အခန်း ၆၅
Vol. 7 Ch. 65
အခန်း (၆၅) - ရွှေဝါရောင် ဝက်ဝံပေါက်လေး။
“ဟေ့လူ... ဘာဖြစ်တာလဲ။”
ဘေးပတ်ဝန်းကျင်ကို သတိထား စောင့်ကြည့်နေကြသော အခြားအဖွဲ့သားများသည် လူကြီး၏ အော်သံကြောင့် သံသယဖြစ်စွာဖြင့် လှည့်ကြည့်လာကြသည်။
ထိုလူကြီးမှာမူ အံ့သြမှင်သက်နေဆဲ ရှိသေး၏။ ရင်ဘတ်မှ ဒဏ်ရာကို လက်ဖြင့် အသာအယာ စမ်းသပ်ကြည့်လိုက်ပြီးနောက် ပါးစပ်မှ တီးတိုး ရေရွတ်လိုက်၏။
“သောက်ကျိုးနည်း... သရဲခြောက်တာလားဟ။ အနာက ချက်ချင်းကြီး အဖတ်တက်သွားတာလား။”
သစ်ပင်ပေါ်တွင် ကင်းစောင့်နေသော အနက်ရောင်ဝတ်စုံနှင့် လူငယ်သည် စိတ်မထိန်းနိုင်တော့ဘဲ အောက်သို့ ခုန်ဆင်းလာသည်။ ခေါင်းဆောင်လူကြီး၏ ရင်ဘတ်ကို ကြည့်လိုက်သောအခါ စောနလေးတင် သွေးများ ပန်းထွက်နေသည့် ဒဏ်ရာက ယခုမူ သွေးစများ ပေကျံနေသည်မှလွဲ၍ တကယ်ပင် အနာဖေး တက်နေချေပြီ။
“ကောင်းကင်ဘုံ ... တကယ့် နတ်ဆေးပါလား။ အာဖန်... ခင်ဗျား ဒီဆေးကို ဘယ်က ဝယ်လာတာလဲ။” အနက်ရောင် ဝတ်စုံလူငယ်က အံ့သြဝမ်းသာစွာ မေးလိုက်သည်။
အာဖန်ဟု အမည်ရသော အဖွဲ့သားက လက်ထဲမှ ဆေးပုလင်းကို မြှောက်ပြပြီး ရွှင်လန်းစွာ ဖြေဆိုလိုက်၏။
“ဟုန်မိသားစု ကုန်စုံဆိုင် ဆိုတဲ့ ဆိုင်က ဝယ်လာတာ။ အဲဒီတုန်းက ဆိုင်ရှင် သူဌေးလေးဟုန်က ဒဏ်ရာရနေတဲ့ ကျင့်ကြံသူ တစ်ယောက်ကို ဒီဆေးနဲ့ ကုပေးနေတာ မြင်လို့လေ။ ဆေးအာနိသင် အရမ်းကောင်းတာ တွေ့တော့ ဈေးနည်းနည်း ကြီးပေမဲ့ အံကြိတ်ပြီး တစ်ပုလင်း ဝယ်လာလိုက်တာ။”
အာဖန်က ခေါင်းဆောင်လူကြီး၏ ရင်ဘတ်ကို ကြည့်ပြီး ခေါင်းခါယမ်းလိုက်မိသည်။
“ဒါပေမဲ့ ဒီလောက်ထိ စွမ်းမယ်လို့တော့ ကျုပ်လည်း ထင်မထားဘူးဗျ။ ဒါ... ဒါက ယုံချင်စရာတောင် မကောင်းဘူး။”
သာမန်လူသာဆိုလျှင် သွေးအများကြီး ထွက်ထားသည့်အတွက် ခဏလောက် နားနေရဦးမည် ဖြစ်သော်လည်း ခေါင်းဆောင်လူကြီးမှာ မူလတည်းက ခန္ဓာကိုယ် သန်စွမ်းသူ ဖြစ်သလို ကျင့်ကြံသူ တစ်ဦးလည်း ဖြစ်နေပြန်ရာ ယခုကဲ့သို့ ဒဏ်ရာ သက်သာသွားသည်နှင့် ချက်ချင်းပင် အားပြည့်လာတော့သည်။
လက်သီးအချက် အနည်းငယ်ကို လေထဲသို့ ထိုးနှက်လိုက်ပြီး ပြဿနာ မရှိတော့ကြောင်း သေချာသွားသည့်အခါ အေးစက်စွာ ရယ်မောလိုက်၏။
“တောက်... ဟို လေမည်း ကျားသစ်ကောင်။ ငါတို့ ပစ္စည်းကို လုရဲတယ်ပေါ့။ ဒီနေ့တော့ အဲဒီကောင် အသေပဲကွ။”
.......
ဟုန်မိသားစု ကုန်စုံဆိုင်
“သူဌေး... သူဌေးလေးဟုန်။”
ရုတ်တရက် အော်ခေါ်သံကြောင့် ဟုန်ရှောင်ပေါင် ကြောင်သွားမိသည်။ ဆိုင်တံခါးကို ဖွင့်ပေးလိုက်သည်နှင့် လူတစ်ယောက်က ဝမ်းသာအားရ ဝင်လာ၏။ သို့ပေမည့် ပါးစပ်ကတော့ ပွစိပွစိ လုပ်နေသေး၏။
“သူဌေးလေးဟုန်ရာ... သစ်သားပြားမှာကျတော့ ဆိုင်ကိုလာခဲ့ပါလို့ ရေးထားပြီး ဆိုင်တံခါးကျတော့ ပိတ်ထားတယ်။ ဒါ သိပ်ပြီး သဘောမကျချင်စရာပဲနော်။”
“သူဌေးလေးဟုန်... ကျုပ်တို့ ညီအစ်ကိုတွေ ထပ်ရောက်လာပြန်ပြီဗျို့။”
နောက်ထပ် ရယ်ရယ်မောမော အသံပိုင်ရှင်မှာ မာကျား ပင် ဖြစ်သည်။
“ဟုတ်တယ်ဗျ... ကျုပ်တို့ လာတာ ခဏခဏ ရှိနေပြီ။” နောက်တစ်ယောက်ကလည်း ဝင်ရောက် ပြောဆို၏။
“တောင်းပန်ပါတယ်ဗျာ... တောင်းပန်ပါတယ်။”
ဟုန်ရှောင်ပေါင်က လက်သီးဆုပ်ကာ တောင်းပန်လိုက်သည်။ “ဒီနေ့ တစ်နေ့လုံး လူနာတစ်ယောက်ကို ကုသပေးနေရလို့ပါ။ မိတ်ဆွေတို့ကို အကြာကြီး စောင့်ခိုင်းမိသလို ဖြစ်သွားပြီ။ လာပါ... အထဲ ဝင်ကြပါ။”
ဧည့်သည် ငါးယောက် ရှိရာ လေးယောက်မှာ ပစ္စည်းလာရောင်းသူများ ဖြစ်ပြီး ကျန်တစ်ယောက်ကမူ ဆေးလာဝယ်သူ ဖြစ်ပေ၏။
“သူဌေးလေးဟုန်။”
ဆေးလာဝယ်သူမှာ အခြားသူ မဟုတ်၊ အာဖန် ပင် ဖြစ်သည်။ သူက စင်ပေါ်တွင် တင်ထားသော ပစ္စည်းများကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။
“အရင် ဆေးပုလင်းတွေ မရှိတော့ဘူးလားဗျ။”
ဟုန်ရှောင်ပေါင်က ပြုံးလိုက်သည်။ “ခင်ဗျား ရှေ့မှာ မြင်နေရတာတွေ အကုန်လုံးက ကြေးဆေးမှုန့်တွေပါပဲ။ ထုပ်ပိုးမှု ပုံစံ ပြောင်းလိုက်တာပါ။”
“အထဲက ဆေးကရော အတူတူပဲလား။” အာဖန်က စိတ်မချသလို ထပ်မေး၏။
“လုံးဝ အတူတူပဲ... အာမခံတယ်။”
ဟုန်ရှောင်ပေါင် စိတ်ထဲတွင် ကျေနပ်သွားသည်။ ဤသည်မှာ သူ၏ ဖောက်သည်ဟောင်းပင် မဟုတ်ပါလား။ ဂုဏ်ပြုသင့်သည့် ကိစ္စပင်။
“သူဌေးလေးဟုန်... တကယ်လို့သာ အပြင်ခွံပဲ လှပြီး ဆေးအာနိသင်က အရင်လို မကောင်းတော့ဘူး ဆိုရင်တော့ ကျုပ် ပြန်လာပြီး ပြဿနာ ရှာမှာနော်။”
“အဲလိုသာဆို လာသာလာခဲ့စမ်းပါ။”
ဟုန်ရှောင်ပေါင်၏ အာမခံချက်ကို ကြားတော့မှ အာဖန် စိတ်အေးသွား၏။ “ကောင်းပြီ... ဒါဆို ကျုပ်ကို ဆယ်ပုလင်းလောက် ပေးဗျာ။”
“ဟင်... ဆယ်ပုလင်း။”
ဟုန်ရှောင်ပေါင် အံ့အားသင့်သွားမိသည်။ ကုန်သည်များပင် ဆယ်ပုလင်း တန်းဝယ်လေ့ မရှိကြချေ။ ကျင့်ကြံသူ အများစုမှာ ဆင်းရဲကြသည် မဟုတ်ပါလား။ ယခု ဤလူက တစ်ခါတည်း ဆယ်ပုလင်း ဝယ်မည် ဆိုတော့ စပ်စုချင်စိတ်ဖြင့် မေးလိုက်မိသည်။
အာဖန်က ရယ်မောပြီး ရှင်းပြ၏။ “ဟားဟား... ဒီမနက်တင် ကျုပ်တို့ ခေါင်းဆောင် လေမည်းကျားသစ် လက်ချက်နဲ့ ဒဏ်ရာအပြင်းအထန် ရခဲ့သေးတယ်။ ခင်ဗျားရဲ့ ဆေးကြောင့်သာ အသက်ဘေးက လွတ်သွားတာ။ တစ်နေ့လုံး လိုက်လံ တိုက်ခိုက်ပြီးတော့မှ အဲဒီ ကျားသစ်ကို သတ်နိုင်ခဲ့တယ်။ ဒါကြောင့် ခေါင်းဆောင်က မှာလိုက်တယ်... နောက်ဆို ဒဏ်ရာကုဆေးလိုရင် ဒီဆိုင်မှာပဲ ဝယ်ရမယ်တဲ့။”
“ဟားဟား... ကျေးဇူးအထူးပါဗျာ။” ရှောင်ပေါင် ပိုပြီး ပျော်သွားရသည်။
“ဒါနဲ့ သူဌေးလေးဟုန်... ကျုပ်က အများကြီး ဝယ်တာဆိုတော့ ဈေးလေးဘာလေး လျှော့ပေးပါအုံးလား။”
“အဲဒါတော့ မရဘူးဗျ။”
ဟုန်ရှောင်ပေါင် ခေါင်းခါလိုက်၏။ “ကျုပ်ရဲ့ ဆေးတွေက အရည်အသွေးမြင့် ကုန်ကြမ်းတွေ သုံးထားတာ ဆိုတော့ ငါးတုံး ဆိုတဲ့ ဈေးက အရင်းမရှုံးရုံ တမယ်ပါပဲ။ အမြတ်မှ မရှိတာ... ဘယ်လိုလုပ် လျှော့ပေးလို့ ရမှာလဲဗျာ။”
“အင်းလေ... ဟုတ်တော့လည်း ဟုတ်တာပါပဲ။”
အာဖန် သဘောပေါက်သွားသည်။ ကြေးမောင်း ဆေးမှုန့်၏ အာနိသင်ကို ကိုယ်တွေ့ ကြုံဖူးထားသည် မဟုတ်ပါလား။ ဤမျှ ကောင်းသည့် ဆေးမျိုးက ကုန်ကြမ်း ကောင်းကောင်း သုံးထားမည်မှာ သေချာလှသည်။ ထို့ကြောင့် ဈေးမဆစ်တော့ဘဲ ဝိညာဉ်ကျောက်တုံး ငါးဆယ်ကို ထုတ်ပေးပြီး ဆေးပုလင်းများကို သားရေအိတ်ထဲ ထည့်ကာ ထွက်ခွာသွားလေတော့၏။
“သူဌေးလေးဟုန်... ခုနက လူ ပြောပုံအရ ဆိုရင် ခင်ဗျားရဲ့ ဆေးက တော်တော် ကောင်းတဲ့ပုံပဲနော်။” ကျန်ရစ်ခဲ့သည့် လူတစ်ယောက်က သံသယဖြင့် မေးလိုက်သည်။
“တခြားဟာတော့ အာမမခံရဲဘူး... ဒါပေမဲ့ ဒီဈေးနှုန်းနဲ့ ဒီဆေးထက် ပိုကောင်းတဲ့ ဆေးမျိုး ခင်ဗျား ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ဘူး ဆိုတာတော့ ရဲရဲကြီး ပြောရဲတယ်။”
ဟုန်ရှောင်ပေါင်က ယုံကြည်မှု အပြည့်ဖြင့် ပြုံးကာ ဖြေလိုက်သည်။ သူတို့တွေ မယုံတဝက် ယုံတဝက် ဖြစ်နေသည်ကို မြင်တော့ ဆက်ပြောလိုက်၏။
“မကြာခင် ကျုပ်ဆေးရဲ့ နာမည်ဂုဏ်သတင်းက နေရာအနှံ့ ပျံ့နှံ့သွားမှာပါ။ အဲဒီအချိန်ကျရင် ခင်ဗျားတို့အားလုံး ဟုန်မိသားစု ကုန်စုံဆိုင်ရဲ့ ဖောက်သည်တွေ ဖြစ်လာကြမှာပါ။”
“တခြားဟာတော့ ကျုပ် မသိဘူး... ဒါပေမဲ့ သူဌေးလေးဟုန်ရဲ့ ဒဏ်ရာကု ဆေးကတော့ လေယင်မြို့မှာ ပြိုင်ဘက် မရှိဘူးလို့ ကျုပ် အာမခံတယ်။”
ရုတ်တရက် မာချန် ထရပ်လိုက်ပြီး သူ့အင်္ကျီရင်ဘတ်ကို ဆွဲဟပြလိုက်သည်။ ပြီးနောက် အဖြူရောင် အမာရွတ်ကြီး တစ်ခုကို လက်ညှိုးထိုးပြပြီး အော်ပြော၏။
“ဒီမှာ ကြည့်... သူဌေးလေးဟုန်သာ မရှိရင် ကျုပ် သေနေလောက်ပြီ။ သူဌေးလေးရဲ့ ဆေးကို သုံးလိုက်တာ ဆေးတစ်အိုး တည်ချိန် အတွင်းမှာတင် အနာကျက်သွားတယ်ဗျာ။ ခင်ဗျားတို့ မယုံရင် ကျုပ်ရဲ့ သိက္ခာကို ပေါင်ပြီး အာမခံရဲတယ်။”
မာချန်က သူ့ရင်ဘတ်သူ ဘုန်းဘုန်းမြည်အောင် ထုပြီး အာမခံနေသည်။
.......
ဟုန်ရှောင်ပေါင် စိတ်ထဲတွင်မူ မျက်နှာပူသွားမိ၏။ မာချန်က ရိုးသားလွန်းအားကြီးနေသည်။ ဤသို့ ပုံစံကြီးဖြင့် ထလုပ်နေတော့ တစ်ဖက်လူများအမြင်တွင် သူက ရှောင်ပေါင် ငှားထားသည့် သရုပ်ဆောင် မပီပြင်သော ဈေးခေါ်သမား တစ်ယောက်လို ဖြစ်နေချေပြီ။
ကျန်သည့် လူနှစ်ယောက်ကတော့ သိပ်ပြီး ယုံပုံမရချေ။ ဟုန်ရှောင်ပေါင် လိုချင်သည့် ဆေးပင်များကို ရောင်းချကာ ဝိညာဉ်ကျောက်တုံးယူပြီး ပြန်သွားကြသည်။ နောက်ဆုံး ကျန်ရစ်သည့် လူတစ်ယောက်ကမူ တွေးတော ချိန်ဆနေပြီးမှ အံကြိတ်ကာ ဆေးတစ်ပုလင်း ဝယ်သွား၏။
လူရှင်းသွားတော့မှ မာညီအစ်ကို နှစ်ယောက် နွားမြီးရွက်များကို ချပြီး ပြုံးရွှင်နေကြသည်။ သူတို့သည်လည်း နုံအသူများ မဟုတ်၊ ဟုန်ရှောင်ပေါင်က သူတို့ကို တမင်သတ်သတ် ကူညီနေမှန်း သိကြပေသည်။ တောထဲသွား၊ လမ်းမှာတွေ့သည့် နွားမြီးရွက်လေးများ ခူးလာရုံနှင့် ဒဏ်ရာကုဆေးဖိုး ရနေသည်။ မည်မျှ တွက်ခြေကိုက်လိုက်သနည်း။
နှစ်ယောက်သား ကျေးဇူးတင်စိတ်ဖြင့် ရှောင်ပေါင်ကို လမင်းပြာ (ပင်လယ်ပြာ လမင်း လို့ အရင်က ရေးခဲ့ပါတယ်။ အခု လမင်းပြာလို့ ရေးနေပေမဲ့ နောက်ပိုင်း အရင်လို ပြန်ရေးထားပြန်တယ်။ ဒါကြောင့် သူလိုပဲ လိုက်ပြန်မှာ ဖြစ်ပြီး ပင်လယ်ပြာ လမင်းနဲ့ လမင်းပြာကို တူတူပဲလို့သာ မှတ်ပေးကြပါခင်ဗျာ။) တောင်တန်းထဲမှ ထူးခြားဖြစ်စဉ်များကို ဖောက်သည်ချကြသည်။ ခေါင်းသုံးလုံးကြက်ကြီး အကြောင်း၊ လူငါးယောက်အဖွဲ့ ထူးဆန်းစွာ သေဆုံးသွားသည့် အကြောင်း၊ အနက်ရောင် အမွေးများ ပေါက်နေသည့် ရွှေဝါရောင် ဝက်ဝံပေါက်လေး အကြောင်းတို့ ပင်။
ဟုန်ရှောင်ပေါင်သည်လည်း သူတို့ကို မောင်းမထုတ်ချင်သောကြောင့် နားထောင်ပေးနေလိုက်သည်။ ထိုစဉ် သူ၏ စိတ်ဝိညာဉ်ထဲမှ အဘိုးကြီး ယင်းကျိုယို၏ အသံ ထွက်ပေါ်လာ၏။
“ဟေ့ကောင်လေး... ဟို အနက်ရောင်အမွေးနဲ့ ရွှေဝက်ဝံ အကြောင်း သေချာ မေးစမ်း။”
ဟုန်ရှောင်ပေါင် ကြောင်သွားသည်။ ရွှေဝက်ဝံပေါက် ဆိုသည်ကို သူ သိသည်။ တစ်ကိုယ်လုံး ရွှေရောင် တောက်ပနေပြီး ရှားပါးသည့် ဝက်ဝံအမျိုးအစား ဖြစ်၏။ အိမ်မွေးကြောင်လောက်သာ အရွယ်အစား ရှိပြီး ဒုတိယအဆင့် ထိပ်ဆုံး ခွန်အား ရှိသည်။ သူ၏ ရွှေရောင်သားရေက တန်ဖိုးကြီးသလို ဖမ်းဆီးရလည်း အလွန်ခက်ခဲလှသည်။ အထူးသဖြင့် သူ၏ လှုပ်ရှားမှုက လျှပ်စီးသဖွယ် မြန်ဆန်လှသောကြောင့်ပင်။
အဘိုးကြီးက စိတ်ဝင်တစား မေးခိုင်းနေပြီ ဆိုတော့ ပစ္စည်းကောင်း တစ်ခုခု ဖြစ်မည်မှာ သေချာလှသည်။
“ရွှေဝက်ဝံပေါက် ဟုတ်လား... စိတ်ဝင်စားစရာပဲ။”
မာကျားက ဟုန်ရှောင်ပေါင် စိတ်မဝင်စားဘူးထင်၍ ပြန်တော့မည့်ဟန် ပြင်နေရာမှ ရှောင်ပေါင် မေးလာတော့ ဝမ်းသာအားရ ပြန်ပြောလိုက်၏။
“ဟုတ်တယ် သူဌေးလေး... ရွှေဝက်ဝံပေါက် ဆိုတာက ခြေထောက်ပေါက်နေတဲ့ ဝိညာဉ်ကျောက်တုံးတွေလေ။ အကောင်လိုက်သာ အရှင်ဖမ်းမိရင် ဝိညာဉ်ကျောက်တုံး တစ်ရာလောက် တန်တာဗျ။ ဒါကြောင့် မနေ့ကစပြီး ကျင့်ကြံသူတွေ အကုန်လုံး ရူးသွပ်နေကြပြီ။ အကုန်လုံး ကံစမ်းဖို့ တောထဲ ဝင်ကုန်ကြပြီ။ မမိရင်လည်း ဘာမှ မဖြစ်ဘူးလေ... မိရင်တော့ သူဌေး ဖြစ်ပြီပေါ့။”
အဘိုးကြီး ယင်းကျိုယိုက ထပ်ပြီး နှိုးဆော်လိုက်သည်။ “နေပါအုံး ... ရွှေဝက်ဝံ ဆိုတာ သိတယ်။ အခုက အနက်ရောင် အမွေးတွေ ပါတယ်ဆို။ အဲဒီ ဝက်ဝံရဲ့ ပုံပန်းသဏ္ဍာန်နဲ့ တွေ့တဲ့နေရာကို သေချာ မေးစမ်းပါ။”