← Chapters

အခန်း ၃၀၃

Vol. 31 Ch. 303

အခန်း ၃၀၃

Vol. 31 Ch. 303

အခန်း (၃၀၃) - ဒါ ကျုပ်သင်ပေးထားတာ (၁)

တိနွီဖုန့်၏ အောင်မြင်နေသောမျက်နှာပေးကို ကြည့်ပြီးနောက် ဝမ်ရွှမ်လင်း၏ မျက်နှာက မကျေမနပ်ဖြစ်သွားကာ အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။

"ဘယ်ဂိုဏ်းတူကများ မင်းကိုယ်စား တပည့်ကိုစေတနာပိုပြီး သင်ပေးလိုက်လဲ မသိပါဘူး..."

သူ မပျော်မရွှင်ဖြစ်သွားသည်ကလည်း မဆန်းပေ။ တောင်ထွတ်အားလုံး၏ ခေါင်းဆောင်တစ်ယောက်အနေဖြင့် သူသည် တောင်ထွတ်သခင် (၃၆) ယောက်ကြားတွင် ဩဇာအာဏာကြီးမားသူဖြစ်သည်။

ဂိုဏ်းတူများနှင့် ဆက်ဆံရေးက အရမ်းရင်းနှီးသည်ဟု မဆိုနိုင်သော်လည်း လူချစ်လူခင်ပေါများမှုကတော့ တိနွီဖုန့်နှင့်ယှဉ်လျှင် အဆတစ်ရာသာမည်မှာ သေချာပေသည်။

ပဲစေ့ကြဲ၍စစ်တပ်ဖန်ဆင်းခြင်း မန္တန်သည် သာမန်အင်မော်တယ်မန္တန် မဟုတ်ပေ။ ရှုတောင်ဂိုဏ်းမှ အကြီးအကဲအနည်းငယ်သာ တတ်မြောက်ထားကြသည်။ တိနွီဖုန့်က ချူလျန်ကို ထိုအင်မော်တယ်မန္တန်အား သင်ပေးနိုင်မည်မဟုတ်သည်မှာသေချာလှ၏။

သူမနှင့် ဆက်ဆံရေးကောင်းမွန်သော သိုင်းပညာရှင်ဆို၍ တာအိုပညာရှင်ယန့်သာ ရှိသည်။ သို့သော် တာအိုပညာရှင်ယန့်၏ အင်မော်တယ်မန္တန်များထဲတွင် ထိုပညာရပ်မပါဝင်ကြောင်းကို ဝမ်ရွှမ်လင်းသိထားသည်။ သူမက ဓားလမ်းစဉ်ကိုသာ ပို၍လေ့လာသူဖြစ်သည်။

ထိုသို့ဆိုလျှင် သူတို့နှစ်ယောက်မဟုတ်သည့် အခြားသူတစ်ယောက်ယောက်က တိနွီဖုန့်နှင့် သူ လောင်းကြေးထပ်ထားမှန်း သိသိရက်နှင့် သူမကိုယ်စား တပည့်ကို တိတ်တဆိတ် သင်ပေးခဲ့ခြင်းပင်။

ထိုအချက်က ကျောက်စိမ်းဓားတောင်ထွတ်ကို ရင်ဆိုင်ရန်အတွက် ငွေဓားတောင်ထွတ်ဘက်မှ ရပ်တည်ကူညီပေးနေကြောင်း ရှင်းလင်းစွာ ပြသနေလေသည်။

ထို့ကြောင့် သူ့စကားသံကို အနည်းငယ်မြှင့်လိုက်ရာ ပွဲကြည့်စင်ပေါ်တွင် ထိုင်နေကြသော တောင်ထွတ်သခင်များအားလုံး ကြားသွားကြသည်။

ထိုအရာမှာ သူမကျေနပ်မှုကို အနည်းငယ် ထုတ်ဖော်ပြသလိုက်ခြင်းပင် ဖြစ်သည်။ ထိုနည်းမှလွဲ၍ အခြားရွေးချယ်စရာ နည်းလမ်းလည်းမရှိပေ။

ထိုအခါ အထက်ဘက်မှ တည်ငြိမ်သော အသံတစ်သံကိုကြားလိုက်ရ၏။

"ကျုပ် သင်ပေးလိုက်တာ..."

လှည့်ကြည့်လိုက်သောအခါ ပို၍မြင့်သောနေရာတွင် ထိုင်နေသည့် တောင်စောင့်အကြီးအကဲလေးဦးထဲမှ တစ်ဦးဖြစ်သော အဂ္ဂိရတ်အကြီးအကဲ ဖြစ်နေလေသည်။

ဝမ်ရွှမ်လင်း၏ တည်ကြည်နေသော မျက်နှာက အနည်းငယ်တောင့်တင်းသွား၏။

'အကြီးအကဲ သင်ပေးထားတာလား...ဒါဆိုရင်တော့ ပြဿနာမရှိတော့ဘူး...'

အဂ္ဂိရတ်အကြီးအကဲက ပဲစေ့ကြဲ၍စစ်တပ်ဖန်ဆင်းခြင်း မန္တန်ကို တတ်ကျွမ်းမှန်း သူ ကောင်းကောင်းသိသည်။ သို့သော် သူ့ခေါင်းထဲတွင် ထိုအကြီးအကဲကို လုံးဝ ထည့်မစဉ်းစားခဲ့မိပေ။

မကြာသေးမီက ငွေဓားတောင်ထွတ်နှင့် အဂ္ဂိရတ်ခန်းမတို့အကြား ပြဿနာဖြစ်ခဲ့သည်ကို ရှုတောင်ဂိုဏ်းတစ်ခုလုံး သိထားကြသည်။ တိနွီဖုန့်က အဂ္ဂိရတ်ခန်းမထဲအထိ ဝင်ရောက်ရမ်းကားခဲ့ရာ နောက်ဆုံးတွင် အဂ္ဂိရတ်အကြီးအကဲ အနည်းငယ် အနစ်နာခံလိုက်ရသည်ဖြင့်သာ အဆုံးသတ်သွားခဲ့သည်။

ထိုရန်ငြိုးအဆင့်က သူနှင့် တိနွီဖုန့်ကြားရှိ ပြဿနာထက်ပင် ပို၍နက်ရှိုင်းပေသည်။

သို့သော် ယခုမူ...

'အဂ္ဂိရတ်အကြီးအကဲက ဘယ်လိုလုပ် ချက်ချင်း ရန်သူဘက်ပါသွားရတာလဲ...'

သူ အလွန်တရာ အံ့အားသင့်နေချိန်တွင် အဂ္ဂိရတ်အကြီးအကဲ၏ စိတ်ထဲ၌လည်း အံ့အားသင့်မှုများ ကင်းမဲ့မနေခဲ့ပေ။

ထိုကိစ္စကို ပြန်ကောက်ရလျှင် တောင်စောင့်နတ်ပွဲတော် ပြီးခါစအချိန်ဆီသို့ ပြန်သွားရမည်ဖြစ်သည်။ သူ ချူလျန်ထံသွား၍ အဂ္ဂိရတ်ပညာရပ်များကို သင်ပေးလိုကြောင်း ကမ်းလှမ်းခဲ့သည်။

နောက်ဆုံးတွင် ချူလျန်က အဂ္ဂိရတ်ခန်းမသို့သွား၍ တာဝန်ခံတပည့်အဖြစ် လုပ်ဆောင်ရန် သဘောတူခဲ့သော်လည်း ရှုတောင်ဂိုဏ်းညီလာခံပြီးသည်အထိ စောင့်ရန် ပြောခဲ့သည်။

ရှုတောင်ဂိုဏ်းအစည်းအဝေးတွင် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်မှာ အားနည်းနေသေး၍ ထိုအချိန်လေးအတွင်း ဆန်းကြယ်သောမန္တန်ပညာရပ်များ၊ အထူးသဖြင့် အင်မော်တယ်မန္တန်များကို ပိုမိုလေ့လာသင်ယူချင်ကြောင်း ချူလျန်ကပြောခဲ့လေသည်။

ထို့ကြောင့် အဂ္ဂိရတ်အကြီးအကဲက သူ့လက်ထဲတွင် သင်ပေးနိုင်သော အင်မော်တယ်မန္တန်တစ်မျိုးရှိကြောင်း ပြောလိုက်ရာ ချူလျန်မှာ သဘာဝကျစွာပင် အရမ်းကို ဝမ်းသာအားရဖြစ်သွားခဲ့သည်။

ထိုအင်မော်တယ်မန္တန်မှာ ပဲစေ့ကြဲ၍စစ်တပ်ဖန်ဆင်းခြင်း မန္တန်ပင် ဖြစ်ပေသည်။

အဂ္ဂိရတ်အကြီးအကဲက ထိုမန္တန်ကို ချူလျန်အားသင်ပေးရခြင်းမှာ သူ့တွင်ကိုယ်ပိုင်အကြံအစည် ရှိနေ၍ဖြစ်သည်။ ပဲစေ့ကြဲ၍စစ်တပ်ဖန်ဆင်းခြင်း မန္တန်သည် ပဲစေ့တစ်ဆုပ်ကို ရုပ်သေးရုပ်များအဖြစ် ပြောင်းလဲနိုင်သည်ဟု ဆိုသော်လည်း ပဲစေ့များတွင် ဝိညာဉ်စွမ်းအင် မည်မျှများများ ပါရှိနိုင်မည်နည်း။

အလွန်တရာ မြင့်မားသော ကျင့်ကြံခြင်းစွမ်းရည်ရှိသည့် ပညာရှင်ကြီးများမဟုတ်လျှင် ရုပ်သေးရုပ်များကို ဖန်တီးရန်အတွက် အထူးပြုလုပ်ထားသော ပစ္စည်းများကိုသာ အသုံးပြုရပေသည်။

ဥပမာအားဖြင့် အဂ္ဂိရတ်အကြီးအကဲ အမြဲသုံးလေ့ရှိသည်မှာ ရုပ်သေးဆေးလုံး တစ်မျိုးဖြစ်သည်။ သူက ချူလျန်အား ထိုမန္တန်ကို သင်ပေးမည့်အခွင့်အရေးကို အသုံးချကာ ထိုရုပ်သေးဆေးလုံးများကို ဖော်စပ်သည့်နည်းလမ်းကို အရင်သင်ပေးချင်ခဲ့သည်။

အမှန်တော့ ထိုအချိန်များကိုအသုံးချ၍ ချူလျန်အား အဂ္ဂိရတ်ပညာရပ်များနှင့် ရင်းနှီးကျွမ်းဝင်လာစေရန် ကြံရွယ်ထားခြင်းဖြစ်၏။

မည်သို့ပင်ဖြစ်စေ ဆေးဖော်စပ်နည်းကို အရင်သင်ပေးမည်ဖြစ်သည်။ အင်မော်တယ်မန္တန်နှင့် ပတ်သက်၍မူ ချူလျန်လေ့ကျင့်နိုင်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

ထိုမန္တန်မှာ အမှန်နှင့်အမှားလမ်းစဉ်မှ ဆင်းသက်လာသော အင်မော်တယ်မန္တန်ဖြစ်ပြီး အလွန်တရာ နက်နဲခက်ခဲလှသည်။

တစ်နှစ်၊ နှစ်နှစ်ခန့် လေ့ကျင့်လျှင်ပင် မလုံလောက်နိုင်ပေ။ ချူလျန်က တစ်လ၊ နှစ်လအတွင်း ကျွမ်းကျင်ချင်သည်လား။ လုံးဝ စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်ပေသည်။

ချူလျန်အား အင်မော်တယ်မန္တန်ကို သင်ပေးလိုက်ပြီးနောက် အဓိကအချက်များကို အနည်းငယ် ရှင်းပြလိုက်သည်။ ထို့နောက် အဂ္ဂိရတ်အကြီးအကဲက ချူလျန် အခက်အခဲကြုံလာချိန်တွင် လာရောက်မေးမြန်းမည်ကို စောင့်နေခဲ့သည်။

သို့သော် ချူလျန်က သူ့ထံ တစ်ခါမျှ ပြန်မလာခဲ့တော့ပေ။ သူက တောင်စောင့်အကြီးအကဲတစ်ယောက် ဖြစ်နေသည့်အတွက် တပည့်ငယ်လေးတစ်ယောက်ကို ကိုယ်တိုင်သွားရောက် ဂရုစိုက်နေရန်ကလည်း မသင့်တော်လှပေ။

သို့သော် ယနေ့ကျင်းပသော တောင်ထွတ်အစည်းအဝေး၏ပွဲစဉ်တွင် ချူလျန်က ထိုမန္တန်ကို အသုံးပြုလာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

ထို့အပြင် ရုပ်သေးဆေးလုံးလေးလုံးကိုပင် ဖော်စပ်ထားပြီး ရုပ်သေးရုပ်လေးခုကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်နေပြီဖြစ်သည်။ ချူလျန်၏ လေ့ကျင့်ခဲ့သော အချိန်ကာလကို ရှုတောင်ဂိုဏ်းအတွင်းအပြင်ရှိ အခြားလူများ သိကြမည်မဟုတ်ဘဲ သူက အချိန်အကြာကြီး တိတ်တဆိတ် ဖုံးကွယ်ထားခဲ့သည်ဟုသာ ထင်နေကြပေမည်။

သို့သော် ချူလျန်သင်ထားသည်မှာ အချိန်နှစ်လပင် မပြည့်သေးကြောင်း အဂ္ဂိရတ်အကြီးအကဲ သိထားလေသည်။ အံ့အားသင့်မှုက အချိန်တိုအတွင်း၌ပင် အလွန်ဝမ်းသာကျေနပ်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

ထို့နောက် ဘေးတွင်ရှိနေသော တရားစောင့်ရှောက်ရေးအကြီးအကဲကို ကြည့်ကာ ပြောလိုက်သည်။

"ကျုပ်တို့ ရှုတောင်ဂိုဏ်းမှာ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် ထပ်တိုးလာပြန်ပြီပဲ..."

"ကောင်းကင်ဓားသိုင်းရယ်...မြေချုံ့သိုင်းရယ်...ပဲစေ့ကြဲ၍စစ်တပ်ဖန်ဆင်းခြင်း မန္တန်ရယ်..."

အဘိုးအိုဆွန်းက အံ့ဩတကြီးဖြင့် ပြောလိုက်သည်။

"ဒီချူလျန်က ပွဲအစမှာတင် အရမ်းကို အံ့ဩစရာကောင်းတဲ့ စွမ်းရည်တွေကို ထုတ်ပြလိုက်တာပဲ..."

အဆင့်မြင့်ရွှေအမြုတေ အလယ်အလတ်အဆင့်နှင့် အင်မော်တယ်မန္တန် တစ်ခုမက ပိုင်ဆိုင်ထားခြင်း။

ထိုအရာနှစ်ခုတည်းနှင့်ပင် သူ့ကို ပြည်နယ်ကိုးခု၏ ပါရမီရှင်များစာရင်းတွင် ပါဝင်လာစေရန် လုံလောက်နေပြီဖြစ်သည်။

"ရှူး..."

အဘိုးအိုဟွမ်က အံ့အားသင့်စွာ အသံပြုလိုက်၏။

"ဒီကောင်လေး ဖုံးကွယ်ထားတာအရမ်းနက်ရှိုင်းတာပဲ...ရုတ်တရက်ကြီး ဒီလိုအကွက်မျိုး ထုတ်သုံးလာလိမ့်မယ်လို့ ရွှီဇီယန်လည်း မျှော်လင့်ထားမှာ မဟုတ်ဘူး..."

"ဟဲဟဲ...သူလန့်သွားပြီလား မသိဘူးနော်..."

အဘိုးအိုဆွန်းက မေးလိုက်သည်။

"အဲဒီလောက်တော့ ဖြစ်သွားမှာမဟုတ်ပါဘူး..."

အဘိုးအိုဟွမ်က ယုံကြည်မှုရှိစွာဖြင့် ခေါင်းခါပြလိုက်၏။

"မျှော်လင့်မထားတာမျိုး ဖြစ်ပေမဲ့ ဒီလောက်စွမ်းရည်လေးနဲ့ ပဉ္စမအဆင့် ပါရမီရှင်တစ်ယောက်ကို အနိုင်ယူချင်တယ်ဆိုတာကတော့ စိတ်ကူးယဉ်လွန်းရာ ကျပါတယ်..."

ထိုစကားကို ပြောလိုက်ချိန်မှာပင် ပွဲကွင်းအတွင်းရှိ ရွှီဇီယန်ကလည်း နောက်ဆုံးတွင် တုံ့ပြန်မှု ပြုလုပ်လာခဲ့သည်။

ထိုတစ်ခဏအတွင်း ချူလျန်၏ ရုတ်တရက် ပေါက်ကွဲထွက်လာမှုက သူမျှော်လင့်ထားမှု၏ ပြင်ပတွင် ဖြစ်နေခဲ့သည်။

အင်မော်တယ်မန္တန် နှစ်ခုကို တတ်ကျွမ်းထားသော ကျင့်ကြံသူတစ်ယောက်ဖြစ်လျှင်ပင် တစ်ပြိုင်နက်တည်း ထုတ်ဖော်ရန်မှာ အလွန်ခဲယဉ်းလှပေသည်။

မြေချုံ့သိုင်း နှစ်ကြိမ်နှင့် ပဲစေ့ကြဲ၍စစ်တပ်ဖန်ဆင်းခြင်း မန္တန်တစ်ကြိမ်။ ချူလျန်သည် မျက်တောင်တစ်ခတ်အတွင်း အင်မော်တယ်မန္တန် သုံးခုကို အသုံးပြုလိုက်ခြင်းနှင့် ညီမျှနေသည်။

အင်မော်တယ်မန္တန်များ အသုံးပြုရာတွင် ချီစွမ်းအင်ကုန်ဆုံးမှုမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းကြောင်း သိထားရမည်ဖြစ်သည်။ သာမန် ရွှေအမြုတေ အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ယောက်ဆိုလျှင် ထိုကဲ့သို့ ဆက်တိုက်အသုံးပြုမှုကပင် သူ၏ချီပင်လယ်တစ်ခုလုံးကို ခန်းခြောက်သွားစေရန် လုံလောက်နေပေသည်။

သို့သော် ချူလျန်၏မျက်နှာက လုံးဝမပြောင်းလဲဘဲ မည်သည့် ပင်ပန်းမှုမျိုးကိုမျှ မတွေ့ရပေ။ ထိုအရာကပင် အဆင့်မြင့်ရွှေအမြုတေ၏ ဆွဲဆောင်မှုလော။

ယခင်က အချိန်အကြာကြီး ဖုံးကွယ်ထားခဲ့ခြင်းမှာ တကယ်ကို အားထုတ်ကြိုးပမ်းမှုကြီး ဖြစ်ပေသည်။ သို့သော်လည်း ထိုမျှသာ ဖြစ်တော့မည်။

ချူလျန် ငါးယောက်၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် ရွှီဇီယန်သည် ဖိအားအချို့ကို အမှန်တကယ် ခံစားလိုက်ရသည်။

ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို သက်သက်ယှဉ်မည်ဆိုလျှင် သူသည် ချူလျန်၏ မူလခန္ဓာကိုယ်ကိုပင် ယှဉ်နိုင်မည်မဟုတ်ပေ။ ယခု တစ်ယောက်တည်းဖြင့် ငါးယောက်ကို ရင်ဆိုင်နေရချိန်တွင်တော့ ပို၍ဆိုးရွားနေသည်။

သို့သော် သူက လက်ပိုက်ကြည့်နေမည်လော။ သူသည် ဝိုင်းရံပိတ်ဆို့ခံထားရသော်လည်း အနည်းငယ်မျှပင် ပြာယာခတ်ခြင်းမရှိသည်ကို တွေ့လိုက်ရ၏။

သူ့လက်နှစ်ဖက်က လျင်မြန်စွာ လက်သင်္ကေတများကို ပြုလုပ်လိုက်ရာ မျက်စိတစ်မှိတ်အတွင်း သူ၏ခန္ဓာကိုယ်ပေါ်တွင် အလင်းရောင်များ တောက်ပလာပြီး ပခုံးတစ်ဖက်မှ ဦးခေါင်းတစ်လုံး ရုတ်တရက် ထွက်ပေါ်လာသည်။

ထို့နောက် နောက်ထပ် ဦးခေါင်းတစ်လုံး ထပ်မံထွက်ပေါ်လာပြန်၏။

တစ်ချိန်တည်းမှာပင် သူ့ဘယ်ညာပခုံးအနောက်မှ လက်မောင်းနှစ်ဖက်စီ ထွက်ပေါ်လာရာ ခန္ဓာကိုယ်တစ်ခုလုံးက ရုတ်တရက် ကြီးမားလာပြီး ဆန်းကြယ်မှုများ ပြည့်နှက်သွားလေသည်။ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်။

ဤသည်မှာလည်း အနည်းငယ် ထူးခြားဆန်းပြားသော တန်ခိုးစွမ်းအင်တစ်ခု ဖြစ်သည်။ အင်မော်တယ်မန္တန် မဟုတ်သော်လည်း သိုင်းပညာကျင့်ကြံသူတစ်ဦးက ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ကို လေ့ကျင့်တတ်မြောက်သွားပါက အင်မော်တယ်မန္တန်နှင့် ညီမျှသည်ဟု လူအချို့က ပြောဆိုကြသည်။

All Chapters