← Chapters

အခန်း ၂၃၀

Vol. 23 Ch. 230

အခန်း ၂၃၀

Vol. 23 Ch. 230

အခန်း (၂၃၀) - သူတို့ အသက်ရှင်နေကြသေးတယ်

ကျူးလင်က ကောင်လေး၏ အခြေအနေကို မစစ်ဆေးရသေးမီမှာပင် ဖုတ်ကောင်များသည် ဆာလောင်မွတ်သိပ်နေသော ဝံပုလွေများကဲ့သို့ သူမထံသို့ ပြေးဝင်လာကြလေသည်။

ကျူးလင်သည် သူမ၏ ဓားကို မြှောက်လိုက်ပြီး မျက်ဝန်းများ အေးစက်စွာ တောက်ပသွားကာ ပြေးဝင်လာသော ဖုတ်ကောင်များကို အလျားလိုက် ခုတ်ပိုင်းလိုက်၏။

သူမ၏ လှုပ်ရှားမှုနှင့်အတူ ချွန်ထက်သော ဓားအရှိန်အဝါများက ဖုတ်ကောင်များထံ ပျံသန်းသွားပြီး ၎င်းတို့၏ ဦးခေါင်းများကို တစ်ချက်တည်းဖြင့် ဖြတ်တောက်ပစ်လိုက်တော့သည်။

ရွှပ်… ဘုန်း… ဘုန်း… ဘုန်း…

ကျူးလင်၏ တိုက်ကွက်တစ်ချက်တည်းဖြင့် ၎င်းတို့ထဲမှ ထက်ဝက်ခန့် သေဆုံးသွားသည်ကို မြင်ပြီးနောက် ကျန်ရှိနေသော ဖုတ်ကောင်များသည် သူမကို တိုက်ခိုက်ရန် တွန့်ဆုတ်သွားကြ၏။

ကျူးလင်က ၎င်းတို့ကို လေ့လာကြည့်ရာ ဤဖုတ်ကောင်များသည် ဝူလင်စခန်းရှိ အဆင့်မြင့်ဖုတ်ကောင်များကဲ့သို့ ကြည်လင်သော မျက်ဝန်းများ မရှိကြသော်လည်း သူမကို မျက်ကန်းတစ္ဆေမွဲပြာကျ ဝင်မတိုက်ဝံ့လောက်အောင် စဉ်းစားဉာဏ် ရှိကြသည်ကို တွေ့လိုက်ရသည်။

စွန့်ပစ်ခံရွာတွင် တွေ့ခဲ့ရသော ထူးဆန်းသည့် ဖုတ်ကောင်ကို တွေးမိလိုက်ချိန်၌ သူမ၏ မျက်ဝန်းများ တောက်ပသွားကာ စိတ်ထဲမှ ရေရွတ်လိုက်မိ၏။

'သူတို့ကို တစ်စုံတစ်ယောက်က ထိန်းချုပ်ထားတာလား...'

ထိုသို့ တွေးတောရင်း သူမသည် လက်ထဲမှ ဓားကို မြေကြီးထဲသို့ စိုက်ချလိုက်သည်။ နောက်တစ်စက္ကန့်တွင် ဓားကို ဗဟိုပြု၍ ရေခဲပြာရောင် အစီအရင်တစ်ခုက သူမ၏ အောက်ခြေ၌ ပေါ်ပေါက်လာ၏။

သူမက လက်ဝါးနှစ်ဖက်ကို မြေပြင်ပေါ်သို့ ရိုက်ချလိုက်ပြီး အစီအရင်ထဲသို့ နတ်ဘုရားစွမ်းအင်များ ထည့်သွင်းလိုက်သည့် အချိန်တွင် အစီအရင်သည် လင်းထိန်သွားလေသည်။ နောက်တစ်စက္ကန့်တွင် များပြားလှသော ဓားအရှိန်အဝါများက အစီအရင်ထဲမှ ပျံထွက်လာတော့သည်။

ဝူး… ရှပ်…

ဓားအရှိန်အဝါများဖြင့် ဖွဲ့စည်းထားသော ဓားပျံများက သူမပတ်ပတ်လည်တွင် ပျံဝဲနေစဉ် ကျူးလင်သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။

မကြာမီတွင် သူမသည် အဝေးတစ်နေရာ၌ ပုန်းအောင်းနေသော အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦးကို တွေ့ရှိသွား၏။ ထိုအမျိုးသမီး၏ လက်ထဲရှိ ထူးဆန်းသော စက်ပစ္စည်းကို ကြည့်ပြီး ကျူးလင်၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ဖြတ်ပြေးသွားလေသည်။

ပစ်မှတ်ကို တွေ့ရှိပြီးနောက် ကျူးလင်သည် ဓားပျံများကို ထိန်းချုပ်ကာ ထိုသုံးဦးကို တိုက်ခိုက်လိုက်တော့သည်။

ရှူး… ရှူး… ရှူး…

ထိုသုံးဦးသည် ဓားများ၏ ဦးတည်ရာက ရုတ်တရက် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားကြပြီး လျင်မြန်သော အရှိန်နှုန်းဖြင့် ၎င်းတို့ထံသို့ ပျံသန်းလာသော ဓားများကိုကြည့်ကာ ထိုနေရာ၌တင် ကြောင်အမ်းသွားကြ၏။

ဓားပျံများ နီးကပ်လာချိန်တွင် သူတို့ထဲမှ တစ်ဦးက သတိဝင်လာပြီး ရှေ့သို့ ပြေးထွက်ကာ ကျန်အမျိုးသားနှင့် အမျိုးသမီး၏ ရှေ့၌ ကာကွယ်ရပ်တည်လိုက်သည်။

သူသည် လက်ကိုမြှောက်ကာ စွမ်းအင်များကို စုစည်းပြီး သူ့စွမ်းအားကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။ နောက်တစ်စက္ကန့်တွင် သတ္တုအကြေးခွံများက သူ၏ အရေပြားပေါ်တွင် ပေါ်လာပြီး တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွား၏။

ဓားများ သူတို့အပေါ်သို့ မကျရောက်မီ တစ်စက္ကန့်အလိုတွင် သူက ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။

"ဝပ်လိုက်ကြ..."

သူ၏ စကားကို ကြားသောအခါ အမျိုးသမီးနှင့် ကျန်အမျိုးသားတစ်ဦးတို့သည် အမြန်ပင် ဝပ်ချလိုက်ကြပြီး သူတို့၏ လက်နှစ်ဖက်ဖြင့် ခေါင်းကို အုပ်ထားလိုက်ကြ၏။

ချွင်… ချွင်… ချွင်…

သတ္တုအကြေးခွံများ ဖုံးလွှမ်းထားသော သူ၏ ခန္ဓာကိုယ်ဖြင့် ဓားပျံများကို ခုခံလိုက်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်ပေါ်မှ အကြေးခွံများက တဖြည်းဖြည်း ကွာကျလာပြီး ပိုမိုများပြားလာသော ဒဏ်ရာများမှ သွေးများ စိမ့်ထွက်လာတော့၏။

သူသည် အံကိုတင်းတင်းကြိတ်ကာ ဆက်တိုက် ကျရောက်လာသော ဓားတိုက်ကွက်များကို သည်းခံရုန်းကန်ရင်း သူ၏ အဖော်များကို မကြာမကြာ လှည့်ကြည့်နေသည်။

အဝေးမှကြည့်နေသော ကျူးလင်သည် ထိုအမျိုးသားက ဓားအချို့ကို ခုခံထားနိုင်သည်ကို တွေ့သောအခါ မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ သူမ ထပ်မံ တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် သူမ၏ ရင်ခွင်ထဲရှိ ကောင်လေးသည် ရုတ်တရက် သွေးတစ်လုပ် အန်ထုတ်လိုက်လေသည်။

အဟွတ်…

ကောင်လေး အန်ထုတ်လိုက်သော သွေးများက မည်းနက်နေသည်ကို ကျူးလင် မြင်လိုက်ရ၏။ သူမသည် အံကိုကြိတ်ကာ ကျန်ရှိနေသော လူသုံးဦးကို ကြည့်ပြီး လက်ဟန်တစ်ခု ပြုလုပ်လိုက်သည်။

ဓားပျံများက ရေခဲနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည့် အခိုက်အတန့်တွင် သူမသည် ဓားပျံကို ဆင့်ခေါ်လိုက်သည်။ ထိုဓားက ရေခဲနဂါးအဖြစ် စုစည်းသွားသောအခါ သူမသည် ဓားပျံပေါ်သို့ ခုန်တက်လိုက်လေသည်။

ကောင်းကင်ယံသို့ ပျံတက်သွားပြီးနောက် ရေခဲနဂါးသည် နားကွဲမတတ် ကျယ်လောင်သော ဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်၏။

ဝေါင်း…

အောက်ရှိ လူသုံးဦးနှင့် ဖုတ်ကောင်များသည် ဟိန်းဟောက်သံကြောင့် ဆွံ့အမှင်တက်သွားသည်ကို မြင်သောအခါ ကျူးလင်သည် အခွင့်ကောင်းယူကာ အခြားလက်ဟန်တစ်ခုကို ပြုလုပ်လိုက်သည်။

သူမသည် ရေခဲနဂါးကို ထိုလူသုံးဦးနှင့် ဖုတ်ကောင်များကို ဝါးမြိုရန် ထိန်းချုပ်လိုက်ရင်း သူမနှင့် ကောင်လေး၏ ဘေးပတ်လည်တွင် လေဟာနယ် အကာအကွယ်တစ်ခုကို ဖန်တီးလိုက်ပြီးနောက် အလွန်မြန်သော အရှိန်နှုန်းဖြင့် ဝူလင်စခန်းသို့ ပြန်လည်ပျံသန်းခဲ့တော့သည်။

ဝေါင်း…

ရေခဲနဂါးကြီး ၎င်းတို့ထံသို့ ပြေးဝင်လာသောအခါ သတ္တုအကြေးခွံများ ဖုံးလွှမ်းထားသော အမျိုးသားက ဆဲရေးတိုင်းထွာကာ အော်ဟစ်လိုက်လေသည်။

"အခုချက်ချင်း တယ်လီပို့လုပ်တော့..."

ကျန်အမျိုးသားတစ်ဦးက သူ၏ လက်ကောက်ဝတ်နှင့် အမျိုးသမီး၏ လက်ကောက်ဝတ်ကို အမြန်ဆွဲကိုင်လိုက်၏။ ရေခဲနဂါးကြီး ၎င်းတို့ကို တိုက်မိခါနီး အချိန်လေးတွင်ပင် သူတို့သည် ထိုနေရာမှ ပျောက်ကွယ်သွားကြတော့သည်။

ဝုန်း… ဂျိန်း…

ရေခဲနဂါးကြီး မြေပြင်ပေါ်သို့ ကျရောက်သွားသောအခါ ရေတွက်၍မရနိုင်သော ချွန်ထက်သည့် ရေခဲဓားသွားများအဖြစ် ပြောင်းလဲသွားပြီး ဖုတ်ကောင်များနှင့် ပတ်ဝန်းကျင်တစ်ခုလုံးဆီသို့ ပျံသန်းသွားလေသည်။

အရာအားလုံး ငြိမ်သက်သွားသောအခါ တစ်နယ်တစ်ပြင်လုံး၌ ချွန်ထက်သော ရေခဲဓားသွားများ ဖုံးလွှမ်းနေပြီး ဖုတ်ကောင်များအားလုံးသည်လည်း ပုပ်ပွနေသော အသားစင်းကောများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

သူမ၏ နောက်ကွယ်မှ ကျယ်လောင်သော ပေါက်ကွဲသံကို ကြားရသဖြင့် ကျူးလင်သည် နောက်သို့လှည့်ကြည့်လိုက်၏။ သူမသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သူမ၏ ဓားပျံကို အရှိန်မြှင့်တင်လိုက်သည်။

ခဏမျှ ပျံသန်းပြီးနောက် သူမသည် ဓားပေါ်မှ ခုန်ဆင်းကာ ဗီလာဆီသို့ အပြေးအလွှား သွားလိုက်လေသည်။

တံခါးပွင့်သံကို ကြားသောအခါ ရှို့ဝူသည် ဟင်းနှစ်ပွဲကို သယ်ဆောင်လျက် မီးဖိုချောင်ထဲမှ ထွက်လာကာ ပြောလိုက်လေသည်။

"ပြန်ရောက်ပြီလား... နေ့လယ်စာ အဆင်သင့်ဖြစ်ပြီ... လင်အာ... တူတူစားရအောင်..."

ကောင်လေးကို ပွေ့ချီကာ ဧည့်ခန်းဆီသို့ လျှောက်လှမ်းရင်း ကျူးလင်က ပြောလိုက်၏။

"ရှို့ဝူ... ငါ ဟော်ယန့်ကို တွေ့ခဲ့တယ်... ရွှမ်းနဲ့ ဟော်ယန့်တို့က အသက်ရှင်နေကြတုန်းပဲ..."

ထိုစကားထွက်လာသည်နှင့် ရှို့ဝူသည် ထမင်းစားပွဲပေါ်သို့ ဟင်းများကို အလျင်အမြန် ချထားလိုက်ပြီး သူမနောက်မှ ကပ်လျက် ဧည့်ခန်းဆီသို့ လိုက်ပါသွားလေသည်။ ဒဏ်ရာများနှင့် မိစ္ဆာစွမ်းအင်များ ဖုံးလွှမ်းကာ သတိမေ့မြောနေသော ကောင်လေးကို မြင်သောအခါ ရှို့ဝူက ပြောလိုက်၏။

"မိစ္ဆာစွမ်းအင်က သူ့ခန္ဓာကိုယ်ကို တိုက်စားနေပြီ... တကယ်လို့ မိစ္ဆာစွမ်းအင်ကို သူ့ခန္ဓာကိုယ်ထဲကနေ အမြန်ဆုံး မဖယ်ရှားနိုင်ရင် သူ သေလိမ့်မယ်..."

ကျူးလင်သည် ကောင်လေးကို ခုတင်ပေါ်သို့ တင်လိုက်ပြီးနောက် ရှို့ဝူကို လှည့်ကြည့်ကာ မေးလိုက်သည်။

"မင်းမှာ သူ့ခန္ဓာကိုယ်ထဲက မိစ္ဆာစွမ်းအင်တွေကို ထုတ်ယူဖို့ နည်းလမ်းရှိလား..."

ရှို့ဝူက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်၏။

"ငါ သူ့ခန္ဓာကိုယ်ထဲက မိစ္ဆာစွမ်းအင်တွေကို တိုက်ရိုက် စုပ်ယူလို့ရတယ်... ဒါပေမဲ့..."

သူ၏ မျက်နှာပေါ်တွင် တွေ့ရခဲသော တုံ့ဆိုင်းမှုကို မြင်သောအခါ ကျူးလင်က သူ၏ လက်ကိုဆွဲကိုင်ကာ အရေးတကြီး ပြောလိုက်လေသည်။

"ငါ့ကို ပြောပြပါ..."

ရှို့ဝူက သူမ၏ လက်ကို ပြန်လည်ဆုပ်ကိုင်ရင်း ပြောလိုက်သည်။

"ငါသာ အဲဒီလိုလုပ်လိုက်ရင် သူ သေလိမ့်မယ်... သူ့ခန္ဓာကိုယ်က အရမ်းအားနည်းလွန်းနေတော့ ထုတ်ယူတဲ့ ဖြစ်စဉ်ကို ခံနိုင်ရည်မရှိဘူး..."

သူ၏ စကားများကို ကြားပြီးနောက် ကျူးလင်သည် မျက်တောင်များကို နှိမ့်ချကာ ကောင်လေးကို ကြည့်လိုက်သည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူမက ပြောလိုက်၏။

"ငါ့မှာ ဖြေရှင်းနည်း ရှိမယ်ထင်တယ်..."

ရှို့ဝူ ဘာမှမမေးမြန်းနိုင်မီမှာပင် သူမသည် ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။မ

မကြာမီတွင် သူမသည် ကျန်းကျင့်နန် နေထိုင်သော ဗီလာဆီသို့ ရောက်ရှိသွား၏။ အိပ်ခန်းထဲသို့ ဝင်ရောက်ကာ ထူထူကို ကြည့်ရင်း သူမက မေးလိုက်သည်။

"နန်နန် ဘယ်လိုနေသေးလဲ..."

ထူထူက ခေါင်းခါယမ်းကာ ပြောလိုက်၏။

"သူ့အခြေအနေက တစ်စက္ကန့်ထက်တစ်စက္ကန့် ပိုဆိုးလာနေတယ်..."

All Chapters