← Chapters

အခန်း ၆၇

Vol. 7 Ch. 67

အခန်း ၆၇

Vol. 7 Ch. 67

အခန်း (၆၇) - မင်္ဂလာ နှစ်ပါး တစ်ပြိုင်တည်း ဆိုက်ရောက်ခြင်း။

“ငါ့ရဲ့ မီးတောက်စက်ကွင်းက နောက်ဆုံးအဆင့် ရောက်နေပြီကွ။ မင်းက ဘာလို့ ဒီလောက်တောင် ရှုပ်နေရတာလဲ။”

ဟုန်ရှောင်ပေါင်၏ အနှောင့်အယှက်ပေးမှုကြောင့် အဘိုးကြီး ယင်းကျိုယို ဒေါသတကြီး ဆဲဆိုလိုက်သည်။ “ငါ့ အတွေးအမြင်တွေ ပြတ်တောက်ကုန်ပြီ... တကယ်ပါပဲ။”

“ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ... ကျုပ် မှားပါတယ်ဗျာ။”

ရှောင်ပေါင်ကတော့ အဘိုးကြီး ဆဲသည်ကို ဂရုမစိုက်ဘဲ ပြုံးဖြီးဖြီး ဖြင့် ပြန်ပြောလိုက်၏။ “ကဲပါ အဘိုးရယ်... ဘယ်ဟာတွေ ဝယ်သင့်လဲ ဆိုတာ မြန်မြန် ပြောစမ်းပါ။ ဟားဟား... ဒါ ရွှေတွင်းကြီးနဲ့ တိုးတာဗျ။ လက်လွှတ်လို့ ဘယ်ဖြစ်မလဲ။”

ယင်းကျိုယိုလည်း ဟုန်ရှောင်ပေါင် ဘာလုပ်ချင်နေမှန်း သဘောပေါက်သွားသည်။ သူ့စိတ်ထဲက ဒေါသကို ခဏမျိုသိပ်ပြီး ပစ္စည်းပုံကို ဝေ့ဝဲကြည့်ရှုလိုက်၏။ ပြီးနောက် စကျင်ကျောက်တုံးကြီးနှင့် တူသော အဖြူရောင် ကျောက်တုံးကြီး တစ်တုံးကို လက်ညှိုးထိုးပြလိုက်သည်။

“ဟိုကောင်... ရေအောက် အေးခဲကျောက်စိမ်း ကို ဝယ်ထားလိုက်။ မဟုတ်ရင် နောက်ဆို မင်းရဲ့ နတ်ဆိုးသားရဲ အသားတွေကို ဘယ်လို သိမ်းဆည်းမလဲ။”

“အိုး... ရေခဲသေတ္တာပေါ့။”

ရှောင်ပေါင် ဝမ်းသာအားရ အော်လိုက်သည်။ လောလောဆယ် သူ့မှာရှိသည့် ဦးချိုတစ်ချောင်း ဝက်၏ အသားများကို ရေခဲပုံကြီးထဲ မြှုပ်ထားရသည်မှာ အဆင်မပြေချေ။ ဤကျောက်စိမ်းတုံးသာ ရလျှင် အေးဆေး ဖြစ်သွားပေလိမ့်မည်။

“ဟိုဘက်က နှစ်တစ်သောင်း ထင်းရှူးသီး ကလည်း သိမ်းဆည်းထားတာ မဆိုးဘူး... ဝယ်လို့ ရတယ်။ အဲဒီ သံချပ်ကာ ကျောက်ပြား က သံပြားကင် လုပ်စားရင် အကောင်းဆုံးပဲ။ ဟိုနားက သွေးသလင်းကျောက် ကို ဝယ်ထားလိုက်... စွပ်ပြုတ်အိုးလုပ်ရင် ကွက်တိပဲ။”

အဘိုးကြီးက တစ်ခုပြီး တစ်ခု ညွှန်ပြနေသည်။ သေချာ ဂရုစိုက် နားထောင်ကြည့်လိုက်လျှင် အဘိုးကြီး ညွှန်ပြသမျှ ပစ္စည်း အကုန်လုံးက ဟုန်ရှောင်ပေါင်၏ စားသောက်ရေး နှင့် သက်ဆိုင်နေသည်ချည်းပင်။ တန်လန် ခန္ဓာကိုယ် ပိုင်ရှင်မို့ စားသောက်ဖို့ကို ဦးစားပေးခိုင်းနေပုံရသည်။

အဘိုး ပြောတာ ပြီးသွားတော့ ရှောင်ပေါင်နှင့် ချန်ယန်တို့၏ ဈေးဆစ်ပွဲ စတင်လေပြီ။

ဆိုင်ရှင်က ဆိုင်ပိတ်ပြီး ပစ္စည်း လက်ကျန် ရှင်းချင်နေသည် ဆိုပေမည့် ရူးမိုက်လောက်သည့် လျှော့ဈေးမျိုးနှင့်တော့ ရောင်းမည် မဟုတ်ပေ။ ပုံမှန်ထက် သက်သာရုံလောက်သာ ဖြစ်ပေလိမ့်မည်။ သို့သော်ငြား ရှောင်ပေါင်က ကုန်စုံဆိုင် သူဌေးလေး မဟုတ်ပါလား။ ဤသို့ အချိန်မျိုးတွင် ပစ္စည်းကောင်းများကို ဈေးပေါပေါနှင့် စုဆောင်းမထားလျှင် ငတုံး ဖြစ်သွားချေလိမ့်မည်။

ဟုန်ရှောင်ပေါင်က ပစ္စည်း အများကြီး လက်ညှိုးထိုး ဝယ်တော့ ဆိုင်ရှင်က ပျော်ပြီး လျှော့ဈေး ပေးသည်။ ထိုအချိန် ချန်ယန်က ဝင်ရောက် စွက်ဖက်ပြီး ဈေးကို ထပ်နှိမ်၏။ ချန်ယန်၏ ဈေးဆစ်ပုံက ကြမ်းလွန်းသောကြောင့် ဆိုင်ရှင်ခမျာ ဒေါသထွက်ပြီး ပေါက်ကွဲလုနီးပါး ဖြစ်သွားရသည်။

နောက်ဆုံးတွင်မူ နှစ်ဖက် သဘောတူညီမှု ရသွားကြသည်။ ရလဒ်မှာ ဝိညာဉ်ကျောက်တုံး ၇၂၂ တုံးတည်းဖြင့် ပစ္စည်းပုံကြီး တစ်ပုံကို ရှောင်ပေါင် ပိုင်ဆိုင်သွား၏။

ပစ္စည်းများထဲမှ တော်တော်များများက လောလောဆယ် မလိုအပ်သေးသော်လည်း တကယ့်ကို အမြတ်ကြီး စားလိုက်ရသည်မှာတော့ သေချာလှသည်။

ဟုန်ရှောင်ပေါင် ကျေနပ်သွားမိသည်။ ချန်ယန်ကို အလုပ်ခန့်လိုက်တာ မှန်ကန်သော ရွေးချယ်မှု တစ်ခုပဲဟု တွေးလိုက်မိ၏။ နောက်ထပ် အနက်ရောင် သံမဏိများ ထပ်ဝယ်ချင်သေးသော်လည်း မိုးချုပ်နေပြီမို့ အရက်ဆိုင်များ လောက်သာ ဖွင့်တော့သည်။ ထို့ကြောင့် ပြန်လာခဲ့လိုက်၏။

နောက်တစ်နေ့ မနက်စောစော ရှောင်ပေါင်က အနောက်ဘက် ဈေးတန်းသို့ သွားပြီး ဆေးပင်များ လိုက်ဝယ်သည်။

ချန်ယန်ကမူ ဝိညာဉ်ကျောက်တုံး အများအပြားကို ပိုက်ပြီး အနက်ရောင် သံမဏိများ လိုက်ဝယ်၏။

တစ်ဆက်တည်းမှာပဲ ခုနစ်လွှာ ကြာပန်းနက် သတင်းနှင့် ရွှေဝက်ဝံပေါက် သတင်းကိုပါ စုံစမ်းခိုင်းလိုက်သည်။

ညနေဘက် ဆိုင်ပြန်ရောက်ချိန်တွင်မူ ချန်ယန် တစ်ယောက် ချွေးတလုံးလုံးဖြင့် သံမဏိများ အများကြီး သယ်ဆောင်လာသည်။ ဆိုင်ပိတ်တော့မည့် ဆိုင်များ မရှိတော့သောကြောင့် ယနေ့တော့ ကျင့်ကြံသူများနှင့် ဆိုင်အချို့ထံမှ တစ်ဆင့် လိုက်ဝယ်ရရာ ဈေးက တစ်ပိဿာ နှစ်ဆယ့်ခြောက်တုံး၊ နှစ်ဆယ့်ခုနစ်တုံးလောက် ဖြစ်သွား၏။

ဟုန်ရှောင်ပေါင် ရေတွက်ကြည့်လိုက်တော့ စုစုပေါင်း သံမဏိ ကိုးဆယ့်တစ်ပိဿာ ရရှိထားပြီ ဖြစ်၏။ နောက်တစ်ရက်လောက် ထပ်စုလိုက်လျှင် သူ၏ ဒယ်အိုးလုပ်ငန်း စတင်လို့ ရပေပြီ။

ဒုတိယနေ့ ညနေခင်းတွင် ချန်ယန်က သံမဏိ နောက်ထပ် သုံးဆယ်ပိဿာ ထပ်သယ်လာသည်။

“ပြည့်ပြီ... နောက်ဆုံးတော့ ပြည့်သွားပြီဟေ့။”

ဟုန်ရှောင်ပေါင် ဝမ်းသာအားရ အော်ဟစ်လိုက်၏။ “အဘိုး .. ဒီည ဒယ်အိုး စလုပ်လို့ ရပြီ။ ဟားဟားဟား။”

“ဒါနဲ့ သူဌေးလေး... ခင်ဗျား မေးခိုင်းထားတဲ့ ခုနစ်လွှာ ကြာပန်းနက် သတင်းလည်း ရခဲ့ပြီ။”

ချန်ယန်က စကားထပ်ဆက်လိုက်သည်။

ဟုန်ရှောင်ပေါင် ချက်ချင်း ငြိမ်ကျသွားပြီး မျက်နှာတွင် အပြုံးပန်းများ ဝေဆာသွား၏။

“ဝါး... မင်္ဂလာ နှစ်ပါး တစ်ပြိုင်တည်း ဆိုက်ရောက်တာပဲ။”

“မနှစ်က လေယင်မြို့ လေလံပွဲမှာ ခုနစ်လွှာ ကြာပန်းနက် တစ်ပွင့် ပါလာဖူးတယ်။ အဲဒီတုန်းက လုံမိသားစုက လေလံအောင်သွားတာ။ ကျုပ်က ဆေးပညာရှင်ဆိုတော့ တကယ်လို့များ လုံမိသားစုက အဲဒီ ကြာပန်းနက်ကို ဆေးဖော်လိုက်ပြီဆိုရင် ကျုပ်ဆီ သတင်းရောက်မှာ သေချာတယ်။ အခုထိ သတင်း မကြားသေးဘူး ဆိုတော့ အဲဒီ ကြာပန်းနက်က လုံမိသားစုရဲ့ ဘဏ္ဌာတိုက်ထဲမှာ ရှိနေလောက်တုန်းပဲ။”

“လုံမိသားစုက ဘယ်လောက်နဲ့ ဝယ်သွားတာလဲ။” ရှောင်ပေါင် ရင်တထိတ်ထိတ်ဖြင့် မေးလိုက်၏။

“ရှစ်ရာ့လေးဆယ်တဲ့။”

ချန်ယန်က ရှောင်ပေါင်၏ စိတ်ကို ရိပ်မိသည့်အလား ဆက်ပြောသည်။ “ဒါပေမဲ့ သူဌေးလေး... လုံမိသားစုက အရမ်း မောက်မာတယ်။ သူတို့ဆီကနေ ပစ္စည်းတစ်ခု ပြန်ဝယ်ဖို့ ဆိုတာ... မလွယ်ဘူး။”

“ဪ။”

ရှောင်ပေါင် ခေါင်းညိတ်လိုက်သည်။ ထို့နောက် နောက်ထပ် မေးခွန်းတစ်ခု မေးလိုက်၏။ “ဒါဆို... ရွှေဝက်ဝံပေါက် သတင်းရော။”

“ရတယ်။”

ချန်ယန် ပြုံးလိုက်သည်။ “အဲဒီ ဝက်ဝံကို အရင်ဆုံး တွေ့တာက ချန်ဖုန်းတို့ အဖွဲ့ပဲ။ ဒါပေမဲ့ အဖွဲ့သား တစ်ယောက်က အရက်သောက်ရင်း ပါးစပ်ဖွာလိုက်လို့ သတင်းပေါက်သွားတာ။ အခု အပြင်မှာ ပြောနေကြတဲ့ လမင်းပြာ တောင်တန်း မြောက်ဘက်ခြမ်း ဆိုတာက ချန်ဖုန်းတို့က သတင်း အမှား လွှင့်ထားတာ။ တကယ် တွေ့ခဲ့တဲ့ နေရာက တောင်ကြားလမ်း အလယ်ပိုင်းက ကျီးကန်းတောအုပ် ထဲမှာတဲ့။ ဒါပေမဲ့ ကျီးကန်းတောအုပ်က အရမ်း ကျယ်တယ်။ နေရာအတိအကျ သိချင်ရင်တော့ ချန်ဖုန်းကို ကိုယ်တိုင် သွားမေးမှ ရလိမ့်မယ်။”

ချန်ဖုန်း... ဟားဟား... ကွက်တိပဲ။

ရှောင်ပေါင် သဘောကျစွာ ရယ်မောလိုက်သည်။

ဟုန်ရှောင်ပေါင် တစ်ယောက် ချန်ယန်ကို လေးစားသွားမိသည်။ ဤလူက ဆေးပညာရှင် အနေဖြင့် သာမန် ဖြစ်သော်လည်း သတင်းထောက်လှမ်းသည့်နေရာတွင်တော့ ပါရမီရှင်ပင် ဖြစ်၏။ အောက်ခြေလူတန်းစား ကျင့်ကြံသူများနှင့် ရင်းနှီးတော့ အတွင်းသတင်းများ တော်တော် နှိုက်နိုင်၏။

ရှောင်ပေါင် အချိန်ဆွဲမနေတော့ပေ။

“ချန်ယန်... ခင်ဗျား လုံမိသားစုဘက်ကို သွားပြီး အခြေအနေ စုံစမ်းကြည့်။ သူတို့ဆီက ကြာပန်းနက်ကို ပြန်ဝယ်လို့ ရနိုင်မလား ဆိုတာပေါ့။ ကျုပ်က ချန်ဖုန်း ဆီ သွားလိုက်မယ်။”

“ဗျာ။”

ချန်ယန် မျက်နှာ ပျက်သွားရသည်။ “လုံ... လုံမိသားစု ဆီ ဟုတ်လား။ အဲ... ဟို... ကောင်းပါပြီလေ။”

ချန်ယန် ခေါင်းငိုက်စိုက်ချကာ ထွက်ခွာသွားရှာသည်။ ကြည့်ရသည်မှာ လုံမိသားစုကို တော်တော် ကြောက်ပုံရသည်။ ရှောင်ပေါင်သည်လည်း ချန်ဖုန်း နေထိုင်ရာသို့ ထွက်ခွာလာခဲ့၏။

ကျောင်းသားများ နေထိုင်ရာ ရပ်ကွက်သည် သန့်ရှင်း သပ်ရပ်ပြီး တိတ်ဆိတ်ငြိမ်သက်နေပသည်။ ကျောက်ခင်းလမ်း ဘေးတစ်ဖက်တစ်ချက်တွင် အဆောင်များ စီတန်းနေသည်။

အဆောင် အမှတ် (၁) မှ (၁၀) ထိ ရှိရာ အမှတ် (၁) သည် အကောင်းဆုံး ဖြစ်သည်။ ဤနေရာတွင် နေထိုင်သူ အားလုံးမှာ တရားဝင် ဂိုဏ်းသားများ ဖြစ်ကြသည်။ ချန်ဖုန်းက အဆောင် အမှတ် (၉) တွင် နေထိုင်၏။

အဆောင် (၉)၊ အခန်း 'ခ' ၂၃... ဟုတ်ပြီ။

၁၈... ၁၉။

ရှောင်ပေါင် ရေတွက်ရင်း လိုက်ရှာနေသည်။

“မင်းလို သောက်သုံးမကျတဲ့ အကောင်... ပါးစပ်မလုံတဲ့ ကောင်။ ငါ ရိုက်သတ်လိုက်ရမလား။”

အခန်း (၂၃) မရောက်ခင်မှာပင် ဆဲဆိုသံများကို ကြားလိုက်ရသည်။ ချန်ဖုန်း၏ အသံပင် ဖြစ်၏။ ရှောင်ပေါင် လှမ်းကြည့်လိုက်တော့ ချန်ဖုန်းက လူငယ်တစ်ယောက်ကို လက်ညှိုးထိုးပြီး ဆဲဆိုနေသည်ကို တွေ့လိုက်ရသည်။

သေချာသည်၊ ဤအကောင်က အရက်မူးပြီး ပါးစပ်ဖွာလိုက်သည့် အကောင်ပင် ဖြစ်မည်ဟု ရှောင်ပေါင် တွေးလိုက်မိ၏။

“ဟေ့... ချန်ဖုန်း။”

ရှောင်ပေါင် လှမ်းနှုတ်ဆက်လိုက်သည်။

“ဟာ... ဘယ်လေကများ တိုက်ခတ်လာပါလိမ့်။”

ချန်ဖုန်းက ရှောင်ပေါင် ရောက်လာလိမ့်မည်ဟု ထင်မထားသောကြောင့် အံ့သြသွားသည်။ ချက်ချင်း အပြုံးဖြင့် ခရီးဦးကြို ပြုလိုက်၏။ “လာပါ... လာပါ... ထိုင်ပါ။”

ပြီးနောက် အဆဲခံနေရသည့် လူငယ်ဘက် လှည့်ပြီး မောင်းထုတ်သည်။ “မင်း သွားတော့... အသုံးမကျတဲ့ကောင်။”

“ချန်ဖုန်း... ကျုပ် လာတာက ရွှေဝက်ဝံပေါက် သတင်း လာမေးတာ။”

ရှောင်ပေါင်က ကွေ့ဝိုက်မနေတော့ဘဲ တည့်တည့်ပင် ပြောလိုက်၏။ “စိတ်ချပါ... အလကား မမေးပါဘူး။ ထိုက်တန်တဲ့ အဖိုးအခ ပေးပါ့မယ်။”

“အာ။”

ချန်ဖုန်း မျက်နှာက တစ်မျိုးဖြစ်သွား၏။ ဟုန်ရှောင်ပေါင်က ဤမျှ ဗြောင်ကျကျ လာမေးမည်ဟု ထင်မထားပေ။ ထို့အပြင် ရှောင်ပေါင် ကိုယ်တိုင် လာမေးမှတော့ ရွှေဝက်ဝံပေါက်ကို သူတို့အဖွဲ့ အရင် တွေ့ထားတာ သိပြီးသား ဖြစ်နေလောက်ပေပြီ။ လိမ်၍ မရတော့ချေ။

ချန်ဖုန်း ခေါင်းကုတ်လိုက်သည်။

“သူဌေးလေးဟုန်က ဘယ်လောက် ပေးမှာလဲဟင်။”

ပြီးတော့ ဆက်ပြောသည်။ “တကယ်တော့ ကျုပ်အသက်ကို ကယ်ခဲ့တဲ့ ကျေးဇူးရှင်မို့ ပိုက်ဆံ စကား မပြောသင့်ပါဘူး။ ဒါပေမဲ့... ဒီကိစ္စက ကျုပ်တစ်ယောက်တည်း ပိုင်တာ မဟုတ်ဘဲ အဖွဲ့လိုက် ကိစ္စ ဖြစ်နေလို့ပါ... ဟဲဟဲ။”

All Chapters