အခန်း ၂၂၃
Vol. 23 Ch. 223
အခန်း (၂၂၃) - မျှော်လင့်ချက်နှင့် စိတ်ပျက်မှု
ထန်ယွီရှီးက နှုတ်ခမ်းထောင့်ကို တောင့်တင်းစွာ တွန့်ကွေးကာ ပြုံးလိုက်ပြီး ပြောလိုက်၏။
"ဝူး... ဝူး... ငါ အဆင်ပြေပါတယ်... အနည်းဆုံးတော့ ဗုံးကွဲတဲ့ဒဏ်ကနေ အသက်ရှင်ခဲ့တာပဲ..."
သူမ၏စကားကို ကြားသောအခါ ရန်ကျားရှန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ဒေါသတကြီး ပြောလိုက်လေသည်။
"ဝူး... သူတို့အားလုံးကို ဒီအတွက် အကြွေးပြန်ဆပ်ခိုင်းမယ်..."
ထန်ယွီရှီးက ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်၏။
"ဝူး... ဝူး... ဟုတ်တယ်... ငါတို့အပေါ် သူတို့လုပ်ခဲ့သမျှ အရာအားလုံးအတွက် အကြွေးပြန်ဆပ်ခိုင်းရမယ်..."
သူတို့နှစ်ဦး လျှို့ဝှက်အဖွဲ့အစည်းကို ကျိန်ဆဲနေစဉ်မှာပင် အခြားဖုတ်ကောင်တစ်ကောင်က အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် ချဉ်းကပ်လာလေသည်။
မည်သူမည်ဝါမှန်း ရန်ကျားရှန် မမြင်ရသေးမီမှာပင် ထိုဖုတ်ကောင်က သူတို့ပုန်းအောင်းနေသည့် နေရာဆီသို့ ပြေးဝင်လာရင်း အော်ပြောလိုက်၏။
"ဝူး... အစ်ကိုကြီးကျားရှန်..."
ဒဏ်ရာများနှင့် သွေးမည်းများ ဖုံးလွှမ်းနေသော ထိုဖုတ်ကောင်၏ ခန္ဓာကိုယ်ကို ကြည့်ကာ ရန်ကျားရှန်က အံ့ဩတကြီးဖြင့် မျက်လုံးပြူးသွားပြီး မေးလိုက်လေသည်။
"ဟူး... ဟူး... ရီချန်... မင်း ဘာဖြစ်လာတာလဲ..."
ဝူရီချန်က သူ့ပါးစပ်ကို အမြန်ပိတ်လိုက်ပြီး ပြောလိုက်၏။
"ဝူး... ဝူး... ဝူး... ရှူး... အသံမထွက်နဲ့... အဲဒီလူတွေ ငါ့ကို လိုက်ရှာနေတုန်းပဲ..."
စကားဆုံးသည်နှင့် သူတို့သုံးဦးလုံး နှင်းလျှောစီးယာဉ်များ၏ အသံကို ကြားလိုက်ရသဖြင့် မြေပြင်ပေါ်တွင် အမြန်ဝပ်ချလိုက်ကြလေသည်။
နှင်းများ ထူထပ်စွာ ကျဆင်းနေသည်ကို အခွင့်ကောင်းယူကာ သူတို့၏ အရိပ်အယောင်များကို ဖျောက်ဖျက်ထားပြီး လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေကြ၏။
နှင်းထူထပ်စွာ ကျဆင်းနေခြင်းကြောင့် ဝူရီချန် ချန်ထားခဲ့သော ခြေရာများမှာလည်း ပျောက်ကွယ်သွားခဲ့လေပြီ။
ပစ်မှတ်ကို လက်လွတ်သွားကြသဖြင့် လိုက်လံဖမ်းဆီးသူများက သူတို့၏ နှင်းလျှောစီးယာဉ်များကို မြူခိုးထူထပ်သော နေရာနှင့် မလှမ်းမကမ်းတွင် ရပ်တန့်လိုက်ကြသည်။
နှင်းများအောက်တွင် ပုန်းအောင်းနေသော ရန်ကျားရှန်၊ ထန်ယွီရှီးနှင့် ဝူရီချန်တို့က ထိုလူများ မြူထူများထဲသို့ ဝင်သွားပြီး ထာဝရပိတ်မိသွားရန်သာ မျှော်လင့်နေကြလေသည်။ အကယ်၍ ထိုလူများ မြူထူများအတွင်း သနားစဖွယ် သေဆုံးသွားပါက ပို၍ပင် ကောင်းပေလိမ့်မည်။
ကံမကောင်းစွာဖြင့် ခေါင်းဆောင်ဖြစ်သူက ဆက်သွယ်ရေးစက်မှတစ်ဆင့် စကားအနည်းငယ် ပြောဆိုပြီးနောက် အခြားသူများကိုပါ စကားအချို့ထပ်ပြောကာ ထွက်ခွာသွားကြလေတော့သည်။
ထိုလူများ ဘာမှမလုပ်ဘဲ မြူထူများကို အချိန်အနည်းငယ်ကြာ စိုက်ကြည့်ပြီးနောက် ထွက်ခွာသွားကြသည်ကို မြင်သောအခါ ဝူရီချန်က ပြောလိုက်၏။
"ဝူး... ဝူး... ဟူး... သူတို့ ဘာမှမလုပ်ဘဲ ဘာလို့ ရုတ်တရက် ထွက်သွားကြတာလဲ... ဖြစ်နိုင်တာက... အဲဒီလူတွေလည်း ဒီမြူထူတွေကို ကြောက်နေကြတာများလား..."
ရန်ကျားရှန်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်လေသည်။
"ဝူး... ဝူး... ဟူး... ဒါကိုတော့ ငါ သေချာမသိဘူး... ဒါပေမဲ့ ခုနက သူတို့ရဲ့ သတိထားနေတဲ့ အပြုအမူတွေအရ ဝူလင်စခန်းနဲ့ ပတ်သက်တဲ့ ကောလာဟလတွေက အမှန်ပဲလို့ ထင်တယ်..."
သူ၏စကားကို ကြားသောအခါ ထန်ယွီရှီး၏ ညာဘက်မျက်လုံးက အရောင်လက်သွားပြီး မေးလိုက်၏။
"ဝူး... ဒါဆို ငါတို့ ဒီဝူလင်စခန်းမှာသာ နေမယ်ဆိုရင် အဲဒီလူယုတ်မာတွေရဲ့ လက်ကနေ နောက်ဆုံးတော့ လွတ်မြောက်နိုင်ပြီပေါ့..."
သူမ၏စကားကို ကြားပြီးနောက် ဝူရီချန်က သူမကို လှည့်ကြည့်လိုက်လေသည်။
တစ်ဝက်ခန့် ပျက်စီးနေသော သူမ၏မျက်နှာကို မြင်လိုက်ရချိန်တွင် သူ၏မျက်လုံးများ ကျဉ်းမြောင်းသွား၏။ သူက သူမကို ခေတ္တမျှ အံ့ဩတကြီး ကြည့်နေပြီးနောက် စိတ်ကို တည်ငြိမ်အောင်ထားကာ တောင့်တင်းစွာ ပြုံးလိုက်ပြီး ပြောလိုက်လေသည်။
"ဝူး... အဲဒီလိုပဲ မျှော်လင့်ပါတယ်..."
လိုက်လံဖမ်းဆီးသူများ ထွက်ခွာသွားပြီးနောက် ရန်ကျားရှန်နှင့် သူ၏မိတ်ဆွေနှစ်ဦးတို့သည် သူတို့၏ သူငယ်ချင်းများအားလုံး ရောက်ရှိလာရန် နောက်ထပ် သုံးရက်ကြာ စောင့်ဆိုင်းခဲ့ကြသည်။
သူငယ်ချင်း တစ်ဒါဇင်ကျော် ဆုံးရှုံးသွားသည်ကို မြင်သောအခါ ရန်ကျားရှန်က အခြားသူများကို ကြည့်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ပြောလိုက်၏။
"ဝူး... သွားကြစို့..."
သူ့ကို ခေါင်းညိတ်ပြလိုက်ပြီးနောက် အဆင့်မြင့်ဖုတ်ကောင် နှစ်ဆယ်ကျော်က မြူထူများဆီသို့ ချဉ်းကပ်သွားကြလေသည်။ သူတို့ချင်း လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားစဉ် ဝူရီချန်က သူ၏သူငယ်ချင်းများကို ကြည့်ကာ ပြောလိုက်လေသည်။
"ဝူး... ဝူး... ဟူး... ဘယ်တော့မှ လက်မလွှတ်ကြနဲ့... မဟုတ်ရင် မင်းတို့ မြူတွေထဲမှာ ထာဝရ ပိတ်မိသွားလိမ့်မယ်..."
သူ၏စကားကို ကြားပြီးနောက် အခြားသူများအားလုံးက ခေါင်းညိတ်လိုက်ကြပြီး လက်များကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကြ၏။
ဝူရီချန်က အရှေ့မှ ဦးဆောင်သွားပြီးနောက် သူတို့သည် မြူထူများထဲသို့ သတိကြီးစွာဖြင့် ဝင်ရောက်သွားကြလေသည်။ နှစ်နာရီကြာပြီးနောက်တွင်မူ ဝူရီချန်သည် သူတို့နှင့် မလှမ်းမကမ်းရှိ အရှေ့ဘက်မှ မြင့်မားသော ခြံစည်းရိုးတစ်ခုကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရတော့သည်။
သူက သူငယ်ချင်းများကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်၏။
"ဝူး... ဝူး... ကြည့်ကြ... ငါတို့ နောက်ဆုံးတော့ ဝူလင်စခန်းကို ရောက်လာခဲ့ပြီ..."
ထိုစကားများ ထွက်ပေါ်လာသည်နှင့် အခြားဖုတ်ကောင်များက တံတိုင်းနှင့် အစောင့်များကို လှမ်းကြည့်လိုက်ကြလေသည်။ အစောင့်များအားလုံးမှာ အဆင့်မြင့်စွမ်းအားရှင်များဖြစ်ကြောင်း မြင်လိုက်ရသဖြင့် ရန်ကျားရှန်က ပြောလိုက်၏။
"ဝူး... ဝူး... ဝူး... သတိထားကြ...”
“ရန်လိုတဲ့ အပြုအမူတွေ မလုပ်ကြနဲ့..."
“မဟုတ်ရင် ငါတို့ အဲဒီလူတွေနဲ့ တိုက်ခိုက်ရလိမ့်မယ်...”
“တကယ်လို့ သူတို့နဲ့ တိုက်ခိုက်ရမယ်ဆိုရင် ငါတို့ရဲ့ လက်ရှိအခြေအနေနဲ့ အနိုင်ရဖို့ ခက်ခဲလိမ့်မယ်..."
ဝူလင်စခန်းသို့ လာရောက်ရသည့် သူတို့၏ရည်ရွယ်ချက်မှာ အကူအညီတောင်းခံရန် ဖြစ်ကြောင်း သိထားကြသဖြင့် ဖုတ်ကောင်များအားလုံးက သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြလေသည်။
ဤဝူလင်စခန်းသည် သူတို့၏ နောက်ဆုံးမျှော်လင့်ချက် ဖြစ်သောကြောင့် သူတို့အနေဖြင့် ဆင်ခြင်တုံတရားမဲ့စွာ ပြုမူပြီး ဝူလင်စခန်းရှိ လူများနှင့် ရန်သူမဖြစ်လိုကြပေ။
ပထမဆုံးအမြင်သည် အလွန်အရေးကြီးသောကြောင့် ထန်ယွီရှီးက ပြောလိုက်၏။
"ဝူး... ဝူး... ဟူး... ငါတို့ရဲ့ အသွင်အပြင်ကို အရင်သပ်ရပ်အောင် လုပ်ကြရအောင်... သူတို့ကို ငါတို့အပေါ် မကြောက်လန့်စေချင်ဘူး မဟုတ်လား..."
ထန်ယွီရှီး၏ တစ်ဝက်ခန့် ပျက်စီးနေသော မျက်နှာကို ကြည့်ကာ မိန်းကလေးဖုတ်ကောင်တစ်ကောင်က ခေတ္တမျှ စဉ်းစားလိုက်ပြီး သူမ၏ စကတ်ကို ဆွဲဖြဲကာ ထန်ယွီရှီး၏ မျက်နှာပေါ်တွင် လှပသော ဖဲပြားလေးတစ်ခုအဖြစ် ချည်နှောင်ပေးလိုက်လေသည်။ ထိုသို့ပြုလုပ်ပြီးနောက် သူမက တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။
"ဝူး... ဝူး... နင် အရမ်းလှသွားပြီ..."
ထန်ယွီရှီးမှာ ဝမ်းသာသွားပြီး သူမကို တောင့်တင်းစွာ ပြုံးပြလိုက်ကာ ပြောလိုက်လေသည်။
"ဝူး... ဝူး... ကျေးဇူးတင်ပါတယ် အစ်မကြီးလီဖန်း..."
ထန်ယွီရှီးကို စံနမူနာယူကာ အခြားဖုတ်ကောင်များကလည်း သူတို့၏အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်လိုက်ကြပြီး ခန္ဓာကိုယ်ပေါ်ရှိ ဖုန်မှုန့်များနှင့် သွေးစွန်းနေသည်များကို သန့်စင်ရန် ကြိုးစားလိုက်ကြသည်။
လူတိုင်း အဆင်သင့်ဖြစ်နေပြီကို မြင်သောအခါ ရန်ကျားရှန်က စိတ်လှုပ်ရှားမှု အပြည့်ပါဝင်နေသော အသံဖြင့် ပြောလိုက်၏။
"ဝူး... သွားကြစို့..."
သူ ထိုသို့ပြောလိုက်သည်နှင့် သူတို့အားလုံး တံတိုင်းဆီသို့ လျှောက်သွားလိုက်ကြလေသည်။
အဆင့်မြင့်ဖုတ်ကောင် နှစ်ဆယ်ကျော် ချဉ်းကပ်လာသည်ကို အစောင့်များ တွေ့ရှိသွားသောအခါ သူတို့အားလုံးက လက်နက်များကို ချိန်ရွယ်လိုက်ပြီး အချက်ပေးဥဩများ ဆွဲလိုက်ကြ၏။ စခန်းအတွင်း အချက်ပေးသံ ထွက်ပေါ်လာသည်နှင့် ရန်ကျားရှန်မှာ လျှောက်နေသော ခြေလှမ်းများကို ရပ်တန့်လိုက်လေသည်။
သူက သူ့နှင့် သူ၏သူငယ်ချင်းများကို ချိန်ရွယ်ထားသော လက်နက်များကို ခံစားချက်မဲ့စွာ ကြည့်လိုက်ချိန်တွင် မျက်လုံးနီနီတစ်စုံ၌ စိတ်ပျက်မှုများ ပြည့်နှက်နေလေသည်။ သူက မျက်လွှာချလိုက်ပြီး တွေးလိုက်၏။
'ဒီလောကကြီးမှာ ငါတို့အတွက် နေရာ တကယ်ပဲ မရှိတော့ဘူးလား... အသုံးချခံရပြီး စွန့်ပစ်ခံရတာက ငါတို့ရဲ့ တစ်ခုတည်းသော အဆုံးသတ်ပဲလား...'
ထိုသို့တွေးမိသောအခါ သူက လက်သီးများကို ဆုပ်လိုက်ပြီး တိုက်ပွဲဝင်ရန် ပြင်ဆင်လိုက်လေတော့သည်။ သူတို့အားလုံးမှာ အဆင့်မြင့်ဖုတ်ကောင်များ ဖြစ်ကြသော်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိထားကြပြီး ဤအချိန်တွင် သူတို့၏စွမ်းအား ထက်ဝက်ကျော်ခန့် ဆုံးရှုံးနေကြရပြီ ဖြစ်သည်။
ဤအစောင့်များ၏ လက်နက်များနှင့် စွမ်းအားများကို အကဲခတ်ကြည့်ရသလောက် တိုက်ပွဲစတင်သည်နှင့် တစ်ပြိုင်နက် သေသည်အထိ တိုက်ခိုက်ရလိမ့်မည်ဖြစ်ကြောင်း သူ သိလိုက်သည်။
ကံကောင်းလျှင် သူတို့ထဲမှ အချို့ အသက်ရှင်နိုင်ပြီး ထွက်ပြေးလွတ်မြောက်နိုင်ကောင်းပါ၏။ သို့သော်လည်း ကောလာဟလများသာ အမှန်ဖြစ်ပါက ဤနေရာမှ သူတို့ အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်နိုင်ရန် ဖြစ်နိုင်ခြေမှာ သုညနီးပါးသာ ရှိလေတော့သည်။