← Chapters

အခန်း ၂၂၄

Vol. 23 Ch. 224

အခန်း ၂၂၄

Vol. 23 Ch. 224

အခန်း (၂၂၄) - ပျောက်ဆုံးနေသော ညီငယ်

ရန်ကျားရှန်က သူနှင့်သူ့သူငယ်ချင်းများမှာ တစ်သက်လုံး ကြွက်များကဲ့သို့သာ ပုန်းအောင်းနေရတော့မည်ဟု တွေးလိုက်မိချိန်တွင် ဝမ်းနည်းစွာ ပြုံးလိုက်ပြီးနောက် မျက်လုံးများကို မော့ကြည့်လိုက်လေသည်။ သူသည် မှိုင်းညို့နေသော ဆောင်းရာသီကောင်းကင်ကြီးကို မော့ကြည့်ကာ ပြောလိုက်၏။

"ဝူး... ဝူး... ဝူး..."

သူက ဆက်ပြောလိုက်သည်။

"သူငယ်ချင်းတို့... ငါ သူတို့ကို တားထားပေးမယ်၊ အဲဒီအချိန်မှာ အခွင့်အရေးယူပြီး ထွက်ပြေးကြ..."

ဤစကားများ ထွက်ပေါ်လာသည်နှင့် အခြားသူများအားလုံးက သူ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကြသည်။ ဝူရီချန်က သူ့မျက်လုံးများကို စိုက်ကြည့်ကာ ပြောလိုက်လေ၏။

"ဂါး...ဂါး..."

"အစ်ကိုကျားရှန်... ကျွန်တော် အစ်ကို့ကို တစ်ယောက်တည်း ထားမသွားဘူး..."

ရန်ကျားရှန် စကားပြန်ပြောရန် အချိန်မရလိုက်မီ စခန်းထဲမှနေ၍ အနီရောင်ဝတ်ရုံထူထူကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ရုတ်တရက် ပြေးထွက်လာခဲ့သည်။ ထိုအမျိုးသား၏ ရုတ်ချည်းလှုပ်ရှားမှုကြောင့် လူတိုင်း လန့်ဖြန့်သွားကြ၏။

သူတို့အားလုံးမှာ အလိုအလျောက် ရန်ကျားရှန်ကို ဆွဲကိုင်ကာ အနောက်သို့ ဆွဲခေါ်သွားကြလေသည်။ အခြားဖုတ်ကောင်များကမူ သူ့အရှေ့တွင် ရပ်ကာ တိုက်ခိုက်ရန် အသင့်ပြင်ထားကြတော့သည်။

သူတို့နှင့် မလှမ်းမကမ်းတွင် ရပ်နေသော ရန်ယွမ်က ရန်ကျားရှန်၏ ခန့်ညားသော မျက်နှာကို မယုံနိုင်စွာ ကြည့်နေခဲ့သည်။ ထိုမျက်နှာသည် သူ့မျက်လုံးထဲတွင် အရမ်းကို ရင်းနှီးနေခဲ့ပေသည်။

အဘယ်ကြောင့်ဆိုသော် ထိုမျက်နှာနှင့် ဆင်တူသော မျက်နှာကို သူ နှစ်ပေါင်းများစွာ မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်၏။ သူသည် ဆွဲကြိုးတစ်ကုံးကို ထုတ်ယူကာ ဆွဲသီးကို ဖွင့်လိုက်ပြီး အတွင်းရှိ ဝါကြန့်နေသော ဓာတ်ပုံကို ကြည့်လိုက်လေသည်။

သူ၏အရှေ့ရှိ ဖုတ်ကောင်နှင့် ဓာတ်ပုံထဲမှ ကောင်လေးကြားရှိ တူညီမှုကို မြင်လိုက်ရသောအခါ ရန်ယွမ်က ဆွဲသီးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး တုန်ယင်နေသော အသံဖြင့် မေးလိုက်လေသည်။

"မင်းက ကျားရှန်လား..."

သူ၏အမေးကို ကြားလိုက်ရသောအခါ ဖုတ်ကောင်များ အံ့ဩသွားကြ၏။ ဤသည်မှာ လူသားများက သူတို့ကို မတိုက်ခိုက်သည့်အပြင် သူတို့ကို မှတ်မိနေခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပေသည်။ ရန်ကျားရှန်က ဝူရိချန်၏ ပခုံးကို ပုတ်ကာ ပြောလိုက်လေသည်။

"ဝူး... ဝူး..."

"ရပါတယ်... သူက ငါ့ကို သိနေပုံရတယ်..."

သူ၏စကားကို ကြားပြီးနောက် ဝူရီချန်နှင့် အခြားသူများက ဘေးသို့ဖယ်ပေးကာ သူ့ကို သွားခွင့်ပြုလိုက်သည်။

ရန်ယွမ်နှင့် မျက်နှာချင်းဆိုင် ရပ်လိုက်သောအခါ မျက်နှာနှစ်ခုလုံးရှိ တူညီမှုများကို သိသာစွာ မြင်တွေ့နိုင်ပေသည်။ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ရန်ယွမ်က မေးလိုက်၏။

"ကျားရှန်... မင်း ငါ့ကို မှတ်မိသေးလား... ငါက မင်းရဲ့ အစ်ကိုကြီးလေ... အရင်တုန်းက မင်း ငါ့ဆီလာလည်တိုင်း ငါ့ကို အစ်ကိုယွမ်လို့ အမြဲခေါ်ခဲ့တာလေ..."

ရန်ကျားရှန်က ရန်ယွမ်ကို သတိကြီးစွာဖြင့် စိုက်ကြည့်ရင်း အဖြေအဖြစ် ခေါင်းခါယမ်းပြလိုက်သည်။

သူ့အရှေ့ရှိ လူကို ရင်းနှီးနေသည်ဟု ခံစားရသော်လည်း လူသားများ၏ နှိပ်စက်ညှဉ်းပန်းမှုအောက်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရပြီးနောက် ရန်ကျားရှန်သည် လူသားများကို အလွယ်တကူ မယုံကြည်ရဲတော့ပေ။

ထို့ပြင် သူသည် အသက် ၆ နှစ်အရွယ်တွင် ပြန်ပေးဆွဲခံခဲ့ရပြီး ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားချိန်တွင် လူသားဘဝက မှတ်ဉာဏ်များအားလုံး ပျောက်ဆုံးသွားခဲ့လေပြီ။

ရန်ကျားရှန်က သူ့ကို မမှတ်မိသည်ကို ရန်ယွမ် မြင်လိုက်ရသဖြင့် ဆွဲသီးကို ဖွင့်ကာ ဓာတ်ပုံကို ပြလိုက်လေသည်။ ထိုဓာတ်ပုံကို မြင်သောအခါ အခြားဖုတ်ကောင်များပါ တုန်လှုပ်သွားကြတော့၏။

ထန်ယွီရှီးက ဓာတ်ပုံကို လက်ညှိုးထိုးကာ အံ့ဩတကြီး ပြောလိုက်လေသည်။

"ဝူး... ဝူး..."

"အစ်ကိုကျားရှန်... အဲဒါ ကျွန်မတို့ စတွေ့တုန်းက အစ်ကို့မျက်နှာပဲ..."

သူမ၏စကားကို ကြားသောအခါ ရန်ကျားရှန်သည် ဝါကြန့်နေသော ဓာတ်ပုံကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည်။

ထို့နောက် သူက ရန်ယွမ်ကို ကြည့်လိုက်ပြီး ဆွဲသီးကို လက်ညှိုးထိုးကာ သူကိုယ်သူ ပြန်လည်ညွှန်ပြလိုက်လေသည်။ ရန်ယွမ်က သူ၏လုပ်ရပ်များမှ ဆိုလိုရင်းကို သိလိုက်သဖြင့် အမြန်ခေါင်းညိတ်ပြကာ ပြောလိုက်၏။

"ဟုတ်တယ်... ဒါ မင်းရဲ့ ဓာတ်ပုံပဲ... ဒီဓာတ်ပုံက မင်း ပြန်ပေးဆွဲခံရတဲ့နှစ်က ရိုက်ထားတာ..."

ရန်ကျားရှန်၏ အေးစက်နေသော မျက်လုံးများကို ကြည့်ကာ ရန်ယွမ်က ပြောလိုက်လေသည်။

"မင်း ငါ့ကို မယုံဘူးဆိုတာ ငါ သိတယ်... ဒါပေမဲ့ မင်းက ငါ့ညီအရင်းဆိုတာကို ငါ သက်သေပြနိုင်တယ်..."

“မင်းရဲ့ ခါးအောက်ပိုင်းမှာ ငှက်ပုံစံ မွေးရာပါအမှတ်တစ်ခုရှိတယ်... မင်း မွေးလာတုန်းက မင်းအဖေက အဲဒီအမှတ်ကိုမြင်ပြီး 'ရှန်'လို့ နာမည်ပေးခဲ့တာ..."

“သူက မင်းကို ငှက်ကလေးတစ်ကောင်လို လွတ်လွတ်လပ်လပ် ပျံသန်းပြီး ရှင်သန်နိုင်ဖို့ ဆန္ဒပြုခဲ့တာလေ..."

ဤစကားများ ထွက်ပေါ်လာသည်နှင့် ရန်ကျားရှန်မှာ အံ့အားသင့်သွားရရှာ၏။ သူက အင်္ကျီကို မတင်လိုက်ပြီး ပြောလိုက်လေသည်။

"ဝူး... ဝူး..."

"ရီချန်... အဲဒီမှာ မွေးရာပါအမှတ် ရှိမရှိ ငါ့ကို ကူကြည့်ပေးပါဦး..."

ဝူရီချန်က ခေါင်းညိတ်လိုက်ပြီး သူ၏ခါးအောက်ပိုင်းကို ကြည့်လိုက်ရာ ငှက်ပုံစံ အမည်းရောင် မွေးရာပါအမှတ်တစ်ခုကို မြင်လိုက်ရသည်။ သူက ရန်ကျားရှန်ကိုကြည့်ကာ ပြောလိုက်လေ၏။

"ဝူး... ဝူး..."

"အစ်ကိုကျားရှန်... အစ်ကို့ခါးအောက်ပိုင်းမှာ တကယ်ပဲ ငှက်ပုံစံ မွေးရာပါအမှတ်ရှိနေတယ်..."

သူ၏စကားကို ကြားပြီးနောက် ရန်ကျားရှန်က အင်္ကျီကို ပြန်ချလိုက်ပြီး ရန်ယွမ်ကို ကြည့်လိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်များက တောင့်တင်းစွာ တွန့်ကွေးသွားပြီးနောက် တွေးလိုက်လေ၏။

'အရမ်းကို လှောင်ပြောင်ခံရသလိုပဲ... ငါ့အဖေက ငါ့ကို လွတ်လွတ်လပ်လပ် ရှင်သန်နိုင်ဖို့ မျှော်လင့်ချက်နဲ့ ဒီနာမည်ကို ပေးခဲ့တာ...’

‘ဒါပေမဲ့ အဲဒီအစား ငါက လျှို့ဝှက်ဓာတ်ခွဲခန်းတစ်ခုရဲ့ မြေအောက်မှာ ပိတ်လှောင်ခံရပြီး ကြီးပြင်းလာခဲ့ရတယ်...'

ရန်ယွမ်ကို မေးစရာများစွာ ရှိနေသော်လည်း ရန်ယွမ်သည် သူပြောသည့်စကားများကို နားမလည်ကြောင်း ရန်ကျားရှန် သိနေခဲ့သည်။ သူက နှင်းထုများ ဖုံးလွှမ်းနေသော မြေပြင်ကို ကြည့်လိုက်ပြီးနောက် ဆောင့်ကြောင့်ထိုင်ကာ တစ်ခုခုကို ရေးခြစ်လိုက်လေသည်။

သူ မြေပြင်ပေါ်တွင် ရေးလိုက်သည်ကို မြင်သောအခါ ရန်ယွမ်က သေချာကြည့်လိုသဖြင့် ခြေလှမ်းအနည်းငယ် တိုးကပ်လာခဲ့သည်။

သူ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ရန်ကျားရှန်က ကာကွယ်လိုသော အလိုအလျောက် တုံ့ပြန်မှုဖြင့် အနောက်သို့ ချက်ချင်း ခုန်ဆုတ်သွား၏။

သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေသည့် သူ၏ အေးစက်စက် မျက်လုံးများကို ကြည့်ကာ ရန်ယွမ်မှာ တုန်လှုပ်သွားခဲ့လေသည်။

သူသည် အချိန်အတော်ကြာအောင် မလှုပ်မယှက် ရပ်နေခဲ့ပြီးနောက် နှုတ်ခမ်းကို ဟကာ တိုးညင်းသော အသံဖြင့် ရေရွတ်လိုက်လေသည်။

"ကျားရှန်... ဒီနှစ်တွေအတွင်း မင်း ဘာတွေကြုံတွေ့ခဲ့ရတာလဲ... ဘာလို့ ဒီလိုဖြစ်သွားရတာလဲ...”

“ဒါတွေ အကုန်လုံး ငါ့အမှားပါ... အဲဒီနေ့က ဘောလုံးကောက်ဖို့ မင်းကို တစ်ယောက်တည်း ထားမသွားခဲ့သင့်ဘူး..."

ဝူရိချန်က ရန်ယွမ် ရပ်နေသည်ကို မြင်လိုက်ရပြီး သူတို့၏ ခေါင်းဆောင်အား ဝမ်းနည်းနေသော မျက်နှာဖြင့် ကြည့်နေသည်ကို တွေ့သောအခါ မေးလိုက်၏။

"ဝူး... ဝူး..."

"သူ ဘာဖြစ်သွားတာလဲ... အစ်ကိုကျားရှန်ကို ဘာလို့ အဲဒီလို စိုက်ကြည့်နေတာလဲ..."

ထန်ယွီရှီးက ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်လေသည်။

"ဝူး... ဝူး..."

"ငါလည်း မသိဘူး..."

ရန်ယွမ်က သူ့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ ရန်ကျားရှန်က မြေပြင်ကို လက်ညှိုးထိုးပြလိုက်သည်။ ခံစားချက်များကို ထိန်းချုပ်လိုက်ပြီးနောက် ရန်ယွမ်က မြေပြင်ကို ကြည့်ကာ ၎င်းပေါ်ရှိ စာလုံးများကို ဖတ်လိုက်လေသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူက မေးလိုက်၏။

"မင်းတို့ ဒီကိုလာတာ ငါတို့ကို တိုက်ခိုက်ဖို့ မဟုတ်ဘဲ အကူအညီတောင်းဖို့ လာတာလား..."

ဤစကားများ ထွက်ပေါ်လာသည်နှင့် ဖုတ်ကောင်များအားလုံး ခေါင်းညိတ်လိုက်ကြသည်။

အမည်းရောင်သွေးများနှင့် အမာရွတ်များ ဖုံးလွှမ်းနေသော သူတို့၏ ညစ်ပတ်နေသည့် ခန္ဓာကိုယ်များနှင့် အင်္ကျီများကိုကြည့်ကာ ရန်ယွမ်က လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ထပ်မေးလိုက်လေသည်။

"မင်းတို့ကို လိုက်ဖမ်းနေတဲ့သူတွေက လျှို့ဝှက်ဓာတ်ခွဲခန်းက လူတွေလား..."

ယခုတစ်ကြိမ်တွင် ရန်ကျားရှန်က မြေပြင်ပေါ်၌ တစ်ခုခုကို အလျင်အမြန် ထပ်ရေးလိုက်သည်။ မြေပြင်ပေါ်ရှိ မေးခွန်းကို ဖတ်ပြီးနောက် ရန်ယွမ်က မေးလိုက်၏။

"ငါ သူတို့အကြောင်း ဘယ်လိုလုပ်သိလဲဆိုတာလား..."

ရန်ကျားရှန်က ခေါင်းညိတ်ပြလိုက်ရာ ရန်ယွမ်က ပြောလိုက်လေသည်။

"ဘာလို့လဲဆိုတော့ မင်းတို့ ဒီကို မလာခင်က လေ့ဟောက်ကျန့်ဆိုတဲ့ ဖုတ်ကောင်တစ်ကောင်လည်း အဆင့်မြင့်ဖုတ်ကောင် ၅၀ ကျော်နဲ့အတူ ငါတို့ဆီ အကူအညီလာတောင်းခဲ့လို့ပဲ...”

“လျှို့ဝှက်အဖွဲ့အစည်းက လူတွေ သူတို့ကို လိုက်ဖမ်းနေလို့ ပုန်းစရာနေရာတစ်ခု ရှာဖို့လိုတယ်လို့ သူတို့က ပြောသွားကြတယ်..."

All Chapters