့် နေရာသို့ ကြည့်လိုက်ကြသည်။ အခြားသူများမှာ နားမလည်နိုင်ဖြစ်နေကြသော်လည်း ရှို့ဝူကမူ ချန်ယွီကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေခဲ့၏။ သူက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ချန်ယွီကို ကြည့်ကာ မေးလိုက်သည်။

"မင်းက တခြားသူတွေရဲ့ ခန္ဓာကိုယ်ထဲက အရာတွေကိုပါ မြင်နိုင်တာလား..."

ကောင်လေးက သူ့ကို ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်၏။

"အင်း... ဒီနေ့တော့ အဲဒီကျောက်ခဲလေး ရွေ့သွားတာကို ကျွန်တော် မြင်လိုက်ရတယ်... အခုတော့ ပုံမှန်အတိုင်းပဲ ဖြစ်နေပြီး ကျောက်ခဲနဲ့ မတူတော့ဘူး..."

သူတို့၏ စကားဝိုင်းကြောင့် လူတိုင်း နားမလည်နိုင် ဖြစ်နေချိန်တွင် ကျူးလင်သည် အစားအသောက်ဗန်းကိုကိုင်ကာ ပြန်ရောက်လာခဲ့သည်။

အခန်းထဲရှိ လေထုက အနည်းငယ် ထူးဆန်းနေသည်ကို ခံစားမိသွားသောကြောင့် သူမက သူတို့ကို သံသယဖြစ်ဖွယ် အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် အစားအသောက်ဗန်းကို ကုတင်ဘေးရှိ စားပွဲခုံပေါ်သို့ တင်လိုက်ကာ ပြောလိုက်လေသည်။

"ရှင်က အစာမာတွေ စားလို့မရသေးတော့ ဒီနေ့တော့ ဆန်ပြုတ်ပဲ စားလို့ရမယ်... နေပြန်ကောင်းလာတဲ့အခါကျမှ ကြိုက်တာစားပေါ့..."

ရှို့ဝူက သူတို့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ ကျီယန်သည် ကုလားထိုင်ပေါ်မှ ထလိုက်ပြီး ပြောလိုက်၏။

"ငါတို့ မနှောင့်ယှက်တော့ပါဘူး... ကောင်းကောင်း အနားယူလိုက်ပါဦး၊ ပြီးတော့ ဒီရက်ပိုင်း အပြင်မထွက်နဲ့ဦးနော်..."

သူ၏ ပွစိပွစိ ပြောဆိုနေမှုများကို နားထောင်ပြီးနောက် ရှို့ဝူက သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောလိုက်သည်။

"အင်းပါ... ငါ သိပါတယ်..."

ကျီယန်သည် သူ့မျက်နှာအမူအရာကိုကြည့်ကာ ခေါင်းခါယမ်းလိုက်ပြီး ထန်ဝေ့အပြင် ကလေးများနှင့်အတူ ထွက်သွားတော့၏။ အခန်းထဲမှ မထွက်ခွာမီ ချန်ယွီက ရှို့ဝူ၏ ရင်ဘတ်ကို ကြည့်ကာ ပြောလိုက်သည်။

"အစ်ကိုရှို့ဝူ... ဂုဏ်ယူပါတယ်နော်..."

သူ၏စကားကို ကြားပြီးနောက် ရှို့ဝူက ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။

"ကျေးဇူးပါပဲ..."

ကျူးလင်က ရှို့ဝူကို ရိုးရှင်းသော နံနက်စာ စားနိုင်ရန် ညင်သာစွာ ကူညီပေးနေချိန်တွင် ဝူလင်စခန်းအပြင်ဘက်ရှိ အခြေအနေများမှာ အလွန်ဆိုးရွားနေခဲ့ပေသည်။

ထန်ပိုင်နှင့် စုန့်ချန်စုတို့က ရှို့ဝူ၏ အကြောင်းပြန်စာကို စစ်တပ်စခန်းသို့ ပေးပို့ခဲ့သော်လည်း စစ်တပ်စခန်းဘက်မှ မည်သည့်အကြောင်းပြန်ကြားချက်မျှ မရရှိသေးပေ။

နှင်းများ အဆက်မပြတ် ကျဆင်းနေမှုကြောင့် ဆက်သွယ်ရေးကို ထိခိုက်နိုင်သည်ဟု ယူဆကာ ထန်ပိုင်နှင့် စုန့်ချန်စုတို့သည် ဆုံးဖြတ်ချက်မချမီ ရက်အနည်းငယ် ထပ်စောင့်ရန် ဆုံးဖြတ်လိုက်ကြသည်။

ကံကောင်းထောက်မစွာဖြင့် လေးရက်ခန့် စောင့်ဆိုင်းပြီးနောက်တွင် သူတို့မျှော်လင့်ထားသလောက် မကောင်းမွန်သော်လည်း သူတို့စောင့်မျှော်နေသော အဖြေတစ်ခု နောက်ဆုံးတွင် ရောက်ရှိလာခဲ့၏။

အခွံမာအိမ်လေးထဲရှိ ကုတင်ငယ်လေးပေါ်တွင် ထိုင်နေရင်း ထန်ပိုင်နှင့် စုန့်ချန်စုတို့သည် ဆက်သွယ်ရေးစက်ကို ကြည့်နေကြကာ မော့ရန်၏ စကားကို ကြားလိုက်ရလေသည်။

"ရှောင်ပိုင်... အပြင်ဘက်မှာ အရမ်းအေးနေတော့ အခုချိန် စခန်းကနေ ထွက်ခွာဖို့ဆိုတာ ငါတို့အတွက် မလွယ်ကူဘူး... သေချာပြင်ဆင်မထားဘူးဆိုရင် ဝူလင်စခန်းကို မရောက်ခင်မှာတင် ငါတို့ သေကုန်ကြလိမ့်မယ်..."

"ဦးလေး... အခုမှ ထွက်မလာဘူးဆိုရင် နောင်ကျရင် ထွက်လာဖို့ ပိုခက်ခဲသွားလိမ့်မယ်... အပူချိန်က စက္ကန့်နဲ့အမျှ ကျဆင်းနေပြီး တတိယအကြိမ် အအေးလှိုင်း ဝင်ရောက်လာတော့မယ်...”

“အဲဒီအချိန်ကျရင် စခန်းကနေ ထွက်ခွာဖို့ အခွင့်အရေးတောင် မရဘဲ အကုန်သေကုန်ကြလိမ့်မယ်..."

ထန်ပိုင်က မျက်မှောင်ကုတ်လျက် ပြောလိုက်သည်။

သူ၏ စိုးရိမ်နေသော မျက်နှာကို မြင်သောအခါ စုန့်ချန်စုက စိတ်တည်ငြိမ်သွားစေရန် ထန်ပိုင်၏ ပခုံးကို ပုတ်ပေးလိုက်ပြီး ပြောလိုက်၏။

"ဗိုလ်မှူးမော့... နောက်ထပ် အအေးလှိုင်း မရောက်လာခင်အထိ အပူချိန်က ဆက်ကျနေဦးမှာပဲ...”

“အစ်ကိုထန် ပြောတာ မှန်တယ်... ခင်ဗျားတို့ အမြန်ဆုံး စခန်းကနေ ထွက်ခွာသင့်တယ်..."

“အဲဒီလိုမှမဟုတ်ရင် နောင်ကျရင် ထွက်ခွာနိုင်တော့မှာ မဟုတ်ဘဲ သေဖို့ စောင့်နေရုံပဲ ရှိတော့မယ်..."

စစ်ဘက်ဆိုင်ရာစခန်းရှိ အခန်းငယ်လေးတစ်ခုထဲတွင် မော့ရန်နှင့် အခြားအဆင့်မြင့် အရာရှိများ၊ ဆရာဝန်များနှင့် သိပ္ပံပညာရှင်များသည် ကျောက်မီးသွေးမီးဖိုငယ်လေးဘေးတွင် ဝိုင်းထိုင်နေကြသည်။

ဆက်သွယ်ရေးစက်ကို အသံချဲ့စက် ဖွင့်ထားသောကြောင့် ထန်ပိုင်နှင့် စုန့်ချန်စု ပြောသော စကားများကို လူတိုင်း ရှင်းလင်းစွာ ကြားနေရလေသည်။

ကြာကြာစောင့်လေလေ၊ အခြေအနေက ပို၍ခက်ခဲပြီး အန္တရာယ်များလေလေ ဖြစ်မည်ကို သိထားသောကြောင့် မော့ရန်သည် သူတို့၏ ဆရာဝန်ခေါင်းဆောင် လုချိုက်ကို ကြည့်ကာ မေးလိုက်သည်။

"ဆရာဝန်လု... ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာ့မှာ အကြံပြုချက်များ ရှိလား..."

ဆရာဝန်တစ်ဦးဖြစ်သည့်အားလျော်စွာ လုချိုက်သည် နှင်းကိုက်နာနှင့် အဆုတ်ရောင်ရောဂါတို့ မည်မျှအန္တရာယ်ကြီးမားကြောင်းနှင့် အပူချိန်နိမ့်ကျမှုအပေါ် လူ့ခန္ဓာကိုယ်၏ ခံနိုင်ရည်ကန့်သတ်ချက်များကို ကောင်းစွာ သိရှိထားပေသည်။

သူသည် အချိန်အတော်ကြာအောင် စဉ်းစားနေပြီးနောက်မှ မျက်လုံးများကို မော့ကြည့်လိုက်၏။

လုချိုက်က အခြားသူများကို ကြည့်ကာ ပြောလိုက်သည်။

"ငါတို့ရဲ့ ကျန်ရှိနေတဲ့ ရိက္ခာတွေနဲ့ လက်ရှိရာသီဥတုအရ ပြင်ပအကူအညီ မပါဘဲ ဒီစခန်းကနေ ထွက်ခွာဖို့ဆိုတာ အရမ်းခက်ခဲနိုင်တယ်...”

“ရိက္ခာနဲ့ ဆောင်းတွင်းဝတ် အဝတ်အစားတွေ ပြတ်လပ်နေတဲ့အပြင် အပြင်ဘက်မှာလည်း နှင်းတွေ အသည်းအသန် ကျနေပြီး လမ်းတွေ အေးခဲနေပြီ...”

“လောလောဆယ် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေလည်း လိုအပ်နေတယ်... ဒီအခြေအနေအရ ဝူလင်စခန်းကို အောင်မြင်စွာ ရောက်ရှိနိုင်ဖို့ အခွင့်အရေးက ၁၀ရာခိုင်နှုန်းပဲရှိတယ်..."

လုချိုက်၏ တည်ငြိမ်သော ရှင်းပြချက်ကို ကြားပြီးနောက်တွင် တက်ရောက်လာသူတိုင်း တိတ်ဆိတ်သွားကြသည်။ အခြားတစ်ဖက်တွင်လည်း ထန်ပိုင်နှင့် စုန့်ချန်စုတို့က လုချိုက် ပြောသမျှကို ကြားလိုက်ရလေသည်။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ထန်ပိုင်က ပြောလိုက်၏။

"ဝူလင်စခန်းကနေ အကူအညီရဖို့ ကျွန်တော် ကြိုးစားကြည့်ပါ့မယ်... တစ်ချိန်တည်းမှာပဲ သူတို့က ကျွန်တော်တို့ကို ကူညီဖို့ ငြင်းဆိုခဲ့ရင်တောင် ခင်ဗျားတို့အားလုံး ဖြေရှင်းမယ့်နည်းလမ်းကို ရှာတွေ့နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်..."

စကားပြောပြီးနောက် သူက သက်ပြင်းရှည်ကြီးတစ်ခုကို ရှူသွင်းလိုက်ပြီး တီးတိုးပြောလိုက်သည်။

"အားလုံး ကံကောင်းကြပါစေ..."

ထန်ပိုင်သည် လေးလံသော စိတ်နှလုံးဖြင့် ဆက်သွယ်မှုကို အဆုံးသတ်လိုက်ပြီး စုန့်ချန်စုကမူ ပြတင်းပေါက်ငယ်လေးမှတစ်ဆင့် အပြင်ဘက်သို့ တွေဝေစွာ ငေးကြည့်နေခဲ့၏။

လူသားများသည် ဆောင်းရာသီတွင် အသက်ရှင်သန်နိုင်ရန် ရုန်းကန်နေရချိန်၌ အဆင့်မြင့်ဖုတ်ကောင်တစ်စုသည် စွန့်ပစ်ထားသော စူပါမားကတ်တစ်ခုထဲတွင် ပုန်းအောင်းနေကြသည်။

၎င်းတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို ကြည့်ခြင်းအားဖြင့် ဤအဆင့်မြင့်ဖုတ်ကောင်များသည် ပြင်းထန်သော တိုက်ပွဲတစ်ခုကို ယခုလေးတင် ကြုံတွေ့ထားရကြောင်း သိနိုင်ပေသည်။

ဖုတ်ကောင်များထဲမှ တစ်ကောင်သည် ကွဲအက်နေသော မှန်ပြတင်းပေါက်မှတစ်ဆင့် ခေါင်းပြူထွက်လာပြီး ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရှုလိုက်သည်။

အဝေးတွင် အအေးဒဏ်ခံနိုင်သော အဝတ်အစားထူထူများ ဝတ်ဆင်ထားသည့် လူတစ်စုကို မြင်လိုက်ရသောအခါ ထိုဖုတ်ကောင်သည် အလျင်အမြန် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး အခြားဖုတ်ကောင်များကို ခေါင်းခါယမ်းပြလိုက်၏။

အခြားဖုတ်ကောင်များသည် ထိုယောကျာ်းလေးဖုတ်ကောင်က ခေါင်းခါယမ်းပြသည်ကို မြင်သောအခါ ဒေါသတကြီး ဟိန်းဟောက်လိုက်ကြသည်။

အပြင်ဘက်ရှိ ထိုလူများထံမှ ထွက်ပြေးရန် ခက်ခဲလိမ့်မည်ကို သိထားသောကြောင့် မိန်းကလေးဖုတ်ကောင်တစ်ကောင်က ရုတ်တရက် ပြောလိုက်လေသည်။

"ဟူး... ဟူး..."

'ကောလာဟလတွေက အမှန်လား၊ အမှားလားဆိုတာကို စစ်ဆေးဖို့အတွက် ဝူလင်စခန်းကို သွားသင့်တယ်လို့ ငါထင်တယ်...'

သူမ၏စကားကို ကြားသောအခါ အခြားမိန်းကလေးဖုတ်ကောင်တစ်ကောင်ကလည်း ပြောလိုက်၏။

"ဟူး... ဟူး... ဟူး... ဟူး..."

'နင့်ဟာနင် သေချာရဲ့လား... အဲဒီကောလာဟလတွေက လူဆိုးတွေထောင်ထားတဲ့ ထောင်ချောက်ဆိုရင် ဘယ်လိုလုပ်မလဲ... ငါကတော့ ကျားပါးစပ်ကနေ လွတ်ပြီးမှ ဝံပုလွေတွင်းထဲကို မကျချင်ဘူး...'

ထိုမိန်းကလေးဖုတ်ကောင်က စကားပြောပြီးနောက် ဖုတ်ကောင်အုပ်စု၏ ခေါင်းဆောင်ဖြစ်သူသည် ကွဲအက်နေသော ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ လှမ်းကြည့်ကာ ပြောလိုက်သည်။

"ဟူး... ဟူး... ဂါး..."

'ဒီလူတွေက ငါတို့ကို လွှတ်ပေးဖို့ ဆန္ဒမရှိကြတော့မှတော့ ငါတို့မှာ ရွေးချယ်စရာ တစ်ခုပဲ ရှိတော့တယ်... ဝူလင်စခန်းကို သွားကြတာပေါ့...”

“ငါတို့မှာ အသက်ရှင်ဖို့ တခြားနည်းလမ်းမှ မရှိတော့တာ... ဒါကြောင့် ဒီအပေါ်မှာပဲ လောင်းကြေးထပ်လိုက်ကြတာပေါ့...'

All Chapters