အခန်း ၂၂၉
Vol. 23 Ch. 229
အခန်း (၂၂၉) - ရေခဲချီလင်နှင့် မီးချီလင်
စကားဆုံးသည်နှင့် ထန်ပိုင်က ကျန်းရိမု၏ပခုံးကို ပုတ်ကာ ပြောလိုက်၏။
"အစ်ကိုကျန်း... စစ်သည်တွေကို နေရာချပြီး တဲတွေဆောက်ဖို့ ကူညီပေးပါဦး... ကျုပ် ဦးလေးနဲ့ တခြားအရာရှိကြီးတွေကို ဒီစခန်းရဲ့ အခြေအနေတွေ သတင်းပို့ရဦးမယ်..."
ကျန်းရိမုက သူ့ကို ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
"ကောင်းပါပြီ... တဲဆောက်တဲ့အလုပ်ကို ကျုပ်ဆီသာ လွှဲထားလိုက်ပါ..."
ထန်ပိုင်က မထွက်ခွာမီ သူ၏ဆောင်းတွင်းဝတ်စုံကို ကြည့်ကာ ပြောလိုက်သေး၏။
"အပူလျှပ်ပြီး မသေချင်ရင် အဲဒီအင်္ကျီကြီးကို ချွတ်လိုက်တာ ပိုကောင်းလိမ့်မယ်..."
ထိုသို့ ပြောပြီးနောက် ထန်ပိုင်က လှည့်ထွက်သွားရာ ကျန်းရိမုမှာ ဇဝေဇဝါမျက်နှာထားဖြင့် ကျန်ရစ်ခဲ့လေသည်။
ထန်ပိုင်ထွက်သွားပြီး စက္ကန့်အနည်းငယ်အကြာတွင် ကျန်းရိမုသည် ပူအိုက်လာသဖြင့် ထူထဲသောကုတ်အင်္ကျီနှင့် လက်အိတ်များကို ချွတ်လိုက်၏။
သူက ဆောင်းတွင်းဝတ်စုံများကို ချွတ်လိုက်ပြီး အင်္ကျီနှင့်ဘောင်းဘီရှည်သာ ကျန်တော့သည့်အချိန်တွင် အခြားသူများလည်း ဆောင်းတွင်းဝတ်စုံများကို ချွတ်နေကြသည်ကို မြင်လိုက်ရသည်။
သူတို့၏ မယုံကြည်နိုင်စရာမျက်နှာထားများကို ကြည့်ပြီး ကျန်းရိမုက စစ်သည်များကို အော်ပြောလိုက်၏။
"ကြောင်တောင်တောင် ရပ်မနေကြနဲ့... တဲတွေကို မြန်မြန်ဆောက်ကြစမ်း..."
သူ၏စကားကို ကြားသောအခါ စစ်သားများက ချက်ချင်းပင် ပြန်ထူးလိုက်ကြသည်။
"ဟုတ်ကဲ့... ဗိုလ်ကြီး..."
စစ်သားများ တဲဆောက်ရန် အလုပ်ရှုပ်နေချိန်တွင် ထန်ပိုင်သည် မော့ရန်အပါအဝင် အခြားအဆင့်မြင့်အရာရှိများနှင့် စကားပြောနေ၏။ သူက ဟန်တိန့်ဟယ်၊ ကျိုးရန့်ကျန်းနှင့် လုချိုက်တို့ကို ကြည့်ကာ ပြောလိုက်သည်။
"ပရော်ဖက်ဆာဟန်... ပရော်ဖက်ဆာကျိုးနဲ့ ဆရာဝန်လု... ကျုပ်နဲ့အတူ လိုက်ခဲ့ပေးပါ... ဗိုလ်ကြီးရှို့က သိပ္ပံပညာရှင်တွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေအတွက် သီးသန့်နေရာတစ်ခု ပြင်ဆင်ပေးထားပါတယ်..."
ဟန်တိန့်ဟယ်က သူ့ကို ဇဝေဇဝါကြည့်ကာ မေးလိုက်၏။
"ကျုပ်တို့တွေက ဒီမှာ အားလုံးနဲ့အတူနေရမှာ မဟုတ်ဘူးလား..."
ထန်ဝေ့က ခေါင်းခါယမ်းကာ ပြန်ပြောလိုက်သည်။
"မဟုတ်ပါဘူး... ဗိုလ်ကြီးရှို့က စခန်းထဲမှာ သိပ္ပံပညာရှင်တွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ နေထိုင်ဖို့ နေရာပြင်ဆင်ပေးထားပြီးသားပါ...”
“ဒါပေမဲ့ ဒီမှာပဲ အတူနေချင်တယ်ဆိုရင်တော့ ကျုပ် ဗိုလ်ကြီးရှို့နဲ့ ဆွေးနွေးပေးနိုင်ပါတယ်..."
ဇုန်၄ရှိ စိုက်ပျိုးရေးမြေကွက်များကို တွေးတောရင်း ဟန်တိန့်ဟယ်က ပြောလိုက်၏။
"ကျုပ်ကတော့ ဒီမှာပဲ နေချင်တယ်... ဒီနေရာက စိုက်ပျိုးရေးမြေတွေနဲ့ ပိုနီးတော့ သီးနှံတွေနဲ့ မြေဆီလွှာကို လေ့လာရတာ ပိုအဆင်ပြေလိမ့်မယ်..."
ထိုစကားကို ကြားသောအခါ ထန်ဝေ့က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ကောင်းပါပြီ... ပရော်ဖက်ဆာရဲ့ ဆုံးဖြတ်ချက်ကို ဗိုလ်ကြီးရှို့ဆီ ကျုပ် အကြောင်းကြားပေးပါ့မယ်... ပရော်ဖက်ဆာကျိုးနဲ့ ဆရာဝန်လုတို့ရော ဘယ်လိုလဲ..."
လုချိုက်က ခေတ္တမျှ စဉ်းစားပြီး ပြောလိုက်၏။
"ကျုပ်ကတော့ ဆေးရုံနားမှာပဲ နေချင်တယ်... ငါက အချိန်အများစုကို ဆေးရုံမှာပဲ ကုန်ဆုံးရတာမို့လို့..."
ထန်ဝေ့က ခေါင်းညိတ်ပြပြီး ကျိုးရန့်ကျန်းကို ကြည့်ကာ မေးလိုက်လေသည်။
"ပရော်ဖက်ဆာကျိုး... ခင်ဗျားရော ဘယ်မှာနေချင်လဲ..."
ကျိုးရန့်ကျန်းသည် သူ၏တူမဖြစ်သူက ကျူးလင်နှင့် ရွာထဲတွင် ဖြစ်ပျက်ခဲ့သည်များကို ပြောပြခဲ့သည်ကို သတိရသွား၏။ ခေတ္တမျှ စဉ်းစားပြီးနောက် သူက ပြောလိုက်သည်။
"ငါကတော့ မျိုးရိုးဗီဇနဲ့ ကမ္ဘာပျက်ကပ် ဗိုင်းရပ်စ်အကြောင်း သုတေသနကို ဆက်လုပ်ဖို့ ဒီမှာပဲ နေခဲ့ပါ့မယ်..."
ထန်ဝေ့က ခေါင်းညိတ်ပြပြီး လုချိုက်ကို ပြောလိုက်၏။
"ဒါဆို ဆရာဝန်လု... ကျုပ်နဲ့ လိုက်ခဲ့ပါဦး..."
ထန်ဝေ့နောက်သို့ လိုက်ပါကာ လုချိုက်နှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများသည် ဇုန်၁မှ ထွက်ခွာသွားကြ၏။ သူတို့ ဆေးရုံအိပ်ဆောင်တွင် အခြေကျပြီးနောက် ထန်ဝေ့သည် ဇုန်ကသို့ ပြန်လာခဲ့သည်။
ထိုအချိန်တွင် အိပ်ခန်းထဲ၌ ကျင့်ကြံနေသော ကျန်းကျင့်နန်သည် ရုတ်တရက် မျက်လုံးများ ပွင့်လာလေသည်။ သူသည် ရင်ဘတ်ကို ဖိဆုပ်ကာ နာကျင်စွာဖြင့် ညည်းတွားလိုက်၏။
မိမိတပည့်ဖြစ်သူ တစ်စုံတစ်ခု ဖြစ်ပျက်သွားသည်ကို ခံစားမိသဖြင့် ကျူးလင်သည် မျက်လုံးများကို ဖွင့်လိုက်၏။
သူမသည် မတ်တတ်ရပ်ကာ တပည့်ဖြစ်သူ၏အိပ်ခန်းသို့ လျှောက်သွားလိုက်သည်။ တံခါးကို ဖွင့်လိုက်သောအခါ ချွေးစေးများပြန်ကာ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော ကျန်းကျင့်နန်ကို တွေ့လိုက်ရသဖြင့် သူမသည် မျက်မှောင်ကြုတ်ကာ သူ၏သွေးခုန်နှုန်းကို အပြေးအလွှား စစ်ဆေးလိုက်၏။
သူမသည် လက်ညှိုးနှင့်လက်ခလယ်ကို အသုံးပြု၍ ကျန်းကျင့်နန်၏နဖူးအလယ်ကို ထိတွေ့ကာ သူမ၏နတ်ဘုရားစွမ်းအင်ဖြင့် သူ၏ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။
သူ၏ခန္ဓာကိုယ်တွင် တစ်စုံတစ်ရာ ပုံမှန်မဟုတ်ခြင်းမရှိသည်ကို တွေ့ရသဖြင့် ကျူးလင်သည် ခေတ္တမျှ စဉ်းစားပြီး မျက်လုံးများကို မှိတ်ကာ သူမ၏စိတ်အာရုံကို အသုံးပြု၍ ကျန်းကျင့်နန်၏ဝိညာဉ်ကို စစ်ဆေးလိုက်၏။
သူ၏ဝိညာဉ်၏ စစ်မှန်သောရုပ်သွင်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် ကျူးလင်မှာ အလွန်တုန်လှုပ်သွားသည်။ သူမသည် လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေသော ရေခဲချီလင်ကို ကြည့်ကာ တွေးလိုက်မိ၏။
'ရွှမ်းက ဘယ်လိုလုပ်ပြီး ဒီလောကထဲကို လူဝင်စားလာနိုင်ရတာလဲ... သူ့ဝိညာဉ် ပျက်စီးသွားပြီလို့ ထူထူ ပြောခဲ့တယ် မဟုတ်လား... လောကဘုံခြောက်ပါးရဲ့ လူဝင်စားကျောက်တုံးကို တစ်ယောက်ယောက်က တစ်ခုခု လုပ်လိုက်တာများလား...'
ကျန်းကျင့်နန်၏ခန္ဓာကိုယ်ထဲမှ ရေခဲချီလင်ကို ဆွဲထုတ်ရန် ကြိုးစားနေသော တစ်စုံတစ်ခုကို ခံစားမိသဖြင့် ကျူးလင်သည် သတိပြန်ဝင်လာလေသည်။ သူမသည် ထိုစွမ်းအားစုနောက်သို့ လိုက်ပါကာ သူမ၏စိတ်အာရုံဖြင့် လိုက်လံရှာဖွေလိုက်၏။
စက္ကန့်အနည်းငယ်အကြာတွင် သူမသည် မျက်လုံးများကိုဖွင့်ကာ ခေါ်လိုက်လေသည်။
"ထူထူ..."
သူမက ထူထူကို ခေါ်လိုက်သည်နှင့် သူမ၏အထက်ဒန်တျန်မှ အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။ မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် ထူထူက သူမကို ကြည့်ကာ မေးလိုက်သည်။
"သခင်မ... ဘာများ အမိန့်ရှိပါလဲ..."
ကျူးလင်က ထူထူကို ကြည့်ကာ ပြောလိုက်၏။
"မင်း ဒီမှာနေပြီး နန်နန်ရဲ့ဝိညာဉ်ကို ကာကွယ်ပေးထားပါ..."
ထူထူသည် သတိလစ်နေသော ကျန်းကျင့်နန်ကို ကြည့်ကာ ကျူးလင်ကို ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ သခင်မ..."
ထူထူ၏စကားဆုံးသည်နှင့် ကျူးလင်သည် ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။
ကျန်းကျင့်နန်၏ နာကျင်နေသော မျက်နှာထားကို ကြည့်ကာ ထူထူသည် ၎င်း၏ခြေဖဝါးလေးများဖြင့် သူ၏နဖူးအလယ်ကို တို့ထိလိုက်၏။
နောက်တစ်စက္ကန့်တွင် နူးညံ့သိမ်မွေ့သော ရွှေရောင်အလင်းတန်းတစ်ခုသည် ကျန်းကျင့်နန်၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားပြီး သူ့ဝိညာဉ်ကို ညင်သာစွာ ဖုံးလွှမ်းကာ ဝိညာဉ်ကို ဆွဲထုတ်ရန် ကြိုးစားနေသော ပြင်ပစွမ်းအားအားလုံးကို ပိတ်ဆို့လိုက်လေသည်။
ထိုအချိန်တွင် ကျူးလင်သည် ဝူလင်စခန်းမှ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
သူမသည် ဓားပျံပေါ်တွင် ရပ်လျက် သူမ၏စိတ်အာရုံကို တတ်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကြက်ကာ မီးချီလင်ကို အစွမ်းကုန် ရှာဖွေလိုက်၏။
၅ မိနစ်ကျော်ကြာ ရှာဖွေပြီးနောက် အဝေးတစ်နေရာမှ ရင်းနှီးသောတုန်ခါမှုတစ်ခုကို ခံစားလိုက်ရသည်။ သူမသည် အချိန်ဆွဲမနေတော့ဘဲ ထိုဦးတည်ရာသို့ အမြန်ဆုံးနှုန်းဖြင့် ပျံသန်းသွားလေတော့သည်။
၂ မိနစ်အကြာတွင် သူမသည် ကျန်းကျင့်နန်နှင့်ရွယ်တူ ကောင်လေးတစ်ဦး ဖုတ်ကောင်အုပ်စုတစ်စုနှင့် တိုက်ခိုက်နေသည်ကို တွေ့လိုက်ရ၏။ ဖုတ်ကောင်များ၏ လှုပ်ရှားမှုကို ကြည့်ခြင်းအားဖြင့် ၎င်းတို့သည် အနည်းဆုံး အဆင့်၃ ဖုတ်ကောင်များ ဖြစ်လိမ့်မည်ဟု သူမ ခန့်မှန်းမိသည်။
ကောင်လေး၏ တစ်ကိုယ်လုံးရှိဒဏ်ရာများကို ကြည့်ကာ ကျူးလင်သည် သူမ၏ဝိညာဉ်နန်းတော်ထဲမှ ပင်းကျန့်ကို ထုတ်ယူပြီး ဓားပျံပေါ်မှ ခုန်ဆင်းလိုက်၏။
သူမ အောက်သို့ ခုန်ဆင်းလိုက်စဉ် ဘယ်လက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်ဆောင်လိုက်သည်။ မြေပြင်ပေါ်သို့ ဆင်းသက်သည့်အခိုက်အတန့်တွင် ကျူးလင်၏ဘယ်ဘက်လက်ဝါးသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။
ဝုန်း…
နားကွဲမတတ်ပေါက်ကွဲသံကြီးနှင့်အတူ သူမကို ဗဟိုပြုကာ စွမ်းအင်လှိုင်းတစ်ခု ပေါက်ကွဲထွက်သွားပြီး ဖုတ်ကောင်များနှင့်ကောင်လေးကို ကြိုးပြတ်သွားသောစွန်များကဲ့သို့ လွင့်စင်သွားစေသည်။
နောက်တစ်စက္ကန့်တွင် သူမသည် လထောင်ချီခြေလှမ်းကျင့်စဉ်ကို အသက်သွင်းကာ ကောင်လေးဆီသို့ ပြေးဝင်ပြီး ဖမ်းယူလိုက်၏။ နှစ်စက္ကန့်အကြာတွင် သူမသည် ဆင်းသက်ခဲ့သည့်နေရာမှ မီတာငါးဆယ်ခန့်အကွာရှိ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်လေသည်။