← Chapters

အခန်း ၆၉

Vol. 7 Ch. 69

အခန်း ၆၉

Vol. 7 Ch. 69

အခန်း (၆၉) - သွန်းလုပ်ရေး စတင်ခြင်း။

ဟုန်ရှောင်ပေါင် ငြိမ်သက်စွာ နားထောင်ရင်း ခေါင်းတစ်ငြိမ့်ငြိမ့် လုပ်နေသည်။

“သေချာ ကြည့်ထား... အခြေခံ မီးတောက် စက်ကွင်းရဲ့ ပထမအဆင့်က စွမ်းအင် ခွဲဝေခြင်းပဲ။ မီးစွမ်းအင်ကို အစိတ်အပိုင်း အတော်များများ ခွဲထုတ်ရမယ်။”

အဘိုးကြီး ယင်းကျိုယို ပြောနေစဉ်မှာပင် သူ့ရှေ့တွင် ဝိညာဉ်စွမ်းအင် လိုင်းကြောင်းလေးများ ပေါ်လာသည်။ လေထဲတွင် စာရေးနေသကဲ့သို့ပင်။ လက်တစ်ချက် ဝေ့လိုက်ရုံဖြင့် အနီရောင် ဝိညာဉ်စွမ်းအင် အစုအဝေး တစ်ခုသည် အစိတ်စိတ် အမွှာမွှာ ကွဲထွက်သွား၏။

“ပြီးရင် ဒီနေရာမှာ ဝဲဂယက် တစ်ခု ထပ်ထည့်ရမယ်။ မီးစွမ်းအင်က ဒီနေရာကို ဖြတ်သွားရင် နောက်တစ်ကြိမ် ထပ်ကွဲထွက်သွားလိမ့်မယ်။ ဒီအဆင့်ရောက်ရင် မီးစွမ်းအင်ထဲမှာ ပါဝင်တဲ့ ဓာတ်သဘာဝတွေက အလွှာလိုက် ကွဲထွက်သွားလိမ့်မယ်။”

အဘိုးကြီးက အေးဆေးတည်ငြိမ်စွာ ရှင်းပြနေသည်။

ဟုန်ရှောင်ပေါင်ကမူ မျက်တောင်မခတ်တမ်း ကြည့်နေမိ၏။ အဘိုးကြီး၏ ဝိညာဉ်စွမ်းအင် သရုပ်ပြပုံမှာ အလွန် ရှင်းလင်းပြတ်သားပြီး ထိရောက်လွန်း၏။

“ဪ... ဒီလို လုပ်ရတာကိုး။ ဒါဆို အရင်က ငါထင်ထားတာ မှားနေတာပေါ့။ ဒီလိုလည်း လုပ်လို့ ရတာပဲလား။”

ရှောင်ပေါင် တစ်ယောက် အပြင်ထွက်ဖို့ သတိရလာချိန်တွင် နေ့လယ်ခင်းပင် ရောက်နေပြီ ဖြစ်၏။ သူ အနောက်ဘက် ဈေးတန်းသို့ တန်းသွားလိုက်သည်။ မီးခတ်ကျောက် မှာ အလွန်ပေါများသည့် ပစ္စည်း ဖြစ်သည်။ တချို့ ချမ်းသာသည့် ကျင့်ကြံသူများဆိုလျှင် မီးဖိုချောင်သုံး အဖြစ်ပင် သုံးကြသေး၏။ ထို့ကြောင့် ဟုန်ရှောင်ပေါင် အလွယ်တကူ ဝယ်ယူနိုင်ခဲ့ပြီး ဆိုင်သို့ ပြန်လာခဲ့သည်။

နေ့လယ်ခင်း တစ်ခုလုံး ရှောင်ပေါင် တစ်ယောက် အဘိုးကြီး ရေးဆွဲပြထားသည့် စက်ကွင်းကို လေ့လာနေခဲ့၏။

ယခုမူ သူ၏ ကိုယ်ပိုင် စက်ကွင်း ရေးဆွဲခြင်း မဟာစီမံကိန်းကြီး စတင်လေပြီ။

မီးခတ်ကျောက် ဆိုသည်မှာ သံသတ္တုရိုင်းနှင့် တူသည့် ကျောက်တုံးမျိုး ဖြစ်သည်။ မီးမရှို့လျှင် သာမန် ကျောက်တုံးနှင့် ခွဲခြားဖို့ ခက်ခဲလှ၏။ ဟုန်ရှောင်ပေါင်က သာမန် သတ္တုပြားဝိုင်း တစ်ခုပေါ်တွင် ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး စက်ကွင်း စတင် ရေးဆွဲလိုက်သည်။ ပထမဆုံး အကြိမ်မို့ ကိုယ်ပိုင် ဉာဏ်ကွန့်တာမျိုး မလုပ်ရဲသေးပေ။ အဘိုးကြီး သင်ပေးထားသည့် အတိုင်း တစ်သဝေမတိမ်း လိုက်လုပ်သည်။ ဤနေရာက လမ်းခွဲ၊ ဤနေရာက ဝဲဂယက်၊ ဤနေရာက မြစ်ဆုံ ပင်။

အမွှေးတိုင် တစ်တိုင်စာခန့် အချိန်ကုန်ပြီးနောက် ရှောင်ပေါင့် ဘဝ၏ ပထမဆုံး စက်ကွင်း ပြီးစီးသွားခဲ့ချေပြီ။ မီးခတ်ကျောက်ကို မီးညှိလိုက်ချိန်တွင် ပြင်းထန်သော အပူချိန် ထွက်ပေါ်လာသည်။ သံသတ္တုရိုင်းတုံးကြီးက မီးသွေးခဲကြီးသဖွယ် ရဲရဲနီသွား၏။ ထိုကျောက်တုံးကို စက်ကွင်းပြား အလယ် တင်လိုက်သည်။ မီးစွမ်းအင်များက စက်ကွင်းပြားထဲ စီးဝင်ပျောက်ကွယ်သွားပြီး ခဏအကြာတွင် ပြန်လည် ထွက်ပေါ်လာသည်။

ဝုန်း။

စက်ကွင်းပြား၏ ထောင့်လေးထောင့်မှ မီးတောက် သေးသေးလေး လေးခု ထွက်ပေါ်လာသည်။ သေးငယ်သော်လည်း အပူချိန်ကတော့ မသေးချေ။ အနားကပ်သွားလျှင် အပူဟပ်တာကို သိသိသာသာ ခံစားရ၏။

“ဟားဟား... အောင်မြင်ပြီကွ။”

ဟုန်ရှောင်ပေါင် ပျော်လွန်း၍ ခုန်ပေါက်လိုက်မိသည်။

“အဘိုး ... ဒါ မီးတောက် စက်ကွင်း ဆိုတာလား။ ဒါပေမဲ့ မီးအားက သိပ်မပြင်းပါလား။”

“မီးတောက် စက်ကွင်းရဲ့ ကြောက်စရာ အကောင်းဆုံး အချက်က အကန့်အသတ်မရှိ ထပ်ပေါင်းထည့်လို့ ရခြင်းပဲ။ မင်းက အခုမှ တစ်ခုတည်း လုပ်ရသေးတာလေ... ဘာစွမ်းအုံးမှာလဲ။”

ယင်းကျိုယိုက တည်ငြိမ်စွာ ပြောလိုက်သည်။ “ဒီစက်ကွင်းရဲ့ ထူးခြားချက်ကို မင်း ခံစားမိလား။”

“ထူးခြားချက်။”

ဟုန်ရှောင်ပေါင် သေချာ အာရုံခံကြည့်လိုက်၏။

“အမ်... မီးတောက်ထဲမှာ တစ်စုံတစ်ရာ ပုံရိပ် ပေါ်နေသလိုပဲ။ နေပါအုံး ... ရင်းနှီးနေသလိုပဲ။ ဟာ... မီးတောက်ထဲမှာ နောက်ထပ် မီးတောက် စက်ကွင်း တစ်ခု ထပ်ပေါ်နေတာလား။”

“ဟုတ်တယ်။”

ယင်းကျိုယို ခေါင်းညိတ်လိုက်သည်။

“ဒါ ဒီစက်ကွင်းရဲ့ အားသာချက်ပဲ။ ပထမ မီးတောက်ကနေ နောက်ထပ် မီးတောက် စက်ကွင်း ပုံစံ အလိုလို ပေါ်လာလိမ့်မယ်။ အဲဒီအချိန်မှာ နောက်ထပ် မီးခတ်ကျောက် တစ်တုံး ထပ်ထည့်လိုက်ရင် ဒုတိယမြောက် စက်ကွင်း အသက်ဝင်လာလိမ့်မယ်။”

“ဝိုး... ဟုတ်လှချည်လား။ ရှေးဟောင်း မီးမျိုးနွယ်စုတွေက နာမည်ကြီးတာ အလကား မဟုတ်ပါလား။”

ရှောင်ပေါင် ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။

ခဏနားပြီးနောက် နောက်တစ်ကြိမ် ထပ်စမ်းသည်။ ဤတစ်ကြိမ်တော့ အတုခိုးခြင်း မဟုတ်ဘဲ သဘောတရားကို နားလည်အောင် ကြိုးစားပြီး ရေးဆွဲကြည့်၏။ ဤနေရာက အဘယ့်ကြောင့် ဤသို့ဖြစ်နေရသနည်း စသဖြင့် စဉ်းစား ကြည့်မိသည်။

မနက်ဖြန် ခရီးထွက်ရတော့မည် ဖြစ်သည်။ ခရီးမထွက်ခင် သူ၏ လက်နက်ကောင်း တစ်ခု ဖြစ်လာမည့် အနက်ရောင် သံမဏိ ဒယ်အိုး ကြီး ပြီးစီးနေမှ ဖြစ်ပေမည်။ မီးတောက် စက်ကွင်းကို တစ်နာရီလောက် လေ့ကျင့်ပြီးနောက် ညနေစောင်းချိန်တွင် ရှောင်ပေါင် ပန်းပဲဖို တစ်ခုရှေ့ ရောက်ရှိလာခဲ့၏

တာ့လီ နတ်လက်နက်။

နာမည်ကတော့ လန်းတယ်ဟ။ ရှောင်ပေါင် ပြုံးလိုက်ပြီး ဆိုင်ထဲ ဝင်သွားလိုက်၏။

“ကြိုဆိုပါတယ် လူကြီးမင်း... လက်နက် လာဝယ်တာလား၊ ဒါမှမဟုတ်...။”

ဆိုင်ဝန်ထမ်းက ဟုန်ရှောင်ပေါင် ကျောပေါ်က သားရေအိတ်ကြီးကို ကြည့်လိုက်မိသည်။ အိတ်က ဖောင်းကားနေပြီး လေးလံပုံရသည်။

“ပစ္စည်း လာရောင်းတာလား ခင်ဗျ။”

“မဟုတ်ဘူး။”

ရှောင်ပေါင်က အိတ်ကို အသာချလိုက်သည်။ အိတ်က ကြမ်းပြင်နှင့် ထိသွားချိန်တွင် ဒုန်း ခနဲ မြည်သံ ထွက်ပေါ်လာ၏။

ဝန်ထမ်း၏ မျက်လုံးများ အရောင်လက်သွားသည်။ သူက ဆိုင်အကူသာ ဖြစ်သော်လည်း ပစ္စည်းအကြောင်း နားလည်၏။ ဤအိတ်ထဲတွင် အနက်ရောင် သံမဏိများ ပါလာကြောင်း သူ သေချာသိသည်။

“ဒါဆို လက်နက် လာအပ်တာလား ခင်ဗျ။”

“ဟုတ်တယ်။”

ဟုန်ရှောင်ပေါင် ခေါင်းညိတ်လိုက်၏။

“ခင်ဗျားတို့ရဲ့ သွန်းလုပ်ရေး စင်မြင့် ဘယ်မှာလဲ။”

“အနောက်ဘက် ခြံဝင်းထဲမှာပါ။”

ဝန်ထမ်းက ရှင်းပြသည်။ “ကြည့်ရတာ လူကြီးမင်းက ကိုယ်ပိုင် ကုန်ကြမ်း ယူလာတဲ့ပုံပဲ။ ဒါပေမဲ့ သွန်းလုပ်ခက မသက်သာဘူးနော်။ သာမန် ဆရာတွေ လုပ်ပေးရင်တောင် သုံးတုံး လောက် ပေးရတယ်။ ဆိုင်ရှင် ကိုယ်တိုင် လုပ်ပေးရင်တော့ လေးဆယ်လောက် ကျမယ်။ ဒါ့အပြင် ကျုပ်တို့ဆိုင်ရဲ့ ဂုဏ်ထူးဆောင် အကြီးအကဲ .. လေယင်မြို့ရဲ့ နံပါတ်တစ် လက်နက်သွန်းလုပ်ရေး ဆရာကြီးကော် လည်း ရှိတယ်။ ဒါပေမဲ့ သူက ဆိုင်ကြီးအများစုရဲ့ ဂုဏ်ထူးဆောင် ဆိုတော့ ကြိုတင် ချိန်းဆိုထားမှ ရမယ်။”

နေပါအုံး ... ငါက ဘယ်အချိန်တုန်းက လက်နက်သွန်းလုပ်ရေး ဆရာ ငှားမယ် ပြောလို့လဲ။

ဟုန်ရှောင်ပေါင် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

“ငါ ပြောတာက မင်းတို့ရဲ့ သွန်းလုပ်ရေး စင်မြင့်ကို ငါ ငှားချင်တာ... ငါ့ဘာသာငါ လုပ်မယ်။”

“.......”

ဝန်ထမ်း ကြောင်သွားပေသည်။ ပါးစပ်အဟောင်းသားနှင့် ဘာပြန်ပြောရမှန်း မသိချေ။

ခဏနေမှ သတိပြန်ဝင်လာသည်။ “လူကြီးမင်း... ကိုယ့်ဘာသာ လုပ်မယ် ဟုတ်လား။”

“အေးလေ။”

ရှောင်ပေါင်က သူ့ကို ယုံကြည်သွားအောင် အိတ်ထဲက သံမဏိတုံး တစ်တုံးကို နှိုက်ပြလိုက်၏။

ဝန်ထမ်းက သံမဏိတုံးကို လှမ်းမြင်လိုက်ရုံတင်မက အိတ်ထဲတွင် နောက်ထပ် အများကြီး ရှိနေသေးတာကိုပါ တွေ့လိုက်ရသည်။ သာမန် ကျင့်ကြံသူများပင် သံမဏိ ဝက်အူရစ်လောက် ပါလျှင် ချမ်းသာသည် ပြော၍ရသည့် ခေတ်တွင် ဤလူက သံမဏိကို အိတ်လိုက် သယ်လာသည်လား။

ဤလူ လုပ်မည့် လက်နက်မှာ သာမန် မဖြစ်နိုင်ပေ။ အကယ်၍များ အဆင့်မြင့် လက်နက် တစ်ခု ထွက်လာလျှင် သူတို့ဆိုင်လည်း နာမည်ကောင်း ရမှာပဲဟု တွေးကာ စေတနာဖြင့် သတိပေးလိုက်သည်။

“လူကြီးမင်း... သွန်းလုပ်ရေး ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူးဗျ။ သားရေလုပ်ငန်း တစ်နှစ်၊ ပရိဘောဂ လုပ်ငန်း ဆယ်နှစ်၊ သံလုပ်ငန်း တစ်သက်တာ ဆိုတဲ့ စကားတောင် ရှိသေးတာပဲ။ ကျုပ် အကြံပေးချင်တာက ကျွမ်းကျင်သူတွေကိုပဲ ပေးလုပ်လိုက်ပါ။ မဟုတ်ရင် ကုန်ကြမ်းတွေ ဆုံးရှုံးကုန်လိမ့်မယ်။ တကယ်လို့ လူကြီးမင်း ကိုယ်တိုင် လုပ်မယ် ဆိုရင်...။”

“ငါ့ ကုန်ကြမ်းက နည်းနည်း ထူးခြားလို့ ငါ့ဘာသာငါ လုပ်မှ ရမှာ။”

ဟုန်ရှောင်ပေါင်က ပြုံးပြုံးလေးသာ ပြန်ပြောလိုက်သည်။ “ငှားခ ဘယ်လောက် ပေးရမလဲသာ ပြောပါ။”

ဝန်ထမ်း မျက်မှောင်ကြုတ်လိုက်၏။ ဒီလူက တော်တော် ခေါင်းမာတာပဲ။

သို့ပေမည့် ဆိုင်ရှင်က အနောက်ဘက် ခြံဝင်းထဲတွင် ရှိနေသောကြောင့် လိုက်ခဲ့ရန် ခေါ်သွားလိုက်၏။

ဒေါင်... ဒေါင်... ဒေါင်။

အနောက်ဘက် ခြံဝင်းသို့ မရောက်မီမှာပင် သံချင်း ရိုက်ခတ်သံများကို ကြားနေရသည်။

“ဟားဟားဟား... ဆရာကြီးကော်ရဲ့ ပညာရှိငှက်မွေး သွန်းလုပ်နည်းက တကယ့်ကို အထွတ်အထိပ် ရောက်နေပါပြီ။ လေယင်မြို့ရဲ့ နံပါတ်တစ် နေရာကို ဘယ်သူမှ လုနိုင်တော့မှာ မဟုတ်ဘူး။” အသံဩဩကြီး တစ်ခု ထွက်ပေါ်လာ၏။

“မြှောက်လွန်းပါပြီဗျာ... ကံကောင်းလို့ပါ။”

နောက်ထပ် အသံတစ်သံက ပြောသည်။ လေသံက နှိမ့်ချနေသော်လည်း ယုံကြည်မှု အပြည့် ရှိနေသည်။

“ဟာ... ဆရာကြီးကော် ရှိနေတာပဲ။”

ဝန်ထမ်းက စိတ်လှုပ်ရှားသွား၏။

“လူကြီးမင်း... ခင်ဗျား ကံကောင်းတာပဲ။ ဆရာကြီးကော် ကိုယ်တိုင် ရှိနေတုန်း သူ့ကို အကူအညီ တောင်းလိုက်ပါလား။ ခင်ဗျားရဲ့ ကုန်ကြမ်းတွေကလည်း ကောင်းမှကောင်း... ဆရာကြီး လက်ရာသာ ဆိုရင်အဝါရောင် အဆင့် အလယ်အလတ်၊ ဒါမှမဟုတ် အဆင့်မြင့် လက်နက်တောင် ထွက်လာနိုင်တယ်။”

All Chapters