အခန်း ၃၀၈
Vol. 31 Ch. 308
အခန်း (၃၀၈) - ညီမလေးသိတယ် ဒါပေမဲ့ မပြောဘူး
ရွှီဇီယန်မှာ ထိုအချိန်တွင် အဂ္ဂိရတ်ခန်းမမှ တပည့်များက ဒဏ်ရာများကို ပတ်တီးစီးပေးပြီးဖြစ်ရာ အနည်းငယ်အားနည်းနေပုံဖြင့် စင်ပေါ်မှဆင်းလာခဲ့သည်။ မျက်နှာကြီးမည်းမှောင်နေသော ဝမ်ရွှမ်လင်းကို မြင်လိုက်ရသောအခါ သူက ခေါင်းငုံ့ကာ တည်ငြိမ်စွာဆိုလိုက်သည်။
"ဆရာ...ဒီတပည့်က အနိုင်မရခဲ့ပါဘူး..."
ဝမ်ရွှမ်လင်းက မေးလိုက်သည်။
"ဒဏ်ရာတွေ ဘယ်လိုနေလဲ..."
ရွှီဇီယန်က ပြန်ဖြေလိုက်၏။
"အကုန်လုံးက အပြင်ဒဏ်ရာတွေပါပဲ...သိပ်ကြီးကြီးမားမားတော့မရှိပါဘူး..."
ဝမ်ရွှမ်လင်းက မည်သည့်စကားလေးလေးပင်ပင်ကိုမျှ မပြောဘဲ စကားတစ်ခွန်းကိုသာ ပြောလိုက်သည်။
"ဒါဆိုလည်း ကောင်းပါတယ်...တစ်ခဏတာ အရှုံးအနိုင်က ဘာကိုမှ သက်သေမပြနိုင်ပါဘူး...မင်း ရင်ထဲမှာ သိပ်ပြီးမထားရင်ကိုရပါပြီ..."
ရွှီဇီယန်က ဆရာဖြစ်သူကို မော့ကြည့်လိုက်ရာ ဝမ်ရွှမ်လင်း၏ မျက်နှာပေါ်တွင် မပျော်ရွှင်မှုများ အပြည့်အဝပေါ်လွင်နေသည်ကို မြင်လိုက်ရသည်။ ထို့ပြင် အနည်းငယ် ဝမ်းနည်းနေပုံပင်ပေါ်နေသေးရာ နှစ်ပေါင်းများစွာအတွင်း ဆရာဖြစ်သူ ထိုကဲ့သို့သော မျက်နှာအမူအရာမျိုးပြသသည်ကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းပင် ဖြစ်သည်။
"ဒီတပည့် သိပါပြီ..."
ရွှီဇီယန်၏ နှုတ်ခမ်းများက နှစ်ကြိမ်မျှလှုပ်ရှားသွားပြီး စကားတစ်ခွန်းကို ပြောသင့် မပြောသင့်ကို သူ မသိတော့ချေ...။
'ဆရာ...ဆရာကိုယ်တိုင်ပဲ ရင်ထဲသိပ်မထားရင် ပိုကောင်းမယ်...'
...
ယခုတစ်ကြိမ်ရှုံးနိမ့်မှုက ရွှီဇီယန်အပေါ်တွင် ကြီးမားသောစိတ်ပျက်အားငယ်မှုကို မဖြစ်ပေါ်စေခဲ့ပေ။ သူသည် ပွဲထွက်လာကတည်းက တစ်ကြိမ်မျှ ရှုံးနိမ့်ဖူးခြင်းမရှိဘဲ ရှုတောင်ဂိုဏ်း ပြန်လည်ဦးမော့လာစေမည့် အင်မော်တယ်မျိုးစေ့ဟု အမြဲတမ်း ယူဆခံခဲ့ရသူဖြစ်သည်။
ပြင်ပလောကဖြစ်စေ သူ့စိတ်တွင်း၌ဖြစ်စေ သူသည် မိမိကိုယ်ကိုယ် ကြီးမားသောဖိအားများကို အမြဲပေးနေခဲ့ပြီး အချိန်တိုင်းပခုံးပေါ်တွင် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ထမ်းထားရသကဲ့သို့ခံစားခဲ့ရသည်။
သို့သော် လဲကျသွားသည့်ထိုအချိန်လေးတွင် မျက်တောင်တစ်ခတ်အတွင်း သူ့စိတ်ထဲ၌ ကလေးဘဝကပုံရိပ်များ ရုတ်တရက်ပေါ်လာခဲ့သည်။
ထိုစဉ်က သူသည် ကျောက်စိမ်းဓားတောင်ထွတ် နောက်ဘက်တောင်ပေါ်ရှိ မြက်ခင်းပြင်ပေါ်တွင် လှဲနေကာအပျင်းထူနေခဲ့ပြီး အပြာရောင်ကောင်းကင်ထက်မှ မျောလွင့်နေသော တိမ်ဖြူဖြူလေးများကိုကြည့်ကာ မိမိကိုယ်တိုင်လည်း တိမ်ဖြူလေးတစ်အုပ်ကဲ့သို့ အေးချမ်းနေခဲ့သည်။
ထိုကဲ့သို့သော စိတ်ခံစားချက်မျိုးက ထိုအချိန်ကသာ ပေါ်ပေါက်ခဲ့ဖူးသည်။
သူသည် ထူးခြားသောကျင့်ကြံခြင်းပါရမီကို စတင်ပြသလာချိန်တွင် ဆရာဖြစ်သူနှင့် ရှုတောင်ဂိုဏ်းတို့က သူ့အပေါ် မျှော်လင့်ချက်များ ပို၍ပို၍မြင့်မားလာခဲ့သည်။
တစ်ခါတစ်ရံတွင် မျှော်လင့်ချက်သည် အမိန့်ထက် ပို၍လေးလံသော စွမ်းအားတစ်ခု ဖြစ်နေတတ်သည်။
ရှုတောင်ဂိုဏ်း၏ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ရန်မှာ သူ့ကံကြမ္မာသတ်မှတ်ချက် တာဝန်တစ်ခု ဖြစ်လာခဲ့သကဲ့သို့ပင်။
မြေပြင်ပေါ်သို့ လဲကျသွားချိန်တွင် သူ့ရင်ထဲ၌ အကြောင်းပြချက်မရှိဘဲ သက်ပြင်းတစ်ချက် ချမိသွားခဲ့သည်။ တကယ်တော့ ရှုတောင်ဂိုဏ်းက သူကိုယ်တိုင် အလံကို ထမ်းထားရမည်မဟုတ်ဘဲ အခြားသူများလည်း လုပ်နိုင်သည်ပင်။
ထိုသူတို့က သူ့ထက်ပင် ပိုကောင်းအောင် လုပ်နိုင်ကောင်း လုပ်နိုင်မည်ဖြစ်သည်။
ချူလျန်နှင့်ပတ်သက်၍မူ ရွှီဇီယန်၏အမြင်က တကယ်တော့ အမြဲတမ်း ကောင်းမွန်နေခဲ့သည်။
သူသည် အလွန်ဖြောင့်မတ်သော လူတစ်ယောက်ဖြစ်သော်လည်း ချူလျန်၏ လုပ်ဆောင်မှုပုံစံကို မနှစ်မြို့ခြင်းမရှိခဲ့ပေ။ ထို့ပြင် ချူလျန်၏ ဆန်းကြယ်သော အတွေးအခေါ်များနှင့် ကန့်သတ်ချက်မဲ့သည့် တွေးတောနိုင်စွမ်းများကိုပင် အလွန် သဘောကျနေသေးသည်။
ထိုကဲ့သို့သော ပြိုင်ဘက်မျိုးကို ရှုံးနိမ့်သွားခြင်းကလည်း လက်ခံရန် ထိုမျှလောက် ခက်ခဲနေပုံ မပေါ်ချေ။
သေချာပေါက် ရှက်ရွံ့မှုကိုသိရှိပြီးနောက် သတ္တိရှိရန် လိုအပ်ဆဲပင်ဖြစ်သည်။
ပြန်ရောက်ပါက သူသည် သေချာပေါက် ပို၍ကြိုးစား ကျင့်ကြံသွားမည်သာ ဖြစ်သည်။ ယခုတိုက်ပွဲတွင် သူသည် ကျင့်စဉ်အဆင့်အရ ရှုံးနိမ့်သွားခြင်း မဟုတ်သော်လည်း...ယခုတိုက်ပွဲမှနေ၍ အနည်းဆုံးတော့ အချက်တစ်ချက်ကို သင်ယူနိုင်ခဲ့သည်။
ယင်းမှာ မည်သည့်ပြိုင်ဘက်ကိုမဆို အထင်မသေးရန်ပင်ဖြစ်သည်။
ခြင်္သေ့သည် ယုန်ကိုဖမ်းရာတွင် အစွမ်းကုန် အသုံးပြုရသကဲ့သို့ပင်ဖြစ်သည်။
တစ်ပွဲလုံးတွင် သူသည် အစကတည်းက ချူလျန်အပေါ် ခန့်မှန်းမှု လိုအပ်သွားသောကြောင့် အရေးနိမ့်သည့်အခြေအနေသို့ ရောက်ရှိသွားခဲ့ရသည်။
လှိုင်းတစ်ခုပြီးတစ်ခု ဆက်တိုက်ဝင်ရောက်လာသော တိုက်ခိုက်မှုများကြောင့် နောက်ဆုံးအချိန်အထိ အသက်ရှူပေါက် မရခဲ့ပေ။
အမှန်တကယ်တွင် ယခုအချိန်အထိ သူ အသုံးမပြုရသေးသော နည်းလမ်းအချို့ ကျန်ရှိနေသေးသည်။
သူ အသုံးမပြုချင်၍မဟုတ်ဘဲ ပထမခြေလှမ်းမှာတင် အခွင့်အရေး လက်လွတ်သွားခဲ့သဖြင့် ချူလျန်က သူ့ကို အခွင့်အရေး ထပ်မပေးတော့ခြင်း ဖြစ်သည်။
ယခုပြိုင်ပွဲက ရှုတောင်ညီလာခံ၏ ပြိုင်ပွဲစင်မြင့်ထက်တွင် ဖြစ်နေသောကြောင့် ချူလျန်က သူ့အတွက် အသက်အန္တရာယ်ရှိသောနေရာများကို တမင်သက်သက် ရှောင်လွှဲပေးခဲ့သေးသည်။
နောင်တစ်ချိန် ပြည်နယ်ကိုးခုပေါ်သို့ရောက်ရှိသွားပါက မည်သူက သူ့ကို သက်ညှာပေးပါမည်နည်း။
ထိုအရာများအားလုံးကို အပြန်တွင် ပြန်လည်သုံးသပ်ရဦးမည် ဖြစ်သည်။ သူက များများစားစား ထပ်မတွေးတော့ဘဲ ယခုအချိန်တွင်မူ ခါးကိုမတ်မတ်ထားကာ ကျောက်စိမ်းဓားတောင်ထွတ်အဖွဲ့ထံသို့ ပြန်လျှောက်သွားလိုက်သည်။
ယနေ့ပြိုင်ပွဲများ အားလုံးပြီးဆုံးသွားပြီဖြစ်ရာ ပရိသတ်များမှာ တဖွဲဖွဲ ထွက်ခွာသွားကြပြီ ဖြစ်သည်။
ကျောက်စိမ်းဓားတောင်ထွတ်မှ တပည့်များသာလျှင် ထိုနေရာတွင် စောင့်ဆိုင်းနေကြပြီး အားလုံးက စိုးရိမ်တကြီးမျက်နှာထားများဖြင့် သူ့ကို ကြည့်နေကြသည်။
ဂိုဏ်းတူအစ်ကိုကြီးသည် တစ်ခါမျှမရှုံးနိမ့်ဖူးကြောင်းကို လူတိုင်းသိကြသည်။
ယနေ့ အခြားသူတစ်ဦး၏လက်တွင် ရှုံးနိမ့်သွားခဲ့ပြီး ၎င်းက အားနည်းသူက အားကြီးသူကို အနိုင်ယူသွားခြင်းမျိုး ဖြစ်နေသောကြောင့် အားလုံးက သူ့အတွက် အလွန်စိုးရိမ်နေကြသည်။
ရွှီဇီယန် လျှောက်လာချိန်တွင်မူ မည်သည့်အရာမျှ မဖြစ်ခဲ့သကဲ့သို့ ပေါ့ပေါ့ပါးပါးပင် ရှိနေခဲ့သည်။
"သွားကြစို့..."
ရွှီဇီချင်က မှင်သက်သွားသည်။
"ဟင်...ဘယ်ကိုသွားမှာလဲ..."
ရွှီဇီယန်က သူမခေါင်းလေးကို ပွတ်သပ်လိုက်ပြီး စကားတစ်ခွန်း ထပ်ဖြည့်ပြောလိုက်သည်။
"ကျောက်စိမ်းဓားတောင်ထွတ်ကို ပြန်မှာပေါ့...အစ်ကို ဟော့ပေါ့စားချင်တယ်..."
ရွှီဇီချင်က အစ်ကိုဖြစ်သူမှာ မည်သည့် စိတ်ပျက်အားငယ်မှုမျှ ဖြစ်မနေသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်း ရယ်မောလိုက်သည်။
"ဟီးဟီး...ကောင်းပါပြီ...ကောင်းပါပြီ..."
မောင်နှမနှစ်ယောက်သည် ပခုံးချင်းယှဉ်ကာ လျှောက်လာခဲ့ကြပြီး ဂိုဏ်းတူအစ်ကိုများနှင့် ညီလေးများ ဝန်းရံလျက် ကျောက်စိမ်းဓားတောင်ထွတ်သို့ ပြန်လာခဲ့ကြသည်။ လမ်းတွင် ရွှီဇီယန်က ခေါင်းစောင်းကာ ခပ်တိုးတိုး ပြောလိုက်သည်။
"ချူလျန်က တကယ်ကိုမဆိုးပါဘူး...ညီမလေးသာ သူ့ကိုသဘောကျရင် အစ်ကို ထောက်ခံပေးမယ်..."
ရွှီဇီချင်၏ မျက်ခုံးလေးနှစ်ခုက ချက်ချင်းမြင့်တက်သွားခဲ့သည်။
"ဟင်...အစ်ကို ဘာတွေပြောနေတာလဲ..."
သူမ၏ တုံ့ပြန်မှုက ရွှီဇီယန်ကို အံ့အားသင့်သွားစေခဲ့သည်။
"ညီမလေးက..."
ရွှီဇီချင်က ပြတ်ပြတ်သားသားပင် ဆိုလိုက်သည်။
"ညီမက ဘယ်လိုလုပ် ဂိုဏ်းတူအစ်ကိုချူကို သဘောကျမှာလဲ...သူ့မှာက တာအိုလက်တွဲဖော် ရှိနေနှင့်ပြီးသားကို..."
ရွှီဇီယန်က မေးလိုက်သည်။
"ဒီလိုကိစ္စ ရှိတယ်လား...ဘယ်သူလဲ..."
ရွှီဇီချင်က ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောလိုက်သည်။
"ဟီးဟီး...ညီမလေးသိတယ် ဒါပေမဲ့ မပြောဘူး..."
ပြိုင်ပွဲသည် ပြီးဆုံးသွားခဲ့ပြီဖြစ်သော်လည်း လူတို့အတွက် စဉ်းစားတွေးတောစရာ နေရာများစွာကျန်ရစ်ခဲ့ကာ အချိန်အတော်ကြာသည်အထိ ဆက်လက်ပြောဆိုနေကြဦးမည် ဖြစ်ပေသည်။
မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းမှ ပွဲကြည့်ပရိသတ်များက ထိုအကြောင်းကို ဆွေးနွေးနေကြပြီး ရွှီဇီယန်အတွက် နှမြောတသဖြစ်နေကြချိန်တွင် ဘုန်းတော်ကြီးပုရှန်က ဘေးမှနေ၍ ပြုံးကာ ခေါင်းခါလိုက်၏။
"အားနည်းသူက အားကြီးသူကို အနိုင်ယူတယ်ဆိုတာဘာလဲ...ခင်ဗျားတို့က ဒါကို ချူလျန်ရဲ့ အစွမ်းအစအကုန်လို့ ထင်နေကြတာလား..."
သူက နက်နဲသော အမူအရာဖြင့် ပြောလိုက်သည်။
"အများကြီးလိုသေးတယ်..."
"ဘာ..."
စကားကိုကြားလိုက်ရသူများအားလုံးက သူ့ကို လှည့်ကြည့်လာကြသည်။
"သူ့မှာ တခြားဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ ရှိသေးလို့လား..."
"ဟဲဟဲ..."
ဘုန်းတော်ကြီးပုရှန်က ဘာမှဆက်မပြောတော့ဘဲ ပြုံးသာနေလိုက်လေသည်။
ယခင်က သူနှင့် လော့ယောင်တို့သည် တတိယအဆင့်ရှိ ချူလျန်တစ်ယောက် အရပ်မျက်နှာအနှံ့ မည်သို့မည်ပုံသတ်ဖြတ်ခဲ့ကြောင်း ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ဖူးပေသည်။
ပဉ္စမအဆင့်ကို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သတ်ဖြတ်နိုင်ခဲ့ပြီး ဆဋ္ဌမအဆင့်ကိုပင် စိန်ခေါ်ရန် အလားအလာကြီးမားလှသည်။
၎င်းနှင့် နှိုင်းယှဉ်ပါက ရှုတောင်ထိပ်သီးညီလာခံပွဲရှိ ချူလျန်မှာ သာမန်ပါရမီရှင်တစ်ယောက်မျှသာ ဖြစ်ပေသည်။
သို့သော် ချူလျန်အနေဖြင့် ထိုအရာကိုလုပ်ဆောင်နိုင်ခြင်းမှာ သေချာပေါက် ထူးခြားသောတန်ခိုးစွမ်းအင် သို့မဟုတ် မှော်ဝင်ပစ္စည်းတစ်ခုခု ရှိနေခြင်းကြောင့်ဖြစ်ကြောင်း သူတို့သိထားကြ၏။
ယခုကြည့်ရသည်မှာ ထိုအရာသည် အလွန်ပြင်းထန်သော အရှိန်အဝါများ ပါဝင်နေသည့် ဓားပျံပင်ဖြစ်လေသည်။ အဆင့်နှစ်ဆင့်ကျော်၍ စိန်ခေါ်နိုင်ခြင်းမှာ သေချာပေါက် ကြမ်းတမ်းခက်ခဲသော အသုံးပြုမှု အခြေအနေတစ်ခုခု ရှိနေမည်ဖြစ်ပြီး အလွယ်တကူ အသုံးပြုနိုင်မည်တော့မဟုတ်ပေ။
ထိုအချက်များကို ချူလျန်က ပြောပြမည်မဟုတ်သကဲ့သို့ သူတို့ကလည်း မေးမြန်းမည်မဟုတ်ဘဲ စိတ်ထဲမှသာ တိတ်တဆိတ် ခန့်မှန်းနေကြခြင်းဖြစ်သည်။
ပို၍အရေးကြီးသည်မှာ ထိုကိစ္စကို အပြင်လူများအား လိုက်လံပြောဆိုမည် မဟုတ်ခြင်းပင်တည်း။
သို့သော် ထိုသို့ တစ်ဝက်သာပြောပြီး တစ်ဝက်ချန်ထားခြင်းက လူများကို အဆုံးမဲ့ စိတ်ကူးယဉ်စရာ နေရာကျယ်ကြီးကို ပေးလိုက်သကဲ့သို့ ဖြစ်သွားစေသည်။
မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းမှ တပည့်များအားလုံးသည် ချူလျန်တွင် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းအစများ ရှိနေသေးကြောင်းကို အသီးသီး ခန့်မှန်းနေကြတော့သည်။
ယခင်က ချူလျန်သည် ရှုတောင်အတွင်း၌ အနည်းငယ် နာမည်ကြီးခဲ့သော်လည်း ကျင့်ကြံခြင်းလောကတွင်မူ လူသိပ်မသိသေးပေ။ ယနေ့ ပြိုင်ပွဲအပြီးတွင်မူ သေချာပေါက် ကမ္ဘာတစ်ဝန်းတွင် နာမည်ကျော်ကြားလာတော့မည်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူသည် မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းတွင် အနည်းဆုံး ထိပ်ဆုံးအဆင့် နှစ်နေရာအတွင်းဝင်သောတပည့်ဖြစ်ရာ မည်သူကမျှထပ်မံ၍ အထင်သေးဝံ့မည် မဟုတ်တော့ချေ။
မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းမှ တပည့်များအကြားတွင် တမင်ဟန်လုပ်နေသော ဘုန်းတော်ကြီးပုရှန်မှလွဲ၍ ရုပ်ရည်ချောမောကာ တောင့်တင်းသန်မာသော လူငယ်တစ်ယောက်လည်းရှိနေသေး၏။
သူသည် နေရာအနှံ့ လှည့်လည်သွားလာနေပြီး တွေ့သမျှလူတိုင်းကို လိုက်လံမေးမြန်းနေလေသည်။