အခန်း ၃၀၄
Vol. 31 Ch. 304
အခန်း (၃၀၄) - ဒါ ကျုပ်သင်ပေးထားတာ (၂)
ထိုတန်ခိုးစွမ်းအင်၏ အားသာချက်မှာ လူတစ်ယောက်ကို ကျောဘက်၌ အားနည်းချက် မရှိစေတော့ခြင်းပင်ဖြစ်သည်။
မျက်နှာသုံးဖက်ရှိ ဦးခေါင်းများနှင့် လက်မောင်းများသည် စနစ်သုံးခုအဖြစ် ဖွဲ့စည်းကာ အရပ်မျက်နှာအသီးသီးမှ လာသော ရန်သူများကို ခုခံနိုင်ပြီး ဝိုင်းရံတိုက်ခိုက်ခံရခြင်းကို ကြောက်ရွံ့ရန် မလိုအပ်တော့ပေ။
လူနည်းနည်းဖြင့် လူများများကိုရင်ဆိုင်ရာတွင် အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။
ပြောရမည်ဆိုလျှင် အချိန်ကား နှေးကွေးလွန်းလှသည်။ ထိုအချိန်တွင် ချူလျန်နှင့် ရုပ်သေးရုပ်များ၏ တိုက်ခိုက်မှုများက ရောက်ရှိလာပြီဖြစ်ကာ လက်သီးများ၊ ခြေထောက်များက ရောထွေးနေလေသည်။
ရွှီဇီယန်၏ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်သည် ထိုရုပ်သေးရုပ်လေးခုကို ခုခံရန် ခက်ခဲမှုမရှိပေ။ သို့သော် ရှေ့ဘက်မှ ချူလျန်၏ မူလခန္ဓာကိုယ်ကလည်း လုံးဝ သက်ညှာမထားပေ။
လက်သီးတစ်ချက် ထိုးချလိုက်ရာ လေပြင်းများ တိုက်ခတ်သွားပြီး လက်သီးစွမ်းအင်က ယခင်က လင်းအောက်၏ စွမ်းအားထက် အနည်းငယ်မျှပင် မလျော့နည်းပေ။
ဘုန်း...
ထိုလက်သီးချက်ကို ရွှီဇီယန်က လက်တစ်ဖက်တည်းဖြင့် ဖမ်းဆုပ်လိုက်သော်လည်း ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာလေသည်။ ကောင်းကင်မှ ဥက္ကာပျံတစ်ခု ပြုတ်ကျလာပြီး မြင့်မားသောတောင်ကုန်းကြီးကို ဝင်တိုက်မိသွားသကဲ့သို့ပင် ဖြစ်၏။
ပြိုင်ပွဲစင်အောက်၌။ ယခင်က ထွက်ခွာသွားခဲ့သော လင်းအောက်သည် မည်သည့်အချိန်က ပြန်ရောက်လာသည်မသိ၊ အပြင်ဘက်တွင် ရပ်ကာ ပြိုင်ပွဲစင်ပေါ်ရှိ ယှဉ်ပြိုင်မှုကို တိတ်တဆိတ်ကြည့်နေလေသည်။
ယခုအချိန်ကျမှသာ လင်းအောက် သိလိုက်ရသည်။ အကယ်၍ ချူလျန်သာ ဆန္ဒရှိပါက သူကဲ့သို့ပင် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကိုအားကိုး၍ တစ်ချက်တည်းဖြင့် ပြိုင်ပွဲကို အဆုံးသတ်နိုင်စွမ်း ရှိနေခဲ့သည်။
သို့သော် သူ ထိုသို့မလုပ်ခဲ့ဘဲ ယခုအချိန်အထိ သည်းခံကာ ရွှီဇီယန်အား လက်ဆောင်ကြီးတစ်ခု ပေးလိုက်ခြင်းဖြစ်သည်။
ကွင်းထဲတွင် ထိုနဂါးအစစ်၏ အငွေ့အသက်ကို သူသာလျှင် ခံစားမိနေသည်။ ထိုအရာမှာ သူ အရင်က အလွန်တရာ လိုလားတောင့်တခဲ့သော အခွင့်အရေးတစ်ခုဖြစ်သည်။
ပါရမီအပြင် ချူလျန်ထက် တစ်ခုခုလျော့နည်းနေသေးသလားဟူ၍ လင်းအောက် ပထမဆုံးအကြိမ် စတင်တွေးတောမိသွား၏။
လက်သီးချင်း ရိုက်ခတ်သွားပြီးနောက် ရွှီဇီယန်၏ ခေါင်းသုံးလုံး လက်ခြောက်ဖက် ခန္ဓာကိုယ်သည် ခြေနှစ်လှမ်းခန့်နောက်ဆုတ်သွားရပြီး ချူလျန်၏ ညာဘက်လက်သီးမှာလည်း မထိန်းနိုင်ဘဲ တုန်ယင်သွားလေသည်။
သူ၏ နဂါးသွေးလျှို့ဝှက်ပညာရပ်ကို အစွမ်းကုန် ဖွင့်လှစ်ထားပြီး ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးချီစွမ်းအင်များမှာလည်း မီးတောက်များကဲ့သို့ လောင်ကျွမ်းနေသည့်အဆင့်သို့ ရောက်နေပြီဖြစ်သည်။
လက်သီးတစ်ချက်တွင် ပါဝင်သော ကြီးမားလှသည့်စွမ်းအားကို သာမန်လူများ လုံးဝ ယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ။
သို့သော် ရွှီဇီယန်၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်မှာလည်း အားမနည်းလှပေ။ ယခင်က အထူးဂရုပြု၍ လေ့ကျင့်ထားခဲ့သည်မှာ သေချာလှ၏။
ဓာတ်ကြီးငါးပါးနယ်ပယ်၏ ပထမအလွှာသို့ ဝင်ရောက်သွားခြင်းကလည်း ဆန်းကြယ်မှုကို တစ်ဆင့်တိုးသွားစေသည်။
ယခုအချိန်တွင် သူ၏ ကန်းကျင်ဝိညာဉ်ချီစွမ်းအင်များ ခန္ဓာကိုယ်တစ်ခုလုံးသို့ စီးဆင်းသွားရာ အရေပြားက ကြေးနီရောင်အဖြစ် ချက်ချင်းပြောင်းလဲသွားပြီး အားကောင်းသော ဝိညာဉ်အလင်းတန်းများ ထွက်ပေါ်လာကာ မျက်စိတစ်မှိတ်အတွင်း သံမဏိကဲ့သို့ မာကျောသွားလေသည်။
ပဉ္စမအဆင့် ရွှေခန္ဓာကိုယ်။ ချူလျန်က ခွန်အားပိုကြီးသော်လည်း ထိုရွှေခန္ဓာကိုယ်၏ မာကျောမှုက ပို၍ပြင်းထန်လှသည်။ ထိပ်တိုက်ရင်ဆိုင်မှုတွင် မည်သူကမျှ အသာစီး မရခဲ့ပေ။
ယခုအချိန်တွင် ရွှီဇီယန်သည် သူ၏ ခေါင်းသုံးလုံး လက်ခြောက်ဖက် ရွှေခန္ဓာကိုယ်ကို မတ်မတ်ရပ်ကာ စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားထည်ဝါနေသည်။
ချူလျန်၏ ပုံရိပ်ငါးခုကလည်း ဝိုင်းရံထားပြီး မူလခန္ဓာကိုယ်က အဓိက၊ ရုပ်သေးရုပ်များက အကူအညီပေးကာ အားလုံးက လက်လွတ်စပယ်အသက်စွန့်၍ တိုက်ခိုက်နေကြလေသည်။
မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။ ထိုလူနှစ်ယောက်၏ ယှဉ်ပြိုင်မှုက ဤမျှပြင်းထန်သော အနီးကပ်တိုက်ပွဲအဖြစ် ပြောင်းလဲသွားလိမ့်မည်ဟုပင်။
ဘုန်း... ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...
ချူလျန်သည် လက်သီးသိုင်းကို သီးသန့်လေ့ကျင့်ထားခြင်း မရှိသော်လည်း ယွင်ချောင်ရှန်းထံမှ ရေစုန်ဆန်ကိုယ်ဖော့ပညာနှင့် အုတ်ခဲတိုက်ခိုက်ရေးပညာတို့ကို သင်ယူထားခဲ့ဖူးသဖြင့် သိုင်းပညာ၏ နက်နဲမှုကို အနည်းအကျဉ်းတော့ နားလည်ထားပေသည်။
ရွှီဇီယန်မှာလည်း ထိုအခြေအနေမျိုးကို ရင်ဆိုင်ရန်အတွက် အထူးလေ့ကျင့်ထားသည်မှာ သေချာလှပြီး သူ့လက်ကွက်များကလည်း အားမနည်းလှပေ။
လူနှစ်ယောက်သည် မျက်စိတစ်မှိတ်အတွင်း အကြိမ်ရာချီ၍ အပြန်အလှန် တိုက်ခိုက်လိုက်ကြပြီး လက်သီးချက်တိုင်းက အသားထဲသို့ ထိုးစိုက်ဝင်သွားကြသည်။ တစ်ယောက်ချင်း ယှဉ်ပြိုင်သည့်ပြိုင်ပွဲဖြစ်သော်လည်း အုပ်စုလိုက် တိုက်ခိုက်နေသည့် အရှိန်အဟုန်မျိုးကို ဖော်ပြနေ၏။
ဘုန်း... ဘုန်း... ဘုန်း...
တိုက်လေ ပို၍ပြင်းထန်လေဖြစ်ကာ ခြေထောက်အောက်ရှိ ပြိုင်ပွဲစင်ကပင် အက်ကွဲကြောင်းများ စတင်ပေါ်လာလေသည်။
ကွင်းအောက်ရှိ လူအားလုံးက အံ့ဩမှင်တက်စွာ ကြည့်နေကြသော်လည်း အရပ်မြင့်မြင့် တောင့်တောင့်တင်းတင်းနှင့် ထျန်းကန်းဂိုဏ်းမှ တပည့်တစ်ဦးသာ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ အထင်းသားပေါ်လွင်နေသည်။
ယွင်ချောင်ရှန်းက ရဲရင့်ကြံ့ခိုင်နေသော ချူလျန်ကို လက်ညှိုးထိုးပြကာ ဘေးရှိ ထန်ရှီကို ပြောလိုက်၏။
"တွေ့လား...အကုန်လုံး ငါသင်ပေးထားတာ..."
ခွပ်...
စကားပြောလို့ပင် မဆုံးသေး၊ ချူလျန်သည် ရုတ်တရက် လက်သီးတစ်ချက် အထိုးခံလိုက်ရသည်။
"ကိုယ်ဖော့ပညာကို ငါသင်ပေးထားတာ...လက်သီးသိုင်းကိုတော့ မသင်ပေးရသေးဘူး..."
ယွင်ချောင်ရှန်းက တည်ငြိမ်စွာဖြင့် စကားဖုံးလိုက်လေသည်။
ခွပ်...
ချူလျန်သည် နောက်ထပ် လက်သီးတစ်ချက် ထပ်အထိုးခံလိုက်ရပြန်၏။
ကွင်းထဲရှိ သူသည် တစ်ခုခုမှားယွင်းနေပြီကို စတင် သတိထားမိလာသည်။ သူ၏ အခြေအနေက တိုက်လေ ပို၍ရဲရင့်လေဖြစ်သကဲ့သို့ ရွှီဇီယန်မှာလည်း တိုက်လေ ပို၍ကြမ်းတမ်းလေဖြစ်လာပြီး တိုးတက်လာသည့်ပမာဏက သူ့ထက်ပင် ပို၍များပြားနေသေးသည်။
လက်သီးနှင့် ခြေကန်ချက်များက ပို၍ ထက်မြက်လာလေသည်။
'ဒီမာကျောလှတဲ့ ရွှေခန္ဓာကိုယ်နဲ့ မျက်နှာကို ထိုးလိုက်တဲ့ လက်သီးချက်က အရမ်းကို နာကျင်တာပဲ...'
သူသည် သိုင်းပညာကျင့်စဉ်တစ်ခုကို တဖြည်းဖြည်း ကျွမ်းကျင်လာပုံရပေသည်။ အမှန်တကယ်ပင် ထိုသို့ဖြစ်နေခဲ့၏။
ရွှီဇီယန်သည် ယခင်က လက်သီးသိုင်းကို သိပ်မလေ့လာခဲ့ဖူးပေ။ ယခင်အကြိမ်က ချူလျန်သည် မန္တန်တားမြစ်နယ်မြေကို အသုံးပြုကာ မုယွဲ့ထင်ကို အနိုင်ယူခဲ့ခြင်းကသာ ရွှီဇီယန်အား သတိဝင်သွားစေခဲ့ခြင်းဖြစ်သည်။
ထိုအကွက်က မျက်စိရှေ့တွင် ပေါ်လွင်သွားပြီဖြစ်ရာ သူသည် သဘာဝကျစွာပင် ကာကွယ်ရန် နည်းလမ်းရှာရတော့မည်ဖြစ်သည်။ ထို့ကြောင့် ပြိုင်ပွဲမတိုင်မီက ရှေးဟောင်းသိုင်းပညာ လက်သီးကျင့်စဉ်တစ်ခုကို အထူးရှာဖွေလေ့ကျင့်ခဲ့သည်။
ပဉ္စမအဆင့်ရွှေခန္ဓာကိုယ်ကို အားကိုးကာ သီးသန့်လေ့ကျင့်ထားသော သိုင်းပညာကျင့်စဉ်နှင့် ပေါင်းစပ်လိုက်လျှင် ချူလျန်၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်က မည်မျှပင် သန်မာစေကာမူ အနည်းဆုံးတော့ အချိန်အတိုင်းအတာ တစ်ခုအထိ ခံနိုင်ရည်ရှိမည်ဟု သူ တွေးထားခဲ့သည်။
မန္တန်တားမြစ်နယ်မြေ၏ အာနိသင် ကုန်ဆုံးသွားသည်အထိ တောင့်ခံထားနိုင်လျှင် လုံလောက်ပြီဖြစ်သည်။
သို့သော် ချူလျန်သည် တူညီသောနည်းလမ်းကို နှစ်ကြိမ်သုံးရန် အစီအစဉ်မရှိခဲ့ပေ။ ယခုတစ်ကြိမ်တွင် သူသည် မန္တန်တားမြစ်နယ်မြေကို လုံးဝ ယူဆောင်မလာခဲ့ပေ။
ယခုအချိန်အထိ သူ ဖန်တီးထားသော စစ်ဗျူဟာများက အလုပ်ဖြစ်နေခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း မျှော်လင့်မထားသော လှုပ်ရှားမှုများဖြင့် အကွာအဝေးကို ကျဉ်းမြောင်းစေကာ ရွှီဇီယန်နှင့် သူ့ကြားရှိ ကွာဟချက်အနည်းဆုံးဖြစ်သော အနီးကပ်တိုက်ပွဲသို့ ဝင်ရောက်လာခြင်းဖြစ်သည်။
သို့သော် အနီးကပ်တိုက်ပွဲတွင် ရွှီဇီယန်ကို အနိုင်မယူနိုင်ခြင်းက ချူလျန်၏ မျှော်လင့်ထားမှုကို ကျော်လွန်နေခဲ့ပြီး ဆက်တိုက်မည်ဆိုလျှင် သူပင် အနစ်နာခံရနိုင်ချေ ရှိနေသည်။
ထိုရလဒ်ကို ဖြစ်စေသည်မှာ ရွှီဇီယန်၏ ယာယီလေ့ကျင့်ထားသော သိုင်းပညာကျင့်စဉ်ကြောင့် မဟုတ်ဘဲ ချူလျန်တွင် ပဉ္စမအဆင့် ရွှေခန္ဓာကိုယ်အကြောင်း ဗဟုသုတ နည်းပါးနေခြင်းကြောင့်သာဖြစ်သည်။
'ပဉ္စမအဆင့်ရဲ့ ကန်းကျင်ချီစွမ်းအင်က ခန္ဓာကိုယ်အပေါ် သက်ရောက်မှု ဒီလောက်တောင် ပြင်းထန်တာလား...'
ယခုအခြေအနေမျိုးတွင် သူသည် နည်းလမ်းပြောင်းရန်သာ ရွေးချယ်နိုင်တော့သည်။
မြေပြင်ရှိ အက်ကွဲကြောင်းများ ပို၍နက်ရှိုင်းလာသည်ကို ကြည့်ရင်း ချူလျန်သည် ရုတ်တရက် အနောက်သို့ ခုန်ဆုတ်လိုက်ကာ ခဏတာမျှ အကွာအဝေးတစ်ခု ဖန်တီးလိုက်ပြီးနောက် ခြေတစ်ဖက်ဖြင့် အားကုန်နင်းချလိုက်လေသည်။
ဒိုင်း...
ခြေအောက်ရှိ ပြိုင်ပွဲစင်က ချက်ချင်းဆိုသလို အပိုင်းပိုင်းကွဲထွက်သွားရာ သူက ကျောက်ခဲကျိုးတစ်တုံးကို ဆွဲယူလိုက်ပြီး လက်ထဲတွင် အလေးချိန်ချိန်ကြည့်လိုက်ကာ ကျေနပ်သောအပြုံးတစ်ခု ပေါ်လာလေသည်။
ပြိုင်ပွဲစင်ကို တည်ဆောက်ထားသော ခိုင်ခံ့သည့်ပစ္စည်းများမှာ လက်ထဲတွင် ကိုင်ထားရသည်မှာ အလေးချိန်ရှိပြီး အလွန်အဆင်ပြေလှသည်။
ရွှီဇီယန်က ချူလျန်၏ မူလခန္ဓာကိုယ်နှင့်အတူ ရုပ်သေးရုပ် လေးခုစလုံးကပါ ကျောက်ခဲကျိုးတစ်ဝက်စီကို ကောက်ယူလိုက်သည်ကို ကြည့်ကာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။
'သူတို့လို အဆင့်မျိုး ရောက်နေပြီဆိုရင် လက်သီးရဲ့ မာကျောမှုက ဒီအုတ်ခဲကျိုးတွေထက် လျော့နည်းမှာ မဟုတ်ဘူး...ဒီလိုလက်နက်မျိုးကို ကိုင်ထားတော့ ဘာအသုံးဝင်မှာမို့လို့လဲ...'
သို့သော် ချူလျန်က ထိုသို့မထင်ပေ။ လက်ထဲတွင် အုတ်ခဲကျိုးတစ်ဝက်ကို ဆုပ်ကိုင်ထားပြီး ရှေ့သို့ ပြေးထွက်သွားချိန်တွင် သူ့မျက်လုံးများထဲ၌ ယုံကြည်မှုအပြည့်ရှိသော အလင်းတန်းများတောက်ပနေသည်ကို မြင်လိုက်ရသည်။
'အုတ်ခဲတစ်လုံး လက်ထဲမှာရှိရင် တစ်လောကလုံး ငါ့လက်ထဲမှာပဲ...'
ရွှီဇီယန်က သူ့ခေါင်းသုံးလုံး လက်ခြောက်ဖက် ရွှေခန္ဓာကိုယ်ကို အားပြုကာ တစ်ဖန် ပြန်လည်ခုခံလိုက်သော်လည်း နှစ်ချက်မျှပင် မကြာလိုက်၊ 'ဘုန်း' ခနဲ အသံတစ်သံ ကြားလိုက်ရပြီး ဦးခေါင်းနောက်စေ့ကို အုတ်ခဲဖြင့် အပြင်းအထန် အရိုက်ခံလိုက်ရလေသည်။
ချူလျန်၏ တိုက်ခိုက်မှုများက ရုတ်တရက် ချောမွေ့သွားခဲ့သည်လား။
ဘုန်း... ဘုန်း... ဘုန်း...
သူ့ကို တုံ့ပြန်ရန် အချိန်များများ မပေးလိုက်ဘဲ ဦးခေါင်းသုံးလုံးအား အုတ်ခဲဖြင့် ခုနစ်ချက်၊ ရှစ်ချက်ခန့် အရိုက်ခံလိုက်ရပြီဖြစ်သည်။
ချူလျန်၏ လက်ထဲတွင် အုတ်ခဲရှိနေချိန်၌ သူ၏ တိုက်ခိုက်ရေးစွမ်းရည်က အနည်းဆုံး ငါးဆယ်ရာခိုင်နှုန်းခန့် မြင့်တက်သွားလေသည်။
ပတ်ဝန်းကျင်ရှိ ပွဲကြည့်ပရိသတ်များအားလုံးမှာ ထူးဆန်းသော မျက်နှာအမူအရာများ ထွက်ပေါ်လာကြသည်။
ပြိုင်ပွဲက ယခုအချိန်အထိ သူတို့ကို တုန်လှုပ်မှုများစွာ ပေးစွမ်းနိုင်ခဲ့သော်လည်း ထိုမြင်ကွင်းက အလွန်တရာဆန်းကြယ်လွန်းလှသဖြင့် လူများကို တည်ငြိမ်စွာကြည့်ရှုနိုင်ရန် ခဲယဉ်းစေပေသည်။
နတ်ဘုရားတစ်ပါးကဲ့သို့သော ခေါင်းသုံးလုံးလက်ခြောက်ဖက် ရွှေခန္ဓာကိုယ်ကြီးက လက်ထဲတွင် အုတ်ခဲကျိုးများ ကိုင်ထားသည့် လူငယ်အချို့၏ လိုက်လံရိုက်နှက်ခြင်းကို ခံနေရသည်။
လမ်းဘေးရန်ပွဲတစ်ခုနှင့် အသက်ဝင်စွာတူညီနေပြီး ဦးခေါင်းများမှာလည်း 'တဘုန်း ဘုန်း' မြည်အောင် အရိုက်ခံနေရလေသည်။
ချူလျန်၏ "အုတ်ခဲသိုင်း" က သီးသန့်လေ့ကျင့်ထားပုံပေါ်နေသည်လား။ သို့သော် မည်သူကများ ထိုကဲ့သို့သော လက်နက်မျိုးကို တကူးတကလေ့ကျင့်မည်နည်း... အကယ်၍ ထိုအရာကို လက်နက်ဟု ခေါ်ဆိုနိုင်မည်ဆိုလျှင်ပင် အရမ်းကို ထူးဆန်းလွန်းမနေပေဘူးလား။ ဒါက ဘယ်လို သိုင်းကွက်မျိုးတွေလဲ။
ပြိုင်ပွဲစင်အောက်ရှိ ကြွက်သားအမြွှာမြွှာနှင့် လူရမ်းကားကြီးတစ်ယောက်ကတော့ ဂုဏ်ယူဝင့်ကြွားသော အပြုံးတစ်ခုပေါ်လာလေသည်။
"ဒါကို အုတ်ခဲတိုက်ခိုက်ရေးပညာလို့ခေါ်တယ်...ဒါလည်း ငါသင်ပေးထားတာပဲ..."