အခန်း ၇၂
Vol. 7 Ch. 72
အခန်း (၇၂) - ခွန်အားဗလကြီးပါလား။
အစီအရင် စက်ကွင်းပြား...။
ဤစကားတစ်ခွန်းက ပတ်ဝန်းကျင်တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။
ဆေးပညာရှင်၊ လက်နက်သွန်းလုပ်ရေးဆရာ၊ စက်ကွင်းပညာရှင်။ ဤအလုပ်အကိုင်တွေက ဂုဏ်ရှိန်ကြီးမားသော အရန်ပညာရပ် ကိုးမျိုးထဲတွင် ပါဝင်သည်။ ထိုအထဲတွင် စက်ကွင်းပညာရှင်မှာ အစွမ်းအထက်ဆုံးဟု ဆိုနိုင်၏။
စစ်ပွဲတစ်ခုတွင် စက်ကွင်းတစ်ခု ခင်းလိုက်ရုံဖြင့် လူထောင်သောင်းချီ သေဆုံးသွားစေနိုင်သည် မဟုတ်ပါလား။ ရှေးဟောင်းခေတ် စစ်ပွဲများတွင်ဆိုလျှင် စက်ကွင်းများကြောင့် သေဆုံးခဲ့ရသူများ သန်းချီ ရှိခဲ့ဖူးသည်။
ထို့အပြင် စက်ကွင်းပညာရပ်၏ အသုံးဝင်ပုံမှာလည်း နယ်ပယ်စုံ၊ ကဏ္ဍစုံပင် ဖြစ်၏။ လေယင်မြို့တွင် စက်ကွင်းပညာရှင် အနည်းအကျဉ်း ရှိသော်လည်း ဤနေရာ၌ရှိနေသော ပန်းပဲဆရာ အများစုကတော့ ကြားဖူးနားဝလောက်သာ ရှိကြသည်။ ထို့ကြောင့် ဟုန်ရှောင်ပေါင် ထုတ်လိုက်သည့် ပစ္စည်းကို စက်ကွင်းပြားမှန်း သိလိုက်ချိန်တွင် အားလုံးက အသက်ရှူအောင့်ပြီး စောင့်ကြည့်နေကြသည်။
ဘာစက်ကွင်းများ ဖြစ်မည်နည်း။
“ဟားဟား... သိပ်ပြီး မမျှော်လင့်ကြပါနဲ့ဗျာ။”
ရှောင်ပေါင်က ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်၏။ “ဒါက သာမန် မီးအားမြှင့် စက်ကွင်း လေး တစ်ခုပါပဲ။”
“.......”
အားလုံး၏ မျက်နှာပေါ်မှ မျှော်လင့်ချက် ရောင်ခြည်များ ချက်ချင်း ပျောက်ကွယ်သွားကြသည်။ မီးအားမြှင့် စက်ကွင်း ဆိုသည်မှာ အနိမ့်ဆုံး အဆင့်ရှိသည့် စက်ကွင်းလေး တစ်ခု ဖြစ်၏။ သူ၏ အလုပ်လုပ်ပုံမှာ လေမှုတ်စက် တစ်လုံးလောက်သာ စွမ်းရည်ရှိသည်။ စက်ကွင်းပြားတစ်ခု၏ တန်ဖိုးက ဈေးကြီးလွန်းလှသောကြောင့် မည်သည့် ပန်းပဲဆရာကမှ ဤသို့ အသုံးမဝင်သည့် စက်ကွင်းမျိုးကို ဝယ်သုံးမည် မဟုတ်ချေ။
ထို့အပြင် လေမှုတ်စက် ဆိုသည်မှာ လူကိုယ်တိုင် ထိန်းချုပ်လို့ ရသေးသည်။ မီးအားလိုလျှင် အားစိုက်မှုတ်မည်၊ မလိုလျှင် ရပ်ထားမည်။ စက်ကွင်းကကျတော့ မည်သို့ ထိန်းချုပ်မည်နည်း။ သူလောင်ချင်သလို လောင်နေမည် မဟုတ်ပါလား။ ထို့ကြောင့် ဒီစက်ကွင်းကို သုံးသည်က ငွေဖြုန်း သတ်သတ်သာ ဖြစ်ပေသည်။
ပတ်ဝန်းကျင်က လူများ၏ အကြည့်တွေ ပြောင်းလဲသွားကြ၏။
“ဟွန်း... မီးအားမြှင့် စက်ကွင်း ဟုတ်လား... ငတုံးပဲ။” တစ်ယောက်က မထီမဲ့မြင် ပြောလိုက်သည်။
“အဲလိုတော့ မပြောနဲ့လေ... ဒီကောင်လေးက ဝိညာဉ်ကျောက်တုံးတွေ သောက်ရမ်းများနေလို့ ဖြုန်းချင်နေတာလည်း ဖြစ်နိုင်တာပဲ။”
“ဟုတ်သားပဲ... ကြည့်ရတာ သူဌေးသားလေးက ပိုက်ဆံ မီးလာရှို့ပြီး အပျင်းပြေ လာကစားနေတာ နေမှာပါ။”
“ဘာ... ခင်ဗျားတို့ အားကျနေတာလား။”
ဟုန်ရှောင်ပေါင် ပြုံးစစဖြင့် မေးလိုက်သည်။ ဒီလူတွေ တော်တော် စကားများတာပဲ။
“ခင်ဗျားတို့ တစ်သက်လုံး ဒီလို လုပ်ချင်ရင်တောင် တစ်ခါ လုပ်ကြည့်ဖို့ မလွယ်ဘူးလေ... ဟားဟားဟား။”
“မင်း ဘာစကား ပြောတာလဲ။”
“ပိုက်ဆံရှိတိုင်း မောက်မာလို့ ရမလားကွ။”
ပန်းပဲဆရာတွေ ဒေါသထွက်ကုန်ကြပြီ။
“ဟုတ်တယ်လေ... ပိုက်ဆံရှိတော့ မောက်မာလို့ ရတာပေါ့။” ရှောင်ပေါင်က ပခုံးတွန့်ပြလိုက်၏။
လူအုပ်ကြီး ဆွံ့အသွားကြသည်။
“ကဲ... တော်ပြီ... ခင်ဗျားတို့ ပါးစပ်ပိတ်ပြီး သေချာ ပညာယူ ကြစမ်းပါ။”
ဤစကားက မီးလောင်ရာ လေပင့်လိုက်သကဲ့သို့ ဖြစ်သွားစေသည်။
ဆိုင်ရှင်က အခြေအနေ မကောင်းတော့မှန်း ရိပ်မိလိုက်သောကြောင့် ချက်ချင်း ဝင်ထိန်းလိုက်၏။ “ကဲပါ မိတ်ဆွေလေး... မင်းရဲ့ လက်ထောက်ရော ဘယ်မှာလဲ။”
“လက်ထောက်... ဘာလက်ထောက်လဲ။”
ဟုန်ရှောင်ပေါင် နားမလည်ချေ။
“.......”
ဆိုင်ရှင် စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။ ဤကောင်လေးက သံမဏိ ပေါင် တစ်ရာလောက်ကို ကိုင်တွယ်မည် ပြောပြီး အခြေခံပင် မသိပေ။
“လက်ထောက်လေ... လေမှုတ်စက် မောင်းမယ့်လူ၊ မီးသွေး ထည့်ပေးမယ့်လူ၊ ပြီးတော့ တူထုပေးမယ့်လူ... အဲဒါတွေ မပါဘူးလား။”
“ဪ... အဲဒါလား။”
ရှောင်ပေါင် ခေါင်းကုတ်လိုက်သည်။ ချန်ယန်ကို ခေါ်လာမိလျှင် ကောင်းသားဟု တွေးမိသော်လည်း အဘိုး ယင်းကျိုယို ရှိနေသောကြောင့် ခပ်တည်တည်ဖြင့် ပြောလိုက်၏။ “မလိုပါဘူးဗျာ... ကျုပ်တစ်ယောက်တည်း နိုင်ပါတယ်”
ဟုန်ရှောင်ပေါင်က သူတို့ကို ဂရုမစိုက်တော့ဘဲ စက်ကွင်းပြားကို မီးဖိုဝထဲ ထိုးထည့်လိုက်သည်။ မီးညှပ်ဖြင့် စက်ကွင်းပြားကို မီးသွေးခဲတွေ အောက် ဝင်အောင် ထိုးထည့်လိုက်သည်။
ဝုန်း။
မီးပွားများ ဗြောက်အိုးဖောက်သကဲ့သို့ ပွင့်ထွက်လာ၏။
“အား... ပူလိုက်တာ... ဝက်ကင် ဖြစ်တော့မလို့။”
ရှောင်ပေါင် လန့်ပြီး နောက်ဆုတ်လိုက်သည်။ အပူလောင်ခြင်း မရှိသော်လည်း ဆံပင်တွေ တူးစော် နံသွားသည်။
ဟို ဆရာကြီးကော်၏ အင်္ကျီက အဘယ့်ကြောင့် အပေါက်တွေ ဖြစ်နေရသနည်းကို ယခုမှ သဘောပေါက် သွားသည်။
ဟုန်ရှောင်ပေါင်၏အဖြစ်ကို ကြည့်ပြီး ကျန်သည့် လူတွေ လက်လျော့သွားကြသည်။ ဤလူက မီးသွေးထိုးလျှင် မီးပွားမလွင့်အောင် မည်သို့ လုပ်ရမည်ကိုတောင် မသိပေ။
သေချာပြီ၊ ဒီကောင်က သွန်းလုပ်ရေး စင်မြင့်နား တစ်ခါမှ မကပ်ဖူးတဲ့ကောင်ပဲ။
“ပြီးပြီ... ပြီးပြီ... ပြန်ကြစို့။”
ပန်းပဲဆရာ တစ်ယောက်က ခေါင်းခါလိုက်၏။
“သံမဏိ ပေါင် တစ်ရာတော့ အလကား ဖြစ်တော့မယ်။”
“နှမြောစရာ ကောင်းလိုက်တာကွာ။ ပစ္စည်းကောင်းတွေ သောက်သုံးမကျတဲ့ကောင် လက်ထဲ ရောက်နေတော့ ဒုက္ခပါပဲ။”
“နေပါအုံး ... မပြန်ကြပါနဲ့အုံး။”
နောက်တစ်ယောက်က တားလိုက်သည်။ “ဒီလောက် တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ပျက်စီးသွားတာကို မြင်ဖူးချင်သေးတယ်လေ။ ဒါလည်း ဗဟုသုတပဲ မဟုတ်လား... ဟဲဟဲ။”
“တောက်... ဒီကောင်တွေကတော့။”
ရှောင်ပေါင် စိတ်တိုလာသည်။ ပုံမှန်ဆို သူက သည်းခံတတ်သော်လည်း ဤတစ်ကြိမ်တော့ မရတော့ချေ။
“အဘိုး ... ဒီနေ့ ဒီဒယ်အိုး မဖြစ်မနေ အောင်မြင်အောင် လုပ်ပြမယ်။ ဒီကောင်တွေကို ပါးရိုက်ပြမှ ဖြစ်မယ်။”
“ဟားဟားဟား။”
ယင်းကျိုယို သဘောကျစွာ ရယ်မောလိုက်၏။ ရှောင်ပေါင် စိတ်ဆိုးသည်ကို မြင်ရသည်မှာ ရှားရှားပါးပါးပင်။ သူ အလွန် သဘောကျသည်။
“ကောင်းပြီ... ငါ ပြောတဲ့အတိုင်း လုပ်။ ပထမ အဆင့်... အညစ်အကြေး သန့်စင်ခြင်း။ သံမဏိ ဆိုတာ သံသတ္တု၏ အနှစ်သာရ ဖြစ်ပေမဲ့ အပြင်ဘက်မှာ အညစ်အကြေး အနည်းငယ် ကျန်နေတတ်သေးတယ်။ အဲဒါတွေကို အကုန် ဖယ်ထုတ်နိုင်လေ... အရည်အသွေး ကောင်းလေပဲ။ သံမဏိ သုံးဆယ့်ပိဿာကို မီးဖိုထဲ အရင် ထည့်လိုက်။”
ဟုန်ရှောင်ပေါင်က သံမဏိ တစ်ဆယ့်ကိုးတုံးကို ရွေးထုတ်ပြီး မီးဖိုထဲ ပစ်ထည့်လိုက်၏။
“မီးသွေးကို လုံလောက်အောင် ထည့်။ မီးတောက် စက်ကွင်း ရှိနေမှတော့ မီးသွေး အမျိုးအစား ရွေးစရာ မလိုဘူး။ သံမဏိတွေကို လုံအောင် ဖုံးလိုက်။”
ဟုန်ရှောင်ပေါင်က ဂေါ်ပြားဖြင့် မီးသွေးများကို အကုန် ကော်ထည့်လိုက်၏။
“အား... နှမြောစရာကြီး။ စွပ်ထည့်နေပါလား။”
ပန်းပဲဆရာ တစ်ယောက်က ရင်ဘတ်စည်တီးနေသည်။ “ဒါတွေက တန်ဖိုးကြီးတဲ့ ကျောက်မီးသွေး တွေပါဗျ။”
“ဆိုင်ရှင်... ခင်ဗျား ဘာမှ ဝင်မပြောတော့ဘူးလား။ သူက ပစ္စည်းတွေကို ဖျက်ဆီးနေတာလေ။” ဝန်ထမ်းလေး ရှောင်ဝူက မကျေမနပ် ပြောလိုက်၏။
“ကိစ္စ မရှိပါဘူး။”
ဆိုင်ရှင်က တည်ငြိမ်စွာ ပြန်ပြောသည်။ “သံမဏိ ပေါင် တစ်ရာတောင် အဖျက်ဆီး ခံနိုင်သေးတာ... ကျောက်မီးသွေးလောက်က ဘာပြောစရာ ရှိလဲ။ ငြိမ်ငြိမ်လေး ဆက်ကြည့်နေလိုက်စမ်းပါ။”
“မီးတောက် စက်ကွင်းကို စတင် မောင်းနှင်လိုက်။” အဘိုးကြီး ယင်းကျိုယို အမိန့်ပေးလိုက်၏။
ဟုန်ရှောင်ပေါင်က မီးညှပ်ဖြင့် မီးဖိုထဲကို မွှေလိုက်၏။ မီးပွားတွေ ယင်ကောင်အုပ်ကြီးလို ထပျံလာသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူပြီး ဝိညာဉ်စွမ်းအင် လွှတ်ထုတ်ကာ စက်ကွင်းကို မောင်းနှင်လိုက်သည်။
မီးတောက် အစွယ်အလျားများ အတွင်းသို့ ကျုံ့ဝင်သွားပြီး နောက်တစ်ခဏတွင် ပုံမှန် ပြန်ဖြစ်သွားသည်။ မီးသွေးပုံ အောက်ခြေတွင်မူ မီးတောက်ငယ် လေးခု စတင်တောက်လောင်လာပြီ ဖြစ်၏။ သို့သော် ဟုန်ရှောင်ပေါင်နှင့် အဘိုးမှလွဲ၍ ဘယ်သူမှ မမြင်နိုင်ချေ။
ခဏအကြာတွင် မီးဖိုထဲရှိ အပူချိန် မြင့်တက်လာပြီး ဝိညာဉ်စွမ်းအင် လိုင်းကြောင်းများ ထပ်မံ ပေါ်ပေါက်လာသည်ကို ရှောင်ပေါင် အာရုံခံမိလိုက်သည်။ နောက်ထပ် မီးတောက် စက်ကွင်း အသစ်တစ်ခု ဖြစ်ပေါ်လာခြင်းပင်။
အားလုံး အဆင်သင့် ဖြစ်ချေပြီ။
ရှောင်ပေါင် ဒူးထောက်ထိုင်ချလိုက်သည်။ ဝတ်ရုံရှည်က ရှုပ်နေသောကြောင့် ခါးကြား ထိုးလိုက်၏။ ပြီးနောက် လေမှုတ်စက် လက်ကိုင်ဘုများကို ဘယ်တစ်လုံး ညာတစ်လုံး ဖမ်းကိုင်လိုက်သည်။ ပန်းပဲဆရာ ဆိုသည်မှာ မီးအပူဒဏ် ခံနိုင်မည့် ပိတ်စအကြမ်း၊ ဝတ်စုံတို ဝတ်ဆင်လေ့ ရှိပေသည်။ ယခု ဟုန်ရှောင်ပေါင်က ဝတ်ရုံရှည်ကြီးနှင့် ဒူးထောက်နေပုံမှာ ကြည့်ရတာ တစ်မျိုးကြီး ဖြစ်နေသည်။ ထို့အပြင် လေမှုတ်စက်ကို နှစ်လုံး ပြိုင်တူ ဆွဲနေသေးသည်။
သာမန်အားဖြင့် လေမှုတ်စက် တစ်လုံးကို အားရပါးရ ဆွဲထားသည်က ပိုပြီး ထိရောက်မှု ရှိသည်။ ယခုလို နှစ်လုံးပြိုင် ဆွဲသည်က ဟန်ပြသာ ဖြစ်လိမ့်မည်ဟု လူအုပ်ကြီး ဝေဖန်နေကြ၏။
ထိုစဉ်မှာပင် ...။
ဝုန်း... ဝုန်း။
ရုတ်တရက် မီးဖိုထဲမှ မီးတောက်ကြီး နှစ်ခု နဂါးလျှာများအလား ထိုးထွက်လာသည်။ မီးတောက် အရှိန်က ပြင်းထန်လွန်းသောကြောင့် ဘေးနားက လူတွေတောင် လန့်ပြီး နောက်ဆုတ်သွားကြသည်။
“ကောင်းကင်ဘုံ ... ခွန်အားဗလကြီးပါလား။ ဒါ... ဒါက ပေါင်ချိန် တစ်ထောင်လောက် ရှိတဲ့ အားပဲ။”