← Chapters

အခန်း ၆၆

Vol. 7 Ch. 66

အခန်း ၆၆

Vol. 7 Ch. 66

အခန်း (၆၆) - ဟုန်မိသားစု ကုန်စုံဆိုင်၏ ဒုတိယ သူဌေး။

‘ဘာလဲ... အဲဒီ ရွှေဝက်ဝံပေါက်လေးက ဟင်းချက်တတ်လို့လား။’

ဟုန်ရှောင်ပေါင် ခဏတော့ ကြောင်တောင်တောင် ဖြစ်သွားသည်။ သို့ပေမည့်လည်း အဘိုးကြီး မေးခိုင်းနေတော့လည်း မေးရတော့မည် မဟုတ်ပါလား။

“အာ... ကျုပ်တို့လည်း သေချာတော့ မမြင်ဖူးပါဘူးဗျာ။ သူများ ပြောတာ ကြားဖူးတာပါ။ အဲဒီ ရွှေဝက်ဝံပေါက်လေးရဲ့ ခေါင်းပေါ်မှာ အမွေးအနက်ရောင်လေး တစ်ကွက် ပါတယ်တဲ့။ ဘာနဲ့ တူလဲဆိုတော့ ခေါင်းပေါ်မှာ ဦးထုပ် ဆောင်းထားသလိုမျိုးပေါ့။”

မာကျားက ခေါင်းကုတ်ရင်း စဉ်းစားကာ ပြန်ဖြေ၏။ “တွေ့တဲ့ နေရာကတော့ လမင်းပြာ တောင်တန်း မြောက်ဘက်ခြမ်းမှာလို့ ပြောကြတာပဲ။ ကျန်တာတော့ ကျုပ်တို့လည်း သိပ်မသိဘူး သူဌေးလေးဟုန်။”

“ဪ... ဒီလိုကိုး။”

ရှောင်ပေါင် ပြုံးလိုက်သည်။ “စိတ်ဝင်စားစရာပဲ။”

“ဒါဆို... ကျုပ်တို့ ပြန်တော့မယ်နော် သူဌေးလေးဟုန်။”

မာကျားက အပြင်ဘက်ကို လက်ညှိုးထိုးပြရင်း ပြောသည်။ “ဘာမှ မှာစရာ မရှိတော့ဘူးဆိုရင် ကျုပ်တို့ကို ခွင့်ပြုပါအုံး။”

“ကောင်းပြီလေ။”

ရှောင်ပေါင် မတ်တပ်ထရပ်လိုက်၏။ “မှတ်ထားနော်... ခင်ဗျားတို့ ညီအစ်ကို နှစ်ယောက် ဒဏ်ရာရလို့ ဆေးလိုရင် ဒီဆိုင်မှာ အလကား လာယူလို့ ရတယ်။ ကျုပ် တာဝန်ယူတယ်။”

ပျော်ရွှင်စွာ ထွက်ခွာသွားသော မာညီအစ်ကို နှစ်ယောက်ကို ကြည့်ပြီး ဟုန်ရှောင်ပေါင် ချက်ချင်း စိတ်လှုပ်ရှားသွားသည်။

“အဘိုး... အဘိုး ဘာတွေ တွေ့ထားပြန်ပြီလဲ။ ပြောပါအုံး။”

“သေချာတော့ မပြောနိုင်သေးဘူး။”

ယင်းကျိုယို ခေါင်းခါလိုက်သည်။ “ဒါပေမဲ့ ရွှေဝက်ဝံပေါက် ဆိုတဲ့ သတ္တဝါက ဝိညာဉ်ဆေးပင်တွေကို ရှာဖွေရာမှာ အာရုံခံ အကောင်းဆုံး သတ္တဝါပဲ။ ဒါကြောင့် သူ့ကို ရတနာသိုက် ဝက်ဝံ လို့လည်း ခေါ်ကြတယ်။ သူ့ခေါင်းပေါ်မှာ ရွှေရောင်အမွေး မပေါက်ဘဲ အနက်ရောင်အမွေး ပေါက်ရတဲ့ အကြောင်းရင်း တစ်ခု ရှိတယ်။ အဲဒါက ခုနစ်လွှာ ကြာပန်းနက်ကို စားသုံးထားလို့ပဲ။”

“ခုနစ်လွှာ ကြာပန်းနက်။”

ဟုန်ရှောင်ပေါင် နားထောင်နေရင်း မျက်လုံးပြူးသွားမိ၏။ “ဘာ... ခုနစ်လွှာ ကြာပန်းနက် ဟုတ်လား။”

ဤသည်မှာ သူ အဆင့်တက်ရန် လိုအပ်နေသည့် အဓိက ဆေးပင် မဟုတ်ပါလား။

ရတနာသိုက် ဝက်ဝံ... ခုနစ်လွှာ ကြာပန်းနက်။ သောက်ကျိုးနည်း... ကွက်တိပဲဟ။

ဟုန်ရှောင်ပေါင် စိတ်လှုပ်ရှားလွန်း၍ ကခုန်ချင်စိတ်ပင် ပေါက်သွားသည်။ တကယ်သာ ဟုတ်ခဲ့လျှင် သူ အဆင်ပြေပြီပေါ့။ စားပွဲပေါ် မှောက်လျက်သား စဉ်းစားခန်း ဝင်လိုက်၏။ ဤတစ်ကြိမ်တော့ လမင်းပြာ တောင်တန်းဘက် ခရီးထွက်မှ ဖြစ်တော့မည်။

စဉ်းစားနေတုန်း ဆိုင်ပေါက်ဝတွင် လူတစ်ယောက် ခေါင်းပြူတစ်ပြူတစ် လုပ်နေသည်ကို တွေ့လိုက်ရသည်။ လူဟောင်းကြီး ချန်ယန် ပင် ဖြစ်ပေသည်။

“ဟေ့လူ ချန်ယန်... ဘာလုပ်နေတာလဲ။ သူခိုးလိုလို ဓားပြလိုလိုနဲ့။” ရှောင်ပေါင် စိတ်ပျော်နေချိန်မို့ ရယ်မောပြီး လှမ်းအော်လိုက်၏။

“ဟဲဟဲ... ဒီလိုပါပဲဗျာ။ လာကြည့်တာပါ။”

ချန်ယန်က ရှက်ကိုးရှက်ကန်း ရယ်လိုက်သည်။ ဆိုင်ထဲ ဝေ့ဝဲကြည့်ပြီး စကားဆင်သည်။ “ဂုဏ်ယူပါတယ် သူဌေးလေးဟုန်... ဆိုင်က တော်တော် အရှိန်ရနေပြီပဲ။”

ချန်ယန်က စကားကို ဟိုလှည့်ဒီပတ် လုပ်နေပြီး တစ်ခုခု ပြောချင်နေပုံ ရသည်။ သို့သော်လည်း ပါးစပ်က မထွက်ရဲ ဖြစ်နေရှာ၏။

“ကျုပ် ပြောမယ် ချန်ယန်... ခင်ဗျား ယောက်ျားတစ်ယောက် ဖြစ်ပြီး ဘာလို့ မိန်းမကြီးလို ဖြစ်နေရတာလဲ။ ပြောစရာ ရှိတာ ပြောစမ်းပါ။”

ရှောင်ပေါင် စိတ်မရှည်တော့ပေ။

“ကောင်းပြီ... ပြောမယ်ဗျာ။”

ချန်ယန် အံကြိတ်လိုက်သည်။ ဟုန်ရှောင်ပေါင် သူ့ရောဂါကို ကုပေးပြီးနောက်ပိုင်း သူ၏ ဒဏ်ရာက လျင်မြန်စွာ သက်သာလာခဲ့သည်။ သို့ပေမည့် ဆေးပြန်ဖော်တိုင်း တစ်ခုခု လိုနေသလို ခံစားနေရ၏။ သူ့မှာ ပါရမီ မရှိသောကြောင့် ပထမအဆင့် ဆေးပညာရှင် အဆင့်တွင် တန့်နေတာ ကြာလှပြီ ဖြစ်သည်။ ဆရာကောင်း တစ်ယောက် ရှာချင်သော်လည်း ဆရာမွေးလျှင် တပည့် ငတ်သည် ဆိုသည့် စကားပုံအတိုင်း ဆေးပညာရှင်များက ပညာကို သိုဝှက်ထားတတ်ကြသည်။ ထို့အပြင် ဆရာတင်ကြေးကလည်း မိုးခါးရေ သောက်ရမလောက် ကြီးမားလှသည်။ ချန်ယန်လို ကောင်မျိုးက ဘယ်တတ်နိုင်ပါမည်နည်း။

စဉ်းစားကြည့်လိုက်တော့ ဟုန်ရှောင်ပေါင်က ငယ်သော်လည်း ပညာက တကယ့် ဆရာတစ်ဆူ။ ဤသည်မှာ သူ့အတွက် အခွင့်အရေးပင် ဖြစ်သည်။ သို့သော်ငြား သူ့အသက်က သုံးဆယ့်လေးနှစ် ရှိနေပြီ ဖြစ်ရာ ရှောင်ပေါင် ထက် အစ်ကိုကြီး၊ ဦးလေးကြီးအရွယ် ဖြစ်နေသောကြောင့် ပါးစပ်က မထွက်ရဲ ဖြစ်နေခြင်းပင်။

ယခု ဟုန်ရှောင်ပေါင်က အတင်း မေးနေတော့မှ ထုတ်ပြောရတော့၏။ “သူဌေးလေးဟုန်... ကျုပ်... ကျုပ်လေ... ဟို... ခင်ဗျားဆိုင်မှာ အလုပ်လုပ်ချင်လို့ပါ။”

တပည့်ခံချင်သည်ဟု ပြောမထွက်သောကြောင့် အလုပ်သမား လုပ်ချင်သည်ဟု ပြောင်းပြောလိုက်ခြင်း ဖြစ်သည်။

“ဟာ... ကြိုဆိုပါတယ်ဗျာ။”

ရှောင်ပေါင် ဝမ်းသာသွားသည်။ သူက ဆိုင်စောင့်ဖို့ လူလိုနေတာ မဟုတ်ပါလား။ ယခုတော့ ပထမအဆင့် ဆေးပညာရှင် တစ်ယောက်က အိမ်တိုင်ရာရောက် လာပြီး အလုပ်လုပ်မည် ပြောနေတော့ ကံကောင်းခြင်း လက်ဆောင်ပင်။

“ကောင်းပြီ... ဒီနေ့က စပြီး ခင်ဗျားက ဟုန်မိသားစု ကုန်စုံဆိုင်ရဲ့ ဒုတိယ သူဌေးပဲ။”

လစာ ဘယ်လောက် ပေးရမည် ဆိုတာကိုတော့ ဟုန်ရှောင်ပေါင် ခေါင်းခဲသွားသည်။ သာမန် ဆိုင်အကူ တစ်ယောက်ဆိုလျှင် တစ်လ ဝိညာဉ်ကျောက်တုံး ဆယ်တုံးလောက်ဆို လုံလောက်၏။ တချို့ဆို ငါးတုံးလောက်နှင့်ပင် လုပ်ကြသည်။ သို့သော်ငြား ချန်ယန်က ဆေးပညာရှင် မဟုတ်ပါလား။ ပထမအဆင့် ဆိုသော်လည်း ဂုဏ်ရှိသေးသည်။

ရှောင်ပေါင် အကြာကြီး စဉ်းစားပြီးမှ အံကြိတ်ကာ ဈေးတစ်ခု ပြောလိုက်သည်။ “တစ်လ... ဝိညာဉ်ကျောက်တုံး နှစ်ဆယ် ပေးမယ်။”

“ကျေးဇူးတင်ပါတယ် သူဌေးလေး။”

ချန်ယန် ပျော်သွားသည်။ ယခင်က ဆေးဖော်ရင်း အမှားများပြီး နာမည်ပျက်ထားသောကြောင့် စီးပွားရေး မကောင်းတော့ဘဲ စုထားတာလေး ထုတ်စားနေရသူ မဟုတ်ပါလား။ တစ်လ ဆယ်တုံးလောက် ရလျှင်ပင် ကျေနပ်နေမည့်သူက နှစ်ဆယ်တောင် ရမည်ဆိုတော့ မျှော်လင့်ထားတာထက် အများကြီး ပိုနေပေပြီ။

ဟမ့် .. ဆေးပညာရှင်တွေရဲ့ ဈေးက သိပ်မကြီးပါလား။

ချန်ယန် ကျေနပ်သွားတာ မြင်တော့ ဟုန်ရှောင်ပေါင် အံ့အားသင့်သွားမိသည်။ ကဲ... ဆိုင်စောင့်ဖို့ လူရပြီ ဆိုတော့ ရှောင်ပေါင် လက်လွတ်စပယ် အပြင်ထွက်၍ ရပေပြီ။ ကြေးဆေးမှုန့် ဈေးနှုန်းများကို ချန်ယန်ကို ပြောပြပြီး အပြင်ထွက်ရန် ပြင်လိုက်သည်။ သို့ပေမည့် ရုတ်တရက် သတိရသွား၏။

နေပါအုံး ... ဘယ်နှယ့် သူဌေးက အပြင်ထွက် ဈေးဝယ်ပြီး အလုပ်သမားက ဆိုင်ထိုင်နေရမှာလဲ။

ထို့ကြောင့် သူဝယ်ချင်သည့် အနက်ရောင် သံမဏိ ကိစ္စကို ချန်ယန်ကို ပြောပြလိုက်သည်။

ချန်ယန်က ချက်ချင်း တာဝန်ယူလိုက်၏။ “သူဌေးလေး... စိတ်ချ။ ကျုပ် သိတဲ့ ပစ္စည်းဆိုင် နှစ်ဆိုင် ရှိတယ်။ ဆိုင်ပိတ်တော့မယ့် ဆိုင်တွေမို့ ပစ္စည်းတွေ လျှော့ဈေးနဲ့ ထုတ်ရောင်းနေတာ။ အဲဒီမှာ သွားဝယ်ရင် သေချာပေါက် ဈေးပေါပေါနဲ့ ရမှာ။”

ပြောပြီးသည်နှင့် ချန်ယန် ထွက်သွားရန် ပြင်သည်။ ဟုန်ရှောင်ပေါင် လှမ်းတားလိုက်ရ၏။

“ဟေ့လူ... ပိုက်ဆံမပါဘဲ ဘာနဲ့ သွားဝယ်မလို့လဲ။”

ရှောင်ပေါင်က ဝိညာဉ်ကျောက်တုံး ငါးရာကို ထုတ်ပေးလိုက်သည်။ “ဒီမှာ ယူသွား... မလောက်ရင် ပြန်လာယူ။”

ချန်ယန် ကြောင်အမ်းအမ်းဖြင့် ကျောက်တုံးများကို လှမ်းယူလိုက်၏။

“ဒါ... ဒါ။”

“ဘာလဲ... ပြဿနာ ရှိလို့လား။”

“မ... မရှိပါဘူး။ သေချာပေါက် ဝယ်လာခဲ့ပါ့မယ်။” ချန်ယန် တည်ကြည်လေးနက်စွာ ကတိပေးလိုက်သည်။

ဝိညာဉ်ကျောက်တုံး ငါးရာ ဆိုသည်မှာ လေယင်မြို့က သာမန် ကျင့်ကြံသူများ တစ်သက်လုံး ရှာလျှင်ပင် မရနိုင်သည့် ပမာဏ ဖြစ်သည်။ ဤသည်ကို ဟုန်ရှောင်ပေါင်က သူ့ကို ယုံကြည်ပြီး ပုံပေးလိုက်သည် ဆိုတော့ ချန်ယန် ရင်ထဲတွင် နွေးထွေးသွားရ၏။ သူဌေးလေးက သူ့ကို တော်တော် ယုံကြည်တာပဲဟု တွေးလိုက်မိ၏။

ဟုန်ရှောင်ပေါင်ကတော့ ဘာမှ သိပ်မခံစားရချေ။ နန်းတော်ထဲတွင် ကြီးပြင်းလာသူမို့ ငွေကြေးကို ရေလို သဘောထားတတ်သည့် အကျင့် ရှိသလို ညီအစ်ကိုများကြား အာဏာလုပွဲများတွင်လည်း မပါဝင်ခဲ့ဖူးတော့ လူတွေကို သံသယ သိပ်မဝင်တတ်ပေ။ ထို့ကြောင့် ဤအတိုင်း ပေးလိုက်ခြင်း ဖြစ်သည်။ ရိုးရိုးရှင်းရှင်းလေးပင်။

ချန်ယန် ပြန်ရောက်လာတာ မြန်လှသည်။ နာရီဝက်ပင် မကြာလိုက်ချေ။ အနက်ရောင် သံမဏိများ တစ်အိတ်ကြီး သယ်လာသည်။

“ထင်တဲ့အတိုင်းပဲ သူဌေးလေး... ဆိုင်ပိတ်ခါနီးမို့ အကုန် လျှော့ရောင်းနေတာ။ သံမဏိ ဆယ့်ကိုးပိဿာ ရလာတယ်။ တစ်ပိဿာကို နှစ်ဆယ့်နှစ်တုံးပဲ ပေးရတယ်။ ကျောက်တုံး ၈၂ တုံး ပြန်ပိုလာတယ်။”

ချန်ယန်က ရှက်ရွံ့စွာ ဆက်ပြော၏။ “သံမဏိက ဈေးမာတော့ သိပ်ပြီး လျှော့မပေးဘူး။ ကျန်တဲ့ ပစ္စည်းတွေ ဆိုရင်တော့ ဆယ်ရာခိုင်နှုန်း၊ နှစ်ဆယ်ရာခိုင်နှုန်းလောက်နဲ့တောင် ရနိုင်တယ်။”

“ဘာ... နှစ်ဆယ့်နှစ်တုံး ဟုတ်လား။ ဝါး။”

ဟုန်ရှောင်ပေါင် မျက်လုံး အရောင်တောက်သွားသည်။ ချန်ယန် တစ်ခေါက် သွားဝယ်လိုက်သည်နှင့် ဝိညာဉ်ကျောက်တုံး ရာဂဏန်းနီးပါးလောက် သက်သာသွားသည် မဟုတ်ပါလား။ ဤအလုပ်သမား ငှားလိုက်ရသည်က တန်မှတန်ဟု တွေးလိုက်မိ၏။

မိုးလည်း ချုပ်နေပြီမို့ ဆိုင်ပိတ်လိုက်သည်။ ထို့အပြင် ပစ္စည်းဆိုင်ကို သွားပြီး ရတနာသိုက် တူးဖော်ရန် ဆုံးဖြတ်လိုက်သည်။ သူ့မှာ အဘိုးကြီး ယင်းကျိုယို ရှိနေသည် မဟုတ်ပါလား။ ပစ္စည်းကောင်းများကို ဈေးပေါပေါနှင့် ရွေးဝယ်၍ ရနိုင်သည်။။

ဆိုင်တစ်ဆိုင် ရှေ့တွင် လူများ အုံခဲနေကြ၏။

ကုန်သည် တချို့ကိုလည်း တွေ့ရ၏။ အကုန်လုံးက ဈေးပေါပေါနှင့် ပစ္စည်း လာဝယ်ကြသူများချည်းပင် ဖြစ်သည်။

ရှောင်ပေါင် လူအုပ်ကြားထဲ တိုးဝင်သွားလိုက်၏။

“အဘိုး... ထတော့... ထတော့။ အဘိုးရဲ့ မျက်လုံးတွေ အသုံးချရမယ့် အချိန် ရောက်ပြီ။”

All Chapters