← Chapters

အခန်း ၇၁

Vol. 7 Ch. 71

အခန်း ၇၁

Vol. 7 Ch. 71

အခန်း (၇၁) - ဒါက စက်ကွင်းပြားကြီးလား။

“ဟ... ဘယ်လိုလုပ်ပြီး ပျက်စီးသွားမှာလဲဗျ။”

ဟုန်ရှောင်ပေါင် စိတ်ထဲတွင်တော့ ဒေါသထွက်လာပြီ ဖြစ်၏။ မောင်သိန်းထွန်းနှင့် တူနေသည့် ဆရာကြီးကော် ဆိုသော လူကြီးမှာ ပညာ မည်မျှတတ်သည်ဆိုတာ မသိသော်လည်း၊ သူ၏ လူမှုဆက်ဆံရေး ဉာဏ်ရည်ကတော့ သုညအောက် ရောက်နေသည်မှာ သေချာလှသည်။

“ဟားဟားဟား... ဒါက ဘာဆန်းလို့လဲကွ။”

အဘိုးကြီး ယင်းကျိုယိုကမူ ဟုန်ရှောင်ပေါင်၏ စိတ်ထဲတွင် အားရပါးရ ရယ်လို့နေ၏။

“ပညာရပ်တစ်ခုရဲ့ အထွတ်အထိပ်ကို ရောက်နေတဲ့ သူတွေ၊ ဆေးပညာရှင်ပဲ ဖြစ်ဖြစ်၊ လက်နက်သွန်းလုပ်ရေး ဆရာပဲ ဖြစ်ဖြစ်... အကုန်လုံးက ရူးသွပ်နေကြတဲ့ ကောင်တွေချည်းပဲ။ တချို့က ကိုယ့်သားသမီးရဲ့ နှလုံးသားကို ထုတ်ပြီး ဆေးဖော်တာ ရှိသလို၊ တချို့က တစ်မိသားစုလုံးရဲ့ အရိုးတွေကို ထုတ်ပြီး လက်နက်လုပ်တာတွေတောင် ရှိသေးတာ... ဒီလောက်ကတော့ ပုံမှန်ပါပဲကွာ။”

“တကယ်ကြီး... အဲဒီလောက်ထိ ရူးသွပ်ကြတာလား။”

ရှောင်ပေါင် မျက်တောင် တဖျပ်ဖျပ် ခတ်လိုက်မိ၏။ “ဒါဆို အဘိုး .. အဘိုး ဘယ်လောက်ထိ ရူးသွပ်တဲ့ ကိစ္စတွေ လုပ်ခဲ့ဖူးလဲ။ ဖင်မွေးနှုတ်ပြီး မီးမွေးဖူးလား။”

“မင်း …. ဟာသတွေ ပြောနေတာလား။”

ယင်းကျိုယို အေးစက်စက် ပြန်ပြောလိုက်သည်။ “ငါလို စိတ်ဓာတ်ကြံ့ခိုင်ပြီး ဉာဏ်ပညာ ကြီးမားတဲ့ ပုဂ္ဂိုလ်ကို ဘယ်အရာက လမ်းမှားရောက်အောင် ဆွဲဆောင်နိုင်မှာလဲ။”

“ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ... အဘိုးကတော့ တော်လွန်းပါတယ်။”

ဟုန်ရှောင်ပေါင် ခေါင်းညိတ်ပြီး ဆိုင်ရှင်ဘက် လှည့်မေးလိုက်၏။ “နောင်တော်ကြီး... ခင်ဗျားတို့ဆိုင်က သွန်းလုပ်ရေး စင်မြင့် ငှားခ ဘယ်လောက် ပေးရမလဲ။”

“ဟားဟား... ဈေးနှုန်းတွေ ဘာတွေ ပြောမနေပါနဲ့ ... မိတ်ဆွေလေး သုံးချင်ရင် သုံးပါ။”

ဆိုင်ရှင်က သဘောကောင်းစွာ ပြောလိုက်သည်။ သို့သော် မနေနိုင်ဘဲ ထပ်သတိပေးလိုက်သေးသည်။ “ဒါပေမဲ့ မိတ်ဆွေလေး... လက်နက် သွန်းလုပ်တယ် ဆိုတာ တစ်နေ့တစ်ရက်တည်းနဲ့ တတ်မြောက်တဲ့ ပညာမျိုး မဟုတ်ဘူး။ ဒီမှာ ဆရာကြီးကော်လည်း ရှိနေတုန်း အခွင့်ကောင်းကို လက်လွတ်မခံစေချင်ဘူး။”

ဤဆိုင်ရှင်က စကားနည်းနည်း များသော်လည်း ဟို မောင်သိန်းထွန်းမျက်နှာနှင့် လူကြီးလောက်တော့ မဆိုးဟု ရှောင်ပေါင် တွေးလိုက်မိ၏။

“ဟွန်း... ငါကတော့ ဝင်မပါရဲပါဘူးကွာ။”

ဆရာကြီးကော်က လေသံကို မြှင့်လိုက်ပြန်သည်။ နဂါးမျက်လုံးလို ပြူးကျယ်နေသည့် မျက်လုံးကြီးများနှင့် စိုက်ကြည့်ပြီး ပြောဆိုသည်။

“ကြည့်ရတာ ဒီလူငယ်လေးက တောထဲမှာ ပုန်းအောင်းနေတဲ့ ပုဂ္ဂိုလ်ကျော် တစ်ယောက် ဖြစ်မယ် ထင်တယ်။ ငါက ဘေးကနေ ပညာယူ စောင့်ကြည့်ရမှာပေါ့။”

“နည်းနည်းပါးပါးပါဗျာ... နည်းနည်းပါးပါးပါ။”

ဟုန်ရှောင်ပေါင်လည်း ဤလူကြီးကို ပြန်ပြီး ကျီစယ်ချင်စိတ် ပေါက်လာသောကြောင့် ပြုံးဖြီးဖြီးဖြင့် ပြန်ပြောလိုက်၏။ “ဒါဆိုရင်လည်း သေချာလေး ကြည့်ပြီး ပညာယူပေါ့ဗျာ။”

“မင်း။”

ဆရာကြီးကော် ဒေါသထွက်လွန်း၍ စကားမပြောနိုင်တော့ချေ။ လက်ညှိုးထိုးပြီး တုန်တုန်ယင်ယင် ဖြစ်နေရှာသည်။

“မင်း တော်တော် သတ္တိကောင်းပါလား... ဆရာကြီးကော်ကိုများ ပညာယူခိုင်းရတယ်လို့။” ရုတ်တရက် ဘေးနားမှ အော်သံတစ်သံ ထွက်ပေါ်လာ၏။

‘ဟင်... ဘယ်ကောင် ထပ်ရောက်လာတာလဲ။’

ဟုန်ရှောင်ပေါင် လှမ်းကြည့်လိုက်တော့ လူငယ်တစ်ယောက် ထပ်ရောက်နေတာ တွေ့လိုက်ရသည်။ ကြွက်သားအဖုအထစ်များနှင့် မီးပေါက်ရာများ ပါသည့် အင်္ကျီဝတ်ထားတာချင်း တူ၏သည်

ဟုန်ရှောင်ပေါင် မသိလိုက်သည်မှာ ဆရာကြီးကော် ဤဆိုင်တွင် ရှိနေသည် ဆိုသော သတင်းကြောင့် ပတ်ဝန်းကျင်မှ လက်နက်သွန်းလုပ်ရေးသမားတွေ အကုန်လုံး ဤနေရာသို့ ရောက်လာကြခြင်း ဖြစ်သည်။ သူတို့အတွက်မူ ဆရာကြီးကော် လက်နက်လုပ်သည်ကို ကြည့်ရခြင်းမှာ တရားပွဲနာရသလို တန်ဖိုးရှိသည် မဟုတ်ပါလား။

“သူ့ဘာသာသူ ကြည့်ချင်တယ် ပြောတာလေ... ကျုပ်က တားလို့ ရမှာလား။”

ရှောင်ပေါင် ပခုံးတွန့်လိုက်၏။ “မယုံရင် သူ့ကို မေးကြည့်လေ။ ဟုတ်လား၊ မဟုတ်လား။”

“မင်း။”

ဆရာကြီးကော် နောက်တစ်ကြိမ် ဒေါသထွက်ရပြန်သည်။ သို့ပေမည့် ဘာမှ ပြန်ပြော၍ မရချေ။ သူကိုယ်တိုင်က စောင့်ကြည့်မယ် ဟု ပြောခဲ့သည် မဟုတ်ပါလား။

ခြံဝင်းထဲတွင် လူတွေ တဖြည်းဖြည်း များလာသည်။ ဆယ်ယောက်ကျော်လောက် ရှိနေပြီ ဖြစ်၏။ အကုန်လုံးက မည်းမည်းသဲသဲ ကြွက်သား အဖုအထစ်များနှင့် ဖြစ်သည်။ သံပန်းပဲသမားများ ဆိုသည်မှာ လူတန်းစားများထဲတွင် အသန်မာဆုံးများ မဟုတ်ပါလား။

ယခု သူတို့အားလုံးက ဟုန်ရှောင်ပေါင်ကို ရန်သူလို ကြည့်နေကြပေသည်။

ဆိုင်ရှင်က အခြေအနေ မဟန်တော့မှန်း ရိပ်မိလိုက်၏။ ကြာလျှင် ဤကောင်လေး ဝိုင်းရိုက်ခံရပြီး ဝက်ခေါင်း ဖြစ်သွားလောက်သည်။ ထို့ကြောင့် အမြန် ဝင်ထိန်းလိုက်၏။

“ကဲ... မိတ်ဆွေလေး... အချိန်မဆွဲနဲ့တော့... စလိုက်ကြရအောင်။”

ဟုန်ရှောင်ပေါင်လည်း ဒေါသထွက်နေသည့် မျက်လုံးပေါင်းများစွာ၏ အလယ်မှနေ၍ သွန်းလုပ်ရေး စင်မြင့်ဆီ လျှောက်သွားလိုက်သည်။ စင်မြင့်နား ရောက်တော့မှ စိတ်နည်းနည်း လှုပ်ရှားလာ၏။

သောက်ကျိုးနည်း... ငါမှ ဒီစင်မြင့်ကြီးကို ဘယ်လို သုံးရမှန်း မသိတာ။

အဘိုးကြီး ယင်းကျိုယို ရှိနေ၍သာ တော်သေးသည်။ မဟုတ်လျှင် ဒုက္ခရောက်ပေတော့မည်။ သူ သိတာ ဆိုလျှင် လေမှုတ်စက်ကြီးတွေပဲ ရှိ၏။ ထိုအရာကြီးများတောင် မည်သို့အလုပ်လုပ်သနည်းမသိပေ။ လူအများကြီး ရှေ့မှာ အရှက်ကွဲ၍ မဖြစ်သောကြောင့် ဟိုကိုင်ဒီကိုင် လျှောက်လုပ်ကြည့်နေရသည်။

“ဟေ့... ဒီကောင် စင်မြင့်ကို ပထမဆုံး ကိုင်ဖူးတာများလား။”

လူငယ်တစ်ယောက်က သံသယဖြင့် မေးလိုက်၏။

“မဖြစ်နိုင်တာ။”

နောက်တစ်ယောက်က ခေါင်းခါလိုက်၏။ “စင်မြင့်တောင် မကိုင်ဖူးဘဲ ဆရာကြီးကော်ကို စိန်ခေါ်ရဲပါ့မလား။”

“အင်း... ဟုတ်မယ်။ သူက ဆရာကြီးကော်ကိုတောင် ပညာယူခိုင်းတဲ့သူပဲ... သူ့မှာ ကိုယ်ပိုင် ထူးခြားတဲ့ နည်းလမ်းတွေ ရှိမှာပေါ့။”

“ဪ... အဲလိုလား။ တချို့ ဆရာကြီးတွေက မီးမမွှေးခင် နံ့သာတိုင်တွေ ဘာတွေ ထွန်းပြီး ပူဇော်တတ်ကြတယ်။ ဒီလူလည်း အဲလို ဓလေ့ထုံးစံ တစ်ခုခု လုပ်နေတာ နေမှာပါ။”

အားလုံးက ဟုန်ရှောင်ပေါင်၏ အူကြောင်ကြောင် လုပ်ရပ်များကို ပညာရှင်ကြီး၏ ထူးခြားသော အမူအကျင့် ဟု ဘာသာပြန်နေကြသည်။

“အဘိုး ... မြန်မြန် ပြောပြစမ်းပါဗျာ။ ကျုပ် လျှောက်ကိုင်နေတာ ကိုင်စရာမရှိတော့ဘူး။ ကြာရင် ဆရာကြီးကော် ဂွေးစိ ပြေးကိုင်စရာပဲ ရှိတော့တယ်”

ရှောင်ပေါင် စိတ်မရှည်တော့ပေ။

“ကျုပ်က မင်းသားတစ်ပါးပါဗျာ။ အခုလို လူတွေ ဝိုင်းကြည့်နေတဲ့အချိန်မှာ ငတုံးလို ဖြစ်နေတာ တကယ်ကြည့်လို့ ကောင်းလို့လား။ အဘိုးရဲ့ ဂုဏ်သိက္ခာလည်း ထိခိုက်မှာနော်။”

“ဟားဟားဟား။”

ယင်းကျိုယို သဘောကျစွာ ရယ်မောလိုက်၏။ “ကဲပါ … ပြောပြပါ့မယ်။ ဘယ်ဘက်ဆုံး လေမှုတ်စက်က မီးနု အတွက်။ မီးအရှိန်ကို ဖြည်းဖြည်းချင်း တင်ချင်တဲ့အခါ၊ ပစ္စည်းတွေ အက်ကွဲမှာ စိုးရိမ်ရတဲ့အခါ သုံးရတယ်။ ဒုတိယတစ်ခုက မီးလတ်... အသုံးအများဆုံးပဲ။ တတိယနဲ့ စတုတ္ထကတော့ မီးစိမ်း အတွက်။ လူနှစ်ယောက် ဝိုင်းမှုတ်ပေးမှ ရတာ။ အပူချိန်ကို အမြင့်ဆုံး ရောက်အောင် တွန်းတင်ပေးနိုင်တယ်။”

မီးစိမ်း ဟုတ်လား။

ရှောင်ပေါင် နားလည်သွားသည်။ မီးအပူချိန် မြင့်လာလျှင် မီးတောက် အရောင်မှာ အပြာရောင်၊ အစိမ်းရောင် ဘက် ပြောင်းသွားတတ်သည် မဟုတ်ပါလား။ အဘိုးကြီးက မီးသွေး အမျိုးအစားများ၊ သံရည်စိမ်ကန်များ အကြောင်း ဆက်ပြောပြသည်။ အားလုံး နားလည်သွားတော့မှ ရှောင်ပေါင် စိတ်အေးသွားသည်။

ဟုန်ရှောင်ပေါင် သားရေအိတ်ကို ဖွင့်လိုက်၏။

ပတ်ဝန်းကျင်မှ ပန်းပဲဆရာတွေ အားလုံး အိတ်ထဲက ပစ္စည်းကို မြင်ပြီး ဆူညံသွားကြသည်။

“ဝိုး... အနက်ရောင် သံမဏိတွေ။ ကောင်းကင်ဘုံ ... အကုန်လုံး သံမဏိတွေချည်းပဲ။ ဒီလောက် အများကြီး ဆိုတော့ ပေါင် တစ်ရာ မကဘူး... ပိုတောင် ရှိလောက်တယ်။”

သူတို့အားလုံး၏ မျက်လုံးတွေ အရောင်တောက်လာကြသည်။ စားဖိုမှူး ပစ္စည်းကောင်း မြင်သလို၊ မိန်းကလေးတွေ ပိုးထည်ကောင်း မြင်သလိုမျိုး လိုချင်တပ်မက်စိတ်တွေ ဖြစ်ပေါ်လာကြ၏။ သံမဏိ ဆိုသည်မှာ သူတို့ တစ်နှစ်နေမှ တစ်ခါလောက် ကိုင်ဖူးသည့် ပစ္စည်း မဟုတ်ပါလား။ ယခုတော့ အပုံလိုက်ကြီး မြင်နေရ၏။

“နေပါအုံး ... သူက သံမဏိ သတ်သတ်နဲ့ ဓားသွန်းမလို့လား။” ပန်းပဲဆရာ တစ်ယောက်က မေးခွန်းထုတ်လိုက်သည်။

“တခြား အကူ ပစ္စည်းတွေ မပါပါလား။”

“ကြည့်ရတာ သူက သံမဏိ သီးသန့်နဲ့ နတ်လက်နက် တစ်ခု ဖန်တီးချင်ပုံ ရတယ်။ ဒါပေမဲ့ ဒါ ကောင်းပါ့မလား။”

အားလုံး သံသယ ဝင်လာကြသည်။ သာမန် သံ၊ ကြေးနီ စသည်တို့ကို သံမဏိနှင့် ရောစပ်လိုက်လျှင် ပိုပြီး မာကျောခိုင်ခံ့လာသည်မှာ မှန်သော်လည်း သံမဏိချည်း သတ်သတ်သုံးပြီး လက်နက်လုပ်သည်မျိုး သူတို့ တစ်ခါမှ မကြားဖူး၊ မကြုံဖူးကြချေ။

“ဒီနေ့တော့ ငါတို့တွေ အဝါရောင်အဆင့် အထွတ်အထိပ် လက်နက် တစ်ခု ပေါ်ထွက်လာတာကို မြင်ရတော့မလား မသိဘူး။”

“ဖြစ်နိုင်တယ်... လေယင်မြို့မှာ ဒီလို လက်နက်မျိုး ပေါ်ထွက်ခဲ့တာ လွန်ခဲ့တဲ့ နှစ်လေးဆယ် လောက်ကပဲ ရှိခဲ့တာ။”

“ဒါပေမဲ့ ကုန်ကြမ်း ကောင်းရုံနဲ့ မရဘူးလေ... လက်နက်လုပ်တဲ့သူရဲ့ ပညာကလည်း အရေးကြီးသေးတာကိုး။”

အားလုံး ဝိုင်းဝန်း ဆွေးနွေးနေကြစဉ် ရှောင်ပေါင်က သားရေအိတ်ထဲမှ ပစ္စည်းတစ်ခုကို ဆွဲထုတ်လိုက်သည်။

ရုတ်တရက် အားလုံး ပါးစပ်ပိတ်သွားကြ၏။

ဆရာကြီးကော်၏ မျက်လုံးများလည်း ကျဉ်းမြောင်းသွားသည်။ ဟုန်ရှောင်ပေါင် ထုတ်လိုက်တာက စစ်တုရင်ခုံနှင့် တူသော သတ္တုပြားဝိုင်း တစ်ခု ဖြစ်၏။ အပေါ် မျက်နှာပြင်တွင် ရှုပ်ထွေးသော သင်္ကေတများ ထွင်းထုထားသည်။

“ဒါက အစီအရင် စက်ကွင်းပြားကြီးလား။”

All Chapters