← Chapters

အခန်း ၂၂၂

Vol. 23 Ch. 222

အခန်း ၂၂၂

Vol. 23 Ch. 222

အခန်း (၂၂၂) - လွတ်မြောက်ခြင်း

သူတို့၏ ခေါင်းဆောင်က ဝူလင်စခန်းသို့ သွားရန် ဆုံးဖြတ်လိုက်ပြီဖြစ်ရာ အခြားဖုတ်ကောင်များကလည်း ကန့်ကွက်စရာ မရှိကြပေ။ ထို့နောက် အမျိုးသားဖုတ်ကောင်က သူ၏ထောက်လှမ်းခြင်းစွမ်းအားကို အသုံးပြုကာ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်သည်။

မိနစ်အနည်းငယ်ကြာသောအခါတွင် မည်သူမျှမရှိသည့် အချိန်ကို အခွင့်ကောင်းယူ၍ ဖုတ်ကောင်အကောင်သုံးဆယ်ကျော်ပါဝင်သော အဖွဲ့သည် စွန့်ပစ်ထားသည့် အဆောက်အအုံထဲမှ ထွက်ခွာလာခဲ့ကြလေ၏။

ကံမကောင်းစွာဖြင့် ထိုနေရာမှ မထွက်ခွာနိုင်မီမှာပင် သူတို့ကို လိုက်လံရှာဖွေနေသူများထဲမှ တစ်ဦးက မြင်သွားပြီး အော်ပြောလိုက်သည်။

"ဟိုမှာ... ဟိုမှာ သူတို့တွေ..."

ထိုအော်သံကြောင့် အခြားသူများကလည်း ဖုတ်ကောင်များရှိရာဘက်သို့ လှည့်ကြည့်လိုက်ကြ၏။ ဖုတ်ကောင်များ မြို့ပြင်သို့ အလျင်အမြန် ပြေးထွက်သွားသည်ကို မြင်သောအခါ ခေါင်းဆောင်ဖြစ်သူက အော်ဟစ်လိုက်လေသည်။

"အရှင်ဖမ်း... သူတို့ကို မလွတ်စေနဲ့..."

ဤစကားများ ထွက်ပေါ်လာသည်နှင့် လူသုံးဆယ်ကျော်သည် နှင်းလျှောစီးယာဉ်များပေါ်သို့ တက်လိုက်ကြသည်။ လမ်းများ ပျက်စီးနေသော်လည်း မြေပြင်ပေါ်တွင် ဖုံးလွှမ်းနေသော နှင်းထုထူထူကြောင့် နှင်းလျှောစီးယာဉ်များမှာ ချောမွေ့စွာ ပြေးလွှားနိုင်ပေသည်။

လိုက်လံဖမ်းဆီးသူများ တဖြည်းဖြည်း နီးကပ်လာသည်ကို မြင်သောအခါ ဖုတ်ကောင်ခေါင်းဆောင်က အော်ဟစ်လိုက်လေ၏။

"ဝူး... ဝူး... လူခွဲပြေးကြ..."

ထိုသို့အော်လိုက်သည်နှင့် ဖုတ်ကောင်အားလုံးသည် အရပ်မျက်နှာ အသီးသီးသို့ လူခွဲပြေးကြတော့သည်။ လိုက်လံဖမ်းဆီးသူအများစုမှာ သူ့နောက်သို့ လိုက်နေကြောင်း ရန်ကျားရှန်း သတိထားမိလိုက်သဖြင့် အော်ပြောလိုက်လေသည်။

"ဝူး... ဝူး... ဝူလင်စခန်းမှာ ပြန်ဆုံကြမယ်..."

သူ၏စကားကို ကြားပြီးနောက် အခြားဖုတ်ကောင်များကလည်း တစ်ချိန်တည်းမှာပင် ပြန်လည်အော်ဟစ်ကာ အဖြေပေးလိုက်ကြ၏။

"ဝူး... ဝူး... အားလုံးပဲ ဘေးကင်းအောင် နေကြပါ..."

"ဝူး... ဝူး... ကောင်းပါပြီ..."

"ဝူး... ဝူး... မသေစေနဲ့နော်..."

ထိုအော်သံများကို ကြားသောအခါ ခေါင်းဆောင်ဖြစ်သူက အံကြိတ်ကာ ပြောလိုက်လေသည်။

"ကျစ်... သောက်ကျိုးနည်းပဲ... သူတို့အချင်းချင်း တကယ် ဆက်သွယ်နိုင်တာပဲ..."

ရန်ကျားရှန်နောက်သို့ လိုက်နေစဉ် လိုက်လံဖမ်းဆီးသူများ၏ ခေါင်းဆောင်သည် နားဘေးရှိ ဆက်သွယ်ရေးစက်ကို ဖိနှိပ်ကာ ပြောလိုက်၏။

"သူတို့ကို အရှင်ဖမ်းကြ..."

နောက်တစ်စက္ကန့်တွင် အခြားဖမ်းဆီးသူများက အမိန့်ကို လက်ခံရရှိသွားပြီး ပြန်ပြောလိုက်ကြလေသည်။

"ဟုတ်ကဲ့ပါ ဗိုလ်ကြီး..."

ငါးနာရီကြာပြီးနောက် နှင်းကျဆင်းမှု ပိုမိုပြင်းထန်လာချိန်တွင် ရန်ကျားရှန်သည် လိုက်လံဖမ်းဆီးသူများကို နောက်ဆုံးတွင် ဖယ်ရှားနိုင်ခဲ့သည်။

သူသည် ကျောက်တုံးကြီးတစ်တုံးအောက်ရှိ နှင်းပုံထဲတွင် ပုန်းအောင်းနေကာ ပတ်ဝန်းကျင်ကို ခေတ္တစစ်ဆေးလိုက်၏။ မည်သူမျှ လိုက်မလာတော့ကြောင်း သေချာသွားသောအခါမှသာ နှင်းပုံထဲမှ တွားသွားကာ ထွက်လာခဲ့လေသည်။

ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ရန်ကျားရှန်သည် သူ၏လှုပ်ရှားမှုများက ပုံမှန်ထက် ပိုမိုတောင့်တင်းနေကြောင်း တွေ့လိုက်ရသည်။

သူ၏ ခန္ဓာကိုယ်ကို ကြည့်လိုက်သောအခါ နှင်းများကြောင့် အဆစ်များ အေးခဲနေသည်ကို တွေ့လိုက်ရ၏။ သူသည် ဝူလင်စခန်းဆီသို့ မရပ်မနား အမြန်ဆုံး ပြေးသွားတော့သည်။

သူသည် အရပ်မျက်နှာတစ်ခုတည်းကိုသာ စိုက်ကြည့်နေပြီး နှင်းထုများနောက်ကွယ်တွင် ဖုံးကွယ်နေသော ကျော်ကြားလှသည့် မြူခိုးထူထူများကို မမြင်ရမချင်း ပြေးလွှားခြင်းကို မရပ်တန့်ခဲ့ပေ။

သူ၏ရှေ့မှ ထူးဆန်းသော ဖြစ်ရပ်ကို မြင်သောအခါ ရန်ကျားရှန်သည် ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်ပြီး မြူခိုးများထဲသို့ မဝင်မီ သူ၏မိတ်ဆွေများကို စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်လေ၏။

အကယ်၍ ဝူလင်စခန်းကို ဘေးကင်းစွာ ရှာဖွေချင်ပါက ဝူယီချန်၏ ထောက်လှမ်းခြင်းစွမ်းအားနှင့် အမြင်အာရုံစွမ်းအားတို့ လိုအပ်ပေသည်။

မည်သို့ပင်ဖြစ်စေ ဤဝူလင်စခန်းနှင့် ပတ်သက်သော ကောလာဟလများမှာ အလွန်ထူးဆန်းပြီး ယုံကြည်ရန် ခက်ခဲလှသည်။ ကောလာဟလများအားလုံးအနက် မြူခိုးထူထူနှင့် ပတ်သက်သည့် အချက်တစ်ခုသာလျှင် ယခုအချိန်အထိ အတည်ပြုနိုင်သေး၏။

လွန်ခဲ့သော သုံးရက်ခန့်က ရန်ကျားရှန်းနှင့် သူ၏သူငယ်ချင်းများသည် လျှို့ဝှက်ဓာတ်ခွဲခန်းမှ လွတ်မြောက်လာချိန်တွင် အလယ်အလတ်အဆင့် ဖုတ်ကောင်များ၏ စကားပြောဆိုမှုများမှတစ်ဆင့် ဝူလင်စခန်းအကြောင်းကို မတော်တဆ ကြားခဲ့ရသည်။

ထိုအချိန်က ဖုတ်ကောင်များကို လက်ခံပြီး ကာကွယ်ပေးသည့် စခန်းတစ်ခု ရှိသည်ဟု သိလိုက်ရသောအခါ ရန်ကျားရှန်းနှင့် သူ၏သူငယ်ချင်းများသည် လုံးဝ မယုံကြည်ခဲ့ကြချေ။

သို့သော် အခြားဖုတ်ကောင်များထံမှ တူညီသော ကောလာဟလများကို ကြားပြီးနောက်နှင့် သဘာဝလွန်စွမ်းအားရှင်အဖွဲ့အချို့၏ ပေါ့ပေါ့ပါးပါး စကားပြောဆိုမှုများကို ကြားဖြတ်နားထောင်ပြီးနောက်တွင် သူတို့သည် ဝူလင်စခန်းသို့ သွားရန် နောက်ဆုံး၌ ဆုံးဖြတ်လိုက်ကြလေသည်။

ဝူလင်စခန်းတွင် ငြိမ်းချမ်းစွာ နေထိုင်နိုင်မည့်နေရာကို ရှာတွေ့နိုင်သည်ဟူသော အလိုအလျောက်သိစိတ်အပေါ်တွင် ရန်ကျားရှန်သည် အရာအားလုံးကို လောင်းကြေးထပ်ထားခဲ့သည်။

သူတို့သည် လမ်းတစ်လျှောက်ရှိ အန္တရာယ်အားလုံးကို ရဲရင့်စွာ ကျော်လွှားခဲ့ကြပြီး တစ်ချိန်တည်းမှာပင် လျှို့ဝှက်အဖွဲ့အစည်းမှ ဝန်ထမ်းများ၏ လိုက်လံရှာဖွေမှုများကိုလည်း ရှောင်တိမ်းခဲ့ကြရ၏။

ယခု သူ၏သူငယ်ချင်းများ ရောက်လာမည့်အချိန်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရင်း ကောလာဟလများထဲမှ အနည်းဆုံး တစ်ခုလောက် မှန်ကန်ပါစေဟု ဆုတောင်းရုံသာ ရှိတော့သည်။

ထိုသို့မဟုတ်ပါက သူတို့အတွက် တစ်ခုတည်းသော ထွက်ပေါက်မှာ လျှို့ဝှက်အဖွဲ့အစည်းနှင့် သေသည်အထိ တိုက်ခိုက်ရန်သာ ရှိတော့ပေသည်။

ရန်ကျားရှန်က သူ၏သူငယ်ချင်းများကို စောင့်ဆိုင်းနေစဉ် အချိန်များက တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ စောင့်ဆိုင်းနေချိန်အတွင်း အပူချိန်မှာ ပို၍ပို၍ ကျဆင်းလာခဲ့၏။

နှစ်ရက်ကြာပြီးနောက် မှိုင်းညို့နေသော ဆောင်းရာသီကောင်းကင်ယံတွင် လမင်းကြီး လင်းထိန်နေဆဲဖြစ်ချိန်၌ တစ်စုံတစ်ယောက် အလျင်အမြန် ချဉ်းကပ်လာသည်ကို ရန်ကျားရှန်း နောက်ဆုံးတွင် မြင်လိုက်ရသည်။

ထိုသူ၏ လှုပ်ရှားမှုများကို အကဲခတ်ကြည့်ပြီးနောက် ထိုသူမှာ ဖုတ်ကောင်ဖြစ်ကြောင်း သူ ကောက်ချက်ချလိုက်လေသည်။

ဖုတ်ကောင်၏မျက်နှာကို မမြင်ရမီ သူသည် ထိုဖုတ်ကောင်ကို ခေတ္တမျှ စောင့်ကြည့်နေခဲ့သည်။ သူမ၏ မျက်နှာတစ်ခြမ်း ပျက်စီးနေသည်ကို မြင်သောအခါ ရန်ကျားရှန် အလွန်ဒေါသထွက်သွားလေ၏။

သူသည် ပုန်းအောင်းနေသည့်နေရာမှ အလျင်အမြန် ပြေးထွက်လာကာ စိုးရိမ်ကြောက်လန့်နေသော ဖုတ်ကောင်ကို တားဆီးလိုက်သည်။

ရန်ကျားရှန်က သူမ၏ လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ မေးလိုက်လေသည်။

"ဝူး... ဝူး... ရှီးရှီး... မင်း မျက်နှာက ဘာဖြစ်တာလဲ... ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားရတာလဲ..."

ထန်ယွီရှီးသည် လက်ကောက်ဝတ် အဆွဲခံလိုက်ရသဖြင့် အလိုအလျောက် တုံ့ပြန်မှုအရ တိုက်ခိုက်ရန် သူမ၏လက်သည်းများကို မြှောက်လိုက်သော်လည်း အော်သံကို ကြားလိုက်ရသောအခါ ရပ်တန့်သွားရှာ၏။

သူမသည် ရန်ကျားရှန်း၏ ခန့်ညားသော မျက်နှာကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ ဖုတ်ကောင်တစ်ကောင်အနေဖြင့် သူမသည် မငိုနိုင်သလို မျက်ရည်လည်း မရှိပေ။

ထို့ကြောင့် ယခုအချိန်တွင် သူမ ငိုချင်နေသော်လည်း မျက်ရည်များအစား ထိုပျက်စီးနေသော မျက်နှာပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော မျက်မှောင်ကြုတ်မှုတစ်ခုသာ ပေါ်လာရရှာသည်။

ရန်ကျားရှန်သည် သူမ၏ အမူအရာကို ကြည့်ကာ ပြောလိုက်လေ၏။

"ဝူး... ငါ့နောက်ကို လိုက်ခဲ့..."

ရန်ကျားရှန်သည် သူမအား ခေါ်ဆောင်လျက် သူ၏ပုန်းခိုရာနေရာသို့ သွားလိုက်သည်။

နှင်းများအောက်တွင် ဝင်ရောက်ပုန်းအောင်းပြီးနောက် သူသည် ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်၏။ ပတ်ဝန်းကျင်တွင် မည်သူမျှမရှိကြောင်း သေချာသွားသောအခါ ထန်ယွီရှီးကို ကြည့်ကာ မေးလိုက်လေသည်။

"ဝူး... ဝူး... မြို့လေးကနေ ထွက်လာပြီးတော့ မင်း ဘာတွေဖြစ်ခဲ့တာလဲ..."

ထန်ယွီရှီးက သူ၏လက်များကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း ပြောလိုက်သည်။

"ဝူး... ဝူး... ဝူး... မြို့ကနေ ထွက်လာပြီးတော့ တောင်ဘက်ကို ပြေးသွားပေမယ့် အဲဒီလူတွေ ဝိုင်းထားတာကို ခံလိုက်ရတယ်... ကံကောင်းထောက်မစွာနဲ့ပဲ မြေမျက်နှာသွင်ပြင်ကို အခွင့်ကောင်းယူပြီး လွတ်မြောက်လာခဲ့တယ်..."

ရန်ကျားရှန်က သူမ၏ ပျက်စီးနေသော မျက်နှာတစ်ခြမ်းပေါ်ရှိ မည်းနက်ပြီး စေးကပ်နေသော သွေးများကို သူ့လက်များဖြင့် သုတ်ဖယ်ပေးလိုက်ကာ မေးလိုက်လေ၏။

"ဝူး... ဝူး... မင်းမျက်နှာက ဘာလို့ ဒီလိုဖြစ်သွားရတာလဲ..."

သူ၏အမေးကို ကြားသောအခါ ထန်ယွီရှီးက လက်ကို မြှောက်ကာ သူမ၏ ဘယ်ဘက်ပါးပြင်ကို စမ်းသပ်လိုက်သည်။ ဖုတ်ကောင်ဖြစ်လာပြီးနောက် မည်သည့်အရာကိုမျှ မခံစားနိုင်တော့သဖြင့် သူမ ယခု မည်မျှဆိုးရွားနေမည်ကို သူမ မသိချေ။

သို့သော် ရန်ကျားရှန်း၏ မှုန်ကုပ်နေသော အမူအရာနှင့် အေးစက်နေသော မျက်လုံးများကို ကြည့်ခြင်းအားဖြင့် သူမ၏ ဘယ်ဘက်မျက်လုံးနှင့်အတူ မျက်နှာပါ ပျက်စီးသွားပြီဖြစ်ကြောင်း သူမ သိလိုက်ရရှာလေသည်။

All Chapters