← Chapters

အခန်း ၇၀

Vol. 7 Ch. 70

အခန်း ၇၀

Vol. 7 Ch. 70

အခန်း (၇၀) ဆရာကြီး ကော်။

“ရှောင်ဝူ... မင်း ဘာလုပ်တာလဲ။”

မကျေမနပ် အသံတစ်သံ ထွက်ပေါ်လာသည်။ “ငါ ဧည့်သည်နဲ့ စကားပြောနေတာ မမြင်ဘူးလား... ဘာကိစ္စ ဝင်လာရတာလဲ။”

“ဆိုင်ရှင်... ဒီမှာ ဧည့်သည် ရောက်နေလို့ပါ။”

ရှောင်ဝူဟု အမည်ရသည့် ဆိုင်ဝန်ထမ်းက ခြေလှမ်းသွက်သွက်ဖြင့် လျှောက်သွားပြီး ဆိုင်ရှင်၏ နားနား ကပ်ကာ တစ်စုံတစ်ရာ တီးတိုး ပြောလိုက်၏။

ဟုန်ရှောင်ပေါင်ကမူ အခွင့်အရေးရတုန်း နောက်ဖေးခြံဝင်းကို ဝေ့ဝဲ ကြည့်ရှုလိုက်သည်။

ခြံဝင်းက ကျယ်ဝန်းပြီး ဟာလာဟင်းလင်း ဖြစ်နေသည်။ ပန်းပင်၊ သစ်ပင် တစ်ပင်မျှ မရှိချေ။ မြေကြီးပေါ်တွင် သဲနုများနှင့် ကျောက်စရစ်ခဲများ ခင်းထား၏။

အလယ်တည့်တည့်တွင် ဧရာမ သွန်းလုပ်ရေး စင်မြင့်ကြီး တစ်ခု ရှိသည်။ စင်မြင့်အောက်တွင် လေမှုတ်စက်ကြီး လေးလုံး တပ်ဆင်ထားသည်။ မီးဖိုခေါင်းတိုင်က ဟော့ပေါ့အိုး ခေါင်းတိုင်နှင့် တူပြီး မိုးပေါ်သို့ ထိုးထောင်နေသည်။

ဘေးနားတွင် စားပွဲဝိုင်းလောက် ကြီးမားသည့် သံပေတုံးကြီး တစ်တုံး ရှိသည်။ ကြည့်ရသည်မှာ ပေါင်ချိန် ထောင်ချီ လေးမည့်ပုံပင်။ ထို့အပြင် မည်းနက်ပြီး ညစ်ပတ်နေသော အရည်များ ထည့်ထားသည့် ကျောက်ကန်ကြီးများ လည်း ရှိသေး၏။ သံရည်စိမ်ကန်များ ဖြစ်ပေလိမ့်မည်။

သွန်းလုပ်ရေး စင်မြင့်ဘေးတွင် လူနှစ်ယောက် ရပ်နေသည်။ နှစ်ယောက်စလုံး၏ မျက်နှာပြင်တွင် မီးခိုးမှိုင်းများ စွဲကပ်နေသလို ညိုမည်းမည်း အရောင် သမ်းနေသည်။ ရိုးရိုးရှင်းရှင်း ဝတ်စုံနှင့် လူမှာ ဆိုင်ရှင် ဖြစ်ပုံရသည်။

နောက်တစ်ယောက်ကမူ ကျားသစ်မျက်လုံး၊ တိုနံ့နံ့ မုတ်ဆိတ်မွေးများနှင့် ရုပ်ရည်က ဘာသာပြန် မောင်သိန်းထွန်း နှင့် ချွတ်စွပ် တူသည်။ ကြွက်သားအဖုအထစ်များ ပေါ်လွင်နေသည့် လက်မောင်းကြီးများကို ဖော်ထားပြီး ပိတ်စ အင်္ကျီလက်ပြတ်ကို ဝတ်ဆင်ထား၏။ အင်္ကျီပေါ်တွင် မီးပွားလောင်ထားသည့် အပေါက်ငယ်လေးများ ဗရပွ ပါရှိ၏။

မောင်သိန်းထွန်း ရုပ်ပေါက်နေသည့် လူကြီးက ရှောင်ပေါင် သယ်လာသည့် သားရေအိတ်ကို တစ်ချက် စောင်းငဲ့ကြည့်လိုက်သည်။ “ဟွန်း... အနက်ရောင် သံမဏိ အနည်းဆုံး ပေါင်ချိန် တစ်ရာလောက်တော့ ရှိမယ့်ပုံပဲ။ မင်း ငယ်ငယ်လေးနဲ့ အတော် ပိုင်နိုင်တာပဲ။”

“ဘာ... ပေါင်ချိန် တစ်ရာ။”

ဝန်ထမ်းလေး ရှောင်ဝူ ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။

သံမဏိ ပေါင် တစ်ရာ ဟုတ်လား။

လက်နက်ပစ္စည်းဆိုင်မှာ လုပ်နေသူမို့ သံမဏိ ဈေးကို သူ အသိဆုံး ဖြစ်သည်။ သာမန် ကျင့်ကြံသူများ၏ လက်နက်တွင် သံမဏိ တစ်ကျပ်သားလောက် ပါလျှင်ပင် အတော် ကောင်းမွန်သည့် လက်နက်ဟု သတ်မှတ်၍ ရပေသည်။ သံမဏိ တစ်ပိဿာလောက် သုံးနိုင်လျှင်တော့ ဇိမ်ခံပစ္စည်း စာရင်း ဝင်သွားပြီ ဖြစ်သည်။

ယခု ဤလူငယ်လေး သယ်လာတာက ပေါင်ချိန် တစ်ရာလား။ ဝိညာဉ်ကျောက်တုံး မည်မျှ တန်ကြေးရှိမည်ကို တွက်ကြည့်ရုံနှင့် မူးမေ့ချင်စရာပင်။

“ဝိုး... ဆရာကြီးက တကယ် စွမ်းတာပဲ။”

ဟုန်ရှောင်ပေါင်က အံ့သြချင်ယောင် ဆောင်လိုက်၏။ “တစ်ချက် ကြည့်လိုက်ရုံနဲ့ အလေးချိန်ကို တန်းသိတယ်ဆိုတော့ တကယ့် ပညာရှင်ပါပဲ။”

“မိတ်ဆွေလေး ကလည်း ….”

ဘေးနားက ဆိုင်ရှင်က ဝင်ပြော၏။

“ဆရာကြီးကော်ဆိုတာ လေယင်မြို့ရဲ့ ထိပ်တန်း လက်နက်သွန်းလုပ်ရေး ပညာရှင်လေ... ဒီလောက်တော့ ကြည့်တတ်တာပေါ့။”

ဆရာကြီးကော်က ကျေနပ်စွာ ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ “မင်း ဒီလောက် များပြားတဲ့ သံမဏိတွေကို စုဆောင်းနိုင်တာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူး။ ဒီနေ့ ငါတို့ ဒီမှာ ဆုံတွေ့ကြတာက ကံတရားရဲ့ စီမံမှုပဲ။ ပြီးတော့ ငါလည်း သံမဏိ အများကြီးနဲ့ လက်နက် မလုပ်ရတာ ကြာလို့ လက်ယားနေတာနဲ့ အတော်ပဲ။ ကဲ... လာစမ်း... ငါ မင်းကို ကံကောင်းခြင်း လက်ဆောင် တစ်ခု ပေးသနားလိုက်မယ်။ မင်း ဘာလိုချင်လဲ... ဓားလား... လှံလား။”

ဘာလဲဟ... ဒီလူကြီးက ဘာလို့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာလဲ။

ဟုန်ရှောင်ပေါင် စိတ်ထဲက မကျေမနပ် ဖြစ်သွားသည်။

ဘာတဲ့... ကံကောင်းခြင်း လက်ဆောင် ပေးသနားမယ် ဟုတ်လား။ ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် နတ်ဘုရား လို့ ထင်နေတာလား။ ကျုပ်ရဲ့ အိမ်တော်ထိန်း အဘိုးကြီး ယင်းကျိုယိုတောင် ဒီလောက် လေမကြီးဘူး။

သို့သော်ငြား သူများဆိုင်မှာ ပစ္စည်းလာငှားသူ ဖြစ်သောကြောင့် မျက်နှာပျက်အောင်တော့ မလုပ်သင့်ပေ။

ရှောင်ပေါင် ဟန်ဆောင် ပြုံးလိုက်၏။ “ဓားလည်း မဟုတ်ဘူး... လှံလည်း မဟုတ်ဘူးဗျ။ ကျုပ် လုပ်ချင်တာက ဒယ်အိုး။”

.......

ဆရာကြီးကော်၊ ဆိုင်ရှင် နှင့် ဝန်ထမ်းလေး သုံးယောက်လုံး ကျောက်ရုပ် ဖြစ်သွားကြသည်။

ခဏအကြာမှ ဆိုင်ရှင်က တုန်တုန်ရီရီဖြင့် မေးလိုက်၏။ “အဲ... မိတ်ဆွေလေး ပြောတဲ့ ဒယ်အိုး ဆိုတာ တစ်ခုခုများ ထူးခြားတဲ့ လက်နက်ဆန်း တစ်မျိုးလား။”

‘ခင်ဗျားတို့ကလည်း... ကျုပ် အနာကို လာမဆွပါနဲ့ဗျာ။’

ဟုန်ရှောင်ပေါင် ဒေါသထွက်သွားသည်။ ဤဒယ်အိုး ကိစ္စက သူ့ဘဝ၏ အမည်းစက်ကြီး ဖြစ်နေသည်ကို ဤလူတွေ လာရောက် လှောင်ပြောင်နေကြသည်လား။

“လက်နက် မဟုတ်ဘူးဗျ။”

“ဒါဆို... ဟင်းချက်တဲ့ ဒယ်အိုး လား။” ဆိုင်ရှင်က မယုံကြည်နိုင်စွာ ထပ်မေးသည်။

ဤသည်မှာ သမိုင်းတွင်မည့် ကိစ္စပင်။ တာ့လီ နတ်လက်နက်ဆိုင်၏ သမိုင်းတွင် ပထမဆုံး အကြိမ် ဒယ်အိုး အပ်နှံမှုကြီး ပေါ်ပေါက်လာခြင်းပင် ဖြစ်သည်။

“ဟုတ်တယ်... ဟင်းချက်တဲ့ ဒယ်အိုး... အဲဒါပဲ။”

ဟုန်ရှောင်ပေါင် စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ သူ့ခေါင်းပေါ်တွင် ကျီးကန်းတွေ တအားအား အော်ပြီး ပျံသန်းနေသလို ခံစားနေရ၏။

“ကျုပ်က ခင်ဗျားတို့ရဲ့ သွန်းလုပ်ရေး စင်မြင့်ကို ငှားချင်ရုံသတ်သတ်ပါဗျာ။”

“မိုက်ရိုင်းလိုက်တာ။”

ဆရာကြီးကော် ဒေါသထွက်ပြီး အော်ဟစ်လိုက်၏။ “သောက်ကျိုးနည်း... တန်ဖိုးရှိတဲ့ သံမဏိတွေကိုသုံးပြီး ဒယ်အိုး လုပ်မယ် ဟုတ်လား။ မင်းက သံမဏိရဲ့ တန်ဖိုးကို စော်ကားနေတာပဲ။”

‘ဟာ... ခင်ဗျားကလည်း... ကျုပ်ဘာသာ သံမဏိ အတွင်းခံဘောင်းဘီ လုပ်ဝတ်ရင်တောင် ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ။’

ရှောင်ပေါင် စိတ်ထဲက ကျိန်ဆဲလိုက်သော်လည်း ပါးစပ်ကမူ ယဉ်ကျေးစွာ ပြောလိုက်သည်။ “ဆရာကြီး... ဒီဒယ်အိုးက ကျုပ်အတွက် အရမ်း အရေးကြီးလို့ပါ။ သံမဏိနဲ့ လုပ်မှ ဖြစ်မှာမို့ပါ။”

“မင်းက ဆေးဘက်ဝင် အစားအစာ ချက်မလို့လား။” ဆရာကြီးကော်က မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

ဤတစ်ကြိမ်တော့ ရှောင်ပေါင် အံ့သြသွားရ၏။ ဤလူကြီးက မောက်မာသော်လည်း ဗဟုသုတတော့ ရှိသားပဲဟု တွေးလိုက်မိ၏။

“ဆရာကြီးက အမြော်အမြင် ကြီးမားပါတယ်... ဟုတ်ပါတယ်... ကျုပ်က ဆေးဘက်ဝင် အစားအစာ ချက်ဖို့အတွက် လုပ်မှာပါ။”

“ဒါဆိုရင်တောင် သံမဏိ အများကြီး ဒီလောက် မလိုဘူး... မင်းက ဖြုန်းတီး လွန်းတယ်။”

ဆရာကြီးကော်က ခေါင်းခါလိုက်သည်။ ပြီးတော့ သက်ပြင်းချရင်း ပြောဆို၏။ “ထားလိုက်ပါတော့... ဒီ သံမဏိ တစ်ရာ ရဲ့ မျက်နှာကို ထောက်ပြီး ငါ စည်းကမ်းဖောက်ပြီး လုပ်ပေးမယ်။ ကဲ... ပေးစမ်း... မင်းရဲ့ သံမဏိတွေ။”

“.......”

ဟုန်ရှောင်ပေါင် တကယ်ပင် လက်မြှောက်လိုက်ရချေပြီ။ ဆရာကြီးရေ... ကျုပ် စရောက်ကတည်းက ခင်ဗျားကို လုပ်ပေးပါလို့ တစ်ခွန်းမှ မပြောခဲ့ပါဘူးဗျာ

သူ စိတ်တွင်းမှ ညည်းတွားမိသည်။

ဆရာကြီးကော်က လက်ဖြန့်ထားသော်လည်း ရှောင်ပေါင်ဆီက ဘာမှ ရောက်မလာချေ။ သူ မျက်မှောင်ကြုတ်ပြီး နှာသံဖြင့် မေးလိုက်၏။ “ဟမ်... ဘာဖြစ်နေတာလဲ။”

“အဲ... ကျုပ် ပြောချင်တာကလေ... ကျုပ် ကိုယ့်ဘာသာ လုပ်ချင်တာပါ။” ဟုန်ရှောင်ပေါင် အားနာပါးနာဖြင့် ရှင်းပြလိုက်ရ၏။

“ဘာ။”

“မဖြစ်ဘူး။”

ဆိုင်ရှင်နှင့် ဝန်ထမ်းလေး ပြိုင်တူ အော်လိုက်ကြသည်။ ဆရာကြီးကော်၏ လက်က လေထဲတွင် တောင့်ခဲသွား၏။ မျက်နှာကြီး နီရဲလာပြီး အရှက်နှင့် ဒေါသ ရောထွေးနေသည့် ပုံစံ ဖြစ်သွားသည်။

သူ ယခုမှ သတိထားမိသည်။ ဟုန်ရှောင်ပေါင်က သူ့ကို အကူအညီ တောင်းခြင်း မဟုတ်ဘဲ နေရာ လာငှားခြင်းဟု သတိရလိုက်၏။

“မိတ်ဆွေလေး... သံမဏိ ပေါင်တစ်ရာ ဆိုတာ နည်းတဲ့ ပမာဏ မဟုတ်ဘူး။ သွန်းလုပ်ရေး ဆိုတာ မင်း ထင်သလောက် မလွယ်ဘူး။ သံမဏိတွေက တခြား ပစ္စည်းတွေနဲ့ ရောစပ်ပြီးရင် ပြန်ခွဲထုတ်ဖို့ မလွယ်တော့ဘူး... အရည်အသွေး ကျသွားလိမ့်မယ်။ ဒီနေ့ ဆရာကြီးကော် ရှိနေတာ မင်းအတွက် အခွင့်အရေးပဲ... လက်လွတ်မခံပါနဲ့။” ဆိုင်ရှင်က စေတနာဖြင့် ဝင်ဖျောင်းဖျသည်။

“ကျေးဇူးပါပဲ... ဒါပေမဲ့ ကျုပ်က ကိုယ့်ဘာသာ လုပ်ချင်တာပါ ဘာပဲဖြစ်ဖြစ် ရလဒ်ကို ကျုပ်ဘာသာ တာဝန်ယူပါ့မယ်။”

ဟုန်ရှောင်ပေါင် တည်ငြိမ်စွာ ပြောလိုက်၏။ “ကျုပ်က စင်မြင့် ငှားချင်ရုံပါပဲ။”

“မင်းက ငါ့ရဲ့ ပညာကို အထင်သေးတာလား။”

ဆရာကြီးကော်က မျက်လုံး ပြူးကျယ်ကြီးဖြင့် စိုက်ကြည့်ပြီး မေးလိုက်၏။ သူ့ပုံစံက မောင်သိန်းထွန်း မိန်းမနှင့် ရန်ဖြစ်ထားသော ပုံစံနှင့် တစ်ထပ်တည်း တူနေသည်။

ဒီလူကြီးက ဘာလို့ ဒီလောက်တောင် ရှုပ်နေရတာလဲ။ ဟုန်ရှောင်ပေါင် စိတ်မရှည်တော့ပေ။

“ကျုပ် ကိုယ့်ဘာသာ လုပ်မယ်လို့ ပြောနေတယ်လေဗျာ။ ပျက်စီးသွားလည်း ကျုပ် ပစ္စည်းပဲ... ခင်ဗျားတို့နဲ့ ဘာဆိုင်လို့လဲ။ မငှားချင်ရင်လည်း ပြော... တခြားဆိုင် သွားမယ်။”

“ဟားဟားဟား... ဟားဟားဟား။”

ဆရာကြီးကော် ရူးသွပ်သလို အော်ရယ်လိုက်သည်။ ပြီးနောက် အေးစက်စက် မျက်နှာထားဖြင့် ပြန်ပြော၏။

“ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ။ သဘောပဲ... မင်း ဒီသံမဏိ ပေါင်တစ်ရာကို ဘယ်လို ဖျက်ဆီးပစ်မလဲ ဆိုတာ ငါ စောင့်ကြည့်နေမယ်။”

All Chapters