← Chapters

အခန်း ၂၂၅

Vol. 23 Ch. 225

အခန်း ၂၂၅

Vol. 23 Ch. 225

အခန်း (၂၂၅) - နေထိုင်ခွင့်

ရန်ယွမ်ထံမှ လေ့ဟောက်ကျန့်၏ နာမည်ကို ကြားလိုက်ရသောအခါ ရန်ကျားရှန်နှင့် အခြားဖုတ်ကောင်များအားလုံး ဆွံ့အသွား၏။ သူတို့၏ တုံ့ပြန်မှုကို မြင်သောအခါ ရန်ယွမ်က ခေတ္တမျှ စဉ်းစားလိုက်ပြီး မေးလိုက်သည်။

"မင်းတို့က လေ့ဟောက်ကျန့်ကို သိလို့လား..."

သူ၏ မေးခွန်းကို ကြားသောအခါ ရန်ကျားရှန်က ခေါင်းညိတ်ပြလိုက်ပြီး မြေကြီးပေါ်တွင် စာရေးပြလိုက်လေသည်။

"ဟုတ်တယ်... ကျွန်တော်တို့ သူ့ကို သိတယ်... သူက စမ်းသပ်ခံအမှတ် သုညပဲ..."

ထိုစာသားများကို မြင်လိုက်ရသောအခါ ရန်ယွမ် မျက်မှောင်ကြုတ်သွားပြီး မေးလိုက်၏။

"စမ်းသပ်ခံအမှတ် သုညဆိုတာက ဘာကိုပြောတာလဲ..."

လေ့ဟောက်ကျန့်၏ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်းကို ရန်ယွမ် မသိသည်ကို ရင်ကျားရှန် သတိပြုမိသွားသဖြင့် ဆက်ရေးပြလိုက်လေသည်။

"ကျွန်တော်တို့ သိသမျှ အရာအားလုံးကို ခင်ဗျားကို ပြောပြနိုင်ပါတယ်... ဒါပေမဲ့ စည်းကမ်းချက်တစ်ခုတော့ ရှိတယ်..."

ထိုစာသားကို ဖတ်ပြီးနောက် ရန်ယွမ်က မျက်ခုံးပင့်လိုက်ကာ ရန်ကျားရှန်ကို ကြည့်၍ မေးလိုက်သည်။

"ဘာစည်းကမ်းချက်လဲ..."

ရန်ကျားရှန်က ထပ်ရေးပြလိုက်၏။

"ကျွန်တော်တို့ကို ဒီစခန်းမှာ နေခွင့်ပြုပြီး ဟိုလျှို့ဝှက်အဖွဲ့အစည်းရန်ကနေ ကာကွယ်ပေးပါ..."

စာကို ဖတ်ပြီးနောက် ရန်ယွမ်က ခေါင်းခါယမ်းလိုက်ပြီး ပြန်ပြောလိုက်သည်။

"တောင်းပန်ပါတယ်... ဒီကိစ္စကို ငါ ဆုံးဖြတ်ပေးလို့မရဘူး..."

သူ၏ အဖြေကို ကြားလိုက်ရသောအခါ ရင်ကျားရှန်နှင့် အခြားဖုတ်ကောင်များ အနည်းငယ် စိတ်ပျက်သွား၏။ သူတို့အချင်းချင်း ခေတ္တမျှ အပြန်အလှန် ကြည့်လိုက်ကြပြီးနောက် ရန်ကျားရှန်က မြေကြီးပေါ်တွင် ဆက်ရေးလိုက်ပြန်သည်။

"ဒီကိစ္စကို ဆွေးနွေးချင်တယ်ဆိုရင် ဘယ်သူနဲ့ သွားပြောရမလဲ..."

ရန်ယွမ် ပြန်ဖြေရန် အချိန်မရလိုက်မီမှာပင် ဩရှရှနှင့် ဆွဲဆောင်မှုရှိသော အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာလေသည်။

"ကျွန်မနဲ့ ပြောလို့ရတယ်..."

ထိုစကားကို ကြားသောအခါ ရန်ယွမ် လှည့်ကြည့်လိုက်ရာ ရှို့ဝူက ကျူးလင်နှင့်အတူ လျှောက်လာသည်ကို မြင်လိုက်ရ၏။ ဤအဆင့်မြင့်ဖုတ်ကောင်အုပ်စုလေးက မည်မျှ ငယ်ရွယ်ကြောင်းကို မြင်လိုက်ရသောအခါ ကျူးလင်၏ မျက်ဝန်းများမှာ မှောင်မိုက်သွားရရှာသည်။

ရန်ယွမ်က ကျူးလင်ကို ခေါင်းညိတ်ပြလိုက်ပြီးနောက် ရှို့ဝူဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်လေသည်။

"ဗိုလ်ကြီးရှို့... သူတို့က ကျွန်တော်တို့ဆီက အကူအညီ လာတောင်းကြတာပါ..."

ရှို့ဝူက ဖုတ်ကောင်ခေါင်းဆောင်ကို ကြည့်လိုက်ရာ ရန်ယွမ်နှင့် ဖုတ်ကောင်ခေါင်းဆောင်အကြားမှ တူညီမှုများကို သတိပြုမိသွား၏။ သူက မျက်ခုံးပင့်ကာ မေးလိုက်သည်။

"မင်းရဲ့ မိသားစုဝင်လား..."

ရန်ယွမ်က ခေါင်းညိတ်ပြလိုက်ပြီး ပြန်ဖြေလိုက်၏။

"သူက အသက်ခြောက်နှစ်အရွယ်မှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ ကျွန်တော့်ရဲ့ ညီလေးပါ... သူ့မှတ်ဉာဏ်တွေ အကုန်ပျောက်ဆုံးနေပုံပဲ... အခုဆို သူ့အသက်က နှစ်ဆယ့်နှစ်နှစ် ရှိနေသင့်ပြီဆိုပေမဲ့ အသက် ဆယ့်ငါးနှစ်အရွယ်လောက်ပဲ ပုံပေါက်နေတယ်..."

ရှို့ဝူက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"ဪ... ဒီလိုကိုး... ဖုတ်ကောင်ဖြစ်သွားပြီးတဲ့နောက် သူ့ရဲ့ ရုပ်သွင်က ပြောင်းလဲမသွားတော့တာ ဖြစ်ရမယ်..."

ထိုသို့ပြောပြီးနောက် သူက ကျူးလင်ဘက်သို့ လှည့်ကြည့်လိုက်ရာ သူမက ငယ်ရွယ်သော မိန်းကလေးဖုတ်ကောင်လေးဆီသို့ လျှောက်သွားနေသည်ကို မြင်လိုက်ရ၏။

ကျူးလင်က သူမရှေ့တွင် ရပ်လိုက်သောအခါ ထန်ယွီရှီးက ကြောက်လန့်တကြားဖြင့် ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး အသံပြုလိုက်လေသည်။

"ဝူး... ဝူး… ဘာ... ဘာလိုချင်လို့လဲ..."

ကျူးလင်က သူမကို ပြုံးပြကာ မေးလိုက်သည်။

"ဘာမှမလုပ်ချင်ပါဘူး... နင့်မျက်နှာက ဘာဖြစ်လာတာလဲ..."

ထိုစကား ထွက်လာသည်နှင့် ဖုတ်ကောင်များအားလုံး မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူးသွားကြ၏။ ထန်ယွီရှီးက ကျူးလင်ကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်လေသည်။

"ဝူး... ဝူး... ရှင်... ရှင်က ကျွန်မပြောတာကို နားလည်တာလား..."

ကျူးလင်က ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။

"အင်း... ရှင်တို့ပြောတာကို ကျွန်မ နားလည်တယ်..."

သူမ၏စကားကို ကြားသောအခါ ရန်ကျားရှန်ပင်လျှင် သူ၏ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်တော့ချေ။ ဤသည်မှာ ဖုတ်ကောင်ဖြစ်လာပြီးကတည်းက လူသားများနှင့် ပထမဆုံးအကြိမ် ဆက်သွယ်နိုင်ခြင်းပင်။

ရန်ကျားရှန်က မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘဲ ကျူးလင်ဆီသို့ ခြေလှမ်းအနည်းငယ် တိုးသွားကာ မေးလိုက်လေသည်။

"ဝူး... ဝူး... ခင်ဗျားက ဘယ်သူလဲ... ကျွန်တော်တို့ပြောတာကို ဘယ်လိုလုပ်ပြီး နားလည်နေတာလဲ..."

ကျူးလင်က သူ့ကို ကြည့်လိုက်ပြီး ပြန်ဖြေလိုက်၏။

"ကျွန်မက လောကဘုံခြောက်ပါးရဲ့ စစ်မှန်တဲ့ နတ်ဘုရားမ ကျူးလင်ပဲ..."

သူမ၏စကားကို ကြားပြီးနောက် ရန်ကျားရှန်က သူ၏ သူငယ်ချင်းများနှင့် အပြန်အလှန် ကြည့်လိုက်ကြသည်။ သူတို့၏ မျက်ဝန်းများထဲတွင်လည်း တူညီသော သံသယများကို မြင်လိုက်ရသဖြင့် သူက ကျူးလင်ဘက်သို့ ပြန်လှည့်ကြည့်ကာ အသံပြုလိုက်လေသည်။

"ဝူး... ဝူး... ခင်ဗျား ကျွန်တော့်ကို နောက်နေတာလား... ဒီကမ္ဘာမှာ နတ်ဘုရားဆိုတာ မရှိဘူး... တကယ်လို့ နတ်ဘုရားသာ ရှိခဲ့မယ်ဆိုရင် ကမ္ဘာကြီးက ဒီလိုအခြေအနေ ဖြစ်နေမှာ မဟုတ်ဘူး..."

ကျူးလင်က ခေါင်းခါယမ်းလိုက်ပြီး ရှင်းပြလိုက်၏။

"မဟုတ်ဘူး... အခု ဖြစ်ပျက်နေသမျှ အရာအားလုံးက ဒီလျှို့ဝှက်အဖွဲ့အစည်းကြောင့်ပဲ..."

သူမက ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ဆက်ပြောလိုက်သည်။

"ရှင်နဲ့ ဗိုလ်ကြီးရန်တို့ စကားပြောနေတာကို ခုနက ကြားလိုက်တယ်... ရှင်တို့ကို စခန်းမှာ နေခွင့်ပြုမယ်ဆိုရင် လျှို့ဝှက်အဖွဲ့အစည်းနဲ့ ပတ်သက်သမျှ အရာအားလုံးကို တကယ်ပဲ ကျွန်မတို့ကို ပြောပြမှာလား..."

ရန်ကျားရှန်က ခေါင်းညိတ်ပြလိုက်ပြီး ပြန်ဖြေလိုက်၏။

"ဂါး... ဝူး... ဝူး... ဟုတ်တယ်... စမ်းသပ်ခံအမှတ် သုညအကြောင်း အပါအဝင် ကျွန်တော်တို့ သိသမျှ အရာအားလုံးကို ခင်ဗျားတို့ကို ပြောပြပါ့မယ်..."

"စမ်းသပ်ခံအမှတ် သုညဆိုတာက ဘာလဲ..."

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ကျူးလင်က မေးလိုက်လေသည်။

"ဝေါင်း... ဝူး... ဝူး... စမ်းသပ်ခံအမှတ် သုညဆိုတာ ပစ္စည်းတစ်ခုမဟုတ်ဘူး... လူတစ်ယောက်ပဲ...”

“ပိုပြီး တိတိကျကျ ပြောရရင် ဟိုမကောင်းဆိုးဝါး သိပ္ပံပညာရှင်တွေ သူ့ကို ဖုတ်ကောင်အဖြစ် မပြောင်းလဲပစ်ခင်က သူက လူသားတစ်ယောက် ဖြစ်ခဲ့တာပါ..."

ရန်ကျားရှန်က ခေါင်းခါယမ်းလိုက်ပြီး ရှင်းပြလိုက်သည်။

သူ၏စကားကို ကြားပြီးနောက် ကျူးလင်က ခဏတာ စဉ်းစားလိုက်ပြီး ရှို့ဝူဘက်သို့ လှည့်ကြည့်ကာ မေးလိုက်၏။

"ရှို့ဝူ... သူတို့ကို ငါတို့စခန်းမှာပဲ နေစေချင်တယ်... ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင် ဘယ်လိုထင်လဲ..."

ရှို့ဝူက သူမကို ပြုံး၍ ကြည့်ကာ ပြန်ဖြေလိုက်လေသည်။

"မင်းက ဒီလိုလုပ်ချင်နေမှတော့ မင်းသဘောပါ... မင်းလုပ်ချင်တဲ့ အရာအားလုံးကို ကိုယ်က အပြည့်အဝ ထောက်ခံပေးမှာပါ..."

သူ၏စကားကို ကြားသောအခါ ကျူးလင်၏ ပါးပြင်များ အနည်းငယ် ရဲတက်သွားရရှာ၏။ သူမ၏ စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်ပြီးနောက် ရန်ကျားရှန်ကို ကြည့်ကာ ပြောလိုက်သည်။

"ကျွန်မတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမယ်ဆိုရင် ရှင်တို့ ဒီမှာ နေလို့ရတယ်..."

ထိုစကား ထွက်လာသည်နှင့် ရန်ကျားရှန်နှင့် အခြားဖုတ်ကောင်များအားလုံး အလွန်အမင်း ဝမ်းသာသွားကြလေသည်။ သူတို့၏ စိတ်အခြေအနေကို ခံစားသိရှိသွားသော ကျူးလင်က ပြုံးလိုက်ပြီး ပြောလိုက်၏။

"ကျွန်မနဲ့ လိုက်ခဲ့ကြပါ..."

ရန်ကျားရှန်က သူ့ဘေးမှ ဖြတ်လျှောက်သွားချိန်တွင် ရန်ယွမ်က အလျင်အမြန် ပြောလိုက်လေသည်။

"ကျားရှန်... ခဏနေရင် ငါ မင်းဆီကို လာခဲ့မယ်... မင်းရဲ့ အတိတ်နဲ့ ငါတို့ မိသားစုအကြောင်း အားလုံးကို ပြောပြပါ့မယ်..."

ရန်ယွမ်၏ စကားကို ကြားပြီးနောက် ရန်ကျားရှန်က သူ့ကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်နေပြီးမှ ခေါင်းညိတ်လိုက်ကာ ကျူးလင်၏ နောက်သို့ လိုက်သွားလေသည်။

သူ၏ ကျောပြင်ကို ကြည့်ရင်း ရန်ယွမ်က လက်သီးကို တင်းတင်းဆုပ်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသော အငွေ့အသက်များ ပေါက်ကွဲထွက်ပေါ်လာတော့၏။

ရှို့ဝူက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"မင်းရဲ့ ညီလေးအတွက် လက်စားချေဖို့ အခွင့်အရေး ရှိပါသေးတယ်..."

ရန်ယွမ်က မျက်လုံးများ ပင့်ကာ ရှို့ဝူကို ကြည့်လိုက်ပြီး ပြန်ဖြေလိုက်၏။

"အင်း... ကျွန်တော် သိပါတယ်..."

ကျူးလင်က လမ်းပြခေါ်ဆောင်လာသဖြင့် အစောင့်များက ဘာမျှမမေးမြန်းဘဲ သူတို့ကို ဖြတ်သန်းခွင့် ပြုလိုက်လေသည်။ သူတို့၏ တည်ငြိမ်သော အမူအရာများကို မြင်သောအခါ ရန်ကျားရှန်က ကျူးလင်ကို အတွေးယဉ်ယဉ်ဖြင့် တစ်ချက်ကြည့်လိုက်၏။

သူတို့က အနက်ရောင် ဂိတ်တံခါးကြီးဆီသို့ လျှောက်သွားစဉ် သာမန်လူများနှင့် စွမ်းအားရှင်များက သူတို့ကို သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်နေကြသည်။ ဇုန် (၅) ၏ ပင်မလမ်းမကြီးကို ဖြတ်သန်းသွားချိန်တွင် ရန်ကျားရှန်က အချို့သော စကားပြောသံများကို ကြားလိုက်ရလေသည်။

"ဟေး... ဒါက ငါတို့စခန်းကို ဝင်လာတဲ့ ဒုတိယအသုတ် အဆင့်မြင့်ဖုတ်ကောင်တွေ မဟုတ်ဘူးလား..."

ရန်ကျားရှန်က သူမ၏ ဘေးမှ ဖြတ်လျှောက်သွားချိန်တွင် အမျိုးသမီးငယ်တစ်ဦးက မေးလိုက်ခြင်းပင်။

All Chapters