အခန်း ၃၀၉
Vol. 31 Ch. 309
အခန်း (၃၀၉) - ခက်ခဲသောတာဝန်
"မိတ်ဆွေ...အုတ်ခဲတိုက်ခိုက်ရေးသိုင်းဆိုတာကို ကြားဖူးလား..."
အမေးခံရသူများမှာ သဘာဝကျကျပင် ခေါင်းကုတ်၍ နားမလည်နိုင် ဖြစ်သွားကြရသည်။
ထို့နောက် ထိုလူငယ်က ချူလျန်ပြိုင်ပွဲစင်မြင့်ပေါ်တွင် အသုံးပြုခဲ့သော ထိုသိုင်းပညာရပ်အကြောင်းကို တရစပ် ရှင်းပြတော့လေသည်။
တစ်ဖက်လူမှာ မူးမေ့သွားလုမတတ် နားထောင်နေရချိန်တွင် ထိုလူငယ်က နောက်ထပ်တစ်ခွန်း ဆက်ပြောလိုက်၏။
"ကျွန်တော် တီထွင်ထားတာ..."
"..."
ချူလျန်သည် မိမိအကြောင်းကို ဆွေးနွေးနေကြသောထိုအသံများကို နားမထောင်ခဲ့သကဲ့သို့ ကောင်းကင်တက်လှမ်းတောင်ထွတ်တွင်လည်း ကြာရှည်မနေခဲ့ဘဲ ငွေဓားတောင်ထွတ်ရှိ သူ့အိမ်လေးဆီသို့ တိုက်ရိုက် ပြန်လာခဲ့လေသည်။
ယခုတိုက်ပွဲက ရွှီဇီယန်အား ကြီးမားသောစိတ်ပျက်အားငယ်မှုများ ယူဆောင်မပေးခဲ့သကဲ့သို့ အနိုင်ရရှိခြင်းကလည်း ချူလျန်ကို ထိုမျှလောက် ကြီးမားသော ဝမ်းမြောက်မှုမျိုးယူဆောင်မပေးနိုင်ခဲ့ပေ။
တိုက်ပွဲအပြီးတွင်မူ စတုတ္ထအဆင့်နှင့် ပဉ္စမအဆင့်ကြားရှိကွာဟချက်ကို သူ နက်ရှိုင်းစွာ ခံစားလိုက်ရသည်။
အကယ်၍ ယခုအချိန်တွင် သူ့အား ရွှီဇီယန်နှင့်ထပ်မံ၍ ဆယ်ပွဲခန့် ပြန်လည်တိုက်ခိုက်ခိုင်းပါက ရွှီဇီယန်သည် တစ်ပွဲမျှ ရှုံးနိမ့်တော့မည်မဟုတ်ပေ။
အမှန်တကယ်တွင် အနိုင်အရှုံးဆိုသည်မှာ နောက်တစ်ကြိမ်ထပ်မံ၍ ဖြစ်ပေါ်လာနိုင်မည်မဟုတ်ဘဲ သူကလည်း ရွှီဇီယန်နှင့် ထပ်မံ၍ ရင်ဆိုင်ရန် မလိုအပ်တော့ချေ။
သို့သော် စီနီယာအစ်မကျန်းသည် ရွှီဇီယန်ထက် လုံးဝနိမ့်ကျနေမည် မဟုတ်ကြောင်း သေချာလှသည်။
ပဉ္စမအဆင့် အင်မော်တယ်ဝိညာဉ်ကိုယ်ထည်ကို ပိုင်ဆိုင်ထားသော သူမသည် တန်ခိုးစွမ်းအင် မည်မျှ၊ သို့မဟုတ် အင်မော်တယ်မန္တန်များကိုပင် မည်မျှအထိ တတ်ကျွမ်းထားသည်ဆိုခြင်းကို ယခုတိုင်မသိရသေးပေ။
မိမိနည်းလမ်းများမှာမူ သူမအတွက် လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ချေ။
မဖြေရှင်းနိုင်သော ကျင့်ကြံခြင်းစွမ်းအားသာရှိပြီး မဖြေရှင်းနိုင်သော တန်ခိုးစွမ်းအင်ဟူသည်မရှိပေ။ မြင်ဖူးထားသရွေ့ မိမိတန်ခိုးစွမ်းအင်ကို တန်ပြန်ချေဖျက်နိုင်မည့် နည်းလမ်းများ အမြဲရှိနေမည်ဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုရလျှင် ယခု သူသည် ရွှီဇီယန်နေရာတွင် ရပ်တည်နေခြင်းပင် ဖြစ်သည်။
စီနီယာအစ်မကျန်းကို အနိုင်ယူရန်က ရွှီဇီယန်ကို အနိုင်ယူရန်ကဲ့သို့ မလောဆော်သော်လည်း တကယ်တမ်း ယခုနေရာသို့ ရောက်လာချိန်တွင် မည်သူကမှ မနိုင်ချင်ဘဲ မနေနိုင်ကြပေ။
လတ်တလောတွင်မူ ချူလျန်သည် သက်လုံပြန်လည်ပြည့်ဝရန်နှင့် သန်ဘက်ခါတွင် ကျင်းပမည့် ဗိုလ်လုပွဲအတွက် ပြင်ဆင်ရန်မှလွဲ၍ နောက်ထပ်လုပ်စရာ တစ်ခုရှိသေးသည်။
မကြာမီအချိန်အတွင်းမှာပင် လော့ယောင်နှင့် ဘုန်းတော်ကြီးပုရှန်တို့သည် ငွေဓားတောင်ထွတ်သို့ ရောက်ရှိလာပြီးဆုံတွေ့ကြလေသည်။
ပြီးခဲ့သည့်အကြိမ်က ထွက်ခွာလာချိန်တွင် သရဲမျက်နှာခန်းမဆောင်သခင်က သူတို့ကို သတင်းပို့ရန်အတွက် ကျောက်စိမ်းအဆောင်ပြားတစ်ပြားပေးခဲ့ပြီး ယခုလေးတင် ထိုကျောက်စိမ်းအဆောင်ပြားက လင်းလက်လာခဲ့ခြင်းဖြစ်သည်။
သူတို့သုံးယောက်မှာလည်း မိတ်ဟောင်းဆွေဟောင်းများဖြစ်ကြရာ ချက်ချင်းပင် စကားများများ မပြောတော့ဘဲ ရှုတောင်မှ အတူတကွ ပျံသန်းထွက်ခွာလာခဲ့ကြသည်။
ထို့နောက် တိတ်ဆိတ်သော နေရာတစ်ခုကိုရှာ၍ အဝတ်အစားများ လဲလှယ်လိုက်ပြီးနောက် လူသုံးယောက်သည် လျှို့ဝှက်စွာ အတူတကွ ထွက်ခွာသွားကြလေတော့သည်။
...
ယခုတစ်ကြိမ် စုဝေးမည့်နေရာသည် ရှုတောင်နှင့် အလွန်နီးကပ်လှရာ မကြာမီမှာပင် ရောက်ရှိသွားကြသည်။
မျက်နှာတစ်ခုလုံး အမာရွတ်များပြည့်နှက်နေသော သရဲမျက်နှာခန်းမဆောင်သခင်သည် တောင်စောင်းထက်တွင် မြင့်မားစွာ မတ်တတ်ရပ်နေ၏။
သူ့အရှေ့တွင်တော့ ဝတ်ရုံနက်ဝတ်ဆင်ထားသူ အယောက်နှစ်ဆယ်၊ သုံးဆယ်ခန့်ရှိနေပြီး အေးစက်စိမ့်မြနေသော အရှိန်အဝါများ ထွက်ပေါ်နေသည်။
ကြည့်ရသည်မှာ ၎င်းတို့သည် သရဲမျက်နှာခန်းမဆောင်၏ အင်အားစုအကုန်ဖြစ်ပုံရလေသည်။
"ညီအစ်ကိုတို့...အောင်မြင်မှုတွေ တည်ဆောက်ရမယ့်အချိန် ရောက်လာပြီ..."
သရဲမျက်နှာခန်းမဆောင်သခင်က အေးစက်စိမ့်မြနေသော အသံဖြင့် သွေးထိုးလှုံ့ဆော်လိုက်သည်။
"ဒီအကြိမ်ကိစ္စသာ အောင်မြင်သွားရင် ငါတို့အမှောင်ဘုရင်ဂိုဏ်းက မိစ္ဆာဂိုဏ်းတွေကြားမှာ ကျောက်ဆောင်တစ်ခုလိုခိုင်မာသွားလိမ့်မယ်...ပြီးတော့ ပါဝင်ခဲ့တဲ့ ငါတို့အားလုံးလည်း နာမည်ကြီးလာလိမ့်မယ်..."
သူက စကားပြောနေစဉ် အခြားတစ်ဖက်တွင် လူတစ်ယောက်က သိုလှောင်ရေးကျောက်စိမ်းအဆောင်ပြားများကို လိုက်လံဝေငှပေးနေသည်။ ချူလျန်လည်း တစ်ပြားလက်ခံရရှိလိုက်ပြီး သူ၏ဝိညာဉ်အာရုံဖြင့် ကြည့်ရှုလိုက်သောအခါ ၎င်းအတွင်း၌ ကြိုးကြာဒင်္ဂါးငါးရာနှင့် ဝိညာဉ်စွမ်းအင်များ ပါဝင်နေသော ဓားပုံစံတံဆိပ်ပြားတစ်ခုရှိနေကြောင်း တွေ့လိုက်ရသည်။
'ဟင်...'
ထိုအရာကို ချူလျန်က သိထားပေသည်။
ရှုတောင်သို့ တက်ရောက်လာမည့် ပွဲကြည့်ကျင့်ကြံသူတိုင်းသည် ပြင်ပရေးရာခန်းမဆောင်သို့ ဦးစွာ စာရင်းပေးသွင်းရမည်ဖြစ်ပြီး ရှုတောင်ပြင်ပရေးရာခန်းမဆောင်က ထိုကဲ့သို့သော တံဆိပ်ပြားတစ်ခု ထုတ်ပေးမည်ဖြစ်သည်။
၎င်းသည် ရှုတောင်ပေါ်ရှိ ဝင်ခွင့်လက်မှတ်တစ်ခုဟု ဆို၍ရပေသည်။
အကြောင်းမှာ ပုံမှန်အားဖြင့် မိမိတို့၏ဂိုဏ်းအနေဖြင့် ထိုမျှများပြားသော အပြင်လူများကို သွားချင်ရာသွားရန် ခွင့်ပြုပေးထားမည်မဟုတ်သောကြောင့် ဖြစ်သည်။
"အရင်ဆုံး မင်းတို့ကို ကြိုးကြာဒင်္ဂါးငါးရာ ဝေပေးထားမယ်...ကိစ္စပြီးသွားရင် နောက်ထပ်ငါးရာ ထပ်ပေးမယ်...ခေါင်းဖြတ်နိုင်တဲ့သူတွေက သီးသန့်ဆုကြေး ထပ်ရမယ်…”
“အားလုံး စိတ်ချထားလို့ရတယ်...ငါတို့အမှောင်ဘုရင်ဂိုဏ်းက အကျိုးပြုတဲ့သူတွေကို ဘယ်တော့မှ နစ်နာအောင်မလုပ်ဘူး..."
မိစ္ဆာဂိုဏ်းထဲတွင် သစ္စာရှိမှုဆိုသည်မှာ ပြောပလောက်စရာ မရှိပေ။ သူက အကျိုးအမြတ်ကိုသာ အပြည့်အဝအားကိုး၍ လူများကို စည်းရုံးနေခြင်းဖြစ်သည်။
ချူလျန် စပ်စုချင်စိတ်ဖြစ်ပေါ်ရန်ပင် မစောင့်လိုက်ရဘဲ လူတစ်ယောက်က မေးလိုက်၏။
"ခန်းမဆောင်သခင်...တကယ်တော့ ဘာတာဝန်မလို့ ဒီလောက်ဆုကြေးတွေ အများကြီးပေးရတာလဲ..."
"သေချာပေါက် ခက်ခဲတဲ့တာဝန်တစ်ခုပဲ..."
သရဲမျက်နှာခန်းမဆောင်သခင်က ဖြေလိုက်သည်။
"သန်ဘက်ခါက ရှုတောင်ထိပ်သီးညီလာခံပွဲရဲ့ ဗိုလ်လုပွဲပဲ...အမှောင်ဘုရင်ဂိုဏ်းက ငါတို့ကို အဲဒီထဲမှာ ရောနှောဝင်ရောက်ခိုင်းထားတယ်…”
“မင်းတို့အနေနဲ့ ဒီရှုတောင်ပွဲကြည့်တံဆိပ်ပြားကို ယူပြီး ထိပ်သီးအစည်းအဝေးပွဲ ဗိုလ်လုပွဲနေရာကို ဝင်သွားဖို့ပဲလိုတယ်...အဲဒီအချိန်ကျရင် ရှုတောင်မှာ လူအများဆုံးနေ့ဖြစ်နေမှာဖြစ်ပြီး လူစုံနေမှာဆိုတော့ ဘယ်သူမှ သတိထားမိမှာမဟုတ်ဘူး..."
"ရှုတောင်ပေါ်ကို ခိုးတက်ရမှာလား..."
တစ်ယောက်က တွေဝေစွာ မေးလိုက်သည်။
မိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူများအတွက်မူ သာမန်အချိန်များတွင် အရိပ်ထဲ၌သာ ပုန်းအောင်းနေခြင်းက ကိစ္စမရှိသော်လည်း အမြဲတမ်း ပုန်းကွယ်နေလေ့ရှိသော သူတို့ကို မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းထဲမှ တစ်ခု၏တောင်တံခါးထဲသို့ ရုတ်တရက် ပြေးဝင်ခိုင်းခြင်းပင်ဖြစ်သည်။
မည်သူမဆို စိတ်ထဲတွင် သံသယဖြစ်သွားကြမည်မှာ အသေအချာပင်...။
'ရှုတောင်ပေါ် ခိုးတက်ရမယ်...'
ချူလျန်လည်း စိတ်ထဲတွင် ဇဝေဇဝါ ဖြစ်သွားရသည်။
'ကောင်းလိုက်လေ...အခု ပိုက်ဆံများများရပြီး အလုပ်နည်းနည်း၊ အိမ်နဲ့နီးတဲ့ ပြဿနာမဟုတ်တော့ဘူး...အခု အိမ်မှာတင် အလုပ်စလုပ်ရတော့မှာလား...'
'ဒီကိစ္စက သိပ်အခြေအနေမကောင်းဘူး...'
'အမှောင်ဘုရင်ဂိုဏ်းက ရှုတောင်ထိပ်သီးညီလာခံပွဲကို အခွင့်ကောင်းယူပြီး ပြဿနာရှာချင်နေတာလား...ဒါမှမဟုတ် ပြီးခဲ့တဲ့တစ်ခေါက်က ဂိုဏ်းကြီးသုံးဂိုဏ်း အရိုးဖြူနန်းဆောင်ကို ဝိုင်းတိုက်ခဲ့တာကို ကလဲ့စားချေချင်တာလား...'
'မဟုတ်ဘူး...ဒီကိစ္စကို အရိုးဖြူနန်းဆောင်က လူအင်အားတွေ အကြီးအကျယ် တိုးချဲ့နေကတည်းက စီစဉ်ထားခဲ့တာပဲ...သူတို့ အမြဲပြောနေတဲ့ လှုပ်ရှားမှုကြီးဆိုတာ ဒါကိုပြောတာ ဖြစ်ရမယ်...'
"ရှုတောင်ဖြစ်တော့ ဘာဖြစ်သေးလဲ...ကြောက်သွားကြပြီလား..."
သရဲမျက်နှာခန်းမဆောင်သခင်က အံကြိတ်ကာ သူ့မျက်နှာကို လက်ညိုးထိုးပြလိုက်သည်။
"ငါ့ရဲ့ ဒီအမာရွတ်က ရှုတောင်ပေါ်က အရူးမတစ်ယောက် ငါ့ကိုပေးခဲ့တာ... အဲဒီတုန်းက သူက ငါတို့အမှောင်ဘုရင်ဂိုဏ်းရဲ့ တပည့်တွေကို ဆမ်မေ့စစ်မှန်တဲ့မီးတောက်နဲ့ သတ်ဖြတ်ခဲ့တယ်…”
“ငါက ရှောင်ဖို့မလိုက်လို့ အဝေးကနေ မီးခိုးငွေ့ဟပ်တာလေး ခံလိုက်ရုံနဲ့တင် ဒီလို သရဲသဘက်ရုပ်ပေါက်သွားခဲ့တာ...ဒါပေမဲ့ ငါကြောက်လားလို့ မင်းတို့မေးကြည့်… ငါမကြောက်ဘူး..."
"ငါ အနှစ်သုံးဆယ် စောင့်ခဲ့တယ်...ငါ့အပေါ် သူတို့လုပ်ခဲ့သမျှ အားလုံးကို အရင်းရော အတိုးပါ ပြန်တောင်းမယ်ဆိုတာကို အဲဒီသမ္မာလမ်းစဉ်ကလူတွေကို ကိုယ်တိုင်ကိုယ်ကျ ပြောပြချင်တယ်..."
"မင်းတို့က မိစ္ဆာဂိုဏ်းထဲ ဝင်လာပြီဆိုမှတော့ သွေးပင်လယ်၊ အလောင်းကောင်တောင်တန်းတွေကြားထဲကနေ ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေကြတာပဲ…”
“တကယ်လို့ မသွားရဲတဲ့လူရှိရင် ကျောက်စိမ်းအဆောင်ပြားကို ချထားခဲ့ပြီး ထွက်သွားလို့ရတယ်...ငါ မင်းတို့ကို အပြစ်မတင်ဘူး..."
သရဲမျက်နှာခန်းမဆောင်သခင်၏ ပြင်းပြင်းထန်ထန် ပြောဆိုလိုက်သော စကားများကြောင့် သူ့လက်အောက်ငယ်သားများမှာ အသီးသီး စိတ်လှုပ်ရှားသွားကြသည်။
သူတို့ မိစ္ဆာဂိုဏ်းသို့ဝင်ရောက်လာခြင်းမှာ သဘာဝကျကျပင် ယုံကြည်ချက်ကြောင့်မဟုတ်ဘဲ အကျိုးအမြတ်အတွက်သာ ဖြစ်ပေသည်။ အကယ်၍ သမ္မာလမ်းစဉ်တွင် ထိုသို့သောအကျိုးအမြတ်များကို မရနိုင်သောကြောင့်သာ မဟုတ်လျှင် မည်သူကအရိပ်ထဲတွင် နေထိုင်လိုမည်နည်း။
သူပြောသကဲ့သို့ပင် အမှောင်ဘုရင်ဂိုဏ်းသို့ ဝင်ရောက်လာသည့်နေ့ကတည်းက ၎င်းသည် ကောင်းကင်ဘုံကို ဆန့်ကျင်ခြင်းဖြစ်ကြောင်း သူတို့က သိထားကြပြီးဖြစ်သည်။
လတ်တလော တွေဝေမှုမှာလည်း သာမန်အားဖြင့် အကျိုးအပြစ်ကို ချိန်ဆနေခြင်းသာ ဖြစ်သည်။
လူတိုင်း တွေဝေနေကြချိန်တွင် ချူလျန်က ရှေ့သို့တစ်လှမ်းတက်ကာ ပြောလိုက်၏။
"အခုက ရှုတောင်ပေါ်ကို ခိုးတက်ရုံတင်မလား...အဲဒီနေရာက ငရဲဘုံမှ မဟုတ်တာ... တက်သွားတာ ဘာများခက်ခဲလို့လဲ...ခန်းမဆောင်သခင်...ကျွန်တော် ခင်ဗျားကို ထောက်ခံတယ်..."
"ဟုတ်တယ်...ကျွန်တော်လည်း ထောက်ခံတယ်..."
"အင်း..."
ချက်ချင်းပင် အခြားလူနှစ်ယောက်ကပါ နောက်မှလိုက်၍ ပြောလိုက်ကြသည်။
"ဟားဟား..."
အသစ်ဝင်ရောက်လာသော လူသုံးယောက်က သူ့အား တက်ကြွစွာ ထောက်ခံနေသည်ကို ကြည့်ကာ သရဲမျက်နှာခန်းမဆောင်သခင်က ချက်ချင်းပင် အားရပါးရ ရယ်မောလိုက်လေသည်။
"အမှောင်ဘုရင်ဂိုဏ်းက တပည့်တွေအားလုံးသာ မင်းတို့လိုမျိုးဆိုရင် ကြီးမြတ်တဲ့အလုပ်တွေ အောင်မြင်ဖို့အတွက် ဘာများပူစရာလိုတော့မလဲ..."