အခန်း ၂၂၆
Vol. 23 Ch. 226
အခန်း (၂၂၆) - ရိုးရှင်းသော တံဆိပ်ခတ်နှိပ်ခြင်း
မိန်းကလေးငယ်၏ ဘေးတွင်ရှိသော လူငယ်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
"ဟုတ်တယ်... ဒါပေမဲ့ ကျုပ်ကတော့ ဗိုလ်ကြီးရှို့ရဲ့ ဆုံးဖြတ်ချက်ကို ယုံကြည်တယ်...”
“သူက ဒီအဆင့်မြင့်ဖုတ်ကောင်တွေကို ငါတို့စခန်းထဲမှာ ပေးနေမှတော့ သူတို့ကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းလည်း ရှိပြီးသား ဖြစ်ရမယ်... ငါတို့ဘာမှဖြစ်မှာမဟုတ်ပါဘူး..."
၎င်းတို့၏ စကားများကို ကြားပြီးနောက် ရန်ကျားရှန်သည် ဇုန် (၅) မှ စခန်းနေသူများကို လေ့လာအကဲခတ်ကြည့်လိုက်၏။ သူတို့သည် နက်မှောင်သော တံခါးမကြီးအနီးသို့ ချဉ်းကပ်လာချိန်တွင် အခြားသော စွမ်းအားရှင်တစ်စု၏ စကားပြောသံကို ကြားလိုက်ရပြန်သည်။
"ဒီအဆင့်မြင့်ဖုတ်ကောင်တွေ ငါတို့စခန်းထဲကို ဝင်လာတာ ကောင်းတဲ့အချက်လို့ ကျုပ်ကတော့ ထင်တယ်... သူတို့က ငါတို့ရဲ့အင်အားကို တိုးပွားစေနိုင်သလို စခန်းကို ကာကွယ်ပြီး ရန်သူတွေကို တိုက်ခိုက်တဲ့နေရာမှာလည်း ကူညီပေးနိုင်လိမ့်မယ်..."
စွမ်းအားရှင်တစ်ဦးက ပြောလိုက်လေသည်။
သူ့အဖော်ဖြစ်သူက မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်၏။
"မင်းက ဘာကိုဆိုလိုတာလဲ... သူတို့ကို မကြောက်ဘူးလား... ဒါတွေက အဆင့်နိမ့်ဖုတ်ကောင်တွေ မဟုတ်ဘူး...”
“အဆင့်မြင့်ဖုတ်ကောင်တစ်အုပ်ကြီးပဲ... လဲ့ဟော်စခန်းနားက စခန်းတွေ ဘာဖြစ်သွားလဲဆိုတာ မင်းမေ့သွားပြီလား... ရက်အနည်းငယ်အတွင်းမှာတင် အဆင့်မြင့်ဖုတ်ကောင်တစ်အုပ်ရဲ့ ချေမှုန်းခြင်းကို ခံလိုက်ရတာ..."
“တကယ်လို့ ဒီဖုတ်ကောင်တွေက အဲဒီစခန်းတွေကို ဖျက်ဆီးခဲ့တဲ့ကောင်တွေ ဖြစ်နေရင်ရော... မင်းအခုပြောတဲ့စကားကို ပြောရဲဦးမလား..."
ထိုလူက ခေါင်းခါယမ်းကာ ပြောလိုက်သည်။
"မကြောက်ပါဘူး... သူတို့က တံတိုင်းကို ကျော်ဖြတ်လာနိုင်မှတော့ ဒီဖုတ်ကောင်တွေက ငါတို့ကို တိုက်ခိုက်မှာမဟုတ်ဘူးလို့ ငါတို့ယုံကြည်သင့်တယ်..."
“ပြီးတော့ အဆင့်မြင့်စွမ်းအားရှင် အများစုကလည်း ဒီမှာ အလုပ်လုပ်နေကြတာပဲ... ငါတို့ရဲ့ လက်ရှိအင်အားနဲ့ဆိုရင် ဒီအဆင့်မြင့်ဖုတ်ကောင်တွေကို အနိုင်ယူနိုင်မယ်လို့ ကျုပ် ယုံကြည်ချက်ရှိတယ်..."
သူ့သူငယ်ချင်းက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။
"မင်းက ဖုတ်ကောင်တွေကို ယုံကြည်နိုင်တာ တကယ်ကို အံ့ဩဖို့ကောင်းတာပဲ..."
ထိုလူက ခပ်ဖွဖွရယ်မောကာ ပြောလိုက်သည်။
"အဲလိုမဖြစ်ခင်မှာ ဒီဖုတ်ကောင်တွေ ခေါင်းပြတ်သွားလိမ့်မယ်... ဗိုလ်ကြီးရှို့ ဘယ်လောက်တောင် သန်မာလဲဆိုတာ မင်းမသိဘူးလား..."
“သူက ဖုတ်ကောင်တစ်စုလုံးကို ကိုယ်တိုင်မထိဘဲ ခေါင်းဖြတ်ပစ်နိုင်တာ... ဒီလိုသန်မာတဲ့လူ ရှိနေသရွေ့ ငါတို့ ဘာကိုမှ ကြောက်စရာမလိုဘူး..."
၎င်းတို့ပြောသည်ကို ကြားပြီးနောက် ရန်ကျားရှန်က စိတ်ထဲတွင် တွေးလိုက်၏။
'သူတို့ပြောပုံအရဆိုရင် ဗိုလ်ကြီးရှို့လို့ခေါ်တဲ့ လူက အရမ်းသန်မာတာ ဖြစ်ရမယ်... ဗိုလ်ကြီးရှို့ဆိုတာ စောစောကလူ ဖြစ်နိုင်မလား... သူက ဒီစခန်းရဲ့ ခေါင်းဆောင်လား...'
ရန်ကျားရှန်က လူတိုင်းကို စောင့်ကြည့်လေ့လာနေစဉ်အတွင်း သူတို့သည် ဝူလင်စခန်း၏ ပင်မတံခါးမကြီးသို့ ရောက်ရှိလာကြပြီ ဖြစ်သည်။ ကျူးလင်သည် ယခင်အတွေ့အကြုံများအရ အကာအကွယ်အတားအဆီးကို တိုက်ရိုက် မဖွင့်လိုက်ပေ။
သူမက ဖုတ်ကောင်များကို လှည့်ကြည့်ကာ ပြောလိုက်သည်။
"ကျွန်မ ရှင်တို့ကို စခန်းထဲ ဝင်ခွင့်ပြုမယ်... ဒီခွင့်ပြုချက်မရှိရင် ရှင်တို့ ဒီစခန်းထဲကို ဝင်လို့ရမှာ မဟုတ်ဘူး..."
သူမ၏စကားကို ကြားသောအခါ ဝူရီချန်သည် အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်ပေါ်လာပြီး မေးလိုက်၏။
"ဝူး... ဝူး... ဟူး... ဘယ်လိုခွင့်ပြုချက်မျိုးလဲ... ငါတို့ရှေ့မှာ ဘာမှမရှိပါဘူး... ငါတို့ အဆင်ပြေပြေ ဝင်သွားလို့ရရမှာပေါ့..."
သူ၏သံသယကို မြင်သောအခါ ကျူးလင်က ပြုံး၍ ပြောလိုက်သည်။
"ရှင် စမ်းကြည့်လို့ရတယ်..."
သူမ၏စကားကို ကြားသောအခါ ဝူရီချန်သည် စူးစမ်းလိုစိတ်ဖြင့် လက်ကို ဆန့်ထုတ်လိုက်လေသည်။
သူ့ကို တစ်ခုခုက တားဆီးထားသည်ဟု မပြောနိုင်ခင်မှာပင် တစ်စုံတစ်ခုကို ထိမိသွား၏။ ဝူရီချန်သည် မိမိ၏လက်ကို အမြင်မရသောတံတိုင်းတစ်ခုက ပိတ်ဆို့ထားသည်ကို တွေ့ရသဖြင့် အံ့အားသင့်သွားရှာသည်။
သူက ကျူးလင်ကို ကြည့်ကာ မေးလိုက်၏။
"ဝူး... ဟူး... ဒါက ဘာလဲ... ငါ့ကို တားထားတဲ့ အမြင်မရတဲ့တံတိုင်းက ဘာကြောင့် ရှိနေတာလဲ..."
"ဒါက ကျွန်မ တည်ဆောက်ထားတဲ့ အကာအကွယ်အတားအဆီးပဲ..."
ကျူးလင်က တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်သည်။
ထိုသို့ပြောပြီးနောက် သူမသည် ရိုးရှင်းသော လက်ဟန်တစ်ခုကို ပြုလုပ်လိုက်ပြီး ဝူရီချန်၏ နဖူးအလယ်တည့်တည့်သို့ သူမ၏ လက်ညှိုးနှင့် လက်ခလယ်တို့ဖြင့် ထိတွေ့လိုက်၏။
သူမ၏လက်ချောင်းများက ဝူရီချန်၏ နဖူးကို ထိမိလိုက်သော စက္ကန့်တွင် သူသည် ခန္ဓာကိုယ်အတွင်းသို့ နွေးထွေးညင်သာသော စွမ်းအင်တစ်ခု စီးဝင်လာသည်ကို ခံစားလိုက်ရသည်။
သူသည် သူမနှင့် ဝေးရာသို့ ရှောင်ဖယ်လိုသော ဗီဇစိတ်ကို ထိန်းချုပ်ကာ ထိုနေရာတွင်ပင် တောင့်တောင့်ကြီး ရပ်နေလိုက်လေသည်။
သုံးစက္ကန့်ခန့် ကြာပြီးနောက် ကျူးလင်က လက်ချောင်းများကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ပြောလိုက်သည်။
"အခု ဝင်ကြည့်လိုက်..."
ဝူရီချန်သည် သူမအား သံသယစိတ်ဖြင့် စက္ကန့်အနည်းငယ်မျှ ကြည့်ရှုပြီးနောက် သတိကြီးစွာဖြင့် လက်ကို ဆန့်ထုတ်လိုက်၏။ ယခုတစ်ကြိမ်တွင်မူ သူ့လက်သည် ပင်မတံခါးကို ချောမွေ့စွာ ဖြတ်သန်းသွားလေသည်။ သူက ကျူးလင်ကို အံ့အားသင့်စွာ လှည့်ကြည့်ပြီး ပြောလိုက်သည်။
"ဝူး... ဟူး... ငါ တကယ်ပဲ အဲဒီမမြင်ရတဲ့ တံတိုင်းကို ဖြတ်သွားနိုင်ပြီ... မင်း ဘယ်လိုလုပ်လိုက်တာလဲ..."
ကျူးလင်က ပြုံး၍ ပြောလိုက်၏။
"ဒါက ရိုးရှင်းတဲ့ တံဆိပ်ခတ်နှိပ်ခြင်းတစ်ခုပါပဲ..."
ဤတံဆိပ်ခတ်နှိပ်ခြင်းက အတားအဆီးပြဿနာကို ဖြေရှင်းနိုင်သည်ကို မြင်သောအခါ ကျူးလင်က ရန်ကျားရှန်နှင့် အခြားဖုတ်ကောင်များကို ကြည့်ကာ မေးလိုက်သည်။
"အဟမ်း...နောက်တစ်ယောက်ဘယ်သူဝင်မလဲ"
ထန်ယွီရှီးက လက်ထောင်ကာ ပြောလိုက်၏။
"ဝူး... သမီး..."
ထန်ယွီရှီးက ထိုသို့ပြောလိုက်သဖြင့် ကျူးလင်သည် လက်ဟန်တစ်ခုပြုလုပ်ကာ သူမ၏နဖူးအလယ်ကို ထိတွေ့လိုက်လေသည်။
သုံးစက္ကန့်အကြာတွင် ကျူးလင်က လက်ချောင်းကို ပြန်လည်ရုပ်သိမ်းလိုက်ရာ ထန်ယွီရှီးသည် စခန်းထဲသို့ လျင်မြန်စွာ လျှောက်လှမ်းဝင်သွား၏။
သူမသည် အတားအဆီးကို အောင်မြင်စွာ ဖြတ်သန်းသွားနိုင်သည်ကို မြင်သောအခါ ရန်ကျားရှန်နှင့် အခြားဖုတ်ကောင်များသည် ကျူးလင်၏ရှေ့တွင် လျင်မြန်စွာ ရပ်တန့်လိုက်ကြပြီး စခန်းအတွင်းသို့ ဝင်ခွင့်ရရန် စောင့်ဆိုင်းနေကြတော့သည်။
အဆင့်မြင့်ဖုတ်ကောင်တစ်စုနှင့် လေ့ဟောက်ကျန့်တို့နှင့်မတူဘဲ ရန်ကျားရှန်နှင့် သူ၏သူငယ်ချင်းများသည် စခန်းထဲသို့ ဝင်ရောက်ပြီးနောက် ထူးထူးခြားခြား တုံ့ပြန်မှုမရှိကြပေ။
နတ်ဘုရားစွမ်းအင်သည် သူတို့အပေါ် သက်ရောက်မှု သိပ်မရှိသည်ကို မြင်သောအခါ ကျူးလင်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီး ရန်ကျားရှန်၏ ခန္ဓာကိုယ်ကို စစ်ဆေးရန် စိတ်ဝိညာဉ်အာရုံကို အသုံးပြုလိုက်လေသည်။
သူ၏ အောက်ဒန်တျန်အတွင်းရှိ သေးငယ်သော ဝိညာဉ်အမြုတေကို မြင်လိုက်ရသောအခါ သူမ၏မျက်ဝန်းထဲတွင် အံ့ဩရိပ်တစ်ခု ဖြတ်ပြေးသွား၏။ သူမသည် စိတ်ဝိညာဉ်အာရုံကို ပြန်လည်ရုပ်သိမ်းပြီး အခြားဖုတ်ကောင်များကို စစ်ဆေးကြည့်လိုက်သည်။
လေ့ဟောက်ကျန့်နှင့် ကလေးငယ်များကဲ့သို့ မိစ္ဆာအမြုတေ ရှိမနေဘဲ သူတို့အားလုံး၏ ခန္ဓာကိုယ်အတွင်း၌ ဝိညာဉ်အမြုတေများ ရှိနေသည်ကို မြင်ရသောအခါ ကျူးလင်သည် နက်ရှိုင်းစွာ တွေးတောနေမိတော့သည်။
တံခါးမကြီးနှင့် မလှမ်းမကမ်းတွင် ရပ်နေသော ထန်ယွီရှီးသည် သူမ၏ပတ်ဝန်းကျင်ရှိ ကျယ်ပြောလှသော နယ်မြေကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။
"ဝူး... ဝူး... ဟူး... အရမ်းလှတဲ့ နေရာပဲ... သမီးတို့ တကယ်ပဲ နောင်ကို ဒီမှာနေထိုင်ရမှာလား... အဲဒီနှိပ်စက်မှုတွေကို ထပ်ပြီး ခံစားရမှာ မဟုတ်တော့ဘူးပေါ့..."
သူမ၏စကားကို ကြားသောအခါ ကျူးလင်သည် အတွေးများထဲမှ နိုးထလာပြီး ပြောလိုက်သည်။
"အင်း... မင်းတို့ ဒီမှာ နေချင်သရွေ့ ဘယ်သူမှ မောင်းထုတ်မှာမဟုတ်ဘူး..."
ဤစကားများ ထွက်ပေါ်လာသည်နှင့် ဖုတ်ကောင်အားလုံးသည် သူမအား ကျေးဇူးတင်ရှိစွာဖြင့် ကြည့်ရှုလိုက်ကြ၏။ ကျူးလင်သည် ၎င်းတို့၏ အကြည့်များကြောင့် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး အကြည့်လွှဲကာ ပြောလိုက်သည်။
"သွားကြစို့... ရှင်တို့ကို ဖုတ်ကောင်တွေအတွက် ပြင်ဆင်ပေးထားတဲ့ ဗီလာကို လိုက်ပြမယ်..."
သူမ၏စကားကို ကြားသောအခါ ဝူရီချန်က အံ့အားသင့်စွာ မေးလိုက်၏။
"ဟူး... ဒီမှာ ငါတို့အတွက် သီးသန့်နေရာ ရှိတာလား..."
ကျူးလင်က သူ့ကို ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
"ဟုတ်တယ်... ကျွန်မတို့က ဖုတ်ကောင်တွေအေးအေးချမ်းချမ်း နေထိုင်နိုင်ဖို့ သီးသန့်နေထိုင်ရာ ဇုန်တစ်ခုကို ပြင်ဆင်ပေးထားတယ်..."
ထိုသို့ပြောပြီးနောက် သူမသည် လူတိုင်းကို လေ့ဟောက်ကျန့်နှင့် ရှုလင်တို့ နေထိုင်ရာ နေရာသို့ ခေါ်ဆောင်သွားလေသည်။
ရန်ကျားရှန်နှင့် သူ၏သူငယ်ချင်းများသည် ဒဏ္ဍာရီလာ လေ့ဟောက်ကျန့်နှင့် တွေ့ဆုံရသဖြင့် ဆွံ့အမှင်တက်နေကြစဉ်တွင် မော့ရန်နှင့် စစ်ဘက်ဆိုင်ရာစခန်းမှ လူတိုင်းသည်လည်း စခန်းမှ ထွက်ခွာရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။