← Chapters

အခန်း ၃၁၀

Vol. 31 Ch. 310

အခန်း ၃၁၀

Vol. 31 Ch. 310

အခန်း (၃၁၀) - အနားလာမကပ်နှင့်

တစ္ဆေမျက်နှာ ခန်းမဆောင်သခင်သည် အသစ်ရောက်လာသော လက်အောက်ငယ်သားသုံးဦးအား အကြီးအကျယ်ချီးကျူးလိုက်သည်။ သူတို့၏ တက်ကြွမှုက ဘေးရှိ ဂိုဏ်းတူများကိုပါ တကယ်ပင် စိတ်အားတက်ကြွစေခဲ့ပြီး အားလုံး ပါဝင်ရန်ဆုံးဖြတ်လိုက်ကြ၏။

ရှုတောင်သို့ ပြန်ရောက်ပြီးနောက် ချူလျန်သည် ထိုသတင်းကို ရှုတောင်မှ လူကြီးများထံ ချက်ချင်းအသိပေးလိုက်သည်။ အခြားကိစ္စများကို အချိန်ဆွဲထား၍ရသော်လည်း ထိုမျှအရေးကြီးသောကိစ္စကိုမူ အချိန်ဆွဲ၍မရနိုင်ပေ။

ရှုတောင်မှ အထက်လူကြီးများကလည်း ထိုကိစ္စအပေါ် အထူးအလေးထားပြီး ချက်ချင်းပင် ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ကြသည်။ ချူလျန်အတွက်မူ တည်ငြိမ်အောင်နေရန်နှင့် သတင်းမပေါက်ကြားစေရန်သာ ညွှန်ကြားလိုက်၏။

ထိုအချက်က လုပ်ဆောင်ရန် မခက်ခဲလှပေ။

သူတို့သုံးဦးသည်လည်း ဝါရင့်သူလျှိုများဖြစ်ကြရာ အခြေခံလုပ်ငန်းခွင်ကျင့်ဝတ်များ လိုအပ်နေမည်မဟုတ်ချေ။

မည်သို့ပင်ဖြစ်စေ သတင်းပို့ပြီးပြီဖြစ်၍ ချူလျန်လည်း ဆက်လက် ပူပန်မနေတော့ပေ။

ရှုတောင်အထက်ပိုင်းမှ သေချာပေါက် ပြင်ဆင်ထားမည်ဖြစ်ရာ အမှောင်ဘုရင်ဂိုဏ်းသာ ရှုတောင်သို့ တကယ်ခိုးဝင်ပြီး ရမ်းကားရဲပါက သေချာပေါက် အသက်ရှင်လျက် ပြန်ထွက်သွားနိုင်မည်မဟုတ်ချေ။

နောက်တစ်နေ့သို့ ရောက်သောအခါ ပြိုင်ပွဲအစီအစဉ်အသစ် စတင်လေတော့သည်။

ရှုတောင် ထိပ်သီးပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်ကို မနက်ဖြန်တွင် ကျင်းပမည်ဖြစ်သောကြောင့် ဖျော်ဖြေရေးပြိုင်ပွဲ သုံးခုလုံး၏ ဗိုလ်လုပွဲများကို ယနေ့တွင် စီစဉ်ထားရာ အစီအစဉ်များက အတော်လေးကျပ်တည်းသည်ဟု ဆိုနိုင်ပေသည်။

မနက်စောစောတွင် ချူလျန်သည် မာကျောက်ပြိုင်ပွဲဗိုလ်လုပွဲ ကျင်းပရာနေရာ၌ ထိုင်နေလေပြီ။

စားပွဲပေါ်တွင် လူလေးယောက်ရှိသည်။ ဖြူစင်သောမျက်နှာထားနှင့် လျိုရှောင်ယွီ၊ အပြုံးမျက်နှာနှင့် ချူလျန်၊ ဖြောင့်မတ်သော မျက်နှာထားနှင့် လေးထောင့်စပ်စပ်လူရွယ်တစ်ဦး...ထိုသူမှာ ချူလျန် ယခင်က တွေ့ဖူးသည့် ထိန်းသိမ်းရေးခန်းမမှ ဂိုဏ်းတူအစ်ကို ယွမ်ကျိုး ဖြစ်နေသည်။

ပြီးနောက် ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးလည်းရှိသေး၏။

ထိုလူလတ်ပိုင်းအမျိုးသား၏ မျက်နှာမှာသွယ်လျပြီး ယဉ်ကျေးသိမ်မွေ့သောဟန် ရှိသည်။ ဖြူစင်သောမျက်နှာနှင့် ကြည်လင်သော မျက်လုံးများရှိရာ ကြည့်လိုက်သည်နှင့် ဉာဏ်ပညာကြီးမားမည့်ပုံပေါ်ပေသည်။

ထိုသူမှာ ယွီရှန်းတောင်ထွတ်၏ တောင်ထွတ်သခင် တန်ထိုင်ကျင့်ဖြစ်ပြီး တောင်ထွတ်သခင်များအကြား နာမည်ကြီးသော ဉာဏ်ကြီးရှင်တစ်ဦး တကယ်ပင် ဖြစ်ပေသည်။

ငယ်စဉ်က ခန္ဓာကိုယ်တစ်ခြမ်း ပြင်းထန်စွာဒဏ်ရာရခဲ့ပြီး တာအိုလမ်းစဉ်အား ဖြတ်တောက်ခံခဲ့ရခြင်းမရှိပါက သူ့အနာဂတ်မှာ တိုင်းတာ၍မရနိုင်အောင် ကြီးကျယ်မည်ဟု အချို့ကပြောကြသည်။

ဉာဏ်ပညာသက်သက်ကို ပြောရလျှင် သူသည် ဝမ်ရွှမ်လင်းထက်ပင် တောင်ထွတ်သခင်ချုပ်ဖြစ်ရန် ပိုမိုသင့်တော်သူ ဖြစ်ပေသည်။

မာကျောက်ပြိုင်ပွဲတိုင်း၏ နောက်ဆုံးတွင် နေရာ၌ ထိုင်နိုင်သူများမှာ သာမန် မာကျောက်အကျော်အမော်များ မဟုတ်တော့ဘဲ ဉာဏ်ရည်ဉာဏ်သွေး အလွန်ထက်မြက်သူများ၏ စင်မြင့်ဖြစ်လာလေ့ရှိသည်။

ချူလျန်သည် သူ့ရှေ့မှ လူနှစ်ဦးကို ရင်ဆိုင်ရချိန်တွင် သူ၌ အားသာချက်ရှိသည်ဟု မပြောရဲတော့ချေ။

သေချာပေါက် သူသည် နိုင်ရန် မျှော်လင့်မထားပေ။

တန်ထိုင်ကျင့်က ပြုံးလိုက်ပြီး နောက်ပြောင်သောလေသံဖြင့် ပြောလိုက်သည်။

"ငွေဓားတောင်ထွတ်က လူငယ်နှစ်ယောက်တောင် ပါနေတာပဲ...တော်တော်လေး ရှားပါးတဲ့ကိစ္စပဲ...မင်းတို့ ဖဲချတဲ့အခါ တစ်ယောက်ကိုတစ်ယောက် အခွင့်အရေး မပေးကြနဲ့နော်..."

ချူလျန်က ပြုံး၍ တုံ့ပြန်လိုက်၏။

"ဘယ်လိုလုပ် အဲ့ဒီလိုဖြစ်မှာလဲ..."

လျိုရှောင်ယွီမှာမူ ကြောင်အသွားလေသည်။

"ဖဲချတယ်..."

အချိန်ခဏကြာသော်...

မာကျောက်ပြိုင်ပွဲမှာ အလွန် ငြိမ်းချမ်းစွာ ပြီးဆုံးသွားလေသည်။

မျှော်မှန်းထားသည်ထက် ပိုစောပြီး အချိန်ကုန်သွားကာ မည်သည့် စိတ်လှုပ်ရှားဖွယ်ရာမှ မရှိခဲ့ချေ။

လေးထောင့်တုံးငယ်များကို စီပြီးနောက် တွန်းလှဲရသည့် ကစားနည်းမျိုးက ပုံမှန်ဉာဏ်ရည်ရှိသော လျိုရှောင်ယွီကဲ့သို့ မိစ္ဆာမလေးအတွက်မူ အလွန်လွယ်ကူလွန်းနေပေသည်။

မွန်းတည့်ချိန် မရောက်မီမှာပင် ချူလျန်သည် ဓားပျံ ပျံသန်းခြင်းပြိုင်ပွဲကွင်းသို့ ရောက်ရှိနေပြီဖြစ်သည်။ ယခုတစ်ကြိမ်မှာ ယခင် အုပ်စုပွဲစဉ်များနှင့် မတူဘဲ ဗိုလ်လုပွဲ ပြိုင်ကွင်းလမ်းကြောင်းမှာ အလွန်ရှုပ်ထွေးသွားလေသည်။

ပါဝင်ယှဉ်ပြိုင်သူများ၏ စွမ်းရည်မှာလည်း သဘာဝကျစွာပင် ပိုမိုအင်အားကြီးမားပြီး အားလုံးက အုပ်စုအသီးသီးမှ ရွေးချယ်ခံထားရသော ထိပ်တန်းအကျော်အမော်များ ဖြစ်ကြသည်။

ငွေဓားတောင်ထွတ်မှ အဖွဲ့ငယ်လေးသည်လည်း ချူလျန်နှင့်အတူလိုက်ပါလာပြီး သူ့ကို အားပေးကြသည်။ ၎င်းအပြင် ရှုတောင်အတွင်းအပြင်မှ ပွဲလာကြည့်ရှုသူများစွာ ရောက်ရှိနေကြရာ ပရိသတ်မှာ မာကျောက်ပြိုင်ပွဲထက် များစွာ ပိုများနေပေသည်။

ယခင်နှစ်များက ထိုသို့မဟုတ်ခဲ့ပေ။ ရှုတောင်ပေါ်ရှိ မာကျောက်ပြိုင်ပွဲမှာ ယခင် ထိပ်သီးပြိုင်ပွဲတိုင်းတွင် အကျော်ကြားဆုံးပြိုင်ပွဲဟု မဆိုနိုင်သော်လည်း ထိုမျှလောက် ပရိသတ်နည်းပါးလေ့ မရှိချေ။

အမှန်တကယ်တွင် ယခုနှစ် မာကျောက်ပြိုင်ပွဲမှာ ကြည့်ရှုစရာ အလွန်နည်းပါးလွန်းနေသည်။ ပရိသတ်များ ငြီးငွေ့သည်ဟုပင် မပြောနှင့်၊ လူတစ်ယောက်လိုနေ၍ စားပွဲဝိုင်းစ၍မရသောကြောင့်သာ မဟုတ်လျှင် ချူလျန်ကိုယ်တိုင်ပင် သွားချင်မည်မဟုတ်ချေ။

ဓားပျံ ပျံသန်းခြင်းပြိုင်ပွဲကမူ ကွာခြားသည်။ စိတ်လှုပ်ရှားဖွယ်ကောင်းသော တိမ်တိုက်ပေါ်မှ ပြိုင်ပွဲက လူကို အမှန်တကယ်သွေးဆူစေပေသည်။

မာကျောက်ပြိုင်ပွဲတွင် ပါဝင်ခဲ့ရသောကြောင့် ချူလျန်ရောက်လာချိန်မှာ အနည်းငယ် နောက်ကျနေသည်။ ပတ်ဝန်းကျင်ရှိ ပါဝင်ယှဉ်ပြိုင်သူ အများအပြားမှာ ရောက်ရှိနေကြပြီဖြစ်ပြီး မျက်နှာစိမ်းများရော၊ ရင်းနှီးသူများပါ ပါဝင်ကာ တစ်ယောက်ချင်းစီတိုင်းမှာ ရင်ဆိုင်ရခက်ခဲမည့်ပုံပေါ်နေကြ၏။

ဝမ်ယွဲ့လုံက အနားကပ်လာပြီး မေးလိုက်သည်။

"ဘယ်လိုလဲ...ပြီးခဲ့တဲ့တစ်ခေါက် အပြန်မှာ လေ့ကျင့်ခဲ့သေးလား..."

သူက ချူလျန်ထက်ပင် အနည်းငယ် ပို၍ စိတ်လှုပ်ရှားနေပုံရသည်။

ချူလျန်က ဝမ်ယွဲ့လုံ ဆိုလိုသည်မှာ ပျံသန်းသောဓားကို ကွေ့ဝိုက်လှည့်စားသည့် နည်းစနစ်ဖြစ်ကြောင်း သိလိုက်သည်။

"နှစ်ခေါက်လောက်တော့ စမ်းကြည့်တယ်...အရမ်းခက်တယ်...အချိန်ကပ်နေတော့ နောက်ပိုင်း ဆက်မလေ့ကျင့်ဖြစ်တော့ဘူး..."

ပြီးခဲ့သည့်တစ်ကြိမ်က ချန်ကျန်းကို အနည်းငယ်ရှုံးနိမ့်ခဲ့ပြီးနောက် ချူလျန်သည် အပြန်တွင် ဓားပျံဖြင့် မျဉ်းကွေးကွေ့သည့်နည်းစနစ်ကို တကယ်ပင်လေ့လာခဲ့သည်။ သို့သော် အခက်အခဲမှာ အလွန်ကြီးမားလွန်းပြီး သူ့တွင်လည်း အသေးစိတ်လေ့လာရန် အချိန်သိပ်မရှိခဲ့သောကြောင့် ယခုတိုင် အပြည့်အဝ တတ်မြောက်သည်ဟု မပြောရဲချေ။

သူ ပါဝင်ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲများက အရမ်းများနေသောကြောင့် မတတ်နိုင်ပေ။ သေချာပေါက် ပင်မပြိုင်ပွဲအတွက် ပြင်ဆင်ရန်ကိုသာ အဓိကထားရမည်ဖြစ်သည်။

ဝမ်ယွဲ့လုံက သက်ပြင်းချလိုက်၏။

"ဟူး...မင်းက ဓားပျံ ပြိုင်ပွဲကို တစ်ခါမှမကစားဖူးဘူးလေ...ဝင်ပြိုင်တာနဲ့ ဗိုလ်လုပွဲအထိ တက်နိုင်တာကတင် တော်တော်လေး အံ့ဩစရာကောင်းနေပြီ... ရလဒ်ကို သိပ်ပြီး တင်းကျပ်မနေပါနဲ့..."

ဗိုလ်လုပွဲ ပါဝင်ယှဉ်ပြိုင်သူ စုစုပေါင်း ဆယ်ဦးမှာ ကျောက်ကမ်းပါးပြတ်ရှေ့တွင် ရပ်နေကြဆဲဖြစ်ပြီး ရှေ့တွင်မူ တိမ်မြူများဖုံးလွှမ်းနေသော လမ်းကြောင်းရှိနေသည်။

ယခုအကြိမ် ပြိုင်ကွင်းလမ်းကြောင်းက ပိုဝေးသည်။ အလယ်တွင် ရိုးရှင်းသော အကွေ့များအပြင် ရှန်ကျန့်တောင်ထွတ်ကို ပတ်ရမည့် (၁၈) ကွေ့ လမ်းကြောင်းလည်း ရှိသေးသည်။

ထိုမျှမကသေးဘဲ ပိလော့တောင်ထွတ် လမ်းကြောင်းတွင်လည်း ကျပန်းကျဆင်းလာမည့် ဓားစွမ်းအင်မိုးများ ရှိနေဦးမည်ဖြစ်သည်။

ပြိုင်ကွင်းလမ်းကြောင်း၏ အရှည်နှင့် ရှုပ်ထွေးမှုများက ကြီးမားစွာတိုးလာသောကြောင့် စိန်ခေါ်မှုကလည်း သဘာဝကျစွာပင် ပိုမိုကြီးမားလာသည်။

ထိုသို့လုပ်မှသာ အစစ်အမှန်အားကောင်းသူကို ဆုံးဖြတ်နိုင်မည်ဖြစ်ပေသည်။

"ဓားပျံ ပျံသန်းခြင်းပြိုင်ပွဲ...ဗိုလ်လုပွဲ...စတင်ပျံသန်းပါ..."

စီမံခန့်ခွဲရေးအကြီးအကဲ၏ အမိန့်ပေးသံနှင့်အတူ အလံလွှင့်ထူလိုက်ရာ ဓားအလင်းတန်းဆယ်ခုမှာ ချက်ချင်းပင် ကောင်းကင်ယံကို ဖြတ်သန်း၍ မျဉ်းရှည်ကြီးများ ရေးဆွဲသွားကြလေတော့သည်။

"ဝိုး..."

တစ်တောင်လုံးမှ အားပေးသံများက ကောင်းကင်ယံထက်တွင် ချက်ချင်း ပဲ့တင်ထပ်သွားလေသည်။

ချူလျန်သည် နဂါးစိမ်းလက်ခြေချည်ကြိုးကို သေချာချည်နှောင်လိုက်ပြီး ဝူချန်ဓားကို အမြင့်ဆုံးအမြန်နှုန်းသို့ဆွဲတင်လိုက်ရာ ချက်ချင်းပင် အားလုံး၏ရှေ့ဆုံးသို့ ဦးဆောင်သွားလေတော့၏။

ကျင့်ကြံခြင်းအဆင့်ကိုပြောရလျှင် ပါဝင်ယှဉ်ပြိုင်သူအားလုံးထဲတွင် သူက ပထမတန်းစား၌ ရှိနေသည်။

လူဆယ်ဦးထဲတွင် ရွှေအမြုတေအဆင့်လေးဦးရှိပြီး ရွှေအမြုတေအလယ်အဆင့် နှစ်ဦးရှိသည်။ အကောင်းဆုံးရွှေအမြုတေ၏ ထောက်ပံ့မှုကို ထည့်သွင်းစဉ်းစားပါက ချူလျန်သည် ကျင့်ကြံခြင်းအဆင့်ပထမဟု ပြောခြင်းအပေါ် အငြင်းပွားစရာ ရှိမည်မဟုတ်ချေ။

သို့သော် ကျင့်ကြံခြင်းအဆင့်ပထမဖြစ်ခြင်းက အမြန်နှုန်းပထမဖြစ်သည်ဟု မဆိုလိုချေ။ ပြီးခဲ့သည့်တစ်ကြိမ်က သူ ထိုသဘောတရားကို နားလည်ခဲ့ပြီးဖြစ်၍ မည်သည့် မာနကိုမျှမထားရဲပေ။

သူ အားသာချက်ရှိသော ပထမဆုံးဖြောင့်တန်းသည့် လမ်းကြောင်းကို အခွင့်ကောင်းယူကာ အစွမ်းကုန်အရှိန်တင်လိုက်ပြီး တတ်နိုင်သမျှကြီးမားသည့် အားသာချက်ကို ရယူနိုင်ရန်မျှော်လင့်ထားသည်။

သို့သော် ဖြောင့်တန်းသောလမ်းကြောင်းတွင် အရှိန်တင်ရသည်မှာ အားလုံးက အလွန်မြန်ဆန်ကြရာ အကွာအဝေးသိပ်မဟသွားခင်မှာပင် ပထမဆုံး အကွေ့သို့ ရောက်လာလေပြီ။

ချူလျန်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး ဓားသွားကို အောက်သို့ ဖိချကာ ဓားကိုယ်ထည်ကို ရုတ်တရက်ဆောင့်ရမ်းလိုက်လေသည်။

ရွှီး... ရွှီး... ရွှီး...

ဝူချန်ဓားသည် လခြမ်းပုံစံမျဉ်းကွေးတစ်ခုကိုရေးဆွဲကာ ထိုတောင်ထွတ်ကို ပတ်သွားရာ ကြည့်ရသည်မှာ အတော်လေးချောမွေ့နေဆဲပင်။ သို့သော် ပတ်သွားသော မျဉ်းကွေးမှာ ဝေးလွန်းနေဆဲဖြစ်ရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဓားအလင်းတန်းလေးငါးခုက အတွင်းမျဉ်းကွေးကိုဖိကာ သူ့ကို ကျော်တက်သွားကြလေတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင်။

အနည်းငယ် လိုအပ်နေသေး၏။

ချူလျန်၏ မျက်နှာပေါ်မှ အမူအရာက ပြောင်းလဲမသွားပေ။ ဖြောင့်တန်းသော လမ်းကြောင်းသို့ ပြန်ရောက်သည်နှင့် ရွှေအမြုတေနှစ်ခုလုံးကို ဆက်လက် အပြည့်အဝ ဆွဲထုတ်လိုက်ကာ စောစောကအကွေ့တွင် ကျန်ရစ်ခဲ့သည့် အကွာအဝေးကို ပြန်လည်လိုက်မီအောင် ပြေးလေသည်။

သို့သော် ထိုအချိန်တွင် ဦးဆောင်မှုအားသာချက်မရှိတော့ဘဲ ဓားအလင်းတန်း ငါးခုအထိ ယှဉ်ပြိုင်ပြေးလွှားနေကြကာ အရောင်အသွေးစုံလင်သော အလင်းတန်းကန့်လန့်ကာကြီးတစ်ခုကို ဆွဲဆန့်ထားလေသည်။

တစ်ဖက်ကမ်းသို့ ဆက်သွယ်ထားသော သက်တံ့တံတားကြီးတစ်ခုနှင့်ပင် တူနေပေသည်။

လင်းပေ့က ကွင်းဘေးမှနေ၍ အော်ဟစ်လိုက်သည်။

"ချူလျန်...ရှေ့တက်..."

ဝမ်ယွဲ့လုံက ပြောလိုက်၏။

"ဂိုဏ်းတူအစ်ကိုချူရဲ့ အကွေ့နည်းစနစ်က အားနည်းနေတုန်းပဲ...ကြည့်ရတာ ဒီတစ်ခါ ပထမရဖို့ ခက်လိမ့်မယ်...ဒါပေမဲ့ အဆင့်ငါးအတွင်းဝင်ဖို့တော့ မျှော်လင့်ချက် ရှိနေသေးတယ်..."

လင်းပေ့က ပြောလိုက်သည်။

"ချူလျန်က ပြိုင်ပွဲတွေ အများကြီးဝင်နေရတာလေ...ပြိုင်ပွဲတိုင်းမှာ ထိပ်တန်း အပြိုင်အဆိုင်စွမ်းရည်ကို ထိန်းသိမ်းထားနိုင်တာကတင် တော်တော်လေး မလွယ်ကူဘူးလေ..."

ဝမ်ယွဲ့လုံက ခေါင်းညိတ်လိုက်၏။

"တကယ် ဒီလိုပဲ..."

ချူလျန်ကိုကြည့်လိုက်လျှင် သူ၏ နူးညံ့ပြီး ရုပ်ရည်ချောမောသော အပြင်ပန်းသွင်ပြင်ကြောင့် လူများက အမြဲလှည့်စားခံရလေ့ရှိသည်။ သူ့ကို မည်သည့် တိုက်ခိုက်လိုစိတ်မှမရှိဘဲ ထင်ပေါ်မည့်သူလည်းမဟုတ်ဟု ထင်မှတ်တတ်ကြ၏။

သို့သော် သူ့တိုက်ပွဲရလဒ်များကို သေချာကြည့်လိုက်ပါက အလွန် ကြောက်မက်ဖွယ်ကောင်းကြောင်း ခံစားရပေလိမ့်မည်။

ပြိုင်ပွဲတိုင်းတွင် ထိပ်ဆုံးသို့မရောက်နိုင်လျှင်ပင် အဲဒါက...။

ကောင်းကင်ယံထက်တွင် ဝုန်းခနဲအသံနှင့်အတူ နောက်ထပ်အကွေ့တစ်ခု ထပ်ရောက်လာလေပြီ။

ဝမ်ယွဲ့လုံ၏ အသံက ရုတ်တရက် ရပ်တန့်သွားသည်။

"နေဦး...အပြောင်းအလဲ ရှိနေသလားလို့..."

အချိန်ခဏကြာသော်...

ရွှီး... ရွှီး... ရွှီး...

နောက်ထပ် အကွေ့တစ်ခု ရောက်လာချိန်တွင်မူ ချူလျန်သည် နောက်ကျမနေခဲ့ပေ။ ထို့အစား သူက ဓားသွားကို အဆုံးစွန်အထိဖိချကာ ကိုယ်ကို ရှေ့သို့ကိုင်းလိုက်ပြီး အတွင်းဘက် မျဉ်းကွေးတစ်ခုကို ရေးဆွဲလိုက်ရာ ထိုဓားအလင်းတန်းများနှင့် အတူတူ ပြေးလွှားနိုင်ခဲ့လေသည်။

သို့သော် အကွေ့တွင်ယှဉ်ပြိုင်နိုင်ပါက ဖြောင့်တန်းသော လမ်းကြောင်းသို့ ရောက်သည်နှင့် သူတို့က ချူလျန်၏နောက်သို့ ရောက်သွားကြမည်သာဖြစ်ပေသည်။

ရွှေအမြုတေနှစ်ခုက ရူးသွပ်စွာလည်ပတ်နေပြီး ထွက်ပေါ်လာသော စစ်မှန်သောချီများက ချီပင်လယ်ကို အပြည့်ဖြည့်တင်းပေးလိုက်ရာ ချူလျန် အရှိန်မြှင့်တင်လိုက်တိုင်း ပြည့်လျှံနေသောပေါက်ကွဲအားတစ်ခုကို ရရှိစေလေသည်။

ဝုန်း...

ဖြောင့်တန်းသောလမ်းကြောင်းတွင် တိမ်လွှာများကို ထိုးခွဲသွားချိန်၌ ဟိန်းဟောက်သံများပင် ထွက်ပေါ်လာလေသည်။

မျက်တောင်တစ်ခတ်အတွင်း အကွေ့လေးကွေ့ကို ဖြတ်ကျော်ပြီးသွားပြီဖြစ်သည်။ အကွေ့များတွင် ချူလျန်က နောက်ကျမကျန်ခဲ့သလို ဖြောင့်တန်းသော လမ်းကြောင်းသို့ ရောက်သည်နှင့် ကွာဟချက်ကို ပြန်လည်ဖွင့်ချလိုက်လေသည်။

အချိန်ခဏလေးအတွင်းမှာပင် သိသာထင်ရှားသော ဦးဆောင်မှုအားသာချက်ကို ပြန်လည်ရယူနိုင်ခဲ့လေပြီ။

ဓားပျံ ပျံသန်းခြင်းပြိုင်ပွဲတွင် ယှဉ်ပြိုင်သူများသည် အများအားဖြင့် ပြိုင်ဘက်များ၏ အခြေအနေကို လေ့လာလေ့မရှိဘဲ မိမိဓားပျံအပေါ်၌သာ ပို၍ အာရုံစိုက်ထားတတ်ကြသည်။

မည်သို့ပင်ဆိုစေကာမူ ဝိညာဉ်အာရုံတစ်ခုလုံးကိုစူးစိုက်ရန် အလွန်လိုအပ်သော ပြိုင်ပွဲမျိုးဖြစ်ပေသည်။

သို့သော် သူ၏ တစ်ကိုယ်တော် ဦးဆောင်ပြေးလွှားနေမှုမှာ အလွန် သိသာလွန်းနေသောကြောင့် ပြိုင်ပွဲဝင်အားလုံးသည် ချူလျန်၏ကျောပြင်ကို မြင်တွေ့လိုက်ကြရလေသည်။

'သူပဲလား...'

လွန်ခဲ့သည့် ရက်များအတွင်း ရှုတောင်ပေါ်တွင် ချူလျန်၏တည်ရှိမှုက အလွန် သိသာလွန်းနေခဲ့သည်။ ရှုတောင် ထိပ်သီးပြိုင်ပွဲ၏ အစီအစဉ်တိုင်း၌ သူက အလွန် တက်ကြွစွာ ပါဝင်လှုပ်ရှားနေခဲ့သည်။

ထို့ကြောင့် ဓားပျံ ပျံသန်းခြင်းပြိုင်ပွဲလမ်းကြောင်းတွင်သာ အထူးပြုသော တပည့်များမှာ အနည်းနှင့်အများတော့ မကျေမနပ်ဖြစ်နေကြသည်။

ရှုတောင်ပေါ်တွင် ဓားပျံ ပျံသန်းခြင်းပြိုင်ပွဲကို ကျင့်ကြံကြသည့်တပည့်များတွင် ကိုယ်ပိုင်အသိုင်းအဝိုင်းများရှိပြီး သူတို့၌အမြဲတမ်း ကိုယ်ပိုင်ဂုဏ်ယူဝင့်ကြွားမှုများ ရှိကြသည်။

မည်မျှပင်ထူးချွန်ပြီး ကျင့်ကြံခြင်းအဆင့်ထင်ရှားသည့် တပည့်ဖြစ်စေကာမူ အမြန်နှုန်းပြိုင်ပွဲလမ်းကြောင်းတွင် သူတို့ကိုအနိုင်ယူရန် အလွန်ခက်ခဲလှသည်။

အဘယ်ကြောင့်ဆိုသော် သူတို့သည် ထိုနယ်ပယ်တွင် အထူးပြုထားပြီး လုံလောက်သော သွေးနှင့်ချွေးများကို ရင်းနှီးမြှုပ်နှံထားသောကြောင့်ပင်...။

'မင်းက ဘယ်လို စတုတ္ထအဆင့်၊ ပဉ္စမအဆင့်ဖြစ်တဲ့ ရှုတောင်ရဲ့ ထိပ်တန်းအကျော်အမော်ပဲ ဖြစ်နေပါစေ...အနားလာမကပ်နဲ့...'

သို့သော် ယခုအချိန်တွင် အသိုင်းအဝိုင်းထဲသို့ တစ်ခါမှမဝင်ဖူးသော ချူလျန်က ရုတ်တရက် သူတို့၏ခေါင်းပေါ်ကိုနင်းတက်သွားရာ အားလုံး၏ရင်ထဲ၌ ဘုံရန်သူအဖြစ် တွန်းလှန်လိုစိတ်များ ချက်ချင်း ပေါ်ပေါက်လာတော့သည်။

ရုန်းကန်ပြီး တိုက်ရိုက် လိုက်ကြလေသည်။

သို့သော် လိုက်မမီချေ။

ထို့ကြောင့် လူတိုင်း၏စိတ်ထဲတွင် တွေးလိုက်ကြသည်။ ခေတ္တမျှ ဦးဆောင်သွားလျှင်ပင် ကိစ္စမရှိပေ။

အဘယ်ကြောင့်ဆိုသော် ရှေ့တွင်အကွေ့ပေါင်း (၁၈) ကွေ့ ရှိနေသောကြောင့်ပင်။

All Chapters