← Chapters

အခန်း ၃၀၇

Vol. 31 Ch. 307

အခန်း ၃၀၇

Vol. 31 Ch. 307

အခန်း (၃၀၇) - ခွန်အားကုန်ခန်းသည့်တိုင်အောင် တိုက်ခိုက်ခြင်း (၃)

ရှပ်...

သူက အနည်းငယ်မျှသာ ရှောင်တိမ်းရန် အချိန်ရလိုက်ပြီး နောက်ကျောမှနေ၍ ညာဘက်နံရိုးကို ပျံသန်းသည့်ဓားဖြင့် ခုတ်ဖြတ်ခံလိုက်ရကာ သွေးများ ပန်းထွက်လာတော့သည်။

ထိုသို့ အပြန်အလှန်ဒဏ်ရာပေးခြင်းက သိသာထင်ရှားစွာပင် အရှုံးပေါ်လှသည်။

လူတိုင်းက ချူလျန်သည် ခွန်အားကုန်ခန်းသွားပြီဖြစ်ကာ အခြားမည်သည့်နည်းလမ်းမျှမရှိတော့ဟု ထင်မှတ်နေချိန်တွင် သူက ရုတ်တရက် ပြုံးလိုက်လေသည်။

လွင့်စဉ်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာစဖြစ်သော ရွှီဇီယန်က ချူလျန်၏ အပြုံးကို မြင်လိုက်ရချိန်တွင် သူ့စိတ်ထဲ၌ မကောင်းသော ကြိုတင်ခံစားမှုတစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။

ချူလျန်ထံမှ ပန်းထွက်လာသော သွေးများအားလုံးမှာ ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသော ရွှေနီရောင်များဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။

သူလက်ချောင်းထိပ်ကို ဖွဖွလေးလှုပ်ရှားလိုက်သည်နှင့် ၎င်းတို့က ရွှေရောင်အလင်းမြှားတစ်စင်းအဖြစ် ရုတ်တရက်ပြောင်းလဲသွားလေသည်။

ရွှီး...

ရွှီဇီယန်၏ ရင်ဘတ်ကိုလည်း ရုတ်တရက် ထိုးဖောက်သွားခဲ့လေတော့သည်။

စင်မြင့်အောက်ရှိ လော့ယောင်နှင့် ဘုန်းတော်ကြီးပုရှန်တို့၏ အကြည့်များကလည်း လှုပ်ရှားသွားကြသည်။

ထိုတိုက်ကွက်ကို အစောဆုံးအနေဖြင့် အမှောင်ဘုရင်ဂိုဏ်းမှ မြေကမ္ဘာတမန်တော်ကို ရင်ဆိုင်ခဲ့ရချိန်တွင် သူတို့ မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။

ထိုအချိန်က မြေကမ္ဘာတမန်တော်၏ သွေးသန့်စင်ခြင်းပညာရပ်က သူတို့အား ပြဿနာအနည်းငယ် ပေးနိုင်ခဲ့သော်လည်း ချူလျန်သည်လည်း ထိုတန်ခိုးစွမ်းအင်ကို ကျွမ်းကျင်ပိုင်နိုင်နေမည်ဟု မထင်မှတ်ထားခဲ့ကြချေ။

ထိုစဉ်က တောင်ပိုင်းနယ်မြေတောင်တန်းမှ ပြန်လာပြီးကတည်းက ချူလျန်သည် ဝိညာဉ်အလင်း သွေးသန့်စင်ခြင်းပညာရပ်ကို ဆက်တိုက်ဆိုသလို ကြိုးစားကျင့်ကြံခဲ့ပြီး နဂါးသွေးလျှို့ဝှက်ပညာရပ်က သွေး၏ဝိညာဉ်စွမ်းအင်ကို ပံ့ပိုးပေးမှုနှင့် ပေါင်းစပ်လိုက်သောအခါ ယခုအချိန်တွင် သူ၏ သွေးသန့်စင်ခြင်းတန်ခိုးစွမ်းအင်မှာ အသေးစားအောင်မြင်မှုအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

နှစ်ဖက်လုံး နည်းလမ်းပေါင်းစုံကုန်ခန်းသွားချိန်တွင် ထိုတိုက်ကွက်က နောက်ဆုံး၌ အကျိုးသက်ရောက်မှု ရှိသွားခဲ့လေပြီ။

ဘုတ်...

ရွှီဇီယန်၏ ခန္ဓာကိုယ်က ပက်လက်လန်ကာလဲကျသွားပြီး ချူလျန်သည်လည်း အားကုန်ခမ်းကာ လဲကျသွားခဲ့သည်။

နှစ်ယောက်လုံး လဲကျသွားခဲ့ကြသည်။

"ဒါ ဘယ်လိုဖြစ်သွားတာလဲ..."

ကြည့်ရှုသူများမှာ တစ်ယောက်ပြီးတစ်ယောက် အံ့ဩသွားကြသည်။

"ဒါဆို ဘယ်သူနိုင်တာလဲ..."

"ချူလျန်နိုင်တာ..."

ကြည့်ရှုရေးစင်မြင့်ပေါ်မှ အဘိုးအိုဆွန်းက ပြုံးကာ ပြောလိုက်သည်။

"ရွှီဇီယန်ရဲ့ ဓားကို ချူလျန်ကိုယ်တိုင်က အရေးကြီးတဲ့နေရာတွေကနေ ရှောင်တိမ်းသွားခဲ့တာ...ဒါပေမဲ့ ချူလျန်ရဲ့ သွေးမြှားကတော့ ရွှီဇီယန်ရဲ့ အရေးကြီးတဲ့နေရာတွေကို သူ့ဘာသာအလိုအလျောက် ရှောင်တိမ်းသွားပေးခဲ့တာ…”

“အသက်အသေတိုက်ရမဲ့ တိုက်ပွဲမျိုးသာဆိုရင် သေချာပေါက် ရွှီဇီယန်သေမှာပဲ..."

အဘိုးအိုဟွမ်က သက်ပြင်းတစ်ချက် ချလိုက်သည်။

"ဟူး..."

ကွင်းတစ်ခုလုံးရှိ အံ့အားသင့်နေသော အကြည့်များကြားတွင် အဂ္ဂိရတ်ခန်းမမှ တပည့်များပင်လျှင် ရှေ့သို့တက်ကာ ကယ်ဆယ်သင့်၊ မကယ်ဆယ်သင့်ကို မသိကြတော့ချေ။

ထို့နောက် လူတစ်ဦးကယိမ်းယိုင်စွာဖြင့် ကုန်းထလာသည်ကို မြင်တွေ့လိုက်ရသည်။

သူက ချူလျန်ပင် ဖြစ်နေပေသည်။

သူ့နံရိုးအောက်ရှိဒဏ်ရာမှ သွေးများယိုစီးမှုမှာ ရပ်တန့်သွားခဲ့ပြီဖြစ်သည်။ သူတစ်ကိုယ်လုံး၏ခြေလှမ်းများက အနည်းငယ် ယိမ်းယိုင်နေသော်လည်း ယခုလေးတင် ပြင်းထန်သောဒဏ်ရာရထားသည်ဟု လုံးဝမထင်ရတော့ချေ။

ထိုအခြေအနေကြီးသည် မည်သို့သော ကြောက်မက်ဖွယ်ကောင်းသည့် ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်နှုန်းဖြစ်နေသနည်း။

အကြောင်းမှာ ရွှီဇီယန်နှင့် အဆင့်ကျော်လွန်၍ တိုက်ခိုက်နေခဲ့ရသဖြင့် လူတိုင်းက ချူလျန်၏ ခန္ဓာကိုယ်အစွမ်းထက်မှုကို မေ့လုနီးပါးဖြစ်နေခဲ့ရာ ယခုအချိန်ကျမှသာ ရုတ်တရက် သတိပြုမိသွားကြခြင်းဖြစ်သည်။

ဒါ လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ် ဟုတ်ရဲ့လား…။

ချူလျန်က ရွှီဇီယန်၏ရှေ့သို့ လျှောက်သွားကာ အနည်းငယ်ကိုင်းညွတ်လိုက်ပြီး မျက်နှာပေါ်တွင်အပြုံးတစ်ခုဖြင့် လက်တစ်ဖက်ကို ကမ်းပေးလိုက်သည်ကို မြင်လိုက်ရသည်။

ဖတ်...

ရွှီဇီယန်က အားနည်းစွာဖြင့် လက်မောင်းကိုမြှောက်ကာ ထိုလက်ကို ဆုပ်ကိုင်လိုက်၏။

ထို့နောက် ချူလျန်ကအားစိုက်၍ တစ်ချက်ဆွဲတင်လိုက်ရာ ရွှီဇီယန်သည်လည်း မတ်တတ်ရပ်လျက်သား ဖြစ်သွားလေသည်။

ယခုအချိန်တွင် နေဝင်ချိန်သို့ ရောက်ရှိနေပြီဖြစ်ကာ ရွှေရောင်နေရောင်ခြည်တစ်ခုက ကွင်းပြင်ပေါ်သို့ ကျရောက်နေသည်။ ရွှီဇီယန်က မျက်လုံးကိုမော့ကြည့်ကာ ရုတ်တရက် ဖွဖွလေး ပြုံးလိုက်လေတော့သည်။

"ရှုတောင်..."

စင်မြင့်ထက်ရှိ လူငယ်များ၏ ပုံရိပ်များကို ကြည့်ရင်း အဘိုးဆွန်းက ရုတ်တရက် သက်ပြင်းချကာ ရေရွတ်လိုက်သည်။

"ဘာကြောင့်မှန်းတော့ မသိပေမဲ့ မိစ္ဆာနှိမ်စေတီ ပျောက်ဆုံးသွားပြီးကတည်းက ရှုတောင်ဂိုဏ်းက အရေးပါတဲ့ အရင်းအမြစ်တွေ လုယက်ရာမှာ အတော်လေး အရေးနိမ့်လာခဲ့ပြီး ဂိုဏ်းရဲ့အင်အားကလည်း တစ်နေ့တခြား ကျဆင်းလာခဲ့တယ်…”

“တခြားဂိုဏ်းသာဆိုရင် မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းနဲ့ မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်း စင်မြင့်ထက်ကနေ တဖြည်းဖြည်းဆုတ်ခွာသွားလောက်ပြီ...အဲဒါကမှ ကောင်းကင်တာအိုရဲ့ နိယာမနဲ့ ကိုက်ညီတာပဲ...ဒါပေမဲ့ ဆယ်စုနှစ်အနည်းငယ် ကြာတိုင်းမှာ ရှုတောင်ဂိုဏ်းက ဂိုဏ်းကို ပြန်လည်ဦးမော့လာစေနိုင်တဲ့ ပါရမီရှင်တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် ထွက်ပေါ်လာတတ်ပြီး ကောင်းကင်ကိုဆန့်ကျင်ပြီး ကံကြမ္မာကို ပြောင်းလဲသလိုမျိုး ရှုတောင်ဂိုဏ်းအတွက် အလံကို လွှင့်ထူပေးလေ့ရှိတယ်..."

သူပြောပြနေသည်ကလည်း ကျင့်ကြံခြင်းလောက၏ ယေဘုယျနိယာမတစ်ခုပင် ဖြစ်သည်။ မည်မျှပင် ထွန်းကားခဲ့သော အင်မော်တယ်ဂိုဏ်းဖြစ်စေကာမူ အမြင့်ဆုံးမှ ကျဆင်းခြင်းသို့ ကူးပြောင်းသည့် အချိုးအကွေ့ကို ဖြတ်သန်းပြီးနောက် သမိုင်းစင်မြင့်ထက်မှ ဆုတ်ခွာသွားရမြဲဖြစ်ပေသည်။

ထိုအရာက နှမြောတသဖြစ်စရာ ဘာမှမရှိပေ။ ရှေးခေတ်မှ ယနေ့တိုင် ဤသို့သာ ဖြစ်ခဲ့သည်။ ထိုစဉ်က ကောင်းကင်ကြယ်ပွင့် နတ်ဘုရားဂိုဏ်းကဲ့သို့ပင် ဖြစ်ပြီး နှစ်သောင်းချီတိုင်အောင် မရှုံးနိမ့်သော အင်မော်တယ်ဂိုဏ်းဟူသည် မည်သည့်နေရာတွင် ရှိမည်နည်း။

သို့သော် ရှုတောင်ဂိုဏ်းသည် နှစ်ထောင်ပေါင်းများစွာ ထွန်းကားခဲ့ပြီးနောက် ပြင်းထန်သော ထိုးနှက်ချက်များကို ခံခဲ့ရသည်။

တဖြည်းဖြည်းနှင့် ဇာတ်ခုံပေါ်မှ ဆင်းပေးရမည့်အချိန် ရောက်သင့်ပြီဖြစ်သော်လည်း သမိုင်းစင်မြင့်၏ လှေကားထစ်အောက်တွင် လူတစ်ယောက် သို့မဟုတ် နှစ်ယောက်က အမြဲတမ်း ရပ်တည်နေတတ်ကြပြီး အရေးကြီးသောအချိန်များ၌ ရှုတောင်ဂိုဏ်း၏အောက်ခြေမှနေ၍ ဘာပြောပြော အောက်ဆင်းခွင့်မပြုဘဲ ထောက်ကန်ပေးထားတတ်ကြသည်။

အဘိုးဟွမ်က အလွန်သဘောတူသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်...လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်တုန်းက အားဖုန့်၊ တာအိုပညာရှင်ယန့်နဲ့ အဲဒီလူတစ်ယောက် ရှိခဲ့တယ်...နှစ်ခြောက်ဆယ်ကြာပြီးတဲ့နောက်မှာ ကျန်းယွဲ့ပိုင်၊ ရွှီဇီယန်နဲ့ ချူလျန်တို့ ထွက်ပေါ်လာပြန်ပြီ...ဘယ်လောက်တောင် တူညီလိုက်သလဲ..."

အဘိုးဆွန်းက ဆက်ပြောလိုက်သည်။

"မီးတောက်ရဲ့ ပြာကြွင်းပြာကျန်တွေနဲ့ တူတယ်...ပြာပုံအဖြစ် ပြောင်းသွားပြီလို့ ထင်ရပေမဲ့ လေတစ်ချက်တိုက်လိုက်တာနဲ့ တောက်ပတဲ့အလင်းရောင်တွေ ထပ်ပြီး ထွက်ပေါ်လာနိုင်ပြန်တယ်..."

အဘိုးဟွမ်က တွေဝေစွာဖြင့် ဆိုလိုက်သည်။

"ဒါ ဂိုဏ်းရဲ့ စိတ်ဓာတ်အမွေအနှစ်ကို လက်ဆင့်ကမ်းတာ ဖြစ်ကောင်းဖြစ်နိုင်တယ်... ပါရမီရှင်တစ်ယောက်က အင်မော်တယ်ဂိုဏ်းကို နှစ်ရာပေါင်းများစွာ စောင့်ရှောက်နိုင်ပြီး မှော်ဝင်ပစ္စည်းတစ်ခုက အင်မော်တယ်ဂိုဏ်းကို နှစ်ထောင်ပေါင်းများစွာ စောင့်ရှောက်နိုင်တယ်...စိတ်ဓာတ်ကသာလျှင် နှစ်သောင်းချီတိုင်အောင် လက်ဆင့်ကမ်းနိုင်တာပဲ..."

အဘိုးဆွန်းက တီးတိုးရေရွတ်လိုက်သည်။

"ရှုတောင်ဂိုဏ်းရဲ့ စိတ်ဓာတ်လား..."

"ဝမ်ရွှမ်လင်းရော... စကားပြောစမ်း..."

"..."

အဘိုးအိုနှစ်ဦး တွေးတောနေချိန်၌ ထိုဘက်ဆီမှမောက်မာလွန်းသော အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာကာ လူနှစ်ဦးလုံးကို ရုတ်တရက် တိတ်ဆိတ်သွားစေခဲ့သည်။

တိနွီဖုန့်သည် မျက်နှာကိုမော့ကာ ဝမ်ရွှမ်လင်းကို မေးဖျားဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။

"ရှောင်ဝမ်...ရှင် မျက်နှာပျက်နေစရာ မလိုပါဘူး.. နောက်ဆို ကျွန်မ ခေါင်းဆောင်ဖြစ်လာရင် ရှင့်ကို ပစ်မှတ်ထားမှာမဟုတ်ပါဘူး..."

ဝမ်ရွှမ်လင်းမှာ မျက်နှာကြီးမည်းမှောင်နေပြီး အချိန်အတော်ကြာမှ အသံထွက်လာခဲ့သည်။

"မင်း အရင်ဆုံး မောက်မာမနေနဲ့ဦး...အစတုန်းက ငါနဲ့မင်း သတ်မှတ်ထားတဲ့ လောင်းကြေးက မင်းရဲ့တပည့် ထိပ်ဆုံးနေရာကိုရယူနိုင်မှ ငါ တောင်ထွတ်တွေရဲ့ ခေါင်းဆောင်နေရာကို မင်းဆီ ပေးမယ်ဆိုတာပဲ..."

တိနွီဖုန့်က အတိတ်ကို ပြန်တွေးကြည့်လိုက်ရာ တကယ်ပင် ထိုသို့ဖြစ်နေသည်။

အကြောင်းမှာ ထိုစဉ်က သူမနှင့် ဝမ်ရွှမ်လင်းတို့ လောင်းကြေးထပ်ခဲ့ချိန်တွင် ဝမ်ရွှမ်လင်းက သူတို့နှစ်ဦး၏တပည့်များ ထိပ်တိုက်တွေ့ဆုံမှုကို လောင်းကြေးထပ်ပါက ငွေဓားတောင်ထွတ်၏အင်အားဖြင့် ကျောက်စိမ်းဓားတောင်ထွတ်၏ တပည့်များနှင့် မတွေ့ဆုံမီကပင် ပြိုင်ပွဲမှ ထွက်သွားရမည်ကို စိုးရိမ်ခဲ့သောကြောင့်ဖြစ်သည်။

ထို့ကြောင့် လောင်းကြေး၏အကြောင်းအရာမှာ မည်သူ့တပည့်က ထိပ်ဆုံးနေရာကို ရယူနိုင်မည်လဲ ဆိုသည့်အချက် ဖြစ်လာခဲ့သည်။

ယခု ချူလျန်က ရွှီဇီယန်ကို အနိုင်ယူလိုက်ပြီ ဖြစ်သော်လည်း ဝမ်ရွှမ်လင်းသည် အနိုင်ရရန် မျှော်လင့်ချက် ပျောက်ဆုံးသွားရုံသာဖြစ်ပြီး အသေအချာ ရှုံးနိမ့်သွားခြင်းတော့ မဟုတ်သေးချေ။

ထိုစဉ်က အနည်းငယ် ပိုတွေးမိခဲ့ခြင်းသည် ယခုအခါတွင် ဝမ်ရွှမ်လင်းအတွက် အသက်ကယ်ကောက်ရိုးမျှင်လေး ဖြစ်လာခဲ့သည်။

တိနွီဖုန့်သည်လည်း အကြွေးမလိမ်ချင်သောကြောင့် ချက်ချင်း ခေါင်းညိတ်လိုက်သည်။

"ဟွန့်...ဒါဆိုလည်း စောင့်ကြည့်ကြသေးတာပေါ့..."

ခေတ္တရပ်တန့်သွားပြီးနောက် သူမက ဘေးရှိတာအိုပညာရှင်ယန့်ကို လှည့်ကြည့်လိုက်ပြန်သည်။

"ဒါပေမဲ့ ကျွန်မရဲ့တပည့်နဲ့ ယန့်ဇီရဲ့တပည့် ဘယ်သူနိုင်နိုင်အတူတူပါပဲ...ကျွန်မတို့ တောင်ထွတ်နှစ်ခုက မိသားစုတွေပဲလေ..."

တာအိုပညာရှင်ယန့်၏ မျက်ဝန်းအိမ်များက မျက်စိဖြင့်မြင်နိုင်လောက်အောင် ကျုံ့သွားခဲ့ပြီး နှုတ်ခမ်းများမှာလည်း အနည်းငယ်လှုပ်ရှားသွားကာ ဘယ်သူက နင့်မိသားစုလဲ ဆိုသည့် စကားတစ်ခွန်းမှာ နှုတ်ခမ်းဖျားအထိ ရောက်နေခဲ့ပုံပေါ်သည်။

သို့သော် သူမ နောက်ဆုံးတွင်သည်းခံလိုက်ပြီး ဘေးသို့လှည့်ကြည့်ကာ ထိုစကားကို မကြားလိုက်ရသကဲ့သို့ ဟန်ဆောင်နေလိုက်သည်။

ဝမ်ရွှမ်လင်းမှာ ထိုနေရာတွင် ထိုင်နေရသည်ကို အသက်ရှူကျပ်လာသဖြင့် နေရာမှထကာ အောက်သို့ ပျံသန်းသွားပြီး ပြိုင်ပွဲစင်မြင့်ဘက်သို့ ဆင်းသက်သွားလေသည်။

All Chapters