အခန်း ၇၃
Vol. 7 Ch. 73
အပိုင်း (၇၃) ဤတူသိုင်းက ကြည့်ရဆိုးလွန်းလှ၏။
လူအုပ်ကြီးသည် ဤခြံဝင်းအတွင်းသို့ ဝင်ရောက်လာပြီးနောက် ဟုန်ရှောင်ပေါင်အပေါ် ပထမဆုံးအကြိမ်အဖြစ် တစ်မျိုးတစ်ဖုံ ပြောင်းလဲကြည့်ရှုလာကြမိ၏။
ဟုန်ရှောင်ပေါင်မှာ အကန့်အသတ်မဲ့ နယ်ပယ်သို့ ရောက်ရှိနေသူ မဟုတ်ပါလား။ နှစ်ထောင်ကျပ်သားရှိသော ကျောက်တုံးကြီးကိုပင် လွယ်လွယ်ကူကူ မ,နိုင်ခဲ့သည်ဖြစ်ရာ ဤမျှလောက်အရာက ဘာမျှမဟုတ်ချေ။
ဝေါင်း … ဝေါင်း …။
မီးလျှံများသည် ဆက်လက်မြင့်တက်လာကာ ပိုမိုပြင်းထန်လာသည့် အခြေအနေသို့ ရောက်ရှိလာခဲ့၏။ ခြံဝင်းအတွင်း၌ မီးပွားများ အရပ်လေးမျက်နှာသို့ ပြန့်ကျဲလွင့်စင်နေသောကြောင့် လူအုပ်ကြီးမှာ တစ်ပြိုင်နက်တည်း နောက်သို့ တစ်လှမ်း ဆုတ်လိုက်ကြသည်။
ရုတ်တရက် တည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်လာ၏။ "ဟားဟား ... တော်တော်လေးကို စည်ကားနေတာပါလား။"
လူအုပ်ကြီးမှာ ကြက်သီးမွေးညင်းထပြီး အံ့အားသင့်သွားကာ နောက်သို့ လှည့်ကြည့်လိုက်ကြသည်။
ထိုနေရာတွင် လူအနည်းငယ် ထပ်မံရောက်ရှိလာပြီး ဦးဆောင်လာသူမှာ ခန္ဓာကိုယ်နှင့် ကပ်နေသော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားရာ တောင့်တင်းသော ကြွက်သားများကို ပေါ်လွင်နေစေသည်။ သူ၏ အသွင်အပြင်မှာ သာမန်မဟုတ်ချေ။ မည်းနက်နေသော အသားအရေကို ကြည့်ခြင်းအားဖြင့် ထိုသူသည်လည်း ပန်းပဲဆရာ တစ်ဦးအဖြစ်မှ လာသည်ဟု သတ်မှတ်နိုင်၏။
"ဆိုင်ရှင်လီ။"
"မင်္ဂလာပါ ဆိုင်ရှင်လီ။"
လူအုပ်ကြီးက ချက်ချင်းပင် နှုတ်ဆက်လိုက်ကြ၏။
ဆိုင်ရှင်လီက လူအုပ်ကြီးကို ခေါင်းညိတ်၍ ပြန်လည်နှုတ်ဆက်ပြီးနောက် ဟုန်ရှောင်ပေါင်ဆီသို့ ကြည့်လာခဲ့သည်။
မီးဖိုတွင်းမှ လူးလွန့်နေသော မီးလျှံများကို ကြည့်ရင်း ခေါင်းတညိတ်ညိတ်နှင့် ချီးကျူးစကား ဆိုလိုက်၏။ "ဒီလက်မောင်းက ခွန်အားတွေက တကယ်ကို သာမန်မဟုတ်ဘူးပဲ ... ဒီညီလေးက ရုပ်ခန္ဓာအဆင့် ဒုတိယအဆင့်ဖြစ်တဲ့ ခန္ဓာကိုယ်ကျင့်ကြံရေးနယ်ပယ်က ကျင့်ကြံသူ ဖြစ်လောက်တယ်။"
ဟုန်ရှောင်ပေါင်က ထိုသူကို ဂရုမစိုက်ဘဲ မတ်တပ်ရပ်လိုက်၏။ ရင်ဘတ်ထဲမှ ပုလင်းငယ်တစ်ခုကို နှိုက်ယူလိုက်ပြီး ခဲညှပ်ကို ယူကာ ကျောက်မီးသွေးများကို ဖယ်ရှားလိုက်သည်။ ထို့နောက်မှ ပုလင်းထဲမှ ရေအနည်းငယ်ကို လောင်းထည့်ကာ လက်ဝါးထဲတွင် ထည့်၍ အားရပါးရ ပက်ဖျန်းလိုက်သည်။
ရှဲ … ရှဲ …။
ဝေါင်း … ဝုန်း …။
အသံအနည်းငယ် ထွက်ပေါ်လာပြီးနောက် လေမှုတ်ဖို ရပ်တန့်သွားသောကြောင့် အနည်းငယ် ငြိမ်သက်သွားခဲ့သော မီးလျှံများက တစ်ဖန် ပြန်လည်ရူးသွပ်စွာ ထွက်ပေါ်လာခဲ့၏။
လူအုပ်ကြီးမှာ အံ့အားသင့်သွားကြပြီး ရေရွတ်လိုက်ကြသည်။ "ဒါက ဘာလဲ။"
"ပြဒါးလား။"
"ပြဒါးတော့ မဖြစ်နိုင်ဘူး ... ပြဒါးက အပူချိန်မြင့်တာကို မခံနိုင်ဘူးလေ၊ တစ်ခဏလေးနဲ့ အငွေ့ပျံ သွားလောက်တယ်။"
ဆိုင်ရှင်ချင်က သံသယဖြင့် ဆရာကြီးကော််ဆီသို့ လှည့်ကြည့်ကာ မေးလိုက်၏။ "ဆရာကြီးကော်် ... ဒါက ဘာလဲ။"
လူအုပ်ကြီးမှာ တစ်ခဏချင်း တိတ်ဆိတ်သွားကြပေသည်။ ဟုတ်ပေ၏၊ ဤနေရာတွင် တစ်မြို့လုံး နာမည်ကျော်ကြားသော ဆရာကြီးတစ်ဦး ရှိနေသည်မဟုတ်ပါလား။ သူ ဘာပြောမည်ကို နားထောင် ကြည့်ကြမည်။
ဆရာကြီးကော်၏ အသက်ရှူသံမှာ ရပ်တန့်သွားခဲ့၏။ ဤအရာကို သူလည်း မသိပါချေ၊ ထို့ကြောင့် ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ "ရှုပ်ထွေးတဲ့ နည်းလမ်းတွေနဲ့ ဖန်တီးထားတဲ့ အရာတစ်ခုခု ဖြစ်ရမယ်။"
"ဪ …။"
"ဒီလိုကိုး …။"
လူအုပ်ကြီးက "ဪ" ဟူ၍ အသံထွက်လာကြသော်ငြား ထိုအထဲမှ ဉာဏ်ရည်ထက်မြက်သူ နှစ်ဦး၊ သုံးဦးမှာမူ စကားစ ရှာမရ ဖြစ်သွားကြချေ၏။ သူ၏ ဤပြောစကားမှာ ဘာမျှ မပြောသည်နှင့် တူတူပင်။
ဟုန်ရှောင်ပေါင်အမုန်းဆုံးမှာ ဤဆရာကြီးကော််ပင် ဖြစ်၏။ သူက ရယ်မော၍ ပြောလိုက်သည်။ "ကော်သိန်းထွန်း ... သေသေချာချာ ကြည့်ထားစမ်းပါ၊ ဒါကို မြေအောက်ငွေရည်ချဉ်ဆီလို့ ခေါ်တယ် ... နှစ်သောင်းချီ ကြာမြင့်နေတဲ့ ကျောက်စက်ဂူတွေထဲမှာ ဖြစ်တည်လာတဲ့ အဖိုးမဖြတ်နိုင်တဲ့ ရတနာပဲ၊ ဘာက ရှုပ်ထွေးတဲ့အရာတွေ ဖန်တီးထားတွေလဲ ... နားမလည်ရင်လည်း ငြိမ်ငြိမ်နေ .. လျှောက်ပြောပြီး သူများတွေကို လမ်းမှား မရောက်စေနဲ့။"
ဆရာကြီးကော််က ကျားသစ်မျက်လုံးကဲ့သို့ ပြူးကျယ်သွားပြီး ဟုန်ရှောင်ပေါင်ကို လက်ညှိုးထိုးကာ ဒေါသတကြီး အော်ဟစ်လိုက်၏။ "ဘယ်သူက ကော်သိန်းထွန်းလဲ ... မင်းကမှ ကော်သိန်းထွန်း ... ငါ့အမည်က ကော်ယွမ် ဖြစ်ပြီး ဘွဲ့အမည်က ရှို့ချီပဲ။"
ဟုန်ရှောင်ပေါင်က ရယ်မောကာ ပြောလိုက်၏။ "ကောင်းပါပြီ ကော်သိန်းထွန်းရာ ...။"
သူက စကားပြောနေစဉ်မှာပင် ဒုတိယမြောက် မီးဖိုအစီအရင်ကို လှုံ့ဆော်လိုက်သည်။ မီးဖိုအစီအရင် နှစ်ခုမှာ အထွေထွေ အပူချိန်အပေါ် များစွာ အကျိုးသက်ရောက်မှု မရှိပေ။ ထို့အပြင် လူအုပ်ကြီး၏ အမြင်တွင် ဤအရာများအားလုံးမှာ ထိုငွေရည်အနည်းငယ်၏ အာနိသင်ကြောင့်ဟုသာ ထင်မှတ်နေကြသည်။
ဤအရာမှာ ဟုန်ရှောင်ပေါင်က ရှန်သံ (သံမဏိ) အတွင်းမှ အညစ်အကြေးများကို ဖယ်ရှားရန် ဖော်စပ်ထားသည့်အရာမှန်း သူတို့ အဘယ်မှာ သိနိုင်ပါမည်နည်း။ မြေအောက်ငွေရည်ချဉ်ဆီ ဆိုသည့်အရာနှင့် ကြက်မွေး တစ်မျှင်စာလောက်ပင် ပတ်သက်မှု မရှိပါချေ။
ဟုန်ရှောင်ပေါင်က ထပ်မံ၍ ဆောင့်ကြောင့်ထိုင်ချကာ လေမှုတ်ဖိုကို ဝေါင်းကနဲ ဆွဲတင်လိုက်သဖြင့် မီးလျှံများမှာ တစ်ဖန် လူးလွန့် မြင့်တက်လာခဲ့၏။
ဟုန်ရှောင်ပေါင်သည် ထိုကြားကာလအတွင်း တတိယမြောက် မီးတောက်အစီအရင်ကို လှုံ့ဆော်လိုက်သည်။ သေးငယ်သော မီးတောက်ငယ် ဆယ့်နှစ်ခု၏ အပူချိန်မှာ အလွန်မြင့်မားလှပြီး ရှန်သံပေါ်သို့ လောင်းချထားသော ငွေရည်စက်များကို အရပ်လေးမျက်နှာသို့ ပြန့်ကျဲသွားစေသည်။ ရှန်သံပေါ်တွင် တစ်စစ်စစ်ဖြင့် ဖုံးလွှမ်း သွားစေ၏။ မကြာမီမှာပင် အလွန် နောက်ကျိသော ရေမည်းစက်များက တစ်စက်ပြီးတစ်စက် ထွက်ပေါ်လာခဲ့သည်။
ထိုအချိန်၌ ဟုန်ရှောင်ပေါင်သည် ပဉ္စမမြောက် မီးတောက် အစီအရင်ကိုပါ လှုံ့ဆော်ပြီးဖြစ်၏။
မီးတောက် အစီအရင် ငါးခု၏ ပံ့ပိုးမှုအောက်တွင် မီးဖို၏ အပူချိန်မှာ သိသာထင်ရှားစွာ ပြောင်းလဲလာခဲ့သဖြင့် ပန်းပဲဆရာများအားလုံး ရင်ထဲတွင် တုန်လှုပ်သွားကြသည်။ အချို့သော အစွန်းရောက်သည့် အချိန်များတွင် သူတို့သည်လည်း မီးတောက်ကို အားဖြည့်ပေးသည့် အရာများကို အသုံးပြုလေ့ရှိကြသည်။
ဥပမာအားဖြင့် သာမန်တွေ့ရလေ့ရှိသော ဆီများ၊ ပို၍ ဇိမ်ခံနိုင်လျှင် မီးမြေခွေးဆီကို အသုံးပြုကြ၏။ ဤအရာများသည် အချိန်တိုအတွင်း အလွန်မြင့်မားသော အပူချိန်ကို ပေါက်ကွဲထွက်ပေါ်စေနိုင်သည် ဆိုပေမည့် တစ်ခဏအတွင်းမှာပင် ငြိမ်းသတ်သွားတတ်၏။ ဟုန်ရှောင်ပေါင်၏ မြေအောက်ငွေရည်ချဉ်ဆီကဲ့သို့ ကြာရှည်ခံခြင်း လုံးဝ မရှိချေ။
ထို့ကြောင့် လူတိုင်း၏ မျက်နှာပေါ်တွင် အံ့ဩထိတ်လန့်သည့် အရိပ်အယောင်များ ပေါ်လွင်နေပြီး ငွေရည်ချဉ်ဆီ၏ မူလအစကို တစ်ယောက်နှင့်တစ်ယောက် တိုးတိုးတိတ်တိတ် မေးမြန်းစုံစမ်းနေကြသည်။
သို့သော်ငြား ထိုအရာက ဟုန်ရှောင်ပေါင် ကိုယ်တိုင် လုပ်ကြံဖန်တီးထားသည့်အရာ ဖြစ်နေသောကြောင့် အခြားသူများ အဘယ်မှာ သိနိုင်ပါမည်နည်း။
ပန်းပဲဆရာ တစ်ဦးက မေးလိုက်၏။ "ဆရာကြီးကေ်ာ ... အဲဒီ ငွေရည်ချဉ်ဆီ ဆိုတာက မီးကို အားဖြည့်ပေးဖို့ သုံးတာလား။"
သူ၏ မျက်နှာပေါ်တွင် အားကျသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။ ဤအရာမှာ အလွန် အဖိုးတန်မည်ဟု သူ ထင်မြင်မိသည် ဆိုသော်လည်း အကယ်၍များ အနည်းငယ် ဈေးသက်သာနေမည်ဆိုလျှင်ကော ….
ကော်ယွမ်၏ မျက်နှာမှာ အနည်းငယ် ရှုံ့မဲ့သွား၏။ ဤအရာကို သူလည်း မသိချေ။ သို့ပေမည့် လေယင် မြို့တော်၏ ထိပ်တန်း လက်နက်လုပ် ပညာရှင် တစ်ဦးအနေဖြင့် မသိဘူးဟု ပြောရန်လည်း မသင့်တော်ပေ။ ထို့ကြောင့် မချိပြုံး ပြုံးကာ ပြောလိုက်သည်။ "ကြားတော့ ကြားဖူးသယောင် ရှိတယ် ... ဒါပေမဲ့ နှစ်ကာလတွေ ကြာမြင့်နေပြီဖြစ်လို့ သိပ်ပြီး မှတ်မှတ်ရရတော့ မရှိတော့ဘူး။"
ဟုန်ရှောင်ပေါင်က အဋ္ဌမမြောက် မီးတောက် အစီအရင်ကို လှုံ့ဆော်လိုက်သည့်အချိန်မှာတော့ သေးငယ်သော မီးတောက်ငယ် သုံးဆယ့်နှစ်ခု၏ မြင့်မားသော အပူချိန် လှုံ့ဆော်မှုအောက်တွင် မီးဖိုတစ်ခုလုံး၏ အပူချိန်မှာ ရုတ်တရက် မြင့်တက်သွားခဲ့သည်။ မီးလျှံအားလုံးမှာ အပြာရောင် မီးလျှံများ ဖြစ်သွားခဲ့၏။
လေမှုတ်ဖို လေးခုကို မီးနု၊ မီးလတ်၊ မီးပြာ ဟူ၍ ခေါ်ဆိုကြပြီး … မီးဖိုအတွင်းမှ မီးတောက်က အပြာရောင်အထိ စင်ကြယ်ခြင်း ဟူသော စကားပုံတစ်ခုလည်း ရှိပေသည်။ အပြာရောင်ဟူသည် သာမန်အဓိပ္ပာယ်အရ အပူချိန် အမြင့်ဆုံးသော မီးတောက်၏ အရောင်ပင် ဖြစ်၏။
လက်နက် ပုံစံသွန်းလောင်းသည့် အချိန်တွင် အပြာရောင် မီးတောက် ထွက်ပေါ်လာစေရန်မှာ အနည်းငယ် ရှုပ်ထွေးလှပြီး ခွန်အားကြီးမားသော ယောက်ျားကြီး အနည်းငယ်က အလှည့်ကျ ဝင်ရောက် ဆောင်ရွက်ရန် လိုအပ်သည်။ များသောအားဖြင့် သေလုမတတ် ပင်ပန်းနွမ်းနယ်သွားတတ်ကြသည်။
သို့ပေမည့် ဟုန်ရှောင်ပေါင်က အပြာရောင် မီးတောက်ကို ဤမျှ လွယ်လွယ်ကူကူ ဖန်တီးလိုက်သည်ကို မြင်သောအခါ လူအုပ်ကြီးမှာ အံ့အားသင့်သွားကြ၏။
"မီးပြာ။"
"လူတစ်ယောက်တည်းနဲ့ မီးပြာကို ဖန်တီးနိုင်တယ်တဲ့လား။"
"တကယ်ကို အစွမ်းထက်တာပဲ။"
ဟုန်ရှောင်ပေါင်က ရွှင်ရွှင်လန်းလန်း ပြောလိုက်၏။ "ဒီအရာက အရမ်းခက်လို့လား ... ခင်ဗျားတို့အတွက် ဒီမီးပြာကို ဖန်တီးဖို့ အရမ်းခက်ခဲနေတာလား၊ ကျုပ်အတွက်တော့ တော်တော်လေးကို လွယ်ကူလွန်းနေတာပဲ ဟေ့ ...။"
လူအုပ်ကြီး၏ မျက်နှာများမှာ အနည်းငယ် ရှုံ့မဲ့သွားကြပြီး မကျေမနပ်ဖြင့် ငြိမ်သက်စွာ ကြည့်နေကြသည်။
ခဏအကြာတွင် ယင်းကျိုယိုက မီးအပူချိန် လုံလောက်ပြီဟု ပြောလာသောကြောင့် ဟုန်ရှောင်ပေါင်က ချက်ချင်း ထရပ်လိုက်၏။ ခဲညှပ်ကို အသုံးပြု၍ မီးသွေးခဲများကို ဖယ်ရှားလိုက်ပြီး လိမ္မော်ရောင်အဖြစ် ပြောင်းလဲသွားသည့် ရှန်သံများကို တစ်ခုပြီးတစ်ခု ထုတ်ယူလိုက်သည်။ အခြားသော ပစ္စည်းများသာ ဆိုပါက မီးပြာ၏ အပူပေးမှုကို ဤမျှ ကြာရှည်စွာ ခံရပြီးသည့်နောက် အများစုမှာ အရည်ပျော်သွားမည် ဖြစ်သော်ငြား ရှန်သံမှာမူ လိမ္မော်ရောင် ရင့်ရင့် အသွင်အပြင်ကိုသာ ပြသနေခြင်းက ထိုအရာ၏ မည်မျှ ခိုင်ခံ့ကြောင်းကို သိသာစေရန် လုံလောက်နေ၏။
ရှန်သံကို သံပေတုံးကြီးပေါ်သို့ တင်လိုက်သည်နှင့် တစ်ပြိုင်နက် ရှန်သံနှင့် သံပေတုံး ထိတွေ့သည့် နေရာမှ ရှဲကနဲ အသံနှင့်အတူ မီးခိုးများ ချက်ချင်း ထွက်ပေါ်လာပြီး သံပေတုံးမှာ အရည်ပျော်သွားမည့် အရိပ်အယောင်များ ပေါ်လွင်လာခဲ့၏။
လူအုပ်ကြီးမှာ အံ့အားမသင့်သူဟူ၍ မရှိချေ။
"ရှန်သံက သံပေတုံးကို အရည်ပျော်သွားစေပြီ။"
"ဒါက ဘယ်လောက်တောင် မြင့်မားတဲ့ အပူချိန် ဖြစ်နေရတာလဲ။"
"ကောင်းကင်ဘုံ ... ရှန်သံက သံပေတုံးကို အရည်ပျော်သွားစေတာပဲ။"
"နောက်ဆုံးအကြိမ် သံပေတုံး အရည်ပျော်တာကို မြင်တွေ့ခဲ့ရတာ နှစ်ပေါင်း အတော်ကြာခဲ့ပြီ ... ဒီနေ့တော့ ကံကောင်းစွာနဲ့ နောက်တစ်ကြိမ် ထပ်မြင်လိုက်ရပြီ။"
ယခုအချိန်တွင် လူတိုင်းသည် ဟုန်ရှောင်ပေါင်၏ မြေအောက်ငွေရည်ချဉ်ဆီကို လောဘတကြီး ငမ်းငမ်းတက် ကြည့်နေကြပြီး မည်သည့်အချိန်တွင်များ တစ်ခုလောက် ရနိုင်မည်နည်းဟု တွေးတောနေကြသည်။ ပုံမှန်အားဖြင့် လက်နက် ပုံစံသွန်းလောင်းရာတွင် အပူချိန် အလွန်အမင်း မြင့်မားရန် မလိုအပ်ပေ။ သို့ပေမည့် တကယ်တမ်း အသုံးပြုရန် လိုအပ်လာသည့် အခါမျိုးတွင်မူ အလွန် ခက်ခဲလှပြီး ဗြောင်းဆန်အောင် ကြိုးစားသော်ငြားလည်း အပူချိန် မြင့်တက်လာဖို့ မသေချာချေ။
ယင်းကျိုယိုက မထီမဲ့မြင်ပြုသော အသံဖြင့် ပြောလိုက်၏။ "ဗဟုသုတ မရှိတဲ့ တောသားတွေပါလား … မီးပြာလောက်နဲ့တင် ဒီပုံစံ ဖြစ်နေကြတာ၊ တကယ်လို့ မီးဖြူကိုသာ မြင်လိုက်ရရင် ဘယ်လိုများ ဖြစ်သွားကြမလဲ။"
ဟုန်ရှောင်ပေါင်၏ စိတ်ထဲတွင် ချက်ချင်း လှုပ်ရှားသွားပြီး ပြောလိုက်သည်။ "မီးဖြူ ... အဘိုး … လုပ်လိုက်လေ ... ဒီနေ့ ကျုပ် ဒီလူတွေကို ကြောင်တောင်တောင် ဖြစ်သွားတဲ့အထိ ခြောက်လှန့်ပြရမယ်။"
ယင်းကျိုယိုက အားနာခြင်း အလျဉ်းမရှိဘဲ ဆဲဆိုလိုက်၏။ "ဗဟုသုတ မရှိလိုက်တာ ... မီးဖြူ ထွက်ပေါ်လာဖို့ အနည်းဆုံး မီးတောက်အစီအရင် ရာနဲ့ချီပြီး လိုအပ်တယ်၊ ဒီမီးတောက်က အခုဆိုရင် အကန့်အသတ်ကို ရောက်နေပြီ။ မီးတောက်အစီအရင် ဆယ်ခုလောက် ဆိုရင်ကို အပြီးတိုင် အရည်ပျော်သွားလိမ့်မယ်။ ပြီးတော့ ရှန်သံက မီးဖြူရဲ့ အပူကို အတင်းအကျပ် ခံနိုင်ရည် ရှိတယ် ဆိုပေမဲ့ အရမ်းမြင့်မားတဲ့ အပူချိန်က လနဲ့ချီပြီး ကြာမြင့်လိမ့်မယ်၊ မင်း စောင့်နိုင်လို့လား။"
ဟုန်ရှောင်ပေါင်က ပြတ်ပြတ်သားသားပင် ပြန်ပြောလိုက်သည်။ "မစောင့်နိုင်ဘူး။"
သူက ရှန်သံ တစ်ဆယ့်ကိုးခုလုံးကို ဆယ်ယူလိုက်ကာ တူကြီးကို မြှောက်၍ ဘုန်း၊ ဘုန်း ဟူသော အသံများနှင့်အတူ ချက်ချင်း ထုနှက်တော့၏။
"အမလေး .. ကောင်းကင်ဘုံ ... ဒီတူသိုင်းက မျက်စိစူးလွန်းတယ်ဟ။ သောက်ကျိုးနည်း ဘာတွေလုပ်နေတာလဲ။"