အခန်း ၂၂၈
Vol. 23 Ch. 228
အခန်း (၂၂၈) - အခြေချခြင်း
ယာဉ်မောင်းက ကားကို ဇုန်၅၏အဝင်ဝတွင် ရပ်လိုက်ပြီးနောက် ထန်ပိုင်က ကျန်းရိမုကို လက်ဝှေ့ယမ်းပြလိုက်သည်။ ကျန်းရိမုသည် ချန်ယွီကို ပွေ့ချီကာ ကားပေါ်မှ ဆင်းလာပြီး ထန်ပိုင်ကို ပြန်လည်လက်ဝှေ့ယမ်းပြရင်း သူ့ထံသို့ လျှောက်လှမ်းသွားလေသည်။
ချန်ယွီက ကျန်းရိမု၏ပုခုံးကိုပုတ်ကာ ပြောလိုက်၏။
"အစ်ကိုကြီး... ကျွန်တော် ဒီအထိပဲ လမ်းပြပေးဖို့ လိုတော့တာပါ။ ကျွန်တော့်ကို အောက်ချပေးပါဦး..."
သူ့စကားကိုကြားပြီးနောက် ကျန်းရိမုက သူ့ကိုအောက်သို့ချပေးလိုက်ပြီး ပြောလိုက်၏။
"ကူညီပေးလို့ ကျေးဇူးတင်ပါတယ်... ရှောင်ယွီ..."
ချန်ယွီက ခေါင်းညိတ်ပြပြီး ဇုန်၅ဆီသို့ ပြန်ပြေးသွားလေသည်။ ထန်ပိုင်၏ဘေးမှ ဖြတ်သွားစဉ်တွင် ထိုကလေးငယ်က ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ပြောလိုက်၏။
"မင်္ဂလာနံနက်ခင်းပါ... အစ်ကိုကြီးထန်ပိုင်..."
ထန်ပိုင်က ကလေးငယ်ကို ပြုံး၍ကြည့်ကာ ပြောလိုက်သည်။
"မင်္ဂလာနံနက်ခင်းပါ... ရှောင်ယွီ..."
နှုတ်ဆက်ပြီးနောက် ချန်ယွီသည် ဇုန်၅ဆီသို့ ပြေးဝင်သွားတော့၏။ ကလေးငယ်၏မျက်နှာပေါ်မှ အပြုံးကို ကြည့်ရင်း ကျီယန်က မေးလိုက်သည်။
"သူက အရင်တုန်းက မိန်းကလေးကျူးနဲ့ ဗိုလ်ကြီးရှို့တို့ ကယ်တင်ခဲ့တဲ့ ကလေးတွေထဲက တစ်ယောက်လား..."
ထန်ပိုင်က ခေါင်းညိတ်ပြကာ ပြောလိုက်၏။
"ဟုတ်တယ်..."
ထို့နောက် ထန်ပိုင်က ရှေ့တွင်ရပ်ထားသော ယာဉ်များကို ကြည့်ကာ ပြောလိုက်သည်။
"သွားကြရအောင်... ဗိုလ်ကြီးရှို့က ငါတို့ နေထိုင်ဖို့ နေရာပြင်ဆင်ပေးထားပြီးသား..."
ထန်ပိုင်၏နောက်သို့ လိုက်ပါရင်း သူတို့သည် စစ်ဘက်ဆိုင်ရာယာဉ်တစ်စီးကို မောင်းနှင်ကာ စခန်းထဲသို့ ဝင်ရောက်လာကြ၏။ ကျန်းရိမုသည် ကားထဲတွင်ထိုင်ရင်း စိမ်းစိုနေသော အခွံမာအိမ်များကို ကြည့်ကာ မေးလိုက်သည်။
"ဟိုအရာတွေက ဘာတွေလဲ..."
ထန်ပိုင်က ကားပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ တစ်ချက်လှမ်းကြည့်ကာ ပြောလိုက်၏။
"ဒီမှာနေတဲ့လူတွေကတော့ အဲဒါတွေကို အခွံမာအိမ်တွေလို့ခေါ်ကြတယ်..."
သူ့စကားကိုကြားသောအခါ ကျီယန်က စိတ်ဝင်တစား မေးလိုက်သည်။
"အိမ်လား... အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ... ငါတို့ရော အဲဒီအခွံမာအိမ်တွေထဲမှာ နေရမှာလား..."
ထန်ပိုင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောလိုက်၏။
"ငါတို့လည်း အဲဒီအိမ်တွေထဲမှာ နေနိုင်ရင် အရမ်းကောင်းမှာပဲ... ဒါပေမဲ့ ကံဆိုးတာက အခု အပူချိန်က အရမ်းနိမ့်လွန်းနေတော့ သန္ဓေပြောင်း ဧရာမခူကောင်တွေကို အပြင်ထွက်ပြီး အမဲမလိုက်နိုင်ကြဘူး..."
သူ့လေသံထဲမှ စိတ်ပျက်မှုကို ခံစားမိသဖြင့် ကျန်းရိမုက ပြောလိုက်သည်။
"အခွံမာအိမ်ထဲမှာ မနေရလို့ မင်း တော်တော်လေး စိတ်ပျက်နေပုံရတယ်..."
ထန်ပိုင်က ခေါင်းညိတ်ပြကာ ပြောလိုက်၏။
"အစ်ကိုစုန့်နဲ့ ငါ ဝူလင်စခန်းမှာ နေတုန်းက သူတို့က ငါတို့ကို အလတ်စား အခွံမာအိမ်တစ်လုံး စီစဉ်ပေးခဲ့တယ်...”
“အခွံမာအိမ်ထဲမှာ နေရတာ တကယ်ကို သက်တောင့်သက်သာရှိတယ်... ဆောင်းတွင်းမှာ နွေးထွေးပြီး နွေရာသီမှာ အေးမြတယ်... အခုတော့ မင်းတို့အားလုံး ရောက်လာကြပြီဆိုတော့ ငါတို့ ဇုန်၁ကို ပြောင်းရတော့မယ်... တကယ့်ကို နှမြောစရာပဲ..."
သူတို့ စကားပြောနေစဉ်မှာပင် ဇုန်၅မှ ထွက်ခွာလာခဲ့ကြပြီး စိုက်ပျိုးရေးမြေများ၊ ရေလှောင်ကန်များနှင့် စွမ်းအင်သိုလှောင်မှုစနစ်များ ရှိရာ ဇုန်၄နှင့် ဇုန်၃တို့ကို ဖြတ်ကျော်မောင်းနှင်လာခဲ့ကြသည်။
စခန်း၏ စနစ်တကျစီစဉ်ထားပုံကို မြင်လိုက်ရသောအခါ ကျန်းရိမုသည် သူ၏အံ့ဩမှုကို ဖုံးကွယ်မထားနိုင်တော့ပေ။
သူက ထန်ပိုင်ဘက်သို့ လှည့်ကြည့်ကာ အံ့အားသင့်စွာ မေးလိုက်သည်။
"သူတို့ ဒါကို ဘယ်လိုလုပ်လိုက်တာလဲ... မြေဆီလွှာပေါ်မှာ သီးနှံတွေ စိုက်ပျိုးနိုင်တယ်လား...”
“ပြီးတော့ ဟိုဟာတွေက ရေလှောင်ကန်တွေနဲ့ လျှပ်စစ်စွမ်းအင်သိုလှောင်မှုစနစ်တွေ မဟုတ်ဘူးလား...”
“သူတို့ ဒါတွေကို ဘယ်အချိန်ကတည်းက စပြီးတည်ဆောက်ခဲ့တာလဲ... ရိက္ခာနဲ့ ပစ္စည်းတွေကိုကော ဘယ်ကနေရတာလဲ..."
ထန်ပိုင်က ခေါင်းညိတ်လျက် ပြောလိုက်၏။
"ဟုတ်တယ်... မင်း ဝူလင်စခန်းကို ပူးပေါင်းဖို့ ဆုံးဖြတ်ချက်ကို ငါ့ကို မပြောခင်တုန်းက အစ်ကိုစုန့်နဲ့ ငါက မိန်းကလေးကျူးဆီကနေ မြေဆီလွှာပေါ်မှာ သီးနှံစိုက်ပျိုးတဲ့ နည်းပညာနဲ့ နည်းလမ်းတွေကို ရလုနီးပါး ဖြစ်ခဲ့တာ...”
“ဒါပေမဲ့ ကံဆိုးချင်တော့ ငါတို့ အဲဒီအချက်အလက်တွေကို မရခင်မှာပဲ မင်းက ဝူလင်စခန်းကို ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်တယ်... ဒီလိုအခြေအနေမျိုးမှာတော့ ငါလည်း အဲဒီအချက်အလက်တွေကို ထပ်ရနိုင်ဖို့ လမ်းမရှိတော့ဘူး..."
အဝေးရှိ ရေလှောင်ကန်နှင့် လျှပ်စစ်စွမ်းအင်သိုလှောင်မှုစနစ်များကို စိုက်ကြည့်ရင်း သူက ထပ်လောင်းပြောလိုက်၏။
"ရေလှောင်ကန်နဲ့ စွမ်းအင်သိုလှောင်မှုစနစ်တွေကတော့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခွင့်မရှိဘူး... တာဝန်ရှိသူတွေနဲ့ ရေဓာတ်စွမ်းအားရှင်၊ လျှပ်စီးဓာတ်စွမ်းအားရှင်တွေပဲ ဝင်လို့ရတယ်..."
ထိုစကားကို ကြားပြီးနောက် ကျန်းရိမုက ခေတ္တမျှ တွေးတောလိုက်ပြီး မေးလိုက်သည်။
"အဲဒီနေရာတွေမှာ အလုပ်လုပ်ဖို့ လူတွေ လိုအပ်နေသေးလား..."
ထန်ပိုင်က သူ့ကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။
"မင်း စိုက်ပျိုးရေးမြေတွေမှာတော့ အလုပ်ရမှာ မဟုတ်ဘူး... သူတို့က စိုက်ပျိုးရေးမြေတွေမှာ အလုပ်သမားအဖြစ် သာမန်လူတွေကိုပဲ ငှားရမ်းကြတာ...”
“ရေလှောင်ကန်တွေမှာကျတော့ ရေဓာတ်စွမ်းအားရှင်တွေပဲ အလုပ်လုပ်နိုင်တယ်... လျှပ်စစ်စွမ်းအင်သိုလှောင်မှုစနစ်မှာကျတော့လည်း လျှပ်စီးဓာတ်စွမ်းအားမရှိရင် အလုပ်လုပ်ဖို့ မဖြစ်နိုင်ဘူး...”
“ဒါကြောင့် မင်းတို့အတွက် တစ်ခုတည်းသော ရွေးချယ်စရာကတော့ ကြေးစားစစ်သား ဒါမှမဟုတ် အစောင့်လုပ်ဖို့ပဲ ရှိလိမ့်မယ်..."
သူ့စကားကို ကြားသောအခါ ကျန်းရိမုက စုတ်တစ်ချက်သပ်လိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
"ငါ့စွမ်းအားက သတ္တုဓာတ်စွမ်းအားဖြစ်နေတာ တကယ်ကို နှမြောစရာပဲ... သူတို့ အဲဒါတွေကို ဘယ်လိုတည်ဆောက်လဲဆိုတာ ကြည့်ရရင် တကယ်ကို စိတ်ဝင်စားဖို့ကောင်းမှာ..."
ထန်ပိုင်နှင့် ကျန်းရိမုတို့ စကားပြောနေစဉ်အတွင်း ကားသည် ဇုန်၂ကို ဖြတ်သန်းမောင်းနှင်သွားလေသည်။
ရှည်လျားလှသော စစ်ဘက်ဆိုင်ရာယာဉ်တန်းကြီးကို ကြည့်ရင်း ဇုန်၂တွင် နေထိုင်ကြသော စွမ်းအားရှင်များသည် စူးစမ်းလိုစိတ်များ ပြင်းပြလာကြ၏။ ကားထဲတွင် ကျီယန်နှင့် မော့ရန်တို့ကို မြင်လိုက်ရသဖြင့် လျန်မင်က ပြောလိုက်သည်။
"စစ်ဘက်ဆိုင်ရာစခန်းက ငါတို့နဲ့ ပူးပေါင်းတော့မယ်ဆိုတဲ့ ကောလာဟလတွေက တကယ်ပဲ ဖြစ်ပုံရတယ်..."
သူ့ဘေးတွင် ရပ်နေသော ဝေ့ပိုင်က ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်၏။
"ဗိုလ်ကြီးရှို့ ဘာတွေတွေးနေလဲဆိုတာ ငါ တကယ်ကို နားမလည်တော့ဘူး...”
“စစ်ဘက်စခန်းကလူတွေကို လက်ခံတဲ့အချိန်မှာပဲ အဆင့်မြင့်ဖုတ်ကောင် အုပ်စုအသစ်ကိုပါ တစ်ပြိုင်တည်း လက်ခံလိုက်တာ တကယ့်ကို သတ္တိရှိလွန်းတယ်...”
“နောင်တစ်ချိန်မှာ လူသားတွေနဲ့ ဖုတ်ကောင်တွေကြား ပဋိပက္ခတွေ ဖြစ်လာရင် အခြေအနေကို မထိန်းချုပ်နိုင်မှာကို သူ မစိုးရိမ်ဘူးလားမသိဘူး..."
ပတ်ဝန်းကျင်ရှိ တည်ငြိမ်နေသော စွမ်းအားရှင်များကို ကြည့်ရင်း လျန်မင်က ပြောလိုက်သည်။
"ဒါတွေက ငါတို့ စိုးရိမ်ရမယ့် အရာတွေမဟုတ်ပါဘူး... ငါတို့ လုပ်ရမှာက ကိုယ့်အလုပ်ကိုယ် ကောင်းကောင်းလုပ်ဖို့ပဲ..."
သူ့သူငယ်ချင်းဖြစ်သူက ဤကိစ္စကို တကယ်ပင် စိတ်မဝင်စားသည်ကို မြင်သောအခါ ဝေ့ပိုင်က ပခုံးတွန့်ပြလိုက်ပြီး သူ၏ခရုခွံအိမ်ဆီသို့ ပြန်လျှောက်သွားလေသည်။ ညဂျူတီ မဆင်းမီ သူ အိပ်ရေးဝဝ အိပ်စက်ထားရန် လိုအပ်ပေသည်။
တစ်နာရီနီးပါးမျှကြာအောင် မောင်းနှင်ပြီးနောက် နောက်ဆုံးတွင် ထန်ပိုင်က ပြောလိုက်၏။
"ငါတို့ ရောက်ပြီ..."
ကားသည် မြင့်မားသော တံတိုင်းတစ်ခုကို ဖြတ်ကျော်သွားချိန်တွင် ရှေ့ရှိ ကျယ်ပြောလှသော ကွင်းပြင်ကြီးကို မြင်လိုက်ရသဖြင့် ကျန်းရိမုသည် အံ့ဩသွားရသည်။ ကားပေါ်မှ ဆင်းပြီးနောက် သူက ထန်ပိုင်ကို ကြည့်ကာ မေးလိုက်၏။
"အစ်ကိုထန်... ဒါက ငါတို့အတွက် သူတို့ ပြင်ဆင်ပေးထားတဲ့ နေရာလား... ငါတို့အတွက် နေရာပြင်ပေးဖို့ သူတို့ ပတ်ဝန်းကျင်က ဖုတ်ကောင်တွေကို ရှင်းလင်းရေးလုပ်ဖို့ အချိန်တွေအများကြီး ပေးခဲ့ရမှာပဲနော်..."
ထန်ပိုင်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
"ဟုတ်တယ်... သူတို့က ဒီနယ်မြေထဲက ဖုတ်ကောင်တွေနဲ့ သန္ဓေပြောင်း သတ္တဝါတွေကို ရှင်းလင်းဖို့ အဆင့်မြင့်စွမ်းအားရှင် ၂၀၀ကျော်ကို ငှားရမ်းခဲ့ပြီး ခြံစည်းရိုးတွေနဲ့ တံတိုင်းတွေ တည်ဆောက်ဖို့ သာမန်လူ ၄၀၀ကျော်ကို ငှားခဲ့တယ်...”
“သူတို့က ဒီနေရာကို ဇုန်၁လို့ ခေါ်ကြပြီး ငါတို့ကတော့ ဒီနေရာမှာ စစ်စခန်းတစ်ခု တည်ဆောက်ကြမှာ..."