အခန်း ၃၆၃
Vol. 33 Ch. 363
အခန်း (၃၆၃) ကင်ဆာ နောက်ဆုံးအဆင့်
မကြာမီ ကြီးကျယ်ခမ်းနားသော စားသောက်ပွဲကြီးတစ်ခု အသင့်ဖြစ်နေပေပြီ။
လူဆယ်ယောက်ကျော်ခန့် အတူတကွ ထိုင်နေကြ၏။
လူတိုင်းသည် စကားစမြည်ပြောဆိုကာ ရယ်မောနေကြလေသည်။ စကားဝိုင်း၏ အဓိကအကြောင်းအရာအများစုမှာ စုဖူချန်နှင့် ပတ်သက်နေချေသည်။
စုဖူချန်သည် တဖြည်းဖြည်း သက်တောင့်သက်သာဖြစ်လာပြီး လွတ်လွတ်လပ်လပ် စတင်ပြောဆိုလာတော့၏။ စားပွဲဝိုင်းတစ်ခုလုံး ရယ်မောသံများနှင့် ရွှင်လန်းတက်ကြွသော စကားသံများဖြင့် ပြည့်နှက်နေပေသည်။
လေထုမှာ သဟဇာတဖြစ်ကာ ပျော်ရွှင်ဖွယ်ကောင်းနေပြီး အဘိုးစုသည်လည်း အလွန်ပျော်ရွှင်နေသော်လည်း သူ၏ရင်ထဲတွင် ပြောမထွက်နိုင်သော တစ်စုံတစ်ရာ ရှိနေပုံရကာ စကားစရန် မည်သို့စတင်ရမည်ကို မသိဖြစ်နေပုံပေါ်ချေသည်။
"အဟွတ် အဟွတ်..."
ရုတ်တရက် အဘိုးစုသည် နှစ်ကြိမ်ခန့် ချောင်းဆိုးလိုက်ပြီး သူ၏မျက်နှာမှာ သေလူတစ်ယောက်ကဲ့သို့ ဖြူဖျော့သွားလေသည်။
အဘိုးကျောက်က အခြေအနေကို ပထမဆုံး သတိပြုမိသွားသူ ဖြစ်၏။ သူသည် အလျင်အမြန် လှမ်းကြည့်လိုက်ပြီး စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
"လူအိုကြီးစု ဘာဖြစ်လို့လဲ... ဘာဖြစ်သွားတာလဲ..."
အဘိုးစုသည် သူ၏လက်ကို ဖြည်းညင်းစွာ ဝှေ့ယမ်းလိုက်ပြီး ပါးစပ်ထဲမှ ငါးရိုးတစ်ရိုးကို ထုတ်ယူကာ ပြုံးရင်း ပြောလိုက်ပေသည်။
"ဘာမှမဖြစ်ပါဘူး... ငါးရိုးစူးသွားလို့ပါ..."
ထိုအခါမှသာ လူတိုင်း သက်ပြင်းချနိုင်သွားကြတော့၏။
"ဒါဆိုလည်း ကောင်းပြီး... သတိထားစားဦး..."
အဘိုးကျောက်က ပြောလိုက်သည်။
"သေချာတာပေါ့..."
အဘိုးစုက ထပ်မံပြုံးပြလိုက်ပြီး နောက်တစ်စက္ကန့်တွင် သန့်ရှင်းသော တစ်ရှူးဖြူနှစ်ရွက်ကို အလျင်အမြန်ဆွဲယူကာ အပြင်းအထန် ချောင်းဆိုးလေတော့သည်။
"အဟွတ် အဟွတ် အဟွတ် အဟွတ်..."
ပြင်းထန်သော ချောင်းဆိုးသံကြီးက အဆုတ်များကိုပင် တုန်ခါသွားစေချေသည်။ လူတိုင်း၏ အာရုံသည် ဤဘက်သို့ ချက်ချင်း ပြန်လည်ရောက်ရှိလာကြပြန်၏။
"လူအိုကြီးစု မင်းက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ပေါ့ဆရတာလဲ... လည်ချောင်းထဲ ငါးရိုးစူးပြန်ပြီလား..."
အဘိုးကျောက်က နောက်ပြောင်လိုက်သည်။
"ဟားဟား... ငါလည်း အိုနေပြီလေ... အိုနေပါပြီ..."
အဘိုးစုက တစ်ရှူးကို အမြန်ဝှက်ထားလိုက်ပြီး သူ့ကိုယ်သူ နှိမ့်ချကာ ပြောလိုက်ပေသည်။
ဤစကားနှစ်ခွန်းက အဘိုးကျောက်အား တစ်စုံတစ်ခု အလွန်မှားယွင်းနေကြောင်း ခံစားသွားရစေ၏။ သူသည် အဘိုးစု၏ လက်ထဲရှိ တစ်ရှူးကို ချက်ချင်း လှမ်းကြည့်လိုက်ရာ အနီရောင်အစအနတစ်ခုကို သတိပြုမိသွားလေသည်။
သူသည် မျက်မှောင်ကြုတ်သွားပြီး အဘိုးစု၏ လက်ထဲမှ တစ်ရှူးကို အလျင်အမြန် လုယူရန် ကြိုးစားလိုက်တော့၏။
"ခင်ဗျား ဘာလုပ်တာလဲ... လူအိုကြီးကျောက် မင်းက ငါ့ကို လုယက်နေတာလား..."
အဘိုးစုက တစ်ဝက်နောက်ပြောင်သည့် လေသံဖြင့် ပြောလိုက်သော်လည်း သူ၏ခန္ဓာကိုယ်က သိသိသာသာပင် ခုခံနေချေသည်။
"လူအိုကြီးစု မင်းလက်ထဲက ကိုင်ထားတဲ့ဟာကို ထုတ်လိုက်စမ်း..မြန်မြန် ထုတ်လိုက်စမ်းပါ..."
အဘိုးကျောက်က အလွန်လေးနက်စွာဖြင့် ပြောဆိုလိုက်သည်။
"မင်းဘာလုပ်နေတာလဲ... ဘာလုပ်တာလဲ... စက္ကူနှစ်ရွက်လေးကို ဘာလို့ ဒီလောက်တောင် ပြဿနာရှာနေရတာလဲ..."
"ငါ မပေးနိုင်ဘူး..."
အဘိုးစုက တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး လွှတ်ပေးရန် ငြင်းဆန်နေပေ၏။
"ငါ ပြောမယ် အဘိုးစု... ဒါက နောက်နေတာ မဟုတ်ဘူး... အခုချက်ချင်း ငါ့ကို ပေးစမ်း..."
အဘိုးကျောက်က လုံးလုံးလျားလျား လက်မလျှော့သေးချေ။
ညစာစားပွဲရှိ လူများအားလုံးသည် ဤမြင်ကွင်းကြောင့် ရယ်ချင်စိတ် ဖြစ်ပေါ်သွားကြလေသည်။ သူတို့နှစ်ဦးမှာ အသက်အရွယ် ကြီးရင့်နေကြပြီဖြစ်သော်လည်း ကလေးနှစ်ယောက်ကဲ့သို့ ရန်ဖြစ်နေကြသောကြောင့်ပင်။
"အဖေ ဘာလုပ်နေတာလဲ... ဦးလေးစု သုံးထားတဲ့ တစ်ရှူးတွေကို သွားလုနေရတယ်လို့... အဖေတို့နှစ်ယောက် ရင်းနှီးတာကို ကျွန်တော် သိပေမဲ့ ဒီလောက်အထိတော့ မဟုတ်ဘူးမလား..."
ကျောက်ဟွေဟွမ်က ပြုံးရင်း နောက်ပြောင်လိုက်၏။
ဘေးရှိလူများအားလုံးကလည်း သူတို့၏ လုပ်ရပ်များကိုကြည့်ကာ ရယ်မောလိုက်ကြသည်။
ဤအချိန်တွင် စုယွမ်၏ မျက်ခုံးများ တွန့်ချိုးသွားပေ၏။ အဘိုးစုကို ကြည့်နေသော သူ၏ မျက်နှာအမူအရာမှာ တစ်ခုခု လွဲချော်နေကြောင်း သိသာထင်ရှားနေပြီး မျက်နှာတစ်ခုလုံး နီရဲလုမတတ် ဖြစ်နေချေသည်။
၎င်းမှာ အလွန်အမင်း တောင့်တင်းနေ၏။ အဘိုးစုသည် မုန်တိုင်းမျိုးစုံကို ဖြတ်သန်းဖူးသူဖြစ်ရာ ဤမျှသေးငယ်သော ကိစ္စလေးတစ်ခုအတွက် သူ၏ မျက်နှာအမူအရာက အဘယ်ကြောင့် ဤမျှလောက် ပြောင်းလဲသွားရသနည်း။ ထို့အပြင် အဘိုးကျောက်ကရော အဘယ်ကြောင့် အဘိုးစု၏ လက်ထဲမှ တစ်ရှူးကို လုယူရသနည်း။
ဤနေရာတွင် တစ်ခုခု မှားယွင်းနေသည်မှာ အသေအချာပင်။
စုယွမ်သည် သူ၏ ထက်မြက်သော မျက်လုံးများဖြင့် အဘိုးစု၏ လက်ထဲရှိ တစ်ရှူးပေါ်မှ တောက်ပသော အနီရောင်အစအနကို ချက်ချင်း သတိပြုမိလိုက်လေသည်။
ချက်ချင်းပင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူ သဘောပေါက်သွားတော့၏။
"အဟွတ် အဟွတ် အဟွတ်..."
အနည်းငယ် အားအင်သုံးလိုက်ပြီးနောက် အဘိုးစုသည် သိသိသာသာပင် မောပန်းသွားပြီး ထိုင်ခုံပေါ်တွင် မှီချကာ ပါးစပ်ကို လက်ဖြင့်အုပ်လျက် မရပ်မနား ချောင်းဆိုးနေလေတော့သည်။ ခဏတာ ပေါ့ဆသွားချိန်တွင် အဘိုးကျောက်သည် သူ၏လက်ထဲရှိ အရာကို ရယူသွားနိုင်ခဲ့ပေ၏။
"လူအိုကြီးကျောက်... ငါ့ကို ပြန်ပေး...မင်း တိတိကျကျ ဘာလုပ်ချင်နေတာလဲ..."
အဘိုးစုသည် အလွန် ဒေါသထွက်သွားလေသည်။
"ငါ ဘာလုပ်နေလဲဟုတ်လား... မင်းကသာ ဘာလုပ်နေတာလဲ..."အဘိုးကျောက်မှာလည်း အတော်လေး ဒေါသထွက်နေပေ၏။
အသံနှစ်သံကြောင့် အခန်းအတွင်းရှိ လေထုမှာ ချက်ချင်းပင် လေးနက်သွားတော့သည်။
သူတို့အားလုံး အဘိုးကျောက်ထံသို့ လှမ်းကြည့်လိုက်ချိန်တွင် သူ၏လက်ထဲရှိ အရာများကို ဖြည်းညင်းစွာ ဖြန့်ပြနေသည်ကို မြင်တွေ့လိုက်ရ၏။
တွေ့မြင်လိုက်ရသမျှမှာ တောက်ပသော အနီရောင်များပင်။
"ဘာတွေ ဖြစ်နေတာလဲ..."
စုယွမ်ကျန်းနှင့် စုယွမ်ဟိုင် ညီအစ်ကိုနှစ်ဦးသည် အံ့အားသင့်မှုများ ပြည့်နှက်နေသော မျက်နှာများဖြင့် ရုတ်တရက် မတ်တပ်ရပ်လိုက်ကြလေသည်။
အဲဒါက သွေးတွေပဲ...
ဘာတွေ ဖြစ်နေတာလဲ...
"အဖေ... ဘာတွေ ဖြစ်နေတာလဲ..."
"ဘာလို့..."
စုယွမ်ကျန်းသည် အလွန်အမင်း စိုးရိမ်ပူပန်နေချေသည်။
"အဟွတ် အဟွတ်..."
အဘိုးစုသည် သိသိသာသာပင် သက်သာလာခြင်းမရှိသေးဘဲ ပြန်လည်မဖြေကြားနိုင်ဘဲ ချောင်းအကြိမ်အနည်းငယ် ဆိုးနေလေ၏။
"ခရမ်းချဉ်သီးဆော့စ်... ခရမ်းချဉ်သီးဆော့စ်တွေပါ..."
ယခုအချိန်အထိ အဘိုးစုသည် ကိစ္စကို ရှောင်လွှဲရန် ကြိုးစားနေဆဲပင်။
"ခရမ်းချဉ်သီးဆော့စ် ဟုတ်လား... လူအိုကြီးစု မင်းရဲ့ ခရမ်းချဉ်သီးဆော့စ်က ဒီလိုအရသာမျိုး ရှိနေလို့လား..."
"ငါ့ကို ပြောစမ်း... မင်းမှာ ဘာရောဂါ ရှိနေတာလဲ..."
အဘိုးကျောက်က စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
"လူတွေ အိုလာရင် ဒီလိုပဲ မဟုတ်ဘူးလား... ဒါက ရှောင်လွှဲလို့မရပါဘူး..."
အဘိုးစုက ပြောပြရန် ငြင်းဆန်နေဆဲပင်။
"ရှောင်ကျောက်... ရှောင်ကျောက်... ကျောက်ထျန်း မင်း ဘယ်မှာလဲ..."
"ကျောက်ထျန်း... ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါ့ကို ပြောစမ်း..."
အဘိုးကျောက်က ကျောက်ထျန်းအား ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
ကျောက်ထျန်းသည် နားမလည်နိုင်သော အမူအရာဖြင့် ဝင်ရောက်လာပြီး အဘိုးစုနှင့် အဘိုးကျောက်တို့ကြားသို့ လှမ်းကြည့်လိုက်ရာ သွေးများစွန်းထင်းနေသော တစ်ရှူးကို မြင်လိုက်ရ၏။ သူ၏ စိတ်ထဲတွင် တစ်ခဏမျှ ဗလာကျင်းသွားပြီး စကားကို မည်သို့စတင်ရမည်ကို မသိဖြစ်သွားတော့သည်။
"ရှောင်ကျောက် မင်းနဲ့ ဘာဆိုင်လို့ ဒီရောက်နေတာလဲ... ထွက်သွားစမ်း..."
အဘိုးစုက ကြိမ်းမောင်းလိုက်လေသည်။
“ရှောင်ကျောက်... မင်း သူ့အတွက် စိတ်ပူနေစရာ မလိုဘူး...အမှန်တရားကို မင်း သိတယ်ဆိုတာ ငါသိတယ်...
ဒီကိစ္စကို မပြောဖို့ သူ မင်းကို မှာထားတာလည်း ငါ သိပြီးသားပဲ...ဒါပေမဲ့ မင်းရဲ့ တာဝန်က အဘိုးစုကို ကာကွယ်ပေးဖို့နဲ့ ဂရုစိုက်ပေးဖို့ပဲ...သူ့ရဲ့ ရောဂါကို ဖုံးကွယ်ထားပေးဖို့ မဟုတ်ဘူး...သူပြောတာကို ဒီတစ်ခါတော့ လိုက်နာစရာ မလိုဘူး...အမှန်အတိုင်း ပြောလိုက်...”
အဘိုးကျောက်က လေးနက်သော လေသံဖြင့် ပြောလိုက်၏။
"ရှောင်ကျောက်... မြန်မြန် ပြောစမ်း... အကြောင်းရင်းက ဘာလဲ..."
စု ညီအစ်ကိုများသည် အလွန်အမင်း စိုးရိမ်ပူပန်နေကြပြီး ထိုနေရာရှိ လူအားလုံး၏ မျက်နှာများမှာ လေးနက်သွားကြပေ၏။
"မင်း... မင်း..."
"မင်းတို့က ငါ့ကို ရူးအောင် လုပ်နေကြတာလား..."
"မင်းတို့က ငါ့ကို ရူးအောင် လုပ်နေကြတာလား..."
အဘိုးစုသည် စိတ်ပျက်လက်ပျက်ဖြင့် စားပွဲကို လက်သီးဖြင့် ထုလိုက်ရာ သူ၏မျက်နှာတွင် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေချေသည်။ သူ၌ အားအင်များ ကျန်ရှိမနေတော့ဘဲ သူ၏ခန္ဓာကိုယ်ကို ထောက်ပံ့ရန် ထိုင်ခုံကိုသာ မှီထားနိုင်တော့၏။
"လူအိုကြီးစု မင်းဘာတွေ ဖုံးကွယ်ထားတာလဲ..."
အဘိုးကျောက်က အော်ဟစ်လိုက်လေသည်။
"ငါ... ငါ..."
အဘိုးစုသည် အားနည်းကာ ပျော့ခွေနေပေ၏။
"အဖေ... ကျွန်တော်တို့က အဖေ့ရဲ့ ကလေးတွေပဲ မဟုတ်ဘူးလား... အဖေ့ရဲ့ ကျန်းမာရေးအကြောင်းကိုတောင် ကျွန်တော်တို့က မသိခွင့် မရှိဘူးလား..."
ကျွန်တော်တို့က မိဘကျေးဇူးမသိတဲ့ ကလေးတွေများ ဖြစ်နေလို့လား...
"သားတွေဖြစ်နေပါလျက်နဲ့ အဖေ့ရဲ့ ကျန်းမာရေးက အန္တရာယ်ရှိနေတာကို ကျွန်တော်တို့ မသိခဲ့ရဘူး... ကျွန်တော်တို့... ကျွန်တော်တို့..."
စုယွမ်ကျန်းသည် အလွန်အမင်း ရင်ကွဲနာကျဖြစ်သွားရလေသည်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ငါက အလုပ်တွေ အရမ်းရှုပ်နေခဲ့ပြီး တစ်နှစ်ကို ဆယ်ကြိမ်လောက်ပဲ အိမ်ပြန်ဖြစ်ခဲ့တယ်... အဖေ့ရဲ့ ကျန်းမာရေးကိုလည်း လစ်လျူရှုထားမိခဲ့တယ်...
"ငါက ဒီတိုင်းလူအိုကြီးတစ်ယောက်ပါပဲ... လူတိုင်းကို စိတ်ပူအောင် လုပ်ဖို့ မလိုပါဘူး... အခု ငါ နေကောင်းနေတယ် မဟုတ်ဘူးလား..."
"လူတိုင်း ထင်နေသလောက်လည်း မပြင်းထန်ပါဘူး..."
"ကျေးဇူးပြုပြီး ငါ့အပေါ်မှာ အရမ်းကြီး အာရုံမစိုက်ကြပါနဲ့..."
"ရှောင်ကျောက် မင်း အခု အောက်ထပ်ကို သွားလို့ရပြီ..."
အဘိုးစုသည် သူ့ကိုယ်သူ မတ်မတ်နေနိုင်ရန် အတင်းအကျပ် ကြိုးစားနေဆဲပင်။ ဤအချိန်တွင် ကျောက်ထျန်းသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီးသည့်အလား အသက်ပြင်းပြင်း ရှူလိုက်လေသည်။
“အဘိုးစု... ကျွန်တော့်ကို အပြစ်ပေးလိုက်ပါ...
ဒီအချိန်ရောက်မှတော့ ဆက်ပြီး ဖုံးကွယ်ထားတာက အဓိပ္ပာယ် မရှိတော့ပါဘူး...
အရာရာကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရမယ်လို့ ခင်ဗျားပဲ အမြဲ သင်ပေးခဲ့တာ မဟုတ်ဘူးလား...
ဒီနေ့...
မျိုးဆက်သစ်တစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ မရိုသေမှုကို ခွင့်လွှတ်ပေးပြီး ဒီအမှန်တရားကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပေးပါလို့ နှိမ့်ချစွာ တောင်းဆိုပါတယ်...
ဒီမှာ ရှိနေတဲ့သူအားလုံးက ခင်ဗျားရဲ့ အချစ်ဆုံး မိသားစုဝင်တွေနဲ့ ချစ်ရတဲ့သူတွေပါ...
သူတို့ကို ဒီအမှန်တရားကို ဆက်ပြီး ဖုံးကွယ်ထားလို့ မရတော့ပါဘူး...”
ကျောက်ထျန်းက လေးလေးနက်နက် ပြောလိုက်၏။
"အာ... မင်း တော်တော်လေး ဒုက္ခရောက်ခဲ့ရတာပဲ..."
ဤသည်ကို ကြားပြီးနောက် အဘိုးစုသည် သက်ပြင်းချလိုက်လေသည်။ ဤညတွင် သူ မည်သို့ပင်ပြောစေကာမူ ရှောင်လွှဲနိုင်မည်မဟုတ်ကြောင်း သိလိုက်သဖြင့် သူ၏မျက်လုံးများကို မှိတ်ထားလိုက်တော့၏။
ဤသည်ကို မြင်လိုက်ချိန်တွင် ကျောက်ထျန်းက အဘိုးစု သဘောတူလိုက်ပြီဖြစ်ကြောင်း သိလိုက်ပြီးနောက် ဖြည်းညင်းစွာ ပြောဆိုလိုက်ပေသည်။
"အဘိုးစု က ကင်ဆာ နောက်ဆုံးအဆင့်ခံစားနေရတာပါ..."