← Chapters

အခန်း ၃၀၆

Vol. 31 Ch. 306

အခန်း ၃၀၆

Vol. 31 Ch. 306

အခန်း (၃၀၆) - ခွန်အားကုန်ခန်းသည့်တိုင်အောင် တိုက်ခိုက်ခြင်း (၂)

စင်မြင့်အောက်ရှိ ကြည့်ရှုသူများမှာ တစ်ကြိမ်ပြီးတစ်ကြိမ် အံ့အားသင့်မှုများကြောင့် စကားပင်မပြောနိုင်တော့ဘဲ စင်မြင့်ပေါ်ရှိ မုန်တိုင်းထဲမှ အရိပ်မည်းကြီးကို မျက်လုံးပြူးကာ ကြည့်နေမိကြတော့သည်။

တိုက်ပွဲက ယခုအခြေအနေအထိ ရောက်ရှိလာမည်ကို မည်သူမျှ မမျှော်လင့်ထားခဲ့ကြချေ။ ယခုအချိန်တွင် ချူလျန် ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ သူ့စွမ်းဆောင်ရည်က အခင်းဖြစ်ပွားရာနေရာရှိ လူတိုင်းကို ဖမ်းစားနိုင်ခဲ့ပြီဖြစ်သည်။

ကောင်းကင်ပါရမီရှင်တစ်ဦးဟု ခေါ်ဆိုနိုင်ပေသည်။

နောင်လာမည့် မြင့်မြတ်ဂိုဏ်း (၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း (၁၀)ဂိုဏ်းရှိ လူငယ်မျိုးဆက်များကြားတွင် သေချာပေါက် သူ့နာမည် ပါဝင်လာမည်ဖြစ်သည်။

ဂွမ်... ဒိုင်း...

ရွှီဇီယန်က သူ၏လက်မောင်းနှစ်ဖက်ဖြင့် ဧရာမဓားကြီးကို လွှဲယမ်းကာ ကောင်းကင်ပိုက်ကွန် ဓာတ်ကြီးငါးပါး၏ ဝရုန်းသုန်းကားလေဝဲကတော့ပေါ်သို့ အားကုန်ခုတ်ချလိုက်ရာ မြေကြီးများတုန်ခါကာ တောင်များပင်ပြိုကျမတတ် ပြင်းထန်လှသော ရိုက်ခတ်မှုကြီးကိုဖြစ်ပေါ်စေခဲ့သည်။

အနည်းငယ် ခုခံတောင့်ခံပြီးနောက်တွင် သူ့တွင်ကျန်ရှိနေသော လက်မောင်းနှစ်စုံကလည်း လှုပ်ရှားလာပြီး မန္တန်လက်ကွက်များ အသီးသီးဖော်ထုတ်ကာ ရှေ့သို့ တွန်းထုတ်လိုက်လေသည်။

ဘုန်း...

သူ့လက်ဝါးပြင်တွင် ရွှေအိုရောင် မိုးကြိုးနဂါးတစ်ကောင်ကို ဆုပ်ကိုင်ထားသကဲ့သို့ ဝရုန်းသုန်းကားလေဝဲကတော့ဆီသို့ ပြင်းထန်စွာ တွန်းထုတ်လိုက်ရာ ပတ်ဝန်းကျင်ရှိ လေဝဲကတော့ကို ကျယ်လောင်သော အသံကြီးများနှင့်အတူ ဝင်တိုက်မိသွားပြီး တည်ငြိမ်မှုမရှိတော့သည့်အလား ဖြစ်သွားစေသည်။

ချူလျန်က စိတ်အာရုံကိုငါးခုခွဲကာ စစ်မှန်သောချီများကို အပြည့်အဝဖွင့်ချလိုက်ပြီး အစောပိုင်းကတည်းက အစွမ်းကုန် ကြိုးစားထားခဲ့သည်။

ထို့ကြောင့် ချက်ချင်းပင် ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး ကောင်းကင်ပိုက်ကွန် ဓာတ်ကြီးငါးပါးကို နောက်တစ်ကြိမ် ဖိသိပ်တွန်းပို့လိုက်လေသည်။ ဝရုန်းသုန်းကား ဝိညာဉ်ချီများက ရွှီဇီယန်၏ရှစ်ကျန်းအမြင့်ရှိ ရွှေရောင်ကိုယ်ထည်ကြီးကို ရိုက်ခတ်သွားရာ လုံးဝအရှုံးမပေးဘဲ တောင့်ခံထားနိုင်ခဲ့ပေသည်။

လေနှင့် တိမ်တိုက်များ အရောင်ပြောင်းသွား၏။ ကောင်းကင်နှင့်မြေကြီးမှာ ဟိန်းထွက်မြည်ဟည်းသွားလေသည်။

နောက်ဆုံးတွင် ထိုခွန်အားပြိုင်ဆိုင်မှုက အမြင့်ဆုံးအမှတ်တစ်ခုသို့ ရောက်ရှိသွားပြီးနောက် ပြင်းထန်စွာ ပေါက်ကွဲထွက်သွားကာ ကြောက်မက်ဖွယ်ကောင်းသော ဝရုန်းသုန်းကား မုန်တိုင်းကြီး ပြန့်ထွက်သွားလေတော့သည်။

အကယ်၍ အစီအရင်အတားအဆီးများဖြင့် တားဆီးထားခြင်းသာမရှိပါက ကွင်းတစ်ခုလုံးရှိ လူများအားလုံး ရှောင်ရှားကြရမည်ဖြစ်သည်။

ဂွမ်... ဂွမ်... ဂွမ်...

...

"တကယ်ကို ထင်မှတ်မထားတဲ့အရာပဲ..."

အဘိုးအိုဆွန်းက ပြောလိုက်သည်။

"ချူလျန်က ရွှီဇီယန်နဲ့ ဒီအဆင့်အထိ တိုက်ခိုက်နိုင်မယ်လို့ မထင်ထားခဲ့ဘူး..."

"ရှုံးသွားခဲ့ရင်တောင် ဂုဏ်ယူစရာပဲ..."

အဘိုးအိုဟွမ်က ဝင်ပြောလိုက်သည်။

"အိုး..."

အဘိုးအိုဆွန်းက မေးလိုက်၏။

"မင်း ရွှီဇီယန်နိုင်မယ်လို့ ယုံကြည်နေတုန်းပဲလား..."

"ဒါ သဘာဝပါပဲ..."

အဘိုးအိုဟွမ်က ဆိုလေသည်။

"ပဉ္စမအဆင့်နဲ့ စတုတ္ထအဆင့်ကြားက ကွာဟချက်က ဒီမှာရှိနေတုန်းပဲလေ... အပေါ်ယံကြည့်ရတာတော့ အကြိတ်အနယ် တိုက်ခိုက်နေပုံပေါ်ပေမဲ့ ချူလျန်အသုံးပြုနေတဲ့ နည်းလမ်းတွေက ရွှီဇီယန်ထက် အများကြီး ပိုရှုပ်ထွေးနေမှသာ မတန်တဆတိုက်ခိုက်နိုင်တာ…”

“အခုအချိန်အထိ တိုက်ခိုက်နိုင်တာကကို တော်တော်အံ့သြစရာကောင်းနေပါပြီ... ဒါပေမဲ့ သူ့ရဲ့ စစ်မှန်တဲ့ချီတွေက အနှေးနဲ့အမြန်ဆိုသလို ခန်းခြောက်သွားမှာပါ..."

ရွှေရောင်ကိုယ်ထည်ကြီးပြိုကျသွားပြီး အစီအရင်ပုံစံကြီးပျက်စီးသွားကာ စင်မြင့်ပေါ်ရှိ လေနှင့် တိမ်တိုက်များမှာ အချိန်အတော်ကြာမှသာ ပြယ်လွင့်သွားခဲ့သည်။

ဖုန်မှုန့်များ ငြိမ်သက်သွားချိန်တွင် အချိန်အတော်ကြာ ကုန်လွန်သွားခဲ့ပြီဖြစ်သည်။

ရွှီဇီယန်မှာ သူ၏အစစ်အမှန်ခန္ဓာကိုယ်သို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီး စင်မြင့်ပေါ်တွင် ခါးကိုမတ်မတ်ထားကာ ရပ်နေဆဲဖြစ်သော်လည်း တည်ငြိမ်နေသော အကြည့်များထဲတွင် အံ့ဩမှုအချို့ ပါဝင်နေလေသည်။

ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်အပြင် ကောင်းကင်နှင့်မြေကြီး ပုံစံတူဖန်ဆင်းခြင်း၊ ပဉ္စမအဆင့် ရွှေရောင်ကိုယ်ထည်တို့ကို အပြည့်အဝ ဖော်ထုတ်လိုက်ချိန်တွင် သူ၏စစ်မှန်သောချီများ ကုန်ဆုံးမှုမှာ အလွန်ကြီးမားလှသဖြင့် သူလည်း အချိန်ကြာမြင့်စွာ ဆက်လက်ထိန်းသိမ်းထားနိုင်စွမ်း မရှိခဲ့ပေ။

သို့သော် ထိုကဲ့သို့တွေးကြည့်မည်ဆိုလျှင် ချူလျန်၏ ကုန်ဆုံးမှုမှာ ပို၍ကြီးမားသင့်ပေသည်။

သူသည် ဆက်တိုက်ဆိုသလို အင်မော်တယ်မန္တန်များ ပေါက်ကွဲထုတ်ဖော်ပြီးနောက်တွင် ပဲစေ့ကြဲ၍စစ်တပ်ဖန်ဆင်းခြင်းဖြင့် ဖန်တီးထားသော ရုပ်သေးရုပ်များကိုပါ အချိန်တိုင်း ထိန်းသိမ်းထားခဲ့ပြီး ၎င်းကိုအသုံးပြု၍ ကောင်းကင်ပိုက်ကွန် ဓာတ်ကြီးငါးပါး အစီအရင်ကိုပါ ဖော်ထုတ်ခဲ့သေးရာ…။

ထိုအခြေအနေမှာ စတုတ္ထအဆင့်တစ်ခုရှိသင့်သော ချီပင်လယ်ပမာဏ လုံးဝမဟုတ်ချေ။

သို့သော် ချူလျန် နောက်တစ်ကြိမ် ထပ်မံပေါ်ထွက်လာချိန်တွင်မူ တက်ကြွလန်းဆန်းနေဆဲဖြစ်ကာ မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေဆဲဖြစ်သည်။

ထိုရုပ်သေးရုပ်လေးခုမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ သူက ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေရင်း ရွှီဇီယန်အား ပြောလိုက်သည်။

"စီနီယာအစ်ကိုရွှီရဲ့ တန်ခိုးစွမ်းအင်က တကယ်ကို အစွမ်းထက်တာပဲ... စင်မြင့်အောက်ရောက်ရင် ကျုပ် ခင်ဗျားဆီကနေ သေချာပေါက် သင်ခန်းစာလာယူရဦးမယ်...ရနိုင်မလား..."

ရွှီဇီယန်က သူ့အားကြည့်ကာ အနည်းငယ် တွေဝေသွားပြီးနောက်ပြောလိုက်၏။

"မင်း စကားတွေပြောပြီး အချိန်ဆွဲချင်နေတာမလား...စတုတ္ထအဆင့်တစ်ခုအနေနဲ့ မင်းရဲ့ ချီပင်လယ်ပမာဏက တော်တော်လေး အံ့သြဖို့ကောင်းနေပါပြီ…”

“ဒါပေမဲ့ အဲ့ဒါမှာ သေချာပေါက် ကန့်သတ်ချက်တစ်ခုတော့ ရှိရမှာပဲ...ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ အခုဆိုရင် ခန်းခြောက်သွားလောက်ပြီ..."

သူက ချူလျန်၏ အတွေးငယ်လေးကို တစ်ချက်တည်းဖြင့် ဖောက်ထွင်းသိမြင်သွားခဲ့သည်။

အမှန်တကယ်ပင် သူ၏ထိပ်တန်းရွှေအမြုတေနှစ်ခုက မည်မျှပင် အစွမ်းထက်နေစေကာမူ သူ၏မူလကျင့်ကြံခြင်းအဆင့်မှာ စတုတ္ထအဆင့်သာဖြစ်သည်ဟူသော အမှန်တရားကိုမူ ပြောင်းလဲ၍မရနိုင်ပေ။

သူ့ချီပင်လယ် ချဲ့ထွင်နိုင်မှုတွင်ကန့်သတ်ချက်ရှိပြီး မည်မျှပင်မြန်ဆန်စွာ ပြန်လည်ပြည့်ဖြိုးနိုင်စေကာမူ အချိန်တစ်ခုတော့ လိုအပ်ပေသည်။

အကယ်၍ သာမန်ကုန်ဆုံးမှုမျိုးသာဆိုလျှင် သူက ဆက်တိုက်ဆိုသလို ပြန်လည်ဖြည့်တင်းနိုင်လောက်ပေသည်။ သို့သော် ဤသို့သော အင်မော်တယ်မန္တန်အဆင့်များကို ဆက်တိုက်အသုံးပြုမှုမှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှရာ ခေါင်းကြီးကလေးငယ်က လေထဲပျံတက်သွားလောက်အောင် အလုပ်လုပ်နေလျှင်ပင် မျက်စိတစ်မှိတ်အတွင်း ပြန်လည်ပြည့်ဖြိုးလာရန်မှာ မဖြစ်နိုင်ချေ။

ရွှီဇီယန်၏ ပဉ္စမအဆင့်ချီပင်လယ်ပမာဏနှင့် ပြန်လည်ပြည့်ဖြိုးသည့် အမြန်နှုန်းမှာ သဘာဝအရကိုက စတုတ္ထအဆင့်ထက် အဆပေါင်းများစွာ ပို၍အားကောင်းနေပြီး ယခုအခြေအနေတွင်လည်း သေချာပေါက် ပို၍ကောင်းမွန်နေပေသည်။

ယခု ချူလျန်မှာ ပြန်လည်ပြည့်ဖြိုးရန် အချိန်အနည်းငယ် ပို၍ဆွဲချင်နေခြင်းသာ ဖြစ်သည်။

ရွှီဇီယန်က တစ်ချက်ကြည့်ရုံဖြင့် သိမြင်သွားရာ သဘာဝကျစွာပင် သူ့အား ဤအခွင့်အရေးကို ထပ်မံပေးမည်မဟုတ်တော့ချေ။

ရွှီး...

ဓားအလင်းတန်းတစ်ခုက စင်မြင့်ကို ခွဲခြမ်းပစ်လိုက်သည်။

ရွှီဇီယန်၏ သည့်ဓားပျံအမည်မှာ "ချီဖြတ်ဓား" ဟုခေါ်ပြီး ရှုတောင်ပေါ်တွင် တိုက်ပွဲဝင်မှတ်တမ်း အလွန်ကောင်းမွန်သော ရှေးဟောင်းဓားတစ်လက်လည်း ဖြစ်ကာ နာမည်ကျော်ကြားလှသော စီနီယာပါရမီရှင် အများအပြားနှင့်အတူ တွဲဖက်ပါဝင်ခဲ့ဖူးလေသည်။

ထို့နောက် ဓားအလင်းတန်းက ထောင်ပေါင်းများစွာအဖြစ် ပြောင်းလဲသွားပြီး ထပ်တူကျနေသော ဓားချီများက မျက်စိတစ်မှိတ်အတွင်းမှာပင် ချူလျန်ကို လွှမ်းခြုံသွားလေတော့သည်။

ဓားတစ်သောင်းမန္တန်...

နှစ်ဖက်လုံးက ယခုအချိန်အထိ တိုက်ခိုက်ခဲ့ရသဖြင့် ရွှီဇီယန်၏ အခြေအနေမှာလည်း သိပ်မကောင်းလှတော့ဘဲ ယခုအချိန်ရှိ ဓားအလင်းတန်းမှာ အစောပိုင်းကနှင့်ယှဉ်လျှင် များစွာအားနည်းနေပြီဖြစ်သည်။

သို့သော် ယခုအချိန်တွင် အခြေအနေပိုဆိုးနေသော ချူလျန်ကို ရင်ဆိုင်ရန်အတွက်မူ လုံလောက်နေဆဲဖြစ်သည်။

သို့သော် ချူလျန်၏ တုံ့ပြန်မှုကလည်း ထပ်တူပင်ပြင်းထန်လှသည်။ သူက ဝူချန်ဓားကို မြှောက်ကာ လေထဲတွင် အဆောင်စာလုံးအချို့ကို ရေးဆွဲလိုက်ရာ ဓားအလင်းတန်းများက ရွှီဇီယန်၏ခန္ဓာကိုယ်ဆီသို့ ရုတ်တရက် ပျံသန်းသွားလေသည်။

သူက ကာကွယ်ခြင်း မပြုခဲ့ပေ။

ထို့အစား ရွှီဇီယန်ကို တိုက်ခိုက်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

အပြန်အလှန် လဲလှယ်တိုက်ခိုက်ခြင်းပင်...။

ထိုလုပ်ရပ်က ရွှီဇီယန်မမျှော်လင့်ထားသည်မှာ သိသာထင်ရှားလှသည်။ သူက အဆောင်ဓားမန္တန်များ အနားသို့ရောက်ရှိလာသည်ကို မြင်လိုက်ရသဖြင့် ခန္ဓာကိုယ်ကို ရုတ်တရက် ရှောင်တိမ်းလိုက်ရာ သီသီလေးလွတ်သွားခဲ့၏။

ဘုန်း...

အခြားတစ်ဖက်တွင်မူ ဓားအလင်းတန်းများက အနားသို့ရောက်ရှိလာချိန်၌ ချူလျန်၏ အကြည့်များက ရုတ်တရက်တောက်ပသွားပြီး ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်လေသည်။

ရွှီး...

ထပ်ပြီးတော့ မြေချုံ့သိုင်းကို သုံးလိုက်ပြန်ပြီလား...

နည်းလမ်းဟောင်းကို ထပ်မံအသုံးပြုကာ ဓားချီတံတိုင်းကြီးကို ထိုးဖောက်ကျော်ဖြတ်လိုက်ပြီး ရွှီဇီယန်ဆီသို့ ထပ်မံပြေးဝင်သွားပြန်သည်။

သူက ထိုမျှပြင်းထန်လှသော ကုန်ဆုံးမှုများကို ကြုံတွေ့ခဲ့ရပြီးသည့်တိုင် ထိုကဲ့သို့သော အင်မော်တယ်မန္တန်ကို မျက်စိတစ်မှိတ်အတွင်း ဖော်ထုတ်နိုင်သေးသည်လား...။

ရွှီဇီယန်နှင့် ချူလျန်တို့၏ တိုက်ပွဲတွင် အမှန်တကယ်ပင် အံ့အားသင့်ဖွယ်ရာများစွာ ရှိနေခဲ့ပေသည်။

ရွှီဇီယန်က အဆောင်ဓားမန္တန်ကို ရှောင်တိမ်းပြီးကာစ ခြေစုံမရပ်နိုင်သေးခင်မှာပင် လက်ချောင်းနှစ်ချောင်းကိုလှည့်လိုက်ရာ ဓားအလင်းတန်းက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး ချူလျန်၏နောက်ကျောမှ လိုက်ပါလာတော့သည်။

ချူလျန်က နောက်ကျောမှ လေတိုးသံကို ကြားလိုက်ရသော်လည်း ဂရုမစိုက်တော့သည့်အလား သူ့ခန္ဓာကိုယ်က ရွှီဇီယန်ဆီသို့သာ ဆက်လက်ပျံသန်းသွားလေသည်။

ယခုအချိန်တွင် နှစ်ဖက်လုံး၏ အခြေအနေမှာ မြှားအရှိန်ကုန်ဆုံးခါနီးအချိန်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း တိုက်ခိုက်လိုစိတ်များကမူ ယခင်ကထက် ပို၍ပြင်းထန်နေဆဲ ဖြစ်သည်။

မည်သူမျှ မရှုံးချင်ကြပေ။

ဘုန်း...

ချူလျန်က မျက်စိတစ်မှိတ်အတွင်း အနားသို့ရောက်ရှိလာပြီး ရွှီဇီယန်၏မျက်နှာကို လက်သီးဖြင့် တစ်ချက်ထိုးချလိုက်လေသည်။

ဘုန်း...

ယခုအချိန်တွင် သူ့၌ ရွှေရောင်ကိုယ်ထည်အကာအကွယ်မရှိတော့ရာ ချူလျန်၏ ထိုလက်သီးတစ်ချက်က သူ့ကို နောက်သို့ လွင့်စဉ်သွားစေခဲ့သည်။

သို့သော် မိမိကိုယ်ကိုယ် လုံးဝဂရုမစိုက်ခဲ့သော ချူလျန်ကိုလည်း ချီဖြတ်ဓားက အလျင်အမြန်ပင် အမီလိုက်လာခဲ့သည်။

All Chapters