အခန်း ၁၂၂
Vol. 13 Ch. 122
အခန်း ၁၂၂ - ချူးထုံကွမ်၏ အောင်မြင်မှု။
"ရှောင်ဝူ... မင်း ဒီလောက်တောင် များပြားတဲ့ ငွေတွေကို ဘယ်ကနေ ရခဲ့တာလဲ။ ပြီးတော့ ဘာဖြစ်လို့ နှစ်လမှာ တစ်ကြိမ်ပဲ လူကိုယ်တိုင် ပေါ်လာရတာလဲ။ မင်း တကယ်ပဲ ဘာအလုပ်လုပ်နေတာလဲ။ ငါတို့တွေ တရားမဝင်တဲ့ ကိစ္စရပ်တွေကိုတော့ လုံးဝ မလုပ်လို့မရဘူးနော်... အခုလောလောဆယ် ဒုစရိုက်မှု တိုက်ဖျက်ရေးက အလွန်တရာ တင်းကျပ်နေတာ။"
ဝေ့ဝူအနေဖြင့် ဤသို့သာ ပြောဆိုနိုင်တော့သည်။
"အမေ... စိတ်အေးအေးထားပါ။ သား လုပ်နေတဲ့ အလုပ်က တရားဝင်အလုပ်ပါ လူ့အဖွဲ့အစည်းအတွက်တောင် အကျိုးပြုနိုင်ပါသေးတယ်။ အလုပ်ရဲ့ သဘောသဘာဝက အနည်းငယ် ထူးခြားပြီး လျှို့ဝှက်ချက် ထိန်းသိမ်းဖို့ လိုအပ်လို့သာ အချိန်အတော်ကြာမှ တစ်ခါ ပြန်လာနိုင်တာပါ။"
သူသည် သူ၏ ကမ္ဘာကူးပြောင်းခြင်း ကိစ္စကို မိဘများအား ပြောပြရန် ရည်ရွယ်ချက် မရှိချေ။ ပထမအချက်အနေဖြင့် ဤကိစ္စက အလွန်တရာ ဆန်းကြယ်လွန်းနေပြီးဒုတိယအချက်အနေဖြင့် သူ၏ မိဘများ စိုးရိမ်ပူပန်ရမည်ကို ကြောက်ရွံ့သောကြောင့် ဖြစ်သည်။
"မမေးနဲ့တော့... ရှောင်ဝူက အရေးကြီးတဲ့ ကိစ္စကြီးတစ်ခုကို လုပ်ဆောင်နေတာပဲ။"
"အဖေ... အမေ... ဒါနဲ့ အဖေတို့က ဘာဖြစ်လို့ ဒီကို မပြောင်းချင်ကြတာလဲ။ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ အိမ်ဟောင်းကို နှမြောနေလို့လား။"
ထိုဇနီးမောင်နှံနှစ်ဦးစလုံး တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်မိကြပြီး ခါးသီးစွာ ပြုံးလိုက်ကြသည်။
"အဲဒီအိမ်ကို ရောင်းချလိုက်ရတာ ကြာလှပါပြီကွယ်။"
ဝေ့ဝူစူးစမ်းလိုစိတ်ဖြင့် ထပ်မံမေးမြန်းလိုက်သည်။
"သား ရွှီချင်းချန်ဆီက ကြားတာတော့... လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ အိမ်ခြံမြေဈေးနှုန်းတွေက တောက်လျှောက် မြင့်တက်နေခဲ့တာဆို။ အဖေတို့ အိမ်အသစ်တစ်လုံး ပြန်ဝယ်ဖို့အတွက် ရောင်းလိုက်တာလား။"
ရှန်ဝမ်သက်ပြင်းချလိုက်မိသည်။
"သား ပျောက်ဆုံးသွားပြီးတဲ့နောက်... သားအဖေနဲ့အမေက မင်းကိုပဲ ရှာဖွေချင်ခဲ့ကြတာ။ မင်းအဖေက အလုပ်ကနေ ထွက်လိုက်ပြီး နေရာအနှံ့ လိုက်ရှာခဲ့တယ်... ငါတို့ပြည်နယ် အိမ်နီးနားချင်းပြည်နယ်တွေ၊ အရှေ့ပိုင်းဒေသတွေနဲ့ အရှေ့မြောက်ပိုင်းဒေသတွေအထိပဲ။ တောင်ပိုင်းဒေသတစ်ခုတည်းကိုပဲ သိပ်မသွားဖြစ်ခဲ့တာ။ အဲဒီအချိန်တုန်းက ငါတစ်ယောက်တည်းပဲ အလုပ်လုပ်ခဲ့ရတာ ဒါပေမဲ့ နောက်ပိုင်းမှာ စက်ရုံက ဒေဝါလီခံသွားပြီး ငါလည်း အလုပ်ပြုတ်သွားခဲ့တယ်။ ရုတ်တရက် မိသားစုမှာ ငွေကြေး လုံးဝ မရှိတော့ဘူး။ ဒါကြောင့် မင်းကို ဆက်ပြီး ရှာဖွေနိုင်ဖို့အတွက် အိမ်ကို ရောင်းချလိုက်ရတာပဲ... ဒါပေမဲ့ နောက်ပိုင်းမှာတော့ ငါတို့လည်း နည်းနည်း ပါးနပ်လာပြီး ရေတိုအလုပ်လေးတွေကိုပါ တဖက်တလမ်းက လုပ်ကိုင်ခဲ့ကြတယ်။"
"လွန်ခဲ့တဲ့ သုံးနှစ်က... မင်းအဖေမှာ သွေးကင်ဆာ ရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတယ်။ ဆေးဝါးတွေ လိုအပ်ခဲ့ပြီး ဆေးတစ်ပုဒ်ကို ငွေကြေး ထောင်ဂဏန်း ဒါမှမဟုတ် သောင်းဂဏန်းအထိ ကုန်ကျခဲ့တာ။ ငါတို့တွေ ငွေတွေအများကြီး ချေးငှားခဲ့ရပြီး... ကံမကောင်းစွာနဲ့ပဲ အတိုးကြီးစားတဲ့ ငွေတိုးချေးစားသူတွေနဲ့ပါ ပတ်သက်မိသွားခဲ့တယ်။ အကြွေးရှင်တွေက ငါတို့အပေါ် အပြင်းအထန် ဖိအားပေးနေကြပြီး ဒီကို လာခွင့်မပြုချင်ကြဘူး... လွန်ခဲ့တဲ့ ရက်ပိုင်းတွေကတည်းက သူတို့ ငါတို့ကို ပြန်လာဖို့ ဆော်ဩနေကြတာ။"
ဝေ့ဝူဤအရာကို ကြားသိရသည့်အခါ စိတ်နှလုံး အလွန်တရာ လေးလံသွားခဲ့ရသည်။ ငွေတိုးချေးစားသူများနှင့် ပတ်သက်လာလျှင် တစ်ခါတစ်ရံတွင် ငွေပြန်လည်ပေးဆပ်ရုံမျှဖြင့် မလုံလောက်ဘဲ တစ်ဖက်လူ၏ လောဘဇောက အဆုံးသတ်မည်မဟုတ်သည်ကို စိုးရိမ်ရသည်။
မှန်ပေသည်။ ၄င်းက ကြီးမားသော ပြဿနာတစ်ခု မဟုတ်သေးချေ။ သူ၏ ဖခင်ဖြစ်သူ၏ ရောဂါဝေဒနာကသာလျှင် အရေးကြီးဆုံးအချက် ဖြစ်သည်။
"သွေးကင်ဆာကို အမြစ်ပြတ် ကုသလို့ရလား။"
သူသည် ဤရောဂါအကြောင်းကို ကြားဖူးထားပြီး ပြင်းထန်သည်ကို သိရှိသော်လည်း အသေးစိတ်ကိုမူ နားလည်ထားခြင်း မရှိချေ။
"ခက်ခဲပါတယ်... ငွေကြေးအမြောက်အမြား လိုအပ်သလို ရိုးတွင်းခြင်ဆီ ဆဲလ်အလှူရှင်အတွက် ကိုက်ညီတဲ့ သွေးအမျိုးအစားကိုလည်း ရှာဖွေရဦးမှာ။ ငါတို့မိသားစုမှာ အဲဒီလို လုပ်နိုင်တဲ့ အရည်အချင်း မရှိပါဘူး..."
ဝေ့ဝူ၏ စိတ်နှလုံးအတွင်း ခါးသီးမှုကို ခံစားလိုက်ရသည်။ သူ၏ မိဘများသည် သူ့ကို ရှာဖွေရန်အတွက် ဘယ်သောအခါမျှ လက်မလျှော့ခဲ့ကြဘဲ မိမိတို့၏ အိမ်ကို ရောင်းချကာ ဆင်းရဲနွမ်းပါးစွာ နေထိုင်ခဲ့ကြရုံတင်မကဘဲယခုအခါ ဖခင်ဖြစ်သူတွင်ပါ သွေးကင်ဆာဝေဒနာ စွဲကပ်နေခဲ့ပြီ ဖြစ်သည်။
သူသည် သူ၏ ဖခင်ဖြစ်သူကို စောစီးစွာ အသက်ဆုံးရှုံးသွားမည့် အဖြစ်ပျက်ကို လုံးဝ မကြည့်ရက်ချေ။
ယခုအခါ သူသည် ကမ္ဘာမြေသို့ နှစ်လလျှင် တစ်ကြိမ်သာ ပြန်လာနိုင်ပြီး တစ်ကြိမ်လျှင် နာရီအနည်းငယ်မျှသာ နေထိုင်ခွင့် ရရှိသည်။ တစ်နှစ်ပတ်လုံး တွက်ချက်ကြည့်မည်ဆိုပါက တစ်ရက်ခန့်သာ ရှိပေလိမ့်မည်။ ဤလူ့သက်တမ်းအတွင်း သူတို့ အတူတကွ အချိန်မည်မျှ တူတူဖြတ်သန်းနိုင်ပါဦးမည်နည်း။
ရောဂါဝေဒနာကြောင့် ဤမျှလောက် တန်ဖိုးရှိလှသော အချိန်များကို မည်သို့ အဆုံးရှုံးခံနိုင်မည်နည်း။
"ရွှီချင်းချန် ချူးထုံကွမ်ဆီကို အခုချက်ချင်းဖုန်းဆက်လိုက်စမ်း။"
ဝမ်ကုမ္ပဏီ၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ချူးထုံကွမ်တွင် ဆေးဘက်ဆိုင်ရာ နယ်ပယ်၌ အဆက်အသွယ်ကောင်းများ ရှိနေသင့်ပေသည်။ ထို့အပြင်သူသည် အတိုးကြီးစား အကြွေးရှင်များ၏ အခြေအနေကိုလည်း ကူညီဖြေရှင်းပေးနိုင်ပေလိမ့်မည်။
ရွှီချင်းချန်ကသူမ၏ မိုဘိုင်းဖုန်းကို ထုတ်ယူလိုက်သည်။
သူမ ပထမတစ်ကြိမ် ခေါ်ဆိုလိုက်သော်လည်း ဖုန်းမဝင်ခဲ့ချေ။ ဒုတိယအကြိမ် ခေါ်ဆိုလိုက်သော အခါတွင်မှ တစ်ဖက်လူက ဖုန်းလက်ခံဖြေကြားခဲ့သည်။
ချူးထုံကွမ်သည် အလွန်တရာ အလုပ်ရှုပ်နေပုံရသည်။ သူတို့နှစ်ဦး စကားအနည်းငယ် ပြောဆိုပြီးနောက်တွင်မှရွှီချင်းချန်ကဝေ့ဝူက ရှင့်ကို ဒီကို လာခဲ့စေချင်လို့ ဟု ဆိုလိုက်သည်။
ထိုအခါမှသာ တစ်ဖက်လူက ချက်ချင်း လာရောက်မည်ဖြစ်ကြောင်း သဘောတူသခဲ့တော့သည်။
ဖုန်းချလိုက်ပြီးနောက်ရွှီချင်းချန်သည် ဖုန်း၏ အကြောင်းကြားချက်ဘားတွင် ပေါ်ပေါက်လာသော သတင်းများကို လှမ်း၍ ဖျက်လိုက်သည်။
ရုတ်တရက် သူမ ညင်သာစွာ ရေရွတ်လိုက်မိသည်။
"ငါ ဘယ်လိုလုပ် မေ့သွားရတာလဲချူးထုံကွမ်က ဒီအတောအတွင်းမှာ အရေးကြီးတဲ့ ကိစ္စတစ်ခုနဲ့ အလုပ်ရှုပ်နေတာပဲ။"
ဝေ့ဝူစိတ်ထဲတွင် အကြောင်းပြချက်မရှိဘဲ မကျေမနပ် ဖြစ်သွားခဲ့ရသည်။
"နင်က ဘယ်လိုလုပ် သိတာလဲ။ နင်တို့တွေ ခဏခဏ အဆက်အသွယ် ရှိနေကြတာလား။"
"မဟုတ်ပါဘူး... မဟုတ်ပါဘူးသူက အခုလောလောဆယ် အရမ်းနာမည်ကြီးနေလို့ပါ။ အင်း... မိုဘိုင်းဖုန်းထဲက သတင်းတွေအရဆိုရင် အခု အဲဒီပွဲက ဖြစ်ပျက်နေတာငါတို့ လှမ်းကြည့်ရအောင်..."
ပြောပြောဆိုဆိုဖြင့် ရွှီချင်းချန်သည် ဧည့်ခန်းရှိ တီဗီကို ဖွင့်လှစ်လိုက်ပြီး ရီမုကို နှိပ်ကာ လိုင်းတစ်ခုသို့ လွှဲပြောင်းလိုက်သည်။ ၎င်းက တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုဖြစ်ပြီး သတင်းစာရှင်းလင်းပွဲတစ်ခုနှင့် တူညီနေသည်။
ကင်မရာကဆွဲပြလိုက်သည့် အခါတွင်မူ ဝေ့ဝူမှင်တက်သွားခဲ့ရသည်။ အလယ်တွင် ထိုင်လျက် မိုက်ကရိုဖုန်းကို ကိုင်ကာ စကားပြောဆိုနေသူမှာ အခြားသူမဟုတ်ဘဲ ချူးထုံကွမ် ပင် ဖြစ်နေခဲ့သည်။
သူ့နောက်ကွယ်ရှိ အပြာရောင် နောက်ခံဆိုင်းဘုတ်ပေါ်တွင် စာလုံးအချို့ကို ရေးသားထားသည်။
"ခွေးရူးပြန်ရောဂါအား တိုက်ဖျက်ခြင်း ဝမ်ကုမ္ပဏီ၏ ကြီးမားသော သုတေသန အောင်မြင်မှု သတင်းစာရှင်းလင်းပွဲ။"
ဝမ်ကုမ္ပဏီအပြင်.ပွဲစီစဉ်သူများထဲတွင် ဒေသခံ အာဏာပိုင်များပါ ပါဝင်နေခဲ့သည်။
အောက်တွင် ထိုင်နေကြသော လူများမှာ သာမန်ပုဂ္ဂိုလ်များ မဟုတ်ကြပုံရပြီး နောက်ကွယ်ရှိ သတင်းထောက်အုပ်စုကြီးထဲတွင် နိုင်ငံခြားသား မျက်နှာများစွာကိုလည်း မြင်တွေ့ရသည်။
ချူးထုံကွမ်က သူ၏ ထွက်ဆိုချက်များကို ပြောကြားနေခဲ့ပြီး အားလုံး၏ အာရုံစိုက်မှုက သူ့ထံတွင်သာ ရှိနေခဲ့သည်။ ရုတ်တရက် သူသည် စားပွဲရှည်ကြီး၏ အောက်သို့ လက်လှမ်းလိုက်ပြီး တစ်ခုခုကို ပြုလုပ်လိုက်ကာ အလျင်အမြန်ပင် ဆက်လက်စကားပြောဆိုခဲ့သည်။
သို့သော် ခဏအကြာတွင် သူ မျက်မှောင်ကြုတ်လိုက်မိပြီး အနည်းငယ် ဒေါသထွက်သွားသည့်အလားဤကဲ့သို့သော အချိန်မျိုးတွင် သူ့ကို မည်သူက နှောင့်ယှက်နေသနည်းဟု သိရှိရန် သူ၏ မိုဘိုင်းဖုန်းကို ထုတ်ယူ၍ ကြည့်ရှုလိုက်သည်။
မိုဘိုင်းဖုန်းစခရင်ကို ကြည့်ရှုပြီးနောက်တွင်မူ သူ မှင်တက်သွားခဲ့ရသည်။ သူ ချက်ချင်းပင် ဖုန်းကို လက်ခံဖြေကြားလိုက်တော့သည်။ စကားအနည်းငယ် ပြောဆိုပြီးနောက်သူ၏ မျက်နှာအမူအရာက လုံးဝ ပြောင်းလဲသွားခဲ့ပြီး လျင်မြန်စွာ မတ်တတ်ရပ်ကာ ဤကဲ့သို့သော အခမ်းအနားကြီးမှနေ၍ တစ်ယောက်တည်း ရုတ်တရက် ထွက်ခွာသွားခဲ့တော့သည်။
ဤအရာက အောက်တွင် ရှိနေသော သတင်းထောက်များနှင့် တက်ရောက်လာကြသူများကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။ မြင်ကွင်းက ချက်ချင်းပင် ရှုပ်ထွေးသွားခဲ့ရပြီး ဤမျှလောက် အရေးကြီးသော အခမ်းအနားတွင် ချူးထုံကွမ်ကို ရုတ်တရက် ထွက်ခွာသွားအောင် မည်သူက ဖုန်းခေါ်ဆိုလိုက်သနည်းဟု အားလုံးက ဝိုင်းဝန်းခန့်မှန်းနေကြတော့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုက ထိုနေရာတွင်တင် ရပ်တန့်သွားခဲ့သည်။ အမှန်တကယ်တော့ အချိန်နှောင့်နှေးမှု ရှိနေသောကြောင့်သာ သူတို့ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။
ဝေ့ဝူနှင့် ရွှီချင်းချန်: "..."
"အဟမ်း..."
ဝေ့ဝူချောင်းဆိုးဟန် ပြုလုပ်လိုက်သည်။
"စိတ်မပူပါနဲ့ ငါတို့ တမင်တကာ လုပ်ခဲ့တာ မဟုတ်ပါဘူး။"
ယခုအချိန်တွင်ဝမ် ကုမ္ပဏီ၏ ဌာနချုပ်ရှိ မြင့်မားလှသော မှန်စီရွှေချ အဆောက်အအုံကြီးက ကုမ္ပဏီ၏ ကြီးမားလှသော အင်အားကို ပြသနေခဲ့သည်။ ၎င်းက မြို့လယ်ခေါင်တွင် ဝန်ထမ်းများ ကားပါကင် ထိုးနိုင်ရန်အတွက်တင် ကြီးမားလှသော ရင်ပြင်ကြီးတစ်ခုကို တည်ဆောက်ထားနိုင်ခြင်း ဖြစ်သည်။
အမျိုးသားတစ်ဦးက လည်ပတ်နေသော မှန်တံခါးမှနေ၍ အလျင်အမြန် လျှောက်လှမ်းထွက်ခွာလာခဲ့သည်သူကတော့ ဇီဝဗေဒ နယ်ပယ် တွင် လတ်တလော လူပြောအများဆုံး ဖြစ်နေသော ကြယ်ပွင့်ပုဂ္ဂိုလ်ချူးထုံကွမ်ပင် ဖြစ်သည်။
လွန်ခဲ့သည့် လဝက်ခန့်ကဝမ်ကုမ္ပဏီသည် ခွေးရူးပြန်ဗိုင်းရပ်စ် ကို အောင်မြင်စွာ အမြစ်ပြတ် တိုက်ဖျက်နိုင်ခဲ့ပြီဖြစ်ကြောင်း ရုတ်တရက် ကြေညာခဲ့သည်။ သူတို့တွင် ခွေးရူးပြန်ရောဂါကို အပြည့်အဝ ကုသနိုင်သော နည်းပညာ ရှိနေခဲ့ပြီ ဖြစ်သည်။
၎င်းက ကမ္ဘာတစ်ဝန်းကို ချက်ချင်းပင် တုန်လှုပ်သွားစေခဲ့ပြီး ကမ္ဘာပေါ်ရှိ ပင်မသတင်းမီဒီယာများနှင့် အခြားသော မီဒီယာအားလုံး၏ အာရုံစိုက်မှုကို ဤနေရာသို့ ရောက်ရှိလာစေခဲ့သည်။
ထို့ပြင်ဤခက်ခဲလှသော ပြဿနာကို ကျော်ဖြတ်နိုင်ခဲ့သူ၏ အမည်နာမကလည်း ကမ္ဘာတစ်ဝန်းသို့ တစ်ခဏချင်းအတွင်း ပြန့်နှံ့သွားခဲ့ရသည်။
ချူးထုံကွမ်။
သို့သော်လည်း လောလောဆယ်ရှိ ချူးထုံကွမ်ကမူ ထိုပုဂ္ဂိုလ်ကို ချက်ချင်းပင် သွားရောက်တွေ့ဆုံချင်နေခဲ့သည်။ သူ့ကို ဇီဝဗေဒနယ်ပယ်အပေါ် ထားရှိသော နားလည်မှုများကို လုံးဝ ပြောင်းလဲသွားစေခဲ့ပြီးသူ၏ သုတေသန လုပ်ငန်းများကို စတင်ခဲ့ကတည်းက အကြီးမားဆုံးဆုံးသော ရလဒ်ကို ရရှိစေရန် ကူညီပေးခဲ့သူဖြစ်သည်။
"ဒီလိပ်စာအတိုင်း... မြန်မြန်မောင်း အခုချက်ချင်း။"
သူသည် အလွန်တရာ ဆန်းပြားလှသော စီးပွားရေးသုံး Bentleyကားအတွင်းသို့ ဝင်ရောက်လိုက်ပြီး ယာဉ်မောင်းအား ချက်ချင်းပင် ပြောဆိုလိုက်သည်။သို့သော်လည်း လူတစ်ဦးက ကားတံခါးကို ဖွင့်လှစ်လိုက်ပြီး သူ့ဘေးတွင် လှမ်း၍ ထိုင်လိုက်သည်။
သူမသည် အရပ် ၁.၇၅ မီတာခန့် မြင့်မားသော အမျိုးသမီးတစ်ဦးဖြစ်ပြီ အနက်ရောင် ဝတ်စုံနှင့် အဖြူရောင် အင်္ကျီကို ဝတ်ဆင်ထားကာရှည်လျားသော မျက်တောင်များနှင့် နှုတ်ခမ်းနီ နီနီရဲရဲ ဆိုးထားပြီး သူမ၏ စရိုက်လက္ခဏာမှာ အေးစက်လှပသော မင်းစိုးရာဇာ အရှိန်အဝါမျိုးကို ပိုင်ဆိုင်ထားသည်။
ချူးလင်ယွဲ့သူမကချူးထုံကွမ်၏ ညီမ ဖြစ်သည်။
လွန်ခဲ့သည့်အကြိမ်က ဝေ့ဝူဝင်ရောက်ခဲ့သော ဆေးဆိုင်မှာ ချူးလင်ယွဲ့ဖွင့်လှစ်ထားသော ဆေးဆိုင် ဖြစ်သည်။
သူမက လူနေမှုဘဝကို လာရောက်ခံစားနေခြင်းသာ ဖြစ်သည်။ သူမ၏ အစ်ကိုဖြစ်သူကဲ့သို့ပင် သူမသည်လည်း ဇီဝဗေဒဆိုင်ရာ သုတေသနများကို အလွန်တရာ ရူးသွပ်သော ပညာရှင်တစ်ဦး ဖြစ်သည်။ သူမတွင် သီးခြား အလုပ်မရှိဘဲ သူမ၏ ကိုယ်ပိုင် ဓာတ်ခွဲခန်းတစ်ခု ရှိနေခဲ့သည်။
"နင်က ဘာဖြစ်လို့ ကားပေါ် တက်လာတာလဲ။"
ချူးထုံကွမ် မေးမြန်းလိုက်သည်။
"အစ်ကို့ကို ခရမ်းရောင်ပုလဲကောင်ပေးခဲ့တဲ့သူကို သွားတွေ့မလို့လေ။"
ချူးလင်ယွဲ့ခေါင်းကို မော့လိုက်ပြီး သူမ၏ တောက်ပလှပသော ဆံပင်အရှည်ကြီးကို ခေါင်းနောက်သို့ သပ်လိုက်သည်။
ချူးထုံကွမ်ထိတ်လန့်သွားခဲ့ရသည်။
"နင်... နင် ဘာတွေပြောနေတာလဲ။ ခရမ်းရောင်ပုလဲကောင်ကို ငါ အမှတ်မထင် ရှာဖွေတွေ့ရှိခဲ့တာပါ အဲဒါက တခြား..."
ချူးလင်ယွဲ့၏ နှုတ်ခမ်းနီရဲရဲက အနည်းငယ် ကွေးညွတ်သွားခဲ့ပြီး သူမ၏ အကြည့်များက မထီမဲ့မြင် ပြုနေခဲ့သည်။
"အစ်ကို... နောက်နောင်ကျရင် မိုဘိုင်းဖုန်းရဲ့ လျှို့ဝှက်ချက်တွေကို သတိထားဦး သူတစ်ပါးက လှမ်းပြီး နားထောင်ဖို့ အလွန်လွယ်ကူတယ်။"
ချူးထုံကွမ် မျက်လုံးများ ပြူးသွားခဲ့ရသည်။
"နင်... နင် ငါ့ဖုန်းကို ကြားဖြတ်နားထောင်ခဲ့တာလား။"
ချူးလင်ယွဲ့၏ လှပသော ပါးပြင်လေးများက အမြဲတမ်းပင် အပေါ်သို့ အနည်းငယ် မော့နေခဲ့ပြီး သူမ၏ အကြည့်များကလည်း အမြဲတမ်းပင် သူတစ်ပါးအပေါ် ငုံ့ကြည့်နေသည့်အလား ခံစားရစေသည်။
"ငါ ပျင်းနေလို့ ရုတ်တရက် ဆော့ကစားချင်စိတ် ပေါ်လာတာပါ အစ်ကို့ရဲ့ လျှို့ဝှက်ချက်ကို ကြားရလိမ့်မယ်လို့ မထင်ထားမိဘူး။"
ပြောပြီးနောက်သူမသည် ပြတင်းပေါက်ဘေးရှိ စင်လေးပေါ်တွင် လက်ကို တင်လိုက်ပြီး နောက်သို့ မှီချလိုက်သည်။ ဤကဲ့သို့ ပြုလုပ်လိုက်ခြင်းကြောင့်... သူမ၏ ထွားကျိုင်းလှသော ရင်အုံအစုံက အဆင့်မြင့် အဖြူရောင်အင်္ကျီကိုပင် ဖောက်ထွက်မတတ် ပေါ်လွင်သွားခဲ့သည်။
ချူးထုံကွမ်က တောက်တစ်ချက် ခေါက်လိုက်ပြီး သူ၏ နဖူးကိုသာ တဗုန်းဗုန်း ထုရိုက်မိတော့ရာ အဆုံးမရှိ နောင်တရနေခဲ့သည်။
သူ၏ ဤညီမဖြစ်သူမှာ လွယ်လွယ်ကူကူနှင့် ရင်ဆိုင်ရမည့်သူ မဟုတ်ချေ။ ယခုအခါ သူမ ဤကိစ္စကို သိရှိသွားပြီဖြစ်ရာ အနာဂတ်တွင် ဘာများ ဖြစ်ပျက်လာမည်ကို ကောင်းကင်ဘုံကသာ သိရှိပေလိမ့်မည်။
သူသည် ယခုအချိန်တွင် သူ စီးနင်းလာသောကား၏ နောက်ကွယ်၌ ကြီးမားလှသော ကားတန်းကြီးတစ်ခုက အစဉ်လိုက် လိုက်ပါနေခဲ့သည်ကို သတိမထားမိလိုက်ချေ။
ထို့အပြင်၎င်းတို့အားလုံးက ဇိမ်ခံကားများ ဖြစ်ကြပြီး အတွင်း၌ ထိုင်နေကြသော လူများမှာလည်း သာမန်လူများ မဟုတ်ကြချေ။ သာမန် ကားအချို့လည်း ပါဝင်နေခဲ့သည်။ ၎င်းတို့ကတော့ အဓိက တီဗီအသံလွှင့်ဌာနများမှ ကားများဖြစ်ကြပြီး အတွင်း၌ ရှိနေသူများမှာ သတင်းထောက်များ ပင် ဖြစ်ကြတော့သည်။