အခန်း ၆၈
Vol. 7 Ch. 68
အခန်း (၆၈) - မီးတောက်စက်ကွင်း ပြီးပြည့်စုံသွားပြီလား
“ကိစ္စ မရှိပါဘူး။”
ဟုန်ရှောင်ပေါင် ပြုံးလိုက်သည်။ ချန်ဖုန်း၏ စကားကို သူ စိတ်မဆိုးပေ။
“အခု ကျုပ်တို့ ဆက်ဆံရေးက စီးပွားရေးသမား အချင်းချင်းလေ... စီးပွားရေး စကားပြောကြတာပေါ့။ ညီအစ်ကိုချင်းတောင် စာရင်းရှင်းရတယ် မဟုတ်လား။”
ရှောင်ပေါင် လက်ချောင်းလေး နှစ်ချောင်း ထောင်ပြလိုက်၏။ “ဒီလို လုပ်မယ်... ကျုပ် ခင်ဗျားကို ဝိညာဉ်ကျောက်တုံး ဆယ်တုံး အခု ချက်ချင်း ပေးမယ်။ ခင်ဗျား ကျုပ်ကို ကျီးကန်းတောအုပ် ဆီ လိုက်ပို့ပေးရုံပဲ။ တကယ်လို့များ အဲဒီမှာ ရွှေဝက်ဝံပေါက် ကို ရှာတွေ့ခဲ့တယ် ဆိုရင်တော့... နောက်ထပ် ဝိညာဉ်ကျောက်တုံး ငါးဆယ် ထပ်ဆုချမယ်။ အဲဒီအချိန်ကျရင်တော့ ဝက်ဝံပေါက်က ကျုပ် အပိုင် ဖြစ်သွားပြီပေါ့။ ဘယ်လိုလဲ။”
“ဒါ...။”
ချန်ဖုန်း ချက်ချင်း စိတ်လှုပ်ရှားသွားပေသည်။
တွက်ကြည့်ရအောင်... ရွှေဝက်ဝံပေါက်၏ သားရေက ဝိညာဉ် ကျောက်တုံး တစ်ရာ ကျော်လောက်သာ တန်သည် မဟုတ်ပါလား။ ကျန်သည့် အစိတ်အပိုင်းများမှာ သိပ်ပြီး ဈေးမကောင်းလှချေ။ ယခု ဟုန်ရှောင်ပေါင် ပေးမည့် ဈေးက စုစုပေါင်း ခြောက်ဆယ်လောက် ရှိနေပြီ ဖြစ်၏။ နည်းနည်းတော့ လျော့နေသည်မှာ မှန်သော်လည်း အဓိက အချက်မှာ အန္တရာယ်ကင်းခြင်းပင်။
လမ်းပြလိုက်ရုံနှင့် ဆယ်တုံး အလကား ရမည်။ ဝက်ဝံ တွေ့လျှင် နောက်ထပ် ငါးဆယ် ထပ်ရမည်။ သူတို့အဖွဲ့ ဝက်ဝံကို ဖမ်းဖို့ ကြိုးစားတုန်းက ဝက်ဝံ၏ လျှပ်စီးသဖွယ် အမြန်နှုန်းကို ကောင်းကောင်းကြီး မြည်းစမ်းခဲ့ရပြီးပြီ ဖြစ်သည်။ နောက်တစ်ခေါက် ထပ်တွေ့လျှင်ပင် ဖမ်းမိဖို့ မသေချာချေ။ ယခု ရှောင်ပေါင်၏ ကမ်းလှမ်းချက်မှာ သေချာပေါက် အမြတ်ထွက်မည့် ကိစ္စပင် ဖြစ်၏။
ချန်ဖုန်းက ပြတ်သားသူ တစ်ယောက်ပီပီ ချက်ချင်း ဆုံးဖြတ်လိုက်သည်။ “ကောင်းပြီ... ကတိအတိုင်း ဖြစ်စေရမယ်။”
“ဟားဟား... ကတိ တည်ပါစေ။”
ရှောင်ပေါင် ကျေနပ်သွား၏။ “ဒါဆို မနက်ဖြန် မနက် ကျုပ် ဆိုင်မှာ လာဆုံကြတာပေါ့... အတူတူ ခရီးထွက်ကြမယ်။”
ကိစ္စဝိစ္စ ပြီးစီးသွားသောကြောင့် ရှောင်ပေါင် တစ်ယောက် ပျော်ပျော်ရွှင်ရွှင်ဖြင့် ခြေလှမ်းသွက်သွက် လှမ်းကာ ပြန်လာခဲ့သည်။ လမ်းတွင်မူ အဘိုးကြီး ယင်းကျိုယိုက ရေခဲရေဖြင့် လောင်းချလိုက်သည်။
“ဟေ့ကောင်လေး... သိပ်ပြီး မျှော်လင့်ချက်တွေ ကြီးမနေနဲ့အုံး။ ငါ ပြောခဲ့တာက ခုနစ်လွှာ ကြာပန်းနက် ဖြစ်နိုင်ခြေ ရှိတယ် လို့ပဲ ပြောခဲ့တာ။”
ယင်းကျိုယိုက ရှင်းပြသည်။
“ရွှေဝက်ဝံပေါက်ဆိုတဲ့ သတ္တဝါက ဝိညာဉ်စွမ်းအင်ကို အာရုံခံနိုင်စွမ်း အရမ်းမြင့်တယ်။ တကယ်လို့ သူက မီးစွမ်းအင် ကြွယ်ဝတဲ့ နေရာမှာ ကြာကြာနေရင် သူ့အမွေးတွေက အနီရောင် သမ်းလာလိမ့်မယ်။ အခု ခေါင်းပေါ်မှာ အမွေးအနက်ရောင် ပေါက်နေတယ် ဆိုတော့ ဖြစ်နိုင်ခြေတွေ အများကြီး ရှိတယ်။ ယူဂျင်သတ္တုသိုက် ကြောင့် ဖြစ်နိုင်သလို၊ နက်နဲ ရေနဂါး ကြောင့်လည်း ဖြစ်နိုင်တယ်။ ခုနစ်လွှာ ကြာပန်းနက် ဆိုတာ ဖြစ်နိုင်ခြေ တစ်ခုပဲ ရှိသေးတာ။”
“ဟားဟား... ဘာပဲဖြစ်ဖြစ် အခွင့်အရေး တစ်ခုပဲလေ။”
ဟုန်ရှောင်ပေါင်ကတော့ အကောင်းဘက်က တွေး၏။
“ကျုပ်နာမည်က ရှောင်ပေါင် လေ။ ဗေဒင်ဆရာက ပြောဖူးတယ်... ကျုပ် ကံဇာတာက မသေးဘူးတဲ့။ ဒီဝက်ဝံပေါက်က ကျုပ်အတွက် ကြာပန်းနက် ဆောင်ကြဉ်းပေးမယ့် နိမိတ်ပဲ။”
“.......”
ယင်းကျိုယို ပြောစရာ စကား မရှိတော့ပေ။ ခဏနေမှ လေသံပြောင်းလိုက်၏။
“ထားပါတော့... အခု မင်းမှာ အနက်ရောင် သံမဏိ တွေလည်း စုံနေပြီ ဆိုတော့ ဒယ်အိုး စလုပ်လို့ ရပြီ။ ဒယ်အိုး လုပ်ဖို့အတွက် မင်း မီးတောက် စက်ကွင်း ကို အရင် သင်ရမယ်။”
“ဟင်... အဘိုး.. အဘိုးက တကယ်ကြီး စွမ်းတာပဲ။”
ရှောင်ပေါင် အံ့သြသွားသည်။ “ရှေးဟောင်း မီးမျိုးနွယ်စုရဲ့ မီးတောက် စက်ကွင်း ကို အဘိုး တကယ်ကြီး ပြန်လည် ဖြည့်စွက်နိုင်ခဲ့ပြီလား။”
ဤစက်ကွင်းက ဘယ်လောက် စွမ်းသလဲ ဆိုတာ ရှောင်ပေါင် အတိအကျ မသိသော်လည်း၊ အဘိုးကြီး ယင်းကျိုယိုလောက် ပုဂ္ဂိုလ်မျိုးပင် ဤမျှ ကြာကြာ အချိန်ယူပြီး သုတေသန လုပ်နေရသည် ဆိုကတည်းက သာမန် မဟုတ်သည်မှာတော့ သေချာလှ၏။
“ဟွန်း... ငါ ဘယ်သူလဲ ဆိုတာ မေ့နေတာလား။”
ယင်းကျိုယို အေးစက်စက် ရယ်မောလိုက်သည်။ သူ၏ ရယ်သံထဲတွင် ဂုဏ်ယူဝင့်ကြွားမှုများ ပါဝင်နေ၏။ ရှောင်ပေါင်က သူ့ကို ဖားခဲလှသည်။ ဖားပြန်လျှင်လည်း လွဲနေတတ်သည်။ ဤတစ်ကြိမ်တွင် အကွက်ဝင်သွားသောကြောင့် အဘိုးကြီး ကျေနပ်နေသည်။
“ငါ ပြောရဲတယ်... ဒီကုန်းမြေတိုက်ကြီး တစ်ခုလုံးမှာ ဒီစက်ကွင်းကို ပြန်လည် ဖြည့်စွက်နိုင်တဲ့သူ လက်တစ်ဖက်စာ မပြည့်ဘူး။ ကဲ... လာစမ်း... ငါ မင်းကို ဒီစက်ကွင်း အကြောင်း သင်ပေးမယ်။”
“ကောင်းတယ် အဘိုး ... မြန်မြန်လုပ်။”
ရှောင်ပေါင် စိတ်အားထက်သန်နေပြီ ဖြစ်၏။
“လူတွေက ဆေးဖော်တာပဲ ဖြစ်ဖြစ်၊ စက်ကွင်း ခင်းတာပဲ ဖြစ်ဖြစ်၊ စာအုပ်ကြီးအတိုင်း တစ်သဝေမတိမ်း လိုက်လုပ်တတ်ကြတယ်။ အလေးချိန် တစ်ဂရမ်၊ စည်းတစ်ကြောင်းတောင် အလွဲမခံကြဘူး။”
ယင်းကျိုယိုက ရှောင်ပေါင်ကို စောင်းငဲ့ကြည့်လိုက်သည်။ “ငါ မေးမယ်... နာမည်ကြီး စားဖိုမှူး တစ်ယောက် ဟင်းချက်တဲ့အခါ ဆား ဘယ်နှစ်ဂရမ်၊ ကြက်သွန် ဘယ်နှစ်ဥ ဆိုပြီး ချိန်ခွင်နဲ့ ချိန်ပြီး ချက်တာ မင်း မြင်ဖူးလား။”
“မမြင်ဖူးပါဘူးဗျာ။”
ဟုန်ရှောင်ပေါင် ခေါင်းခါလိုက်၏။
ဤအဘိုးကြီး၏ သဘောတရားက ရှောင်ပေါင်နှင့် တော်တော် ကိုက်ညီသည်ဟု တွေးလိုက်မိသည်။ ဟင်းချက်သလိုမျိုး ပေါ့ပေါ့ပါးပါး ဆေးဖော်တာ၊ အစီအရင် စက်ကွင်းခင်းတာမျိုးကို ရှောင်ပေါင် သဘောကျလှသည်။
အခြား ဆေးပညာရှင်များလို မျက်မှောင်ကြီး ကြုတ်ပြီး အလုပ်လုပ်ရသည်မှာ စိတ်ပျက်စရာ ကောင်းသည် မဟုတ်ပါလား။
“အေး... ဟင်းချက်သလိုပဲပေါ့။ မုန်ညင်းဖြူကို ဘယ်လို ပြုတ်ရင် ဘာအရသာ ထွက်မလဲ၊ ခရမ်းသီးနဲ့ ရောရင် ဘာဖြစ်မလဲ၊ မီးအပူချိန် ဘယ်လောက် ပေးရင် ဘယ်လောက် ကျက်မလဲ... ဒါကို နားလည်ရင် ပြီးတာပဲ။”
ယင်းကျိုယိုက ဆက်ပြောသည်။ “ဆေးပညာ၊ အစီအရင် စက်ကွင်းပညာ၊ လက်နက်သွန်းလုပ်ခြင်း ပညာ... အကုန်လုံးက အတူတူပဲ။ သဘောတရားကို နားလည်ရင် စိတ်ကြိုက် ကွန့်လို့ ရတယ်။ စာအုပ်ကြီးသမားတွေ ကတော့ တစ်သက်လုံး သူများနောက်ပဲ လိုက်နေရမယ့် ငတုံးတွေပဲ။ မင်း အဲဒီလို ငတုံး ဖြစ်ချင်လို့လား။”
ဘာလဲဟ... ဒီအဘိုးကြီးက ဟောပြောပွဲ လုပ်နေတာလား။ ကြုံတုန်း ငါ့ကို ဆဲနေတာလား။ ရှောင်ပေါင် တွေးလိုက်မိ၏။
“မဖြစ်ချင်ပါဘူးဗျာ။” ဟုန်ရှောင်ပေါင် ပြန်ဖြေလိုက်သည်။
“မီးတောက် စက်ကွင်း ကလည်း ဒီသဘောတရားပဲ။ ရှေးဟောင်း မီးမျိုးနွယ်စုတွေက မီးအကြောင်း ကောင်းကောင်း နားလည်တော့ ပစ္စည်းအစအနလေးတွေ သုံးပြီး အစီအရင် စက်ကွင်း ခင်းနိုင်ခဲ့တယ်။ ဒါပေမဲ့ နောက်လူတွေက သဘောတရား နားမလည်တော့ ပုံစံခွက်ကြီးအတိုင်း လိုက်လုပ်ရင်း ပညာရပ်တွေ ပျောက်ဆုံးကုန်ရော။ အခု ငါက အဲဒီ ပျောက်ဆုံးနေတဲ့ အပိုင်းတွေကို ပြန်ဆက်ပြီး ပြီးပြည့်စုံလုနီးပါး အဆင့်ထိ ပြန်ဆွဲတင်နိုင်ခဲ့ပြီ။”
“ဝိုး... အဘိုး... တကယ် ဂေါ်တာပဲ။”
ရှောင်ပေါင် ရင်သပ်ရှုမော ဖြစ်သွားရသည်။
“အဆင့်မြင့် မီးတောက် စက်ကွင်း ကို ခင်းချင်ရင်တော့ မီးတောက်ကျောက် နဲ့ စစ်မီး အလံ လိုမျိုး ပစ္စည်းတွေ လိုအပ်လိမ့်မယ်။ ဒါပေမဲ့ ငါ အခု မင်းကို သင်ပေးမှာက ရိုးရှင်းတဲ့ ပုံစံပဲ။ ဝိညာဉ်စွမ်းအင် သတ်သတ်ကိုပဲ အသုံးပြုပြီး ခင်းကျင်းရမှာ။ မီးအား နည်းနည်း ပျော့ပေမဲ့ မင်းရဲ့ ဒယ်အိုး လုပ်ဖို့တော့ လုံလောက်ပါတယ်။”
“ဒါဆို အေးဆေးပေါ့။”
ရှောင်ပေါင် ပျော်သွားသည်။ သူက ပထမအဆင့် ရုပ်ခန္ဓာ၏ အထွတ်အထိပ် သွေးဓာတ် အဆင့် ကို ရောက်နေသူ မဟုတ်ပါလား။ ဝိညာဉ်စွမ်းအင် ထိန်းချုပ်မှုမှာတော့ ဆရာတစ်ဆူပင် ဖြစ်၏။
“ဥပမာ ပေးရရင်... ငြိမ်သက်နေတဲ့ မြစ်ပြင်တစ်နေရာမှာ ကျောက်ခဲလေး တစ်လုံး ချလိုက်ရင် လှိုင်းဂယက်လေးတွေ ဖြစ်ပေါ်လာမယ်။ တကယ်လို့ ကျောက်ခဲ အရွယ်အစား၊ ပစ်ချတဲ့ နေရာ၊ အရေအတွက်ကို စနစ်တကျ တွက်ချက်ပြီး ချလိုက်ရင် အဲဒီ လှိုင်းဂယက်တွေက မျဉ်းဖြောင့် တစ်ကြောင်း ဖြစ်သွားနိုင်တယ်။”
ယင်းကျိုယိုက စိတ်ရှည်လက်ရှည် ရှင်းပြနေသည်။
“တကယ်လို့ ပိုပြီး ရှုပ်ထွေးတဲ့ နေရာချထားမှု လုပ်နိုင်ရင် ရေပြင်ပေါ်က လှိုင်းဂယက်တွေက ပန်းပွင့်ပုံ၊ လူမျက်နှာပုံ အထိတောင် ဖြစ်လာနိုင်တယ်။ အဲဒါ... စက်ကွင်း ပညာရပ်ရဲ့ အခြေခံ သဘောတရားပဲ။”
ဟုန်ရှောင်ပေါင် မျက်လုံးပြူးသွားသည်။ စက်ကွင်း ပညာရပ် ဆိုသည်မှာ ဤမျှ ရိုးရှင်းသလားဟု တွေးလိုက်မိ၏။ သူ တစ်ခါမှ ဤသို့ မတွေးဖူးခဲ့ချေ။
“ဆိုလိုတာက... စက်ကွင်းခင်းတယ် ဆိုတာ ကျောက်ခဲ ချသလိုမျိုးပေါ့။ ဝိညာဉ်စွမ်းအင် စုစည်းတာ၊ မီးတောက် ဖန်တီးတာ၊ အကာအကွယ်အလွှာ ဖန်တီးတာ... အကုန်လုံးက ရေစီးကြောင်းထဲ ကျောက်ခဲချပြီး ပုံဖော်သလိုမျိုးပေါ့။”
“ဟုတ်တယ်။”
ယင်းကျိုယို ခေါင်းညိတ်လိုက်၏။ “မင်းက ငါ့ရဲ့ ဆက်ခံသူပဲ။ တခြား ငတုံးတွေလို သင်္ကေတတွေ လိုက်ကျက်နေတာမျိုး မလုပ်နဲ့။ ဘယ်ကျောက်ခဲကို ဘယ်နေရာ ချလိုက်ရင် ဘာပုံ ပေါ်လာမလဲ ဆိုတာကိုပဲ နားလည်အောင် ကြိုးစား။ အဲဒါကို နားလည်သွားရင် စက်ကွင်းပညာရပ် ဆိုတာ မင်းအတွက် ဟင်းချက်သလို လွယ်ကူသွားလိမ့်မယ်။”
ဤစကားတစ်ခွန်းက ဟုန်ရှောင်ပေါင်၏ နှလုံးသားကို ကိုင်လှုပ်လိုက်သကဲ့သို့ပင် ဖြစ်သွားစေသည်။
“ဒါပေမဲ့ ပုံရိပ်ဖော်ဖို့အတွက် အကူ ပစ္စည်းတွေတော့ လိုလိမ့်မယ်။ ဆေးဖော်သလိုပေါ့... ကိုးခုမြောက်အဆင့် ဆေးဝါးကို သာမန် ဆေးပင်တွေနဲ့ ဖော်လို့ရတယ် ဆိုပေမဲ့ အဲဒီ ဆေးနည်းကို ကောင်းကင်ဘုံကပဲ သိလိမ့်မယ်။ စက်ကွင်းမှာလည်း ဒီလိုပဲ... ဝိညာဉ်စွမ်းအင်သတ်သတ်နဲ့ အဆိပ်ထုတ်လွှတ်ချင်ရင် မင်း တစ်လမ်းလုံး ပြည့်အောင် သင်္ကေတတွေ ရေးဆွဲရလိမ့်မယ်။ အဲဒီအစား အဆိပ်ကျောက် တစ်တုံးလောက် ထည့်လိုက်ရင် ကိစ္စ ပြီးပြီလေ။ ဘာကိစ္စ ပင်ပန်းခံနေမှာလဲ။”
“အခု မီးတောက် စက်ကွင်း မှာလည်း ဒီလိုပဲ။ ဝိညာဉ်စွမ်းအင်သတ်သတ် နဲ့ မီးထတောက်အောင် လုပ်ဖို့ဆိုရင် မင်း တစ်လလောက် ထိုင်ပြီး စက်ကွင်း ဆွဲရလိမ့်မယ်။ အဲဒီအစား မီးခတ်ကျောက် လေးတွေ သုံးပြီး အသေးစား စက်ကွင်းလေး ဆွဲလိုက်တာနဲ့ အရိုးရှင်းဆုံး မီးတောက် စက်ကွင်း ဖြစ်လာပြီပေါ့။”