← Chapters

အခန်း ၃၀၁

Vol. 31 Ch. 301

အခန်း ၃၀၁

Vol. 31 Ch. 301

အခန်း (၃၀၁) - နှစ်ဆတိုးလာသော မောက်မာမှု

"ဟူး..."

လင်းအောက်သည် ပြိုင်ဝင်းစင်မြင့်ပေါ်တွင် အားအင်ကုန်ခမ်းစွာ မှောက်ရက်လဲကျနေသည်။ အဂ္ဂိရတ်ခန်းမမှ တပည့်အချို့က သူ့ကိုတွဲခေါ်သွားသည့်တိုင်အောင် သူက လုံးဝမလှုပ်ရှားနိုင်သေးပေ။

သွေးလောင်ကျွမ်းခြင်းမှ ဖြစ်ပေါ်လာသော အားအင်ဆုတ်ယုတ်မှုက အလွန်ပြင်းထန်လှ၏။ နဂါးမျိုးနွယ်များ၏ အားကောင်းသောခန္ဓာကိုယ် ပြန်လည်နာလန်ထူနိုင်စွမ်းပင်လျှင် အချိန်ယူ၍ဖြည်းဖြည်းချင်း ကုစားရမည်ဖြစ်သည်။

သူ့ခန္ဓာကိုယ်အခြေခံက အားနည်းသော လူသားခန္ဓာကိုယ်သာ ဖြစ်နေသောကြောင့် ပို၍ပင် ဆိုးရွားလှပေသည်။

စီကုန်းအဘိုးအိုသည် တောင်ဝှေးကိုထောက်ကာ သူ့အနီးသို့ ရောက်လာပြီး လက်တစ်ဖက်ကို သူ့ပခုံးပေါ်သို့ ဖွဖွလေး တင်လိုက်သည်။

လင်းအောက်သည် နွေးထွေးသော လေစီးကြောင်းတစ်ခု သွေးကြောများထဲသို့ စီးဝင်လာသည်ကိုခံစားလိုက်ရပြီး အလွန်အမင်းအားနည်းမှုကြောင့် ခန္ဓာကိုယ်အနှံ့ ဖြစ်ပေါ်နေသော နာကျင်မှုများကိုပြေပျောက်သွားစေ၏။

သို့သော် သွေးကြောများထဲရှိ အားနည်းနေသည့်ခံစားချက်ကမူ ပျောက်ကွယ်မသွားသေးပေ။ ၎င်းကို သူကိုယ်တိုင်အချိန်ယူ၍ ဖြည်းဖြည်းချင်း ပြန်လည်ကုစားရမည်ဖြစ်သည်။

"ဆရာ..."

သူက ခေါင်းမမော့ချင်ဘဲ တီးတိုးရေရွတ်လိုက်သည်။

"တပည့်က ဆရာ့ရဲ့ မျှော်လင့်ချက်တွေကို ပျက်စီးစေခဲ့ပါပြီ..."

"အရူးလေး..."

စီကုန်းအဘိုးအိုက သူ့ခေါင်းကိုပုတ်ကာ ပြုံးလျက်ပြောလိုက်၏။

"မင်း ထိပ်ဆုံးလေးယောက်စာရင်းထဲ ဝင်နိုင်ခဲ့တာကတင် ငါ့ကို ကျေနပ်စေဖို့ လုံလောက်နေပါပြီ...မင်း စိတ်ပျက်နေတာက မင်းရဲ့ကိုယ်ပိုင်ရည်မှန်းချက်တွေကို မပြည့်မီခဲ့လို့ပါ..."

လင်းအောက်သည် တိတ်ဆိတ်သွားပြီး ခေါင်းငုံ့ကာ ဘာမှမပြောတော့ပေ။

စီကုန်းအဘိုးအိုသည် သူနှင့် စကားဆက်မပြောတော့ဘဲ စိတ်ပျက်လက်ပျက် ထွက်ခွာသွားမည့် သူ့ကို လွှတ်ထားပေးလိုက်ပြီး ပွဲကြည့်စင်ဆီသို့သာ ပြန်လာခဲ့သည်။

သူက တပည့်ဖြစ်သူကို ဂရုမစိုက်ခြင်း မဟုတ်ပေ။ ထိုတပည့်မှာ မာနကြီးကြောင်းကို သူ သိထား၏။ ထို့ကြောင့် ယခုကဲ့သို့ ကျရှုံးနေချိန်တွင် အလွန်အကျွံဂရုစိုက်မှု ပေးလိုက်ပါက သူ့ကိုပို၍ စိတ်ဓာတ်ကျသွားစေနိုင်ကြောင်း သူ နားလည်ထားပေသည်။

ထိုအရာမှာလည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ မဖြစ်မနေဖြတ်သန်းရမည့် စမ်းသပ်မှုတစ်ခုပင်။ ၎င်းကို သူကိုယ်တိုင် ဖြတ်ကျော်နိုင်မှသာ ရမည်ဖြစ်သည်။

"ဟီးဟီး...ရှင့်တပည့်က တော်သားပဲ...တစ်ဦးတည်းသော မျိုးဆက်လေးက ထိပ်ဆုံးလေးယောက်စာရင်းထဲ ဝင်နိုင်ခဲ့တာကို...ဘာလို့ ဒီလောက် ဝမ်းနည်းနေတဲ့ပုံ ပေါက်နေတာလဲ...ရှင် သူ့ကို ဆူလိုက်လို့လား..."

ပွဲကြည့်စင်ပေါ်တွင် ဘေးနား၌ ထိုင်နေသော တိနွီဖုန့်က မေးလိုက်၏။

"ငါ သူ့ကို ဘယ်မှာ ဆူပူရက်ပါ့မလဲ..."

စီကုန်းအဘိုးအိုက ပြန်ဖြေလိုက်သည်။

"သူ့စိတ်ထဲမှာ ခဏတာရှုံးနိမ့်မှုကို လက်ခံဖို့ခက်ခဲနေရုံပါ..."

"ရှင့်တပည့်က ကျမတပည့်ထက် နည်းနည်းတော့လျော့နေသေးတယ်..."

တိနွီဖုန့်က ခေါင်းခါလျက် ပြောလိုက်သည်။

"ဟက်...မင်းတပည့်လည်း နိုင်ဖို့အခွင့်အရေး သိပ်မရှိပါဘူး..."

စီကုန်းအဘိုးအိုက စိတ်ဆိုးခြင်းမရှိဘဲ ရယ်မောကာပြန်ပြောလိုက်၏။

"ကျမက နိုင်ခြင်း၊ ရှုံးခြင်းကို ပြောနေတာမဟုတ်ဘူး..."

တိနွီဖုန့်က ပြောလိုက်သည်။

"ကျမတပည့်ဆိုရင် စကားကြီးစကားကျယ်တွေပြောပြီးမှ တခြားလူရဲ့ အပြတ်အသတ် အနိုင်ယူတာကိုခံရရင်တောင် ပြိုင်ဝင်းစင်ပေါ်က ဆင်းလာတဲ့အခါ ပြုံးဖြီးဖြီးနဲ့ ဘာမှမဖြစ်ခဲ့သလိုနေနေမှာကို ရှင်ယုံလား..."

စီကုန်းအဘိုးအိုသည် မျက်တောင်တဖျပ်ဖျပ်ခတ်သွားသည်။

'ဒါ မျက်နှာပြောင်တိုက်တာ မဟုတ်ဘူးလား...မင်း ဘာလို့ ဒီလောက်တောင် ဂုဏ်ယူနေရတာလဲ...'

သေချာပေါက်ပင် နှစ်ရာပေါင်းများစွာကျင့်ကြံလာခဲ့သည့် အတွေ့အကြုံရင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် ထိုသို့သော အရည်အချင်းကလည်း အစွမ်းထက်မှုတစ်မျိုးကို ကိုယ်စားပြုကြောင်း သူ ကောင်းကောင်းသိထား၏။

ကျင့်ကြံခြင်းလမ်းစဉ်က ရှည်လျားလွန်းလှပေသည်။ မည်သူက အမြဲတမ်း အနိုင်ရနေသော စစ်သူကြီးဖြစ်နိုင်မည်နည်း။

ရှေးခေတ်မှစ၍ ယခုခေတ်အထိ အစွမ်းထက်သူများအားလုံးသည် မည်သည့်ရှုံးနိမ့်မှုကမှ ဖြိုလှဲ၍မရနိုင်သော အရည်အချင်းများကို ပိုင်ဆိုင်ထားကြပေသည်။

လင်းအောက်တစ်ယောက် ထိုအဆင့်ကို ဖြတ်ကျော်နိုင်မည်ဟု သူမျှော်လင့်မိသည်။

...

လင်းအောက်သည် ကောင်းကင်တက်လှမ်းတောင်ထွတ် ရင်ပြင်အပြင်ဘက်ရှိ ကျောက်တံတိုင်းထောင့်တစ်နေရာသို့ တစ်ယောက်တည်းထွက်လာခဲ့ပြီး ကျောက်တုံးကိုမှီကာ ထိုင်ချလိုက်လျက် ကောင်းကင်ကိုမော့ကြည့်နေ၏။

'ဘာကြောင့်လဲ...'

'မွေးရာပါပါရမီဆိုတာ တကယ်ပဲ အနိုင်ယူလို့မရနိုင်တဲ့အရာလား...'

သူသည် ရှုတောင်သို့ စောစီးစွာရောက်ရှိလာခဲ့ပြီး ငယ်စဉ်ကတည်းက စီကုန်းအဘိုးအို၏အနားတွင် လိုက်ပါခဲ့သည်။ ဆရာဖြစ်သူက သူ၏အရည်အချင်းမှာ အလယ်အလတ်အထက်တွင်ရှိသည်ဟု သတ်မှတ်ပေးခဲ့သည်။

တစ်သက်လုံး ကြိုးကြိုးစားစား ကျင့်ကြံပါက ကံကြမ္မာကောင်းများနှင့် ထပ်မံကြုံတွေ့ရလျှင် တာအိုလမ်းစဉ်ကိုထိတွေ့နိုင်ခြေရှိသည်ဟု ဆိုခဲ့၏။

သို့သော် ကျန်းယွဲ့ပိုင်ကဲ့သို့သော ပါရမီရှင်များကမူ ကလေးဘဝကတည်းက ကြီးမားသော မျှော်လင့်ချက်များထားရှိခြင်းခံခဲ့ရပြီး အနာဂတ်တွင် ရှုတောင်ကို မလွဲမသွေ ဦးဆောင်နိုင်မည့်သူများအဖြစ် သတ်မှတ်ခံထားရသည်။

သူ လက်မခံနိုင်ပေ...။

'ဘာလို့ ငါ့ဘဝရဲ့အစကတည်းက တခြားလူတွေထက် ညံ့တယ်လို့ အကဲဖြတ်ခံခဲ့ရတာလဲ...'

ထို့ကြောင့် သူ အားတက်သရောကျင့်ကြံခဲ့ပြီး နေရာတိုင်းတွင် ထိပ်ဆုံးရောက်ရန် ကြိုးစားခဲ့သည်။ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မှစ၍ ထိုပါရမီရှင်များနှင့် ယှဉ်ပြိုင်ကာ ၎င်းကို ရည်မှန်းချက်ထား၍ မိမိကိုယ်ကို တွန်းအားပေးခဲ့သည်။

သို့သော် ပထမအဆင့်တွင် သူ အမီလိုက်နိုင်ခဲ့သော်လည်း ဒုတိယအဆင့်သို့ ရောက်သောအခါ ကွာဟချက်ကျယ်ဝန်းလာခဲ့၏။ တတိယအဆင့်သို့ ရောက်သောအခါ သူသည် အခြားသူများ၏အနောက်တွင် အဝေးကြီးကျန်ရစ်ခဲ့ပြီး လုံးဝ အမီမလိုက်နိုင်တော့ပေ။

ရွှီဇီယန် ပဉ္စမအဆင့်သို့ ရောက်ရှိသွားပြီဟူသော သတင်းထွက်ပေါ်လာချိန်တွင် သူက ဝိညာဉ်အသိအမြင်အဆင့်၏အထွတ်အထိပ်တွင် ပိတ်မိနေဆဲဖြစ်သည်။

တကယ်တမ်းတွင် သူ့အသက်အရွယ်၌ ဝိညာဉ်အသိအမြင်အဆင့်၏ အထွတ်အထိပ်ဆိုသည်မှာ အလွန်အားနည်းသော ကျင့်ကြံမှုအဆင့်မဟုတ်ပေ။ ရှန်ဇီလျန်ကဲ့သို့ ထိုအဆင့်တွင်ရှိနေသူသည် ရှုတောင်ရှိ လူငယ်တပည့်များအကြားတွင် ထူးချွန်သူဟု သတ်မှတ်ခံထားရသည်။ လင်းပေ့ဆိုလျှင် အံ့ဖွယ်ကံကြမ္မာများအပေါ် မှီခိုပြီးမှသာ ထိုအဆင့်သို့ ရောက်ရှိနိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် လင်းအောက်က အလွန်နာကျင်နေရ၏။

သူ့နာမည်အတိုင်းပင် သူက မာနကြီးသူတစ်ယောက်ဖြစ်သော်လည်း နေရာတိုင်းတွင် အခြားသူများလောက်မတော်ကြောင်းကို သည်းခံနေရသည်။

စီကုန်းအဘိုးအိုကလည်း သူ့ကို အကြိမ်ကြိမ်ဆုံးမခဲ့ဖူးသည်။ မွေးရာပါပါရမီဆိုသည်မှာ ကြိုတင်သတ်မှတ်ထားပြီး ဖြစ်သော်လည်း ကျင့်ကြံခြင်းခရီးလမ်းတွင် ပါရမီနိမ့်ကျနေပါက နောက်ပိုင်းတွင်ဇွဲလုံ့လဖြင့် ကြိုးစားအားထုတ်မှုကြောင့် ကျော်တက်နိုင်စွမ်းမရှိသည်တော့ မဟုတ်ပေဟု ပြောပြခဲ့၏။

လင်းအောက်ကလည်း ထိုအတိုင်းပင် အခိုင်အမာ ယုံကြည်ထားသည်။

သူသည် လူသိမများဘဲနေရသော်လည်း တစ်နေ့ပြီးတစ်နေ့ ပြင်းပြင်းထန်ထန် ကျင့်ကြံနေဆဲဖြစ်သည်။ ထိုနေ့သို့ရောက်သည်အထိ...ဆရာဖြစ်သူက ရှုတောင်အတွက် နဂါးမျှားခြင်း အောင်မြင်ခဲ့သည့်နေ့အထိပင်။

လင်းအောက်သည် သူ့ကံကြမ္မာကောင်း ရောက်လာပြီဟု ခံစားလိုက်ရသည်။

ပါရမီဆိုသည်မှာ ကံကြမ္မာ၏ဖန်တီးမှု ဖြစ်သော်လည်း ၎င်းကို ပြောင်းလဲပေးနိုင်မည့် ကြီးမားသော ကံကြမ္မာကောင်းတစ်ခုခု ရှိသည်ဆိုလျှင် နဂါးအစစ်က သေချာပေါက် ထိုအရာများထဲမှ တစ်ခုဖြစ်ပေလိမ့်မည်။

လင်းအောက်က ကံတရားကို မယုံကြည်ပေ။

သူကိုယ်တိုင် ကြိုးစားယူမည်ဖြစ်သည်။

အထီးကျန်တောင်ထွတ်က အခွင့်အရေးကောင်းများကို ရရှိနိုင်သောနေရာဖြစ်ရာ သူသည် ရှေးဟောင်းမှတ်တမ်းများထဲမှ ရှေးခေတ်နဂါးမျိုးဆက်များက နဂါးအစစ်ကို ပူဇော်ပသသည့် အခမ်းအနားများကို ရှာဖွေတွေ့ရှိခဲ့ပြီး နေ့စဉ်နေ့တိုင်း နဂါးအစစ်ထံသို့ သွားရောက်ကာ ဆုတောင်းခဲ့သည်။

နောက်ဆုံးတွင်တော့...

သူ၏ ဇွဲမလျှော့သော ကြိုးစားအားထုတ်မှုအောက်တွင် နဂါးအစစ်က သူ့ကို "နဂါးသွေးဖြင့် ခန္ဓာကိုယ်သန့်စင်ခြင်း" ကို ချီးမြှင့်ခဲ့သည်။

နဂါးသွေးဖြင့် ခန္ဓာကိုယ်သန့်စင်ခြင်းဆိုသည်မှာ နဂါးသွေးဖြင့်ရေချိုးခြင်းမဟုတ်ဘဲ နဂါးအစစ်က သူ၏ကိုယ်တွင်းသို့ အသက်သွေးတစ်စက်ကို ထည့်သွင်းပေးလိုက်ခြင်းဖြစ်သည်။

ထိုအသက်သွေးစက်က သူ့ကိုယ်တွင်း၌ဆူပွက်ကာ ပေါင်းစပ်သွားမည်ဖြစ်ပြီး သူ့ကိုယ်ပိုင်သွေးကြောများကို အဆက်မပြတ်သန့်စင်ပေးကာ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို လျင်မြန်စွာ မြင့်တက်လာစေမည်ဖြစ်သည်။

ရှေးခေတ်က နဂါးအစစ်များသည် ထိုနည်းလမ်းကိုအသုံးပြု၍ သစ္စာရှိသောနဂါးအစေခံများကို ဆုချီးမြှင့်ကာ အဆင့်မြှင့်တင်ပေးခဲ့သည်။ ယခုအခါ လင်းအောက်လည်း ထိုကဲ့သို့သော ကံကြမ္မာကောင်းကိုရရှိခဲ့ပြီး သူ့ခန္ဓာကိုယ်ကို ကြောက်မက်ဖွယ်ကောင်းသောအဆင့်အထိ တစ်ဟုန်ထိုးမြှင့်တင်နိုင်ခဲ့သည်။

သူသည် နောက်ဆုံးတွင် ထိုပါရမီရှင်များနှင့် တူညီသောစတင်ရာမျဉ်းသို့ ပြန်ရောက်လာပြီဟုခံစားလိုက်ရပြီး သူ သူတို့ထက် လုံးဝမညံ့ကြောင်းကို သက်သေပြတော့မည်ဖြစ်သည်။

သို့သော် မကြာမီမှာပင် နောက်ထပ်ကိစ္စတစ်ခု ဖြစ်ပွားခဲ့ပြန်သည်။

ယင်းမှာ နဂါးဖြူအရှင်မြတ်က သူ့မူလနဂါးအကြေးခွံကို အခြားသူများကို လက်ဆောင်ပေးခဲ့ခြင်းပင်။ တစ်ယောက်တည်း မဟုတ်ဘဲ နှစ်ယောက်တောင် ဖြစ်သည်။

ထိုနှစ်ယောက်က မည်သည့်အရာကိုမျှ မလုပ်ခဲ့ကြပေ။ သူ့ကဲ့သို့ နဂါးအစစ်ကို ဆုတောင်းပသခဲ့ခြင်းမရှိရုံသာမက နဂါးအစစ်ကပင် အမွေအနှစ်ကိုလက်ခံရန် သူတို့ကို တောင်းဆိုခဲ့ရခြင်းဖြစ်သည်။

ဆရာဖြစ်သူက ထိုကိစ္စကိုလျှို့ဝှက်ထားရန် သူ့ကို အတိအလင်းမှာကြားခဲ့သည်။

သူ လုံးဝ နားမလည်နိုင်ပေ...။

'အဲ့ဒီလူနဲ့ အဲ့ဒီငါးက ဘာကိစ္စ ဘာမှလုပ်စရာမလိုဘဲ ငါ့ထက်ပိုကောင်းတဲ့ အရာတွေကို ရသွားရတာလဲ...'

အကယ်၍ နဂါးသွေးဖြင့် ခန္ဓာကိုယ်သန့်စင်ခြင်းက နဂါးအစစ်မှ အစေခံများကို ဆုချီးမြှင့်သော နည်းလမ်းဖြစ်သည်ဆိုလျှင် မူလနဂါးအကြေးခွံမှာမူ နဂါးအစစ်က အမွေအနှစ်အဖြစ် ပေးအပ်သောနည်းလမ်းဖြစ်သည်။

အင်မော်တယ်ဂိုဏ်းများတွင် နှိုင်းယှဉ်ရလျှင် တစ်ယောက်က အစေခံဖြစ်ပြီး နောက်တစ်ယောက်က ကိုယ်ပိုင်တပည့်ဖြစ်သွားခြင်းနှင့် တူညီပေသည်။

ထိုအရာမှာ သူက နဂါးပုလဲရှိနေကြောင်းကို မသိသေး၍သာဖြစ်သည်။ ထပ်မံ၍ နှိုင်းယှဉ်ရမည်ဆိုလျှင် နဂါးပုလဲကိုရရှိသွားခြင်းက ဂိုဏ်းချုပ်နေရာကို ရရှိသွားခြင်းနှင့် ခပ်ဆင်ဆင်တူညီပေလိမ့်မည်။

သေချာပေါက် ယခုခေတ်တွင် နဂါးအစေခံဆိုသည်မှာ မရှိတော့ဘဲ စွမ်းအားမြှင့်တင်ရန် နည်းလမ်းများသာဖြစ်ပေသည်။

သို့သော် နဂါးသွေးဖြင့် ခန္ဓာကိုယ်သန့်စင်ခြင်းက တစ်ကြိမ်တည်းသာ စွမ်းအားမြှင့်တင်ပေးနိုင်ပြီး အချိန်တိုအတွင်း ခန္ဓာကိုယ်ကိုကြီးမားစွာ မြှင့်တင်ပေးနိုင်သော်လည်း နောင်တွင် ဆက်လက်တိုးတက်နိုင်မည့်အလားအလာက ကြီးမားလှသည်မဟုတ်ပေ။

မူလနဂါးအကြေးခွံကမူ ထိုသို့မဟုတ်ဘဲ အသက်ရှူရုံမျှဖြင့် ကျင့်ကြံနေနိုင်ပြီး အနာဂတ်က အကန့်အသတ်မရှိပွင့်လင်းနေပေသည်။

'ငါက ငွေဓားတောင်ထွတ်က ချူလျန်လောက် မတော်ဘူးဆိုရင်တောင် သည်းခံနိုင်ပါသေးတယ်...ဘာပဲဖြစ်ဖြစ် သူက အကောင်းဆုံးအဆင့်ရွှေအမြုတေကို ပိုင်ဆိုင်ထားတာပဲလေ…’

‘ဒါပေမဲ့ ငါ ဘယ်နေရာမှာ ငါးတစ်ကောင်ထက်ညံ့နေလို့လဲ...'

လင်းအောက်၏စိတ်ထဲတွင် ဒေါသများ တစ်ဖန်ပြန်လည်ထွက်ပေါ်လာပြန်သည်။ သူသည် ဦးနှောက်ကို အစွမ်းကုန်အသုံးချကာ သိုင်းပညာကျင့်စဉ်များကို ရှာဖွေခဲ့သည်။

နဂါးမျိုးနွယ် မှော်ဝင်ပစ္စည်းများကို ရှာဖွေခဲ့၏။ သူ့စွမ်းအားကိုမြှင့်တင်ရန် နည်းလမ်းမျိုးစုံကိုစဉ်းစားကာ ရှုတောင်တောင်ထွတ်များပြိုင်ပွဲတွင် ထိုပါရမီရှင်များအားလုံးကို ခြေထောက်အောက်၌နင်းခြေပစ်ရန် ဆန္ဒရှိနေခဲ့သည်။

မိမိကိုယ်ကို မည်သူ့ထက်မှမညံ့ကြောင်း သက်သေပြချင်ခဲ့သည်။

ထို့နောက်တွင်တော့ ကျန်းယွဲ့ပိုင်၏ ပေါ့ပေါ့ပါးပါး အင်မော်တယ်မန္တန်တစ်ချက်က သူ့အိပ်မက်များကို တိုက်ရိုက် ရိုက်ချိုးပစ်ခဲ့လေသည်။

သူနှင့် ယှဉ်ပြိုင်နေခြင်းမှာ သူမစွမ်းအားများကို ဖုံးကွယ်ထားချင်၍သာ ဖြစ်ကြောင်းကို မျက်စိရှင်သူတိုင်း မြင်နိုင်ပေသည်။

သူမကျင့်ကြံမှုနှင့် တန်ခိုးစွမ်းအင်များအရ အကယ်၍သာ အစွမ်းကုန်ထုတ်သုံးကာ သူ့ကို အနိုင်ယူမည်ဆိုလျှင် အားစိုက်ထုတ်ရန် သိပ်မလိုလောက်ပေ။

သူမက မှော်ဝင်ပစ္စည်းကိုပင် ထုတ်မသုံးခဲ့ပေ။

သို့သော် သူ အချိန်အကြာကြီး ပင်ပန်းဆင်းရဲစွာပြင်ဆင်ခဲ့မှုများက ဟာသတစ်ခုသဖွယ်ဖြစ်နေခဲ့၏။

'လူတွေရဲ့ကံကြမ္မာက တကယ်ပဲ ကောင်းကင်က ကြိုတင်သတ်မှတ်ထားတာလား...'

သူစိတ်ပျက်လက်ပျက် သက်ပြင်းချနေစဉ်မှာပင် အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသောပုံရိပ်တစ်ခုက သူ့ရှေ့တွင် ရုတ်တရက်ပေါ်လာခဲ့သည်။

"ဂိုဏ်းတူညီလေးလင်း...ရှုံးနိမ့်မှု သေးသေးလေးတစ်ခုအတွက် ဘာလို့ ဒီလောက်တောင် စိတ်ဓာတ်ကျနေရတာလဲ..."

ရောက်လာသူက ဂရုတစိုက်ဖြင့် မေးလိုက်သည်။

"ဘာဖြစ်လို့လဲ..."

လင်းအောက်က မျက်လုံးပင့်ကာ မေးလိုက်၏။

"မင်းကို ရှုတောင်ရဲ့ ခေါင်းဆောင်တပည့် ဖြစ်လာနိုင်မယ့် အခွင့်အရေးရှိသေးတဲ့ အကြံတစ်ခု ငါ့မှာရှိတယ်...စိတ်ဝင်စားလား..."

...

"ဂိုဏ်းတူအစ်ကိုရွှီ နိုင်ရမယ်..."

"ဂိုဏ်းတူအစ်ကိုရွှီ နိုင်ရမယ်..."

"ဂိုဏ်းတူအစ်ကိုရွှီ နိုင်ရမယ်..."

ရွှီဇီယန် ပြိုင်ဝင်းစင်ပေါ်သို့ တက်လာချိန်တွင် ပတ်ဝန်းကျင်မှ အားပေးသံများက တောင်ပြိုမတတ်၊ ဆူနာမီလှိုင်းများကဲ့သို့ တညီတညွတ်တည်း ထွက်ပေါ်လာပြန်သည်။

သူသည်လည်း အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ကိုယ်ဟန်က ဓားတစ်လက်ကဲ့သို့ ဖြောင့်မတ်မတ်မတ် ရှိနေဆဲဖြစ်သည်။ ခန့်ညားစင်ကြယ်သော မျက်နှာသွင်ပြင်နှင့်အတူ မျက်လုံးအစုံက လျှပ်စီးတန်းများ၊ မီးရှူးတိုင်များကဲ့သို့ တောက်ပနေ၏။

မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မျှမရှိဘဲ ရေခဲကဲ့သို့ အေးစက်ခက်ထန်နေသည်။

ရှုတောင်ပေါ်တွင် သူ့နာမည်ကြီးမှုက အမြဲတမ်း ကျန်းယွဲ့ပိုင်၏ နောက်တွင်သာ ရှိသည်။ ကျန်းယွဲ့ပိုင်၏ ရုပ်ရည်အသွင်အပြင်ကို ထည့်သွင်းစဉ်းစားပါက စွမ်းအားအရဆိုလျှင် သူက အသိအမှတ်ပြုခံရမှု အများဆုံးဖြစ်သည်ဟု ဆိုနိုင်ပေသည်။

လူအများစုက သူ ခေါင်းဆောင်တပည့်နေရာကို ရရှိသွားခြင်းမှာ အားလုံး၏မျှော်လင့်ချက် ပြည့်ဝသွားခြင်းဖြစ်သည်ဟု ယူဆကြပေလိမ့်မည်။

ထို့အပြင် သူ့ပြိုင်ဘက်က အားပေးသူသိပ်မရှိသော ချူလျန် ဖြစ်နေသေးသည်။

လင်းပေ့တို့လို လူနည်းစုလေးသာ ကွင်းဘေးမှနေ၍ အခြားကြွေးကြော်သံများကို အော်ဟစ်နေကြသည်။

"ချူလျန်၊ ချူလျန်...ရှုတောင်မှာ အစွမ်းအထက်ဆုံး..."

"ချူလျန်၊ ချူလျန်...ရုပ်ရည်က ခန့်ညားပြီး ကြည့်ကောင်းဆုံး..."

သို့သော် အချည်းနှီးသာဖြစ်သည်။ ဟိုဘက်မှ ရွှီဇီယန်၏ အားပေးသံများအောက်တွင် လုံးဝ ဖုံးလွှမ်းသွားခဲ့၏။

ထိုဘက်ရှိ လူအချို့က "ချူလျန်၊ ချူလျန်...ရူးသွပ်ပြီး သွေးပျက်နေတယ်..."

တမင်တကာအော်ဟစ်ကာ သူတို့အရှိန်ကိုနှောင့်ယှက်ပြီး သူတို့ခုခံမှုကို ဖြိုခွဲပစ်ချင်နေကြသေးသည်။

ထိုကဲ့သို့ တစ်ဖက်သတ် အားပေးသံများကြားတွင် ချူလျန်က ပြုံးရွှင်သော မျက်နှာဖြင့် ပြိုင်ဝင်းစင်ပေါ်သို့ တက်လာခဲ့သည်။

အရပ်လေးမျက်နှာမှ အော်ဟစ်သံများကို ကြားလိုက်ရသောအခါ သူက ဘယ်ဘက်လက်ကို ရုတ်တရက်မြှောက်လိုက်ပြီး ခေါင်းမော့ကာ လက်တစ်ချောင်း ထောင်ပြလိုက်သည်။

နှုတ်ခမ်းရှေ့သို့ ထားလိုက်၏။

ဒီအမူအရာ လုပ်ပြန်ပြီ။

တိတ်တိတ်နေ။

တစ်ကွင်းလုံး ဆူညံသွားလေတော့သည်။

သို့သော် ခဏတာတော့ တကယ်ကို တိတ်ဆိတ်သွားခဲ့၏။

ယခင်က လင်းအောက်သည် တစ်ကွင်းလုံးကို ထိုကဲ့သို့ တုံ့ပြန်ခဲ့ပြီးနောက် အရှက်ခွဲခံခဲ့ရသည်။ ချူလျန်ကလည်း ဤကဲ့သို့သော အမူအရာမျိုးကို လုပ်ရဲသေးသည်။

ထိုအရာမှာ လင်းအောက်လုပ်ခဲ့စဉ်က လိုအပ်သောသတ္တိထက် ပို၍ကြီးမားပေသည်။

နှစ်ဆတိုးလာသော မောက်မာမှုပင်။

All Chapters