← Chapters

အခန်း ၃၆၈

Vol. 33 Ch. 368

အခန်း ၃၆၈

Vol. 33 Ch. 368

အခန်း (၃၆၈) ဆွေးနွေးရန် ခေါ်ယူခြင်း

"ဘာတွေပြောနေကြတာလဲ..."

လူတိုင်းမှာ အံ့အားသင့်နေပုံရလေ၏။

ကင်ဆာရောဂါ ကုသရေးလော။

တစ်ခုခုတော့ သိပ်မမှန်သလို ခံစားရပေသည်။

"အဲဒါက ကင်ဆာကို ကုသပေးနိုင်တဲ့ နည်းလမ်းပဲ..."

အဘိုးကျောက်က ပြန်လည်ဖြေကြားလိုက်သည်။

လူတိုင်း၏ မျက်နှာပေါ်ရှိ နားမလည်နိုင်မှုများမှာ ချက်ချင်းပင် အံ့သြတုန်လှုပ်မှုအဖြစ်သို့ ပြောင်းလဲသွားတော့၏။

ကင်ဆာကို ကုသမည်လော။

ဤသည်မှာ ကြားပင်မကြားဖူးသော ကိစ္စရပ်ပင်။

"မဖြစ်နိုင်တာ... ဒါက..."

လူစုမှာ တွေဝေငေးမောစွာဖြင့် အချင်းချင်း စိုက်ကြည့်နေကြလေသည်။

"စုယွမ်ဆီမှာ ကင်ဆာရောဂါကို ကုသနိုင်တဲ့ နည်းပညာတွေ ရှိတယ်... အတည်ပြုပြီးတာနဲ့ အဘိုးစုရဲ့ အခြေအနေက ကုသလို့ရနိုင်ခြေ အရမ်းမြင့်မားသွားလိမ့်မယ်..."

အဘိုးကျောက်က တည်ငြိမ်စွာ ပြောလိုက်၏။

"ဒါက တကယ်လား..."

စုယွဲ့က မျက်ရည်များ ရစ်သိုင်းနေသော မျက်လုံးများဖြင့် အော်ဟစ်လိုက်သည်။

"အစ်ကိုယွန်း... အစ်ကို့ဆီမှာ တကယ်ပဲ ကင်ဆာကို ကုသနိုင်တဲ့ နည်းလမ်းရှိနေတာလား..."

စုယွဲ့သည် အလွန်အမင်း စိတ်လှုပ်ရှားနေပုံဖြင့် စုယွမ်ထံသို့ လျှောက်လာခဲ့၏။

"ဖြစ်နိုင် မဖြစ်နိုင် ဆိုတာကတော့ နောက်ထပ် သုတေသီတွေနဲ့ ဆွေးနွေးမှုတွေ လိုအပ်သေးတယ်... ဒါပေမဲ့ ကုသလို့ရနိုင်ခြေက ၅၁ ရာခိုင်နှုန်းလောက် ရှိတယ်လို့ ကျွန်တော် ထင်တယ်..."

စုယွမ်က တည်ငြိမ်စွာ ဖြေကြားလိုက်သည်။

၅၁ ရာခိုင်နှုန်းဆိုသော ဤကိန်းဂဏန်းမှာ ငါးဆယ်ရာခိုင်နှုန်းထက် ကျော်လွန်နေသော်လည်း စုယွမ်အတွက်မူ ရာခိုင်နှုန်းပြည့် သေချာနေကြောင်း ဆိုလိုခြင်းပင် ဖြစ်ပေသည်။

"တကယ်လို့ ဒါက အမှန်ဆိုရင် ငါ ဆေးဘက်ဆိုင်ရာ နယ်ပယ်က ထိပ်တန်းပုဂ္ဂိုလ်တချို့ကို ဆွေးနွေးဖို့ ချက်ချင်း ခေါ်ယူလိုက်မယ်..."

"ဒါက အဘိုးစုအတွက်တင် မကဘူး... တစ်နိုင်ငံလုံးနဲ့ ကမ္ဘာတစ်ဝန်းက ကင်ဆာလူနာတွေအတွက်ပါ သတင်းကောင်းတစ်ခုပဲ..."

"ဒါက ကြီးမားတဲ့ကံ... ကြီးမားတဲ့ ကောင်းချီးတစ်ခုပဲ..."

“လက်တွေ့ကျကျ ပြောရမယ်ဆိုရင်...ကင်ဆာကို အမှန်တကယ် ကုသနိုင်တဲ့ နည်းလမ်းကို ရှာဖွေတွေ့ရှိတဲ့သူဟာ...

သမိုင်းမှာ ပြိုင်ဘက်ကင်းတဲ့ ဂုဏ်ကျော်ကြားမှုကို ရရှိလိမ့်မယ်...သူ့နာမည်ကလည်း မျိုးဆက်ပေါင်းများစွာ အမှတ်ရနေကြလိမ့်မယ်...”

ထိုစကားကို ကြားပြီးနောက် လူတိုင်း၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်တို့ အထင်အရှား ပေါ်လွင်လာခဲ့လေသည်။

မျှော်လင့်ချက် မရှိတော့သော်လည်း ယခုအခါ မျှော်လင့်ချက် ရောင်ခြည်တစ်ပွင့်ကို သူတို့ မြင်တွေ့လိုက်ရလေပြီ။

...

အဘိုးကျောက်၏ ဖုန်းခေါ်ဆိုမှုကြောင့် နိုင်ငံတစ်ဝန်းရှိ ဆေးဘက်ဆိုင်ရာ ထိပ်တန်း ကျွမ်းကျင်သူများနှင့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ပရော်ဖက်ဆာများသည် နာရီအနည်းငယ်အတွင်း ကျင်းတူး၌ စုရုံးရောက်ရှိလာကြတော့သည်။

အခမ်းအနား၏ အတိုင်းအတာမှာ ကြီးမားလှပြီး ဆေးဘက်ဆိုင်ရာ အသိုင်းအဝိုင်းတစ်ခုလုံးကိုပင် တုန်လှုပ်သွားစေလုနီးပါး ဖြစ်ပေ၏။

နိုင်ငံတစ်ဝန်းမှ ထိပ်တန်း ကျွမ်းကျင်သူများသည် ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်ရန် ဤကျင်းတူးဆေးရုံ၌ စုရုံးရောက်ရှိနေကြခြင်း ဖြစ်သည်။

ယခုအချိန်သည် မွန်းလွဲ ၂ နာရီဖြစ်ပြီး အစည်းအဝေးကို အချိန်မီ စတင်နေပြီ ဖြစ်၏။ သို့ရာတွင် ဆွေးနွေးပွဲ၌ မည်သည့်အရာကို အတိအကျ ဆွေးနွေးမည်ဆိုသည်ကိုမူ မည်သူမျှ မသိကြချေ။

အဘိုးကျောက်ကိုယ်တိုင် အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့ပေသည်။

အဘိုးကျောက်အား မြင်ချိန်တွင် လူအများအပြားမှာ ကြီးမားသော လေးစားမှုဖြင့် မတ်တပ်ရပ်လိုက်ကြလေ၏။ အချိန်ကာလတစ်ခုအထိ အဘိုးကျောက်၏ အလုပ်သည် ဆေးဘက်ဆိုင်ရာ နယ်ပယ်နှင့် ဆက်စပ်နေခဲ့ပြီး ကြီးကျယ်ခမ်းနားသော ပုဂ္ဂိုလ်များစွာသည် သူ၏ စောင့်ရှောက်မှုကို ခံယူခဲ့ရဖူးသဖြင့် ဤအဘိုးအိုအပေါ် သူတို့က အလွန်လေးစားမှု ရှိကြပေသည်။

"အားလုံးပဲ... အခုလို ရုတ်တရက် ခေါ်ယူလိုက်ရတဲ့ အကြောင်းရင်းက ချက်ချင်းချလိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခုကြောင့်ပါ...ဒါက အရမ်းကို ရုတ်တရက်ဆန်သွားတယ်... ဒါပေမဲ့ ငါပြောမယ့်စကားက မင်းတို့ကို စိတ်ပျက်စေမှာ မဟုတ်ဘူးလို့ ငါ ယုံကြည်ပါတယ်..."

အဘိုးကျောက်က ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ဒီနေ့ ငါတို့ရဲ့ တာ့ရှား(တရုတ်)နိုင်ငံက ကင်ဆာရောဂါ နယ်ပယ်မှာ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုကို ရရှိခဲ့ပြီ..."

"ငါက သက်ဆိုင်ရာ နယ်ပယ်အသီးသီးက ထိပ်တန်း ကျွမ်းကျင်သူတွေကို ဖိတ်ကြားပြီး ဒီအကြောင်းကို အတူတကွ ဆွေးနွေးချင်လို့ပဲ..."

အဘိုးကျောက် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် အခန်းတွင်း၌ ပွက်လောရိုက်သွားတော့၏။

"တကယ်ကြီးလား... ငါတို့က ကင်ဆာသုတေသနမှာ ကြီးမားတဲ့ အောင်မြင်မှု ရရှိသွားပြီလား..."

"ဘယ်လို တိုးတက်မှုမျိုးတွေ လုပ်နိုင်ခဲ့တာလဲ... ဘယ်ဌာနက ဒီသုတေသနကို လုပ်ခဲ့တာလဲ... ဘာလို့ ငါတို့ မသိရတာလဲ..."

"ဒါက အဘိုးကျောက်ကိုယ်တိုင် ဦးစီးကျင်းပနေတာဆိုတော့ သံသယဖြစ်စရာ မလိုတော့ဘူးနဲ့ တူတယ်..."

"ဘယ်လုပ်ဖော်ကိုင်ဖက် ဖြစ်မလဲဆိုတာကိုပဲ ငါ မသိတာ..."

အခမ်းအနားသို့ ရောက်ရှိနေသော လူအများသည် ပတ်ဝန်းကျင်ကို ဘယ်ညာဝဲယာ လှည့်လည်ကြည့်ရှုလိုက်ကြ၏။

မည်သူများ ရောက်ရှိနေပြီ၊ မည်သူများ မရောက်သေးသနည်း၊ ထို့အပြင် မည်သူက စင်မြင့်ပေါ်သို့ တက်ရောက်၍ မိန့်ခွန်းပြောကြားမည်နည်း ဆိုသည်ကို သိရှိနိုင်ရန် လူတိုင်း၏ အကြည့်များက ဟိုဟိုဒီဒီ လှည့်ပတ်နေခဲ့လေသည်။

"အားလုံးပဲ ကျေးဇူးပြုပြီး တိတ်တိတ်နေပေးကြပါ... မင်းတို့အားလုံး စိတ်လှုပ်ရှားနေကြတယ်ဆိုတာကို ငါ နားလည်ပါတယ်..."

"ဒါပေမဲ့ ဒီနေ့ဆွေးနွေးမှုတွေက မရေမတွက်နိုင်တဲ့ အသက်ပေါင်းများစွာ ရှင်သန်ရေးနဲ့ သက်ဆိုင်နေတဲ့အတွက် အလေးအနက်ထားကြဖို့ ငါ သတိပေးချင်ပါတယ်..."

"ဒါက အတိုင်းအတာတစ်ခုထက် ကျော်လွန်တဲ့ ကုသိုလ်ကံပါပဲ..."

"စုယွမ်ကို မိတ်ဆက်စကားပြောဖို့ ဖိတ်ခေါ်လိုက်ကြရအောင်..."

အဘိုးကျောက်က ကြေညာလိုက်၏။

"စုယွမ်... အဲဒါက ဘယ်သူလဲ... ငါတို့ ဆေးဘက်ဆိုင်ရာ နယ်ပယ်မှာ အဲဒီလိုလူမျိုး ရှိလို့လား..."

"သူ့နာမည်ကို တစ်ခါမှ မကြားဖူးဘူး... သူက ထွန်းသစ်စ ပါရမီရှင်တစ်ယောက်များလား..."

"ဒီမှာ အဲဒီနာမည်နဲ့ လူတစ်ယောက်မှ မရှိဘူး..."

"ငါတို့ဆီမှာလည်း မရှိဘူး..."

"ဒါဆို သူက ဘယ်ကလာတာလဲ..."

ထိပ်တန်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတစ်စုမှာ အလွန်အမင်း ရှုပ်ထွေးသွားကြလေသည်။

"အော် ဟုတ်သားပဲ... 7nm Lithography စက်အတွက် အဓိက ပံ့ပိုးပေးခဲ့တဲ့ Ar နည်းပညာကုမ္ပဏီရဲ့ ပိုင်ရှင်နာမည်က စုယွမ် မဟုတ်ဘူးလား..."

လူတစ်ယောက်က ပြန်လည်သတိရသွား၏။

"သူတော့ မဖြစ်နိုင်ပါဘူး... သူက လူငယ်လေးတစ်ယောက်ပဲလေ... ပြီးတော့Lithography စက်မှုလုပ်ငန်းနဲ့ ဆေးဘက်ဆိုင်ရာ လုပ်ငန်းကြားက ကွာခြားချက်က အရမ်းကြီးမားလွန်းတယ်..."

"စက်မှုလုပ်ငန်းတစ်ခုမှာ ထိပ်တန်းကို ရောက်တာကတင် အောင်မြင်မှုတစ်ခု ဖြစ်နေပြီ... တခြားလုပ်ငန်းတစ်ခုမှာပါ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ လုပ်နိုင်ဖို့ဆိုတာ လုံးလုံးလျားလျား မဖြစ်နိုင်သလောက်ပဲ..."

လူတစ်ဦးက သူ၏အသိဖြင့် ကောက်ချက်ချလိုက်သည်။

သို့ရာတွင် စုယွမ်သည် တံခါးဝမှ ဖြည်းညှင်းစွာ လျှောက်လာချိန်၌ လူတိုင်းမှာ အံ့အားသင့်သွားကြရလေ၏။

အလွန်ငယ်ရွယ်လွန်းလှပေသည်။

ဤလူငယ်လေးက ကင်ဆာကို ကုသနိုင်သော နည်းပညာကို ရှာဖွေတွေ့ရှိခဲ့သည်လော။

ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။

ကမ္ဘာတစ်ဝန်းရှိ ထိပ်တန်းဆေးပညာရှင်များနှင့် ကျွမ်းကျင်ပညာရှင်များက ဘဝတစ်လျှောက်လုံး အားထုတ်ခဲ့သော်လည်း မဖြေရှင်းနိုင်သေးသော ပြဿနာကို လူငယ်တစ်ယောက်က ဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်သည်။

ဤသည်မှာ အမှန်တကယ် တုန်လှုပ်အံ့ဩဖွယ်ရာ ဖြစ်သလို မယုံနိုင်လောက်အောင်လည်း ဖြစ်နေခဲ့၏။

ယနေ့ အဘိုးကျောက်သာ ဤနေရာတွင် ရှိမနေခဲ့ပါက၊ သူတို့သည် ထိုစကားကို တစ်စုံတစ်ယောက်၏ ဟာသ သို့မဟုတ် နောက်ပြောင်မှုတစ်ခုဟုသာ ထင်မှတ်ခဲ့ကြပေလိမ့်မည်။

အကြောင်းမှာ ဆေးပညာ၊ အထူးသဖြင့် ကင်ဆာရောဂါ ကုသရေးကဲ့သို့သော အရေးကြီးကိစ္စရပ်များကို ပေါ့ပေါ့တန်တန် သဘောထား၍ မရသောကြောင့်ပင်။

ဤနယ်ပယ်သည် အမြင့်ဆုံးသော တိကျမှုနှင့် သေချာမှုကို လိုအပ်ပြီး၊ အရာရာကို အလေးအနက်ထား၍သာ ကိုင်တွယ်ရပေမည်။

အဘယ်ကြောင့်ဆိုသော်...

ခြေလှမ်းတစ်လှမ်း မှားယွင်းသွားသည်နှင့် လူတစ်ယောက်၏ အသက်ကိုပင် ဆုံးရှုံးသွားစေနိုင်သောကြောင့် ဖြစ်သည်။

"ဘာ... တကယ်တမ်း ဘာတွေဖြစ်နေတာလဲ..."

"အဘိုးကျောက်... ဒီလူငယ်လေးက Ar နည်းပညာကုမ္ပဏီရဲ့ သူဌေး မဟုတ်ဘူးလား..."

"သူကLithography စက်ပြဿနာကို ဖြေရှင်းနိုင်ခဲ့ရုံပဲ ရှိသေးတာ... အခု သူက ကမ္ဘာ့အကြီးဆုံး ပြဿနာဖြစ်တဲ့ ကင်ဆာကို ဖြေရှင်းလိုက်ပြီလား..."

"ငါတို့ တကယ်ကို မယုံနိုင်ဘူး..."

လူတိုင်းမှာ ဆွံ့အသွားကြလေသည်။

သူတို့အားလုံးသည် မိမိတို့နယ်ပယ်အသီးသီး၏ ထိပ်တန်းကျွမ်းကျင်ပညာရှင်များ ဖြစ်ကြ၏။

ထို့ကြောင့်လည်း ဤကဲ့သို့ မယုံနိုင်လောက်သော အရာကို လွယ်လွယ်ကူကူ အမှန်ဟု လက်ခံရန် မဖြစ်နိုင်ခဲ့ချေ။

သို့သော်...

အကယ်၍ ဤအရာသာ မမှန်ကန်ခဲ့ပါက အဘိုးကျောက်သည် နိုင်ငံတစ်ဝန်းရှိ ထိပ်တန်းဆေးရုံများမှ ကျွမ်းကျင်သူများနှင့် ပါမောက္ခများကို ဤမျှ အားထုတ်၍ စုဝေးစေမည်လော။

ဤအချက်တစ်ခုတည်းကပင်...

ကိစ္စသည် သာမန်မဟုတ်ကြောင်း ပြသနေခဲ့၏။

လူတိုင်း၏ မေးခွန်းများနှင့် ရင်ဆိုင်နေရသော်လည်း အဘိုးကျောက်က ရှင်းပြရန် မရွေးချယ်ခဲ့ချေ။

အကြောင်းမှာ...

အမှန်တရားသည် စကားလုံးများထက် ပိုမိုအားကောင်းစွာ သက်သေပြနိုင်သောကြောင့်ပင်။

စုယွမ်က ပစ္စည်းကို ထုတ်ပြလိုက်သည်နှင့် တစ်ပြိုင်နက် သံသယများနှင့် အငြင်းပွားမှုများ အားလုံးလည်း အဆုံးသတ်သွားမည် ဖြစ်သည်။

ဤလောကတွင် မယုံနိုင်လောက်သော အရာများစွာ ရှိနေတတ်သည်။

လူအချို့၏ သံသယကြောင့် ထိုအမှန်တရားများ ပျောက်ကွယ်သွားမည် မဟုတ်ချေ။

ထိုအချိန်တွင် စုယွမ်သည် လက်ထဲ၌ စာရွက်စာတမ်းတစ်စောင်ကို ကိုင်ဆောင်လျက် စင်မြင့်ထက်သို့ တည်ငြိမ်စွာ လျှောက်လှမ်းသွားခဲ့လေသည်။

“ဒီနေ့ ဒီနေရာမှာ ရှိနေကြတဲ့သူတွေက ကင်ဆာရောဂါနယ်ပယ်ရဲ့ ထိပ်တန်းကျွမ်းကျင်သူတွေချည်းပဲလို့ ယုံကြည်ပါတယ်...

အခုတော့ ကင်ဆာရောဂါကို ကုသနိုင်တဲ့ နည်းပညာကို တကယ်ပဲ အောင်မြင်စွာ တီထွင်နိုင်ခဲ့ပါပြီ...

အရင်ဆုံး အားလုံးကို ဒီနည်းပညာနဲ့ မိတ်ဆက်ပေးချင်ပါတယ်...

ဒါပေမဲ့ အရေးကြီးတဲ့အချက်တစ်ခုကို ကြိုပြောထားချင်ပါတယ်...

ဒီနည်းပညာနဲ့ ပတ်သက်ပြီး ဘယ်လို မေးခွန်းပဲဖြစ်ဖြစ်၊ အကြံပြုချက်ပဲဖြစ်ဖြစ် လက်ခံမှာ မဟုတ်ပါဘူး...

အဆုံးမှာတော့ ဒီနည်းပညာရဲ့ ထိရောက်မှုကို လက်တွေ့ အတည်ပြုနိုင်ဖို့ ကျွမ်းကျင်သူအချို့ကို ရွေးချယ်ပြီး စမ်းသပ်သွားပါမယ်...”

စုယွမ်က တည်ငြိမ်စွာ ပြောလိုက်၏။

"မောက်မာလိုက်တာ..."

"မေးခွန်းမေးခွင့် မရှိဘူးလား... အာဏာပိုင်တွေတောင် ဒီလိုစကားမျိုး မပြောနိုင်တာကို သူက ဘယ်လိုတောင် ရဲတင်းရတာလဲ..."

အလွန်လေးစားခံရသော ပရော်ဖက်ဆာ အများအပြားက သူတို့၏ မကျေနပ်မှုကို ချက်ချင်း ဖော်ပြလိုက်ကြ၏။

ဤလူများ မည်သို့တွေးသည် သို့မဟုတ် မည်သို့ပြောသည်ကို စုယွမ်က ဂရုမစိုက်ချေ။

သူ ပိုင်ဆိုင်ထားသော နည်းပညာသည် ယနေ့ကမ္ဘာပေါ်တွင် အဆင့်မြင့်ဆုံးသော အောင်မြင်မှုပင် ဖြစ်ပေသည်။ ဤအောင်မြင်မှုကို အခြားသူများက သံသယမဝင်စေရန်အတွက် ၎င်းကို ကာကွယ်ရမည် ဖြစ်၏။

"လူတိုင်းရဲ့ စားပွဲပေါ်မှာ ကွန်ပျူတာတစ်လုံးဆီ ရှိပြီး အဲဒီအထဲမှာ စကားဝှက်ခံထားတဲ့ ဖိုင်တစ်ခုကို သိမ်းဆည်းထားပြီးပါပြီ..."

"ဖွင့်လိုက်တာနဲ့ ဖိုင်ကို လွတ်လွတ်လပ်လပ် လှန်လှောကြည့်ရှုနိုင်ပါတယ်... ပိတ်လိုက်တာနဲ့ ဖိုင်က အလိုအလျောက် ပျက်စီးသွားပါလိမ့်မယ်..."

"လူတိုင်း လွတ်လွတ်လပ်လပ် ပြောဆိုဆွေးနွေးဖို့ အချိန်နှစ်နာရီ ရပါမယ်..."

စုယွမ် စကားပြောပြီးနောက် စင်မြင့်ပေါ်မှ တိုက်ရိုက် ဆင်းသွားတော့သည်။

"ဟွန့်... မင်းကို မေးခွန်းထုတ်ခွင့် မပေးဘူးဆိုတာလား... ငါကတော့ မေးမှာပဲ..."

"လူငယ်တစ်ယောက်ရဲ့ အလုပ်က အပြစ်အနာအဆာတွေ အများကြီး ရှိနေမှာ အသေအချာပဲ..."

"ဟာသပဲ..."

သြဇာကြီးမားသော ကျွမ်းကျင်သူ အများအပြားသည် မကျေနပ်မှုများစွာဖြင့် ထိုစာရွက်စာတမ်းကို ဖွင့်လိုက်ကြလေတော့၏။

All Chapters