အခန်း ၃၀၂
Vol. 31 Ch. 302
အခန်း (၃၀၂) - သုံးဆသော တုန်လှုပ်မှု
တိတ်ဆိတ်သွားသော ကွင်းပြင်ကြီးကို ရင်ဆိုင်ရင်း ချူလျန်က သူ့လက်ချောင်းများကို ချလိုက်ကာ ရုတ်တရက် လည်ချောင်းရှင်းလိုက်သည်။
"အားလုံးပဲ တိတ်တိတ်နေပြီး ကျုပ်ပြောတာလေး တစ်ခွန်းလောက် နားထောင်ပေးကြပါဦး..."
"ဒီရက်ပိုင်းအတွင်း ဈေးကွက်ထဲမှာ ရှုတောင်ရဲ့ ဒေသထွက်ကုန်ဆိုပြီး နာမည်တပ်ထားတဲ့ တခြားဝိညာဉ်သစ်သီးလက်ဆောင်ဘူးတွေ ပျံ့နှံ့နေတာကို ကျုပ် သတိထားမိတယ်...တခြားဂိုဏ်းတူတွေ သစ်သီးမရောင်းရဘူးလို့ ပြောချင်တာ မဟုတ်ပါဘူး…”
“အရင်တုန်းက အစွမ်းထက်ပညာရှင်တစ်ယောက် လမ်းပိတ်လုယက်ခဲ့တဲ့ ရွှေရောင်အစင်းကြောင်း ဘယ်ရီသီးလက်ဆောင်ဘူးဆိုတာ ကျုပ်တို့ ငွေဓားတောင်ထွတ်ကနေ သီးသန့်ထုတ်လုပ်တာဖြစ်ပြီး တခြားဘယ်နေရာမှာမှ ဝယ်လို့မရနိုင်ဘူးဆိုတာကိုပါပဲ...အားလုံးပဲ ရွှေရောင်အစင်းကြောင်း ဘယ်ရီသီးကို သေသေချာချာမှတ်ထားပြီး အလိမ်မခံရအောင်သတိထားကြပါ..."
"ငွေဓားတောင်ထွတ်ကနေ သီးသန့်ထုတ်လုပ်တဲ့ ရွှေရောင်အစင်းကြောင်း ဘယ်ရီသီးကို သေသေချာချာမှတ်ထားပြီး အလိမ်မခံရအောင် သတိထားကြပါ..."
"ငွေဓားတောင်ထွတ်ကို သေသေချာချာမှတ်ထားပါ..."
"..."
ဘာကြောင့်မှန်းမသိပေ။ ထိုစကားကို သူအော်ပြောလိုက်ပြီးနောက် တစ်ကွင်းလုံးမှာ ပို၍ပင် တိတ်ဆိတ်သွားလေတော့သည်။
'အော်...ဒါ ပြောချင်တာကိုး...'
'အဲဒါကို ဘာလို့ အဲဒီလောက်တောင် ရောင့်တက်နေတဲ့ဟန်ပန်မျိုး လုပ်နေရတာလဲ... မျက်နှာအမူအရာတွေ အလဟဿဖြစ်မသွားဘူးလား...'
'တကယ်ပါပဲ...'
ဟိုဘက်ရှိ ပွဲကြည့်စင်မှ အဘိုးအိုဆွန်းက ပြုံးလိုက်၏။
"ဟားဟား...ဒီကောင်လေးက အားဖုန့်ရဲ့ မိုက်ရူးရဲဆန်တဲ့စရိုက် နည်းနည်းပါပေမယ့် ပိုပြီးတော့ ကောက်ကျစ်စဉ်းလဲတာပဲ..."
အဘိုးအိုဟွမ်ကမူ သတိထားရမည့်အမူအရာဖြင့် တွေးတောကာပြောလိုက်သည်။
"ဒီကောင်လေးက နောင်တစ်ချိန်မှာ သေချာပေါက် အန္တရာယ်ကြီးဖြစ်လာလိမ့်မယ်..."
သူသည် မကောင်းသော မြင်ကွင်းတစ်ခုခုကို ကြိုမြင်နေရသည့်ပုံပင်။ ပြိုင်ပွဲစင်မြင့်အလယ်ရှိ စီမံခန့်ခွဲရေးအကြီးအကဲပင်လျှင် မျက်နှာအမူအရာ အနည်းငယ်ထူးဆန်းသွားကာ လောဆော်လိုက်သည်။
"ဆက်မပြောနဲ့တော့...မြန်မြန်စကြတော့..."
"ကောင်းပါပြီ..."
ချူလျန်က အမြန် ခေါင်းညိတ်ပြလိုက်၏။
အကြောင်းမူကား မနက်ခင်းက ယခုနေရာသို့ သူရောက်လာချိန်တွင် အခြားသော ဝိညာဉ်သစ်သီးလက်ဆောင်ဘူးအချို့က ၎င်းတို့၏ ဘယ်ရီသီးလက်ဆောင်ဘူး နာမည်ကြီးမှုကို အခွင့်ကောင်းယူ၍ စတင်ရောင်းချနေသည်ကို သူတွေ့ရှိခဲ့ရသောကြောင့်ပင်။
သူတို့၏ဘယ်ရီသီးများ နာမည်ကြီးလာသည်ကိုမြင်ပြီး လေပွေလှိုင်းစီးကာ အမြတ်ထုတ်ချင်နေကြခြင်း ဖြစ်လောက်ပေသည်။
သို့သော် ချူလျန်မှာမူ ကိုယ်ပိုင်အမှတ်တံဆိပ်တန်ဖိုးတစ်ခု တည်ဆောက်နေပြီး ပစ္စည်းပြတ်သွားသည်ကိုတောင် နာကျင်စွာဖြင့် ထပ်မဖြည့်ဘဲနေခဲ့ရသည်။
အခြားသူများကနာမည်သုံးပြီး ဝင်ငွေရှာနေသည်ကို မည်သို့ခွင့်ပြုနိုင်မည်နည်း။ ယခုအချိန်တွင် အခွင့်ကောင်းယူ၍ ကြေညာရမည်မှာ သဘာဝပင်ဖြစ်၏။ သူလည်း ထပ်၍ မပြောရဲတော့ချေ။
လူအများ သတိထားစောင့်ကြည့်နေကြသော တရားဝင်ပြိုင်ပွဲစင်မြင့်ထက်တွင် စက္ကန့်အနည်းငယ်မျှ ကြော်ငြာဝင်ရိုက်ခွင့်ရခြင်းကပင် အလွန်အမြတ်ထွက်နေပြီဖြစ်ရာ ရသလောက်နှင့်ကျေနပ်ရမည်ဖြစ်သည်။
ထို့နောက် စီမံခန့်ခွဲရေးအကြီးအကဲ၏အော်ဟစ်သံကို ကြားလိုက်ရသည်။
"ငွေဓားတောင်ထွတ်က ချူလျန် နဲ့ ကျောက်စိမ်းဓားတောင်ထွတ်က ရွှီဇီယန်... စတင်ပါ..."
အကြီးအကဲက ရုတ်တရက်ပျံသန်းထွက်ခွာသွားပြီးနောက် ချူလျန်၏ အကြည့်နှင့် ရွှီဇီယန်၏ အကြည့်တို့က တိုက်ရိုက်ဆုံတွေ့သွားကြလေသည်။
"ဘုန်း..."
လေထုထဲတွင် ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသကဲ့သို့ပင်။
တိုက်ပွဲက ချက်ချင်း စတင်လုဆဲဆဲ ဖြစ်သွားချေပြီ...။
"ဝမ်ရွှမ်လင်း...မနက်ဖြန်ကျရင် ရှင်က တောင်ထွတ်တွေရဲ့ ခေါင်းဆောင် မဟုတ်တော့ဘူးနော်...ပြောချင်တာ တစ်ခုခုရှိသေးလား..."
ပွဲကြည့်စင်ပေါ်တွင် တိနွီဖုန့်က ခပ်ရိုင်းရိုင်းပင် လှောင်ပြောင်အော်ဟစ်လိုက်၏။
ဘေးဘက်ရှိ ကျောက်စိမ်းဓားတောင်ထွတ်သခင် ဝမ်ရွှမ်လင်းက မျက်မှောင်ကြုတ်လိုက်သည်။
"မင်းရဲ့ ဖီးနစ်ဝိညာဉ်သွေးကျောက်စိမ်းကို အရင်ဆုံးနှုတ်ဆက်ထားလိုက်တာ အကောင်းဆုံးပဲ..."
တိနွီဖုန့်က လှောင်ပြောင်ရယ်မောလိုက်၏။
"စိတ်ချစမ်းပါ...ရှင် အဲဒါကို အနိုင်ရဖို့ဆိုတာမဖြစ်နိုင်ပါဘူး...အမှန်တိုင်းပြောရရင် ကျမရဲ့ တပည့်က ဗိုလ်လုပွဲအတွက် ပြိုင်ဘက်ကိုတောင်လေ့လာနေပြီ..."
ဝမ်ရွှမ်လင်းက နှာခေါင်းရှုံ့လိုက်ပြီး သူမကို ဂရုမစိုက်ချင်တော့ချေ။ အဓိပ္ပာယ်မရှိသော စကားနိုင်လုသည့် နယ်ပယ်တွင် သူ တိနွီဖုန့်ကို အနိုင်မရနိုင်ကြောင်း ယနေ့မှ သူသိသည်မဟုတ်ပေ။
ပြိုင်ပွဲ၏ အရှုံးအနိုင်အတွက်မူ သူ သိပ်ပြီး စိတ်မပူလှချေ။ မိမိ၏ ချစ်တပည့်အပေါ်တွင် သူ အကြွင်းမဲ့ ယုံကြည်မှုရှိထားသည်။
ရွှီဇီယန်က မည်သို့လုပ်၍ ရှုံးနိုင်မည်နည်း။ ဝမ်ရွှမ်လင်း စဉ်းစား၍မရပေ..။
"ရွှီဇီယန် ဘယ်လိုလုပ်ရှုံးနိုင်မလဲဆိုတာကို ကျုပ် လုံးဝစဉ်းစားလို့မရဘူး..."
အခြားတစ်ဖက်မှ အဘိုးအိုဟွမ်က ရယ်မောလိုက်သည်။ ထိုတိုက်ပွဲ၏ အရှုံးအနိုင်နှင့်ပတ်သက်၍ ပြောရလျှင် သူ အနည်းငယ်လှောင်ပြောင်လိုသည့် အမူအရာရှိနေ၏။
"အို..."
အဘိုးအိုဆွန်းကလည်း ရယ်မောလိုက်သည်။
"မင်း ရွှီဇီယန်အပေါ် ဒီလောက်တောင် ယုံကြည်မှုရှိနေတာလား..."
"အနည်းဆုံးတော့ သူတို့နှစ်ယောက် အရင်ကပြသခဲ့တဲ့ စွမ်းရည်တွေအရ ကြည့်မယ်ဆိုရင် သူတို့ရဲ့ ကွာဟချက်က ကောင်းကင်နဲ့မြေကြီးလိုပဲ..."
အဘိုးအိုဟွမ်က ခေါင်းခါကာ ပြောလိုက်၏။
"အစစ်အမှန် သိုင်းပညာရှင်ဆိုတာ ပြတ်ပြတ်သားသား ဆုံးဖြတ်ရဲရတယ်... ရွှီဇီယန်က ချူလျန်ရဲ့ ဉာဏ်နီဉာဏ်နက်တွေကို သတိထားနေသရွေ့တော့ ဟိုကောင်လေးမှာ နိုင်စရာအကြောင်း လုံးဝမရှိတော့ဘူး..."
"ငါလည်း ရွှီဇီယန် နိုင်ဖို့အခွင့်အရေး ပိုများတယ်လို့ထင်ပေမယ့် ချူလျန်က မျက်နှာပန်းလှအောင် လုပ်ပြနိုင်ပါစေလို့ မျှော်လင့်မိသေးတယ်..."
အဘိုးအိုဆွန်းက ပြောလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရဲ့ လောင်းကြေးက သူ့အပေါ်မှာ ရှိနေသေးတာကိုး..."
"ဟားဟား..."
အဘိုးအိုဟွမ်က ကျေနပ်ဂုဏ်ယူစွာ ပြုံးလိုက်၏။
"အားနာပေမယ့် ငါ သေချာပေါက်နိုင်မှာပဲ..."
...
ရွှီဇီယန်က မျက်မှောက်ရှိ ချူလျန်ကို ကြည့်လိုက်သည်။ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က သူသည် ဝိညာဉ်အသိအမြင်အဆင့်ရှိ တပည့်ငယ်တစ်ဦးမျှသာ ဖြစ်ခဲ့ပြီး အတော်လေး ဉာဏ်ကောင်းပုံပေါ်သော်လည်း စွမ်းရည်ကမူ တကယ်မသန်မာခဲ့သည်ကို သူ မှတ်မိနေ၏။
အချိန်သိပ်မကြာလိုက်သည်ကို မည်သူသိမည်နည်း။ ထိုကောင်လေးသည် အကောင်းဆုံးအရည်အသွေးရှိသော ရွှေအမြုတေတစ်လုံးကို ဖွဲ့စည်းနိုင်ခဲ့ပြီး အကောင်းဆုံးလေးဦးအဆင့် ပြိုင်ပွဲစင်မြင့်ထက်တွင် မိမိမျက်နှာချင်းဆိုင်၌ ရပ်တည်နေနိုင်ခဲ့ပြီဖြစ်သည်။
တကယ်တော့ သူ့စိတ်ထဲတွင် ချူလျန်ကို အသိအမှတ်ပြုထားပြီး ဖြစ်၏။ ထို့ကြောင့် သူ လက်စွမ်းပြလိုက်သည်နှင့် တစ်ပြိုင်နက် မည်သည့် သနားညှာတာမှုမျှမရှိဘဲ ကောင်းကင်ဓားသိုင်းကို ချက်ချင်း ထုတ်သုံးလိုက်လေသည်။
"ဝုန်း..."
တိုက်ခိုက်လိုက်သည်နှင့် အင်မော်တယ်မန္တန်များ၏အောက်တွင် အစွမ်းအထက်ဆုံး ဓားသိုင်းပင် ဖြစ်လေသည်။
ကြီးမားလှသော ဓားအလင်းတန်းကြီးတစ်ရပ်က ချူလျန်ထံသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ခုတ်ပိုင်းဝင်ရောက်လာ၏။
လူတိုင်း တွေးထင်ထားသည့်အတိုင်းပင် ချူလျန်ဉာဏ်နီဉာဏ်နက်များကို သတိထားနေသရွေ့ ပြဿနာမရှိနိုင်ဟု သူလည်း ယူဆထားသည်။
ထို့ကြောင့် သူ တိုက်ခိုက်လိုက်သည်နှင့် တစ်ပြိုင်နက် မျက်နှာချင်းဆိုင်မှ တိုက်ရိုက်တွန်းလှန်နိုင်သော အစွမ်းထက်တန်ခိုးစွမ်းအင်ကို အသုံးပြုကာ ဘုရင်တစ်ပါးကဲ့သို့ ဖိနှိပ်ဖြတ်ကျော်ရန် ပြင်ဆင်လိုက်ခြင်းဖြစ်သည်။
ချူလျန်ကို မည်သည့် ဉာဏ်နီဉာဏ်နက်မှ သုံးခွင့်မပေးတော့ချေ။
တစ်ဖက်ရှိ ချူလျန်ကမူ အနည်းငယ်ပြုံးလိုက်သည်။
သူ့တွင် ဘာအကြံအစည်များ ရှိနေသနည်း။
အဖြေမှာ ဘာမှမရှိပေ။
ချူလျန်က ဝူချန်ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်ကာ ထိုနည်းတူပင် ဓားလက်ကွက်ကို ဖော်ဆောင်လိုက်ပြီး ဓားပျံကို အထက်သို့ မြှင့်တင်လိုက်သည်ကို မြင်တွေ့လိုက်ရ၏။
"ဝုန်း..."
ကြီးမားလှသော ရွှေဖြူရောင် ဓားအလင်းတန်းကြီးတစ်ရပ်က တဝုန်းဝုန်းဖြင့် ထွက်ပေါ်လာကာ အလားတူပင် ခမ်းနားကြီးကျယ်သော အရှိန်အဝါမျိုး ရှိနေလေသည်။
ထိုအရာကလည်း ကောင်းကင်ဓားသိုင်းပင်။
ကြီးမားလှသော ဓားအလင်းတန်းကြီးနှစ်ခုက လေထဲတွင် ဝင်တိုက်သွားကြလေတော့သည်။
စင်အောက်တွင် ခုလေးတင်အနိုင်ရထားသော ကျန်းယွဲ့ပိုင်ကထိုင်နေကာ မိမိပြိုင်ဘက်ဖြစ်လာရန် သူတို့ အပြိုင်လုနေကြသည်ကို အေးအေးဆေးဆေး ကြည့်နေခဲ့သော်လည်း ယခုအခါတွင် သူမမျက်လုံးများထဲ၌ အံ့ဩသွားသည့် အရိပ်အယောင်တစ်ခု ရုတ်တရက်ဖြတ်ပြေးသွား၏။
ယခင်က ချူလျန်၏ အစွမ်းထက်သော တန်ခိုးစွမ်းအင်အချို့ကို သူမထံမှ သင်ယူခဲ့ခြင်းဖြစ်ပြီး ယခုကာလအတွင်း သူတို့နှစ်ဦးသိပ်ပြီး အဆက်အသွယ်မရှိခဲ့သဖြင့် ချူလျန် တန်ခိုးစွမ်းအင်အသစ်များ မသင်ယူရသေးဟု သူမက ထင်မှတ်ထားခဲ့သည်။
ယခု ကြည့်ရသည်မှာ သူက ကွယ်ရာတွင် ခိုး၍သင်ယူထားခဲ့ခြင်းပင်...။
"ဒိုင်း...ဒိုင်း...ဒိုင်း...ဝုန်း..."
ဓားအလင်းတန်းများ အချင်းချင်း ဝင်တိုက်သွားပြီးနောက် ဓားသွားထိပ်ဖျားများက တဝုန်းဝုန်းဖြင့် စတင် ပျောက်ကွယ်သွားကြကာ ထို့နောက်တွင် ဓားကိုယ်ထည်များကလည်း အချင်းချင်းပွတ်တိုက်မိပြီး လေထဲရှိ တောက်ပသော ဖုန်မှုန့်များအဖြစ် တဖြည်းဖြည်းပြိုကွဲသွားကြကာ ပြန့်ကျဲနေသော ဓားချီစွမ်းအင်များက နေရာအနှံ့သို့ ဖုံးလွှမ်းသွားလေတော့သည်။
ထိုဓားချက်က ကွင်းအတွင်းရှိ လူအားလုံး၏ပါးစပ်များကို ဟသွားစေပြီး ပြန်ပိတ်၍မရအောင် ဖြစ်သွားစေသည်။
ချူလျန်က ကောင်းကင်ဓားသိုင်းကို တတ်ကျွမ်းနေခဲ့သည်လော။
ထို့အပြင် သူအသုံးပြုလိုက်သော ကောင်းကင်ဓားသိုင်းက ရွှီဇီယန်နှင့် အင်အားချင်း မျှတနေသည်ဖြစ်ရာ လူတိုင်းကို တုန်လှုပ်သွားစေရန် လုံလောက်နေပေသည်။
အဘယ်ကြောင့်ဆိုသော် ထိုအခိုက်အတန့်မတိုင်မီအထိ ချူလျန်အပေါ် သူတို့၏ အမြင်မှာ တကယ့်စွမ်းရည်မရှိဘဲ ဉာဏ်နီဉာဏ်နက်များကိုသာ အားကိုးနေသူသာ ဖြစ်နေသောကြောင့်ပင်။
ထိုအရာက ချူလျန် သူတို့ကို ထိုသို့ထင်မြင်စေချင်ခဲ့သည့် အရာလည်းဖြစ်၏။
ယခင်တိုက်ပွဲတွင် စီနီယာအစ်မကျန်းက နောက်ပြန်ဆုတ်၍ ဟင်းလင်းပြင်သို့ပြန်သွားခြင်းမန္တန်ကို အသုံးပြုခဲ့သကဲ့သို့ မထင်မှတ်ထားချိန်တွင် ထုတ်သုံးလိုက်ခြင်းက တစ်ချက်တည်းဖြင့် ရန်သူကိုနှိမ်နင်းနိုင်သည့် ရလဒ်ကို ရရှိစေခဲ့သည်။
သို့သော် လင်းအောက်ကသာ သူမ ထိုအင်မော်တယ်မန္တန်ကို တတ်ကျွမ်းထားကြောင်း ကြိုသိနေမည်ဆိုပါက ထိုသို့ကာကွယ်မှုမရှိဘဲ ခံရပါဦးမည်လော။
သေချာပေါက် ခံရမည်မဟုတ်ပေ။
အဆင့်တူ သိုင်းပညာရှင်များ၏တိုက်ပွဲဆိုသည်မှာ ဖဲချပ်လှန်သကဲ့သို့ပင်ဖြစ်ရာ ဝှက်ဖဲပိုများသူက အနိုင်ရရန် အခွင့်အရေးပိုများမည်မှာ သဘာဝပင်ဖြစ်သည်။ ထို့အပြင် ရွှီဇီယန်၏အဆင့်က သူ့ထက် အနည်းငယ်ပိုမြင့်နေသေးသည် မဟုတ်ပါလော။
ကောင်းကင်ဓားသိုင်း၏တိုက်ခိုက်မှု မပြီးဆုံးသေးမီမှာပင် ချူလျန်၏ခန္ဓာကိုယ်က ရွှီဇီယန်ထံသို့ လျှပ်စီးလက်သကဲ့သို့ ပြေးဝင်သွားလေသည်။
ရွှီဇီယန်၏ ပဉ္စမအဆင့်ခန္ဓာကိုယ်က လုံးဝ အားနည်းခြင်းမရှိသော်လည်း ကျင့်ကြံခြင်းအဆင့်နှင့် နှိုင်းယှဉ်ပါက ခန္ဓာကိုယ်ပိုင်းတွင် ချူလျန်က လုံးဝ သာလွန်နေပေသည်။
နဂါးသွေးလျှို့ဝှက်ပညာရပ်၏ ထောက်ပံ့မှုအောက်ရှိ ကျားဆယ်ကောင်၏ အင်အားဆိုသည်မှာ အဆင့်တူကျင့်ကြံသူများ စိတ်ကူးယဉ်၍ပင် မရနိုင်တော့သည့် အင်အားတစ်ခု ဖြစ်နေခဲ့ပြီပင်။
ထိုမြင်ကွင်းက ယခင်တိုက်ပွဲနှင့် အနည်းငယ်တူညီနေ၏။
ချူလျန်က ပြေးဝင်သွားကာ အနီးကပ်တိုက်ခိုက်ရန်ကြိုးစားပြီး ရွှီဇီယန်က တားဆီးလေသည်။
သို့သော် သူ့တိုက်ခိုက်မှုက ကျန်းယွဲ့ပိုင်နှင့် လုံးဝကွဲပြားခြားနားနေသည်။ ကျန်းယွဲ့ပိုင်က ရေခဲအဆောင် ဓားချီစွမ်းအင်ကိုအသုံးပြု၍ လှုပ်ရှားမှုကို ဟန့်တားခဲ့သော်လည်း ရွှီဇီယန်ကမူ ဓားပျံကို ခေါ်ယူလိုက်ကာ တစ်ခဏချင်းအတွင်းမှာပင် ထောင်သောင်းချီသော ကန်းကျင်ဓားချီစွမ်းအင်များကို ဖြန့်ကြက်လိုက်လေသည်။
"ရှပ်... ရှပ်... ရှပ်..."
ဓာတ်ကြီးငါးပါးအဆင့်၏ ပထမအလွှာသည် ကန်းကျင်နယ်ပယ်ပင်ဖြစ်၏။
ရွှီဇီယန်သည် ထိုအလွှာပေါင်းစပ်မှုကို စောစီးစွာကပင်ပြီးမြောက်ခဲ့ပြီး သူ၏ ဓားချီစွမ်းအင် ထက်မြက်မှုက စတုတ္ထအဆင့်များမီနိုင်သည့် အရာမဟုတ်ပေ။
ယခုအချိန်တွင် ဓားတစ်သောင်းသိုင်းကို ထပ်မံထုတ်သုံးလိုက်ရာ ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားသော ဓားအရိပ်များမှာ ပွတ်မိလျှင်လည်းသေဆုံးနိုင်ပြီး ထိမိလျှင်လည်း အသက်ပျောက်နိုင်လေသည်။
ထို့အပြင် မရေမတွက်နိုင်သောဓားအရိပ်များက အကျဉ်းထောင်သဖွယ် နံရံတစ်ခုအဖြစ်ဖွဲ့စည်းသွားကာ ရှောင်တိမ်းရန်အခွင့်အရေးကို လုံးဝမပေးတော့ချေ။
ကောင်းကင်ယံအနှံ့ရှိ ဓားအရိပ်များဖြင့် ဖွဲ့စည်းထားသော ဓားချီစွမ်းအင်နံရံကြီးကို ရင်ဆိုင်ရချိန်တွင် ချူလျန်က မည်သည့်တွေဝေမှုမျှမရှိဘဲ ရွှတ်ခနဲ အသံနှစ်ချက်ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်က လေထဲတွင် ပျောက်ကွယ်သွားလေတော့သည်။
မြေချုံ့သိုင်း။
မင်းနံရံက မည်မျှပင် ခိုင်မာနေပါစေ မြေချုံ့သိုင်း၏ အကွာအဝေးကိုတော့ မတားဆီးနိုင်ပေ...။
"ဒီကောင် မြေချုံ့သိုင်းကိုပါ တတ်နေသေးတာလား..."
အောက်ဘက်ရှိ ပွဲကြည့်ပရိသတ်များမှာ ပို၍ပင်ဆူညံသွားကြလေသည်။
သူတို့ကို ပို၍ အံ့ဩသွားစေသည့်အရာသည်ကား ချူလျန်၏ ခန္ဓာကိုယ်က နှစ်ကြိမ်ဆက်တိုက် လင်းလက်သွားပြီးနောက် ရွှီဇီယန်၏ ရှေ့ လေထဲတွင် ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။
သို့သော် ထွက်ပေါ်လာချိန်တွင် အနက်ရောင် အရိပ်တစ်ခုတည်းဖြစ်သော်လည်း မြေပြင်ပေါ်သို့ ကျလာချိန်တွင်မူ အရိပ်ငါးခုဖြစ်နေလေသည်။
ချူလျန်ငါးယောက်က ရွှီဇီယန်ကို အုံခဲဝိုင်းရံလိုက်ကြ၏။
တစ်ချိန်တည်းမှာပင် လက်သီးနှင့် ခြေထောက်များကို လွှဲယမ်းလိုက်ကြသည်။
ဝိုင်းကန်ရန် ပြင်ဆင်လိုက်ခြင်းပင်...။
"ကိုယ်ပွားသိုင်းလား..."
အဘိုးအိုဟွမ်က ခေတ္တတွေဝေသွားပြီး သူ့မျက်နှာအမူအရာက အနည်းငယ် ထူးဆန်းသွား၏။
"မဟုတ်သေးဘူး...ဒါက ပဲစေ့ကြဲ၍ စစ်တပ်ဖန်ဆင်းခြင်းပဲ..."
အဘိုးအိုဆွန်း၏ မျက်နှာအမူအရာကလည်း ရုတ်တရက် ပြောင်းလဲသွားသည်။
"သူ့ရဲ့ အရှိန်အဝါကလည်း မမှန်တော့ဘူး...ရွှေအမြုတေအဆင့် အလယ်အလတ် ဖြစ်နေတာပဲ...အရင်တုန်းက သူ အစွမ်းအစတွေကို အမြဲတမ်း ဖုံးကွယ်ထားခဲ့တာကိုး..."
တန်ခိုးစွမ်းအင်မှစ၍ ကျင့်ကြံခြင်းအဆင့်အထိ သူက အလွန်နက်ရှိုင်းစွာ ဖုံးကွယ်ထားခဲ့ခြင်းပင်။
သာမန် ကိုယ်ပွားသိုင်းဆိုလျှင် ကိုယ်ပွားများက ထိုမျှပြင်းထန်သော အရှိန်အဝါမျိုး ရှိမည်မဟုတ်ပေ။ အကယ်၍ ခန္ဓာပြင်ပကိုယ်ပွား ဖြစ်မည်ဆိုပါကလည်း ကိုယ်ပွားငါးခုအထိ ဆက်တိုက်ဖန်ဆင်းနိုင်ရန်အတွက် ချူလျန်က စောစီးစွာကပင် ပျံသန်းနိုင်နေပြီဖြစ်ရမည်။
ထိုအရာက ၎င်းတို့နှစ်ခုမှလွဲ၍ အခြားသော အင်မော်တယ်မန္တန်တစ်ခု ဖြစ်သည့် ပဲစေ့ကြဲ၍ စစ်တပ်ဖန်ဆင်းခြင်းပင် ဖြစ်လေသည်။
ထိုမန္တန်သည် မည်သည့် သန့်စင်ထားသောပစ္စည်းငယ်ကိုမဆို ခိုင်းစေနိုင်သည့် ရုပ်သေးရုပ်များအဖြစ်သို့ ပြောင်းလဲပေးနိုင်ပြီး ခန္ဓာပြင်ပကိုယ်ပွားထက် ပိုအားသာသည့်အချက်မှာ အရေအတွက်ပိုများခြင်းဖြစ်ကာ သာမန်ကိုယ်ပွားသိုင်းထက် ပိုအားသာသည့်အချက်မှာမူ ပို၍ပြည့်စုံပြီး တစ်ဦးချင်းစွမ်းဆောင်ရည် ပိုမိုအားကောင်းခြင်းပင်ဖြစ်၏။
ထိုကျင့်စဉ်ကို အဆင့်မြင့်မြင့်ကျင့်ကြံနိုင်ပါက ပဲစေ့တစ်ဆုပ်ကြဲချလိုက်ရုံဖြင့် ကောင်းကင်စစ်သည်တော်များနှင့် ကောင်းကင်စစ်သူကြီးများအဖြစ် ပြောင်းလဲသွားစေနိုင်ပေသည်။
ချူလျန်က အင်မော်တယ်မန္တန်ကို တတ်ကျွမ်းနေခဲ့ခြင်းပင်။
ထို့အပြင် မန္တန်နှစ်ခုကိုပင် တတ်ကျွမ်းထားသေး၏။
ထို့ထက်မက ထိုမန္တန်နှစ်ခုကို ဆက်တိုက်ပင် အသုံးပြုလိုက်သေးသည်။
ကောင်းကင်ဓားသိုင်း...မြေချုံ့သိုင်း...ပဲစေ့ကြဲ၍ စစ်တပ်ဖန်ဆင်းခြင်း... နားထောင်ကြည့်ရုံဖြင့်ပင် အလွန်ဇိမ်ကျလွန်းလှသော ဆက်တိုက်တိုက်ခိုက်မှုတစ်စုံပင်။
တစ်ခဏချင်းအတွင်းမှာပင် ရွှီဇီယန်အားဝိုင်းရံမှုကို အပြီးသတ်လိုက်နိုင်ပြီး အခြေအနေအရ ကြည့်မည်ဆိုပါက ချူလျန်သည် ကြီးမားလှသော အသာစီးရမှုကို ရယူထားနိုင်ခဲ့ပြီဖြစ်သည်။
ထိုအခြေအနေက လူတိုင်းမျှော်လင့်ထားမှုထက် ကျော်လွန်သွားခဲ့လေပြီ။
အချိန်တိုလေးအတွင်းမှာပင် ကွင်းထဲရှိလူတိုင်းမှာ သူ့ကြောင့် အကြိမ်ကြိမ် တုန်လှုပ်သွားခဲ့ရပြီး တစ်ကြိမ်ပြီးတစ်ကြိမ် တုန်လှုပ်မှုများက သုံးဆသော တုန်လှုပ်မှုအဖြစ် ပေါင်းစပ်သွားခဲ့လေသည်။
ထိုသို့ဖြစ်လာသည်ကို ရွှီဇီယန် ပြန်လည်မတုံ့ပြန်နိုင်ခဲ့ခြင်းကလည်း အနည်းငယ်မျှပင် အံ့ဩစရာမရှိတော့ပေ။ ထိုကဲ့သို့ဆက်တိုက် တိုက်ခိုက်မှုများကိုသာ ရင်ဆိုင်ရမည်ဆိုပါက ချူလျန်နှင့် တွေ့သည့်မည်သူမဆို ခံရမည်သာဖြစ်သည်။
မြင့်မားသော စင်မြင့်ထက်ရှိ ဝမ်ရွှမ်လင်းပင်လျှင် အံ့အားသင့်ကာ သံသယဖြစ်နေသည့်အကြည့်ဖြင့် တိနွီဖုန့်ဘက်သို့ လှည့်ကြည့်လိုက်၏။
တိနွီဖုန့်၏ တပည့်တစ်ယောက်အနေဖြင့် ကျင့်ကြံခြင်းအဆင့် မြင့်မားနေခြင်းက မထူးဆန်းပေ။ မည်သို့ပင်ဖြစ်စေ ကျင့်စဉ်များကို ကိုယ်တိုင် ကျင့်ကြံ၍ရနိုင်သောကြောင့်ဖြစ်သည်။
သို့သော် အင်မော်တယ်မန္တန်ဆိုသည့်အရာမျိုးမှာ သွန်သင်ညွှန်ပြမည့်သူမရှိဘဲ ကိုယ်တိုင်လေ့လာရန်ဆိုသည်မှာ ကောင်းကင်သို့တက်ရသည်ထက်ပင် ခက်ခဲလေသည်။
ရှုတောင်ပေါ်တွင် ပဲစေ့ကြဲ၍ စစ်တပ်ဖန်ဆင်းခြင်းကို တတ်ကျွမ်းသူများအား သူ သိထားပြီး ထိုသူများထဲမှ တစ်ယောက်ယောက်က ချူလျန်ကို သွန်သင်ပေးခဲ့မည်ဆိုလျှင် သူ့နားထဲသို့ သတင်းမရောက်လာစရာ အကြောင်းမရှိပေ...။
'ချူလျန် ဒီအင်မော်တယ်မန္တန်ကို ဘယ်ကနေများ သင်ထားတာလဲ...'
တိနွီဖုန့်သည် ထိုကိစ္စနှင့်ပတ်သက်၍ လုံးဝမသိထားသော်လည်း ဝမ်ရွှမ်လင်း၏ အကြည့်နှင့် ဆုံတွေ့ချိန်တွင် သူမက နှုတ်ခမ်းမဲ့လိုက်ကာ တည်ငြိမ်ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
"တွေ့လား...ငါ စောစောကတည်းက သိပြီးသား..."