← Chapters

အခန်း ၇၄

Vol. 7 Ch. 74

အခန်း ၇၄

Vol. 7 Ch. 74

အပိုင်း (၇၄) မြည်းတစ်ကောင်မှာပင် ဤမျှလောက်သော ခံနိုင်ရည် မရှိနိုင်ချေ။

ပန်းပဲဆရာ၏ တူသိုင်းသည် စားဖိုမှူး တစ်ဦး၏ ဒယ်အိုးလှန်ခြင်း၊ ဒယ်အိုးမွှေခြင်း ကဲ့သို့ပင် အရေးကြီးသည်။

ပစ္စည်းအမျိုးအစား ကွာခြားမှု၊ အလေးချိန် ကွာခြားမှုအလိုက် အမျိုးမျိုးသော တူသိုင်းများ ရှိကြ၏။ ဥပမာအားဖြင့် ဓားမြှောင်ဆိုလျှင် မိုးဖွဲလေးများကဲ့သို့ သိမ်မွေ့သော တူသိုင်းကို အသုံးပြုရပြီး၊ ပစ္စည်းထုထည် ကြီးမားသော ပုဆိန် ဆိုလျှင်မူ ကျောက်ဆောင်ကြီးကဲ့သို့ လေးလံသော တူသိုင်းကို အသုံးပြုရ၏။

ထို့အပြင် လူနှစ်ဦး တပြိုင်တည်း ထုနှက်သည့် အခါမျိုးတွင် ကြယ်နှစ်စင်း တူသိုင်း၊ လူအများအပြား တပြိုင်တည်း ထုနှက်သည့် အခါမျိုးတွင် မိုးကြိုးမုန်တိုင်း တူသိုင်း စသည်ဖြင့် ရှိကြသည်။

တစ်သက်တာ ပန်းပဲဆရာ ဟူသည် အခြေခံအားဖြင့် တူသိုင်းကိုသာ ဆိုလိုခြင်းဖြစ်ပြီး ကောင်းမွန်သော တူသိုင်းသည် အားထုတ်မှု တစ်ဝက်ဖြင့် အကျိုးခံစားခွင့် နှစ်ဆ ရရှိစေနိုင်သည်။ လက်နက်၏ အရည်အသွေးကို မြှင့်တင်ရာတွင် ဖြစ်စေ၊ လက်နက် ပုံစံသွန်းလောင်းသည့် အရှိန်အဟုန်နှင့် အောင်မြင်မှုနှုန်းတွင် ဖြစ်စေ အလွန် ကောင်းမွန်သော အထောက်အကူကို ပေးစွမ်းနိုင်၏။

သို့သော်ငြား ယခုအချိန်တွင် ဟုန်ရှောင်ပေါင်မှာမူ နယ်ပယ်ပြင်ပမှ လုံးဝ အတွေ့အကြုံမရှိသူ တစ်ဦး ဖြစ်နေသည်။ လက်မောင်းတစ်ဖက်၏ ခွန်အားကိုသာ အားကိုး၍ ဘုန်းခနဲ၊ ဘုန်းခနဲ ထုနှက်နေပြီး မည်သည့် စည်းကမ်း စနစ်တကျမှုမျှ ရှိမနေချေ။

လူအုပ်ကြီးမှာ ရှင်းပြ၍မရသော မျှော်လင့်ချက် အနည်းငယ် မြင့်တက်လာခိုက် ဟုန်ရှောင်ပေါင်၏ တူသိုင်းကို မြင်လိုက်ရသောအခါ ချက်ချင်းပင် စိတ်ပျက်သွားကြ၏။

ထိုအထဲမှ လူတစ်ဦးက လှောင်ပြောင် ရယ်မောကာ ပြောလိုက်သည်။ "ငါ့အိမ်က မွေးထားတဲ့ ဝက်မကြီးကတောင် ဒီထက် ပိုတော်အုံးမယ်။"

ယင်းကျိုယိုက ရှန်သံ အနည်းငယ် ထိတွေ့နေသည့် နေရာကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။ "တူသိုင်းပေါင်း ထောင်ချီ၊ ပုံစံသွန်းလောင်းမှုပေါင်း သောင်းချီရှိပေမဲ့ အားလုံးက ပစ္စည်းတွေကို စိတ်ထဲမှာ တွေးထားတဲ့ ပုံစံအတိုင်း ရောက်အောင် ထုနှက်ချင်တာပဲ ဖြစ်တယ် ... မင်းက ဒီရှန်သံတွေကို ပေါင်းစပ်သွားစေချင်တာ ဆိုတော့ ဘယ်လို လုပ်ရမလဲ။"

အဘိုးအိုသည် ဟုန်ရှောင်ပေါင်ကို ဆေးဖော်နည်း သင်ပေးသည့် အချိန်ကဲ့သို့ပင် ဖြစ်၏။ ဟုန်ရှောင်ပေါင်ကို နားလည် သဘောပေါက်လာစေရန် သင်ကြားပေးခြင်း ဖြစ်ပြီး သိုင်းကွက်များကို သင်ကြားပေးခြင်း မဟုတ်ချေ။ တဖြည်းဖြည်းနှင့် ဟုန်ရှောင်ပေါင်၏ စိတ်ထဲတွင်လည်း ဉာဏ်အလင်းပွင့်မှု အနည်းငယ် ရရှိလာခဲ့သည် တူတစ်ချက်ချင်းစီတိုင်းကို အရေးကြီးသော နေရာများဆီသို့သာ တည့်တည့်မတ်မတ် ထုနှက်ချလိုက်သည်။

ဆရာကြီးကော်သည် ဟုန်ရှောင်ပေါင်၏ တူ ကျရောက်သည့် နေရာကို မြင်သောအခါ ရင်ထဲတွင် ချက်ချင်း တုန်လှုပ်သွား၏။ တူသိုင်းက တကယ်ကို ညံ့ဖျင်းလှသည် ဆိုပေမည့် ဤတူ ကျရောက်သည့် နေရာများက အလွန် စနစ်တကျ ရှိလှသည်ဖြစ်ရာ တိုက်ဆိုင်မှုများ ဖြစ်နေပါသာ်လား။

ဆိုင်ရှင်လီက မျက်လုံးကို အနည်းငယ် မှေးကျဉ်းကာ ရေရွတ်လိုက်၏။ "ဒါက …။"

ဟုန်ရှောင်ပေါင် တူထုနှက်ရာတွင် မည်သည့် စည်းကမ်း စနစ်တကျမှုမျှ မရှိကြောင်း သူ သတိထားမိပြီး ဖြစ်သည် ဆိုပေမည့် ထုနှက်လိုက်သော တူတစ်ချက်ချင်းစီတိုင်းက အရေးကြီးသော နေရာများ၌သာ ဖြစ်နေသည်။ ထိုအရာကို သူ၏ ခန္ဓာကိုယ်မှ ကြီးမားသော ခွန်အားနှင့် ပေါင်းစပ်လိုက်သောအခါ ထိုရှန်သံ တစ်ဆယ့်ကိုးခုမှာ တစ်ခုတည်းအဖြစ်သို့ အလျင်အမြန် ပြောင်းလဲနေသည်။

မကြာမီမှာပင် လူတိုင်းက သတိထားမိသွားကြ၏။

"ဒါက …။"

"ကောင်းကင်ဘုံ ... တကယ်ကို မြန်ဆန်တဲ့ အရှိန်အဟုန်ပဲ ... ရှန်သံကို ပုံစံသွန်းလောင်းတဲ့ နေရာမှာ ဒီလောက် မြန်ဆန်တဲ့ အရှိန်အဟုန်မျိုးကို ငါ တစ်ခါမှ မမြင်ဖူးဘူး။"

"ဟုတ်ပါရဲ့ ... ရှန်သံကို ထားလိုက်ပါအုံး၊ သာမန် ပစ္စည်းတွေတောင် ဒီလောက် မမြန်ဆန်နိုင်ဘူးလေ။"

"ဟား ဟား ဟား ဟား ...။"

ဟုန်ရှောင်ပေါင်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် တစ်ဖက်က တူထုနှက်ရင်း နောက်သို့ လှည့်ကြည့်ကာ ရယ်မော၍ ပြောလိုက်သည်။ "ခွန်အားတစ်ခုတည်းနဲ့ နည်းလမ်းပေါင်း သောင်းချီကို ဖြိုခွင်းနိုင်တယ်၊ ခွန်အားကြီးတာက ဒီအချက်မှာ ကောင်းတာပဲ ... ခင်ဗျားတို့လည်း ကျုပ်လိုမျိုး ခွန်အားမျိုး ရလာတဲ့အခါ ဘာကိုပဲ ထုနှက်ထုနှက် ဂျုံနယ်တာနဲ့ တူမနေဘူးလား။"

လူအုပ်ကြီးမှာ စကားစရှာမရ ဖြစ်သွားကြသော်ငြား ခွန်အားဟူသည့် အချက်အပေါ်တွင် သူတို့ တကယ်ပင် ဘာမျှ မပြောနိုင်ချေ။ ထို ဝေါင်းကနဲ အသံထွက်နေသည့် လေမှုတ်ဖိုက အရာအားလုံးကို သက်သေပြနေပြီ ဖြစ်ပြီး၊ အလျင်အမြန် ပေါင်းစပ်နေသော ရှန်သံကိုမူ ပြောစရာပင် မလိုတော့ချေ။

ထိုစဉ် စိတ်သဘောထား ကောင်းမွန်သည့် ပန်းပဲဆရာတစ်ဦးက စိုးရိမ်တကြီး သတိပေးလိုက်၏။ "သတိထား ... တူထုတဲ့ အချိန်မှာ တခြားနေရာတွေကို မကြည့်နဲ့။"

ဟုန်ရှောင်ပေါင်က စကားပြောလာသည့် ပန်းပဲဆရာကို လှမ်းကြည့်လိုက်သည်။ ယခုအခါ ပန်းပဲဆရာများအားလုံး သည် သူ၏ စိတ်ထဲတွင် သဘောထား တင်းမာသူများ ဖြစ်နေကြသည် ဆိုပေမည့် ဤလူကတော့ မဆိုးပေ။

လူအုပ်ကြီးမှာ ဟုန်ရှောင်ပေါင်၏ စကားကြောင့် ဆွံ့အသွားကြသည်။ ယခုအချိန်တွင် စိတ်ထဲ၌ လေးစားသွားကြသည် ဆိုသော်လည်း မည်သူကမျှ စကားတစ်ခွန်း မဟရဲကြချေ။

သို့သော်ငြား ဆိုင်ရှင်ချင်က စတင် ပြောဆိုလာ၏။ "ဆရာကြီးကော် .. ကျုပ် တူသိုင်းတစ်ခု အကြောင်းကို ကြားဖူးပါတယ်၊ အဲဒီ တူသိုင်းက ဘာစည်းကမ်း စနစ်တကျမှုမှ မရှိဘူး၊ ဒါပေမဲ့ အာနိသင်ကတော့ လောကကြီးက တခြား တူသိုင်းတွေ အားလုံးထက် သာလွန်ပြီး ရူးသွပ်မဟာ တူသိုင်းလို့ ခေါ်တွင်တယ် ... ဒီမိတ်ဆွေလေးရဲ့ တူသိုင်းက အဲဒီ တူသိုင်းနဲ့ တစ်ခုခု ဆက်စပ်မှုများ ရှိနေမလား မသိဘူးနော်။"

ကော်သိန်းထွန်း စကားမပြောရသေးမီမှာပင် အဘိုးက အနည်းငယ် အံ့အားသင့်သွားခဲ့၏။ "ဟော ... ဒီလို ခေါင်တဲ့ တောရွာလေးမှာတောင် ရူးသွပ်မဟာ တူသိုင်းကို သိတဲ့သူ ရှိနေတာလား။"

ဟုန်ရှောင်ပေါင်က ချက်ချင်းပင် မေးလိုက်သည်။ "ဒီရူးသွပ်မဟာ တူသိုင်းက အရမ်း အစွမ်းထက်တာလား။"

"မဆိုးဘူးလို့ ဆိုရမှာပေါ့ ... မင်းရဲ့ အခုတူသိုင်းက ဒီတူသိုင်းကနေ ဆင့်ပွား ပြောင်းလဲလာတာလို့ ပြောလို့ရတယ်။" အဘိုးအိုက ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်၏။

ကောယွမ်က ထပ်မံ ပြောလိုက်သည်။ "အာ ... ငါလည်း ... ကြားဖူးရုံလောက်ပါပဲ၊ တိတိကျကျတော့ မသိဘူး။"

သူလည်း အနည်းငယ် စိတ်ညစ်ညူးနေသည်။ ယနေ့ မေးလာသမျှ ပြဿနာပေါင်းများစွာထဲမှ တစ်ခုကိုမျှ သူ ရှင်းရှင်းလင်းလင်း မသိပါချေ။ သို့ပေမည့် လေယင် မြို့တော်၏ လက်နက် ပုံစံသွန်းလောင်းရေး လောကတွင် သူသည်သာ အာဏာပိုင် တစ်ဦးဖြစ်ရာ အခြားသူများက ပြဿနာ တစ်ခုခု ရှိလာသည်နှင့် သူ့ကိုသာ လာရောက် မေးမြန်းနေကြသဖြင့် အလွန် စိတ်ရှုပ်စရာ ကောင်းနေ၏။

တစ်ခဏ အကြာတွင် ရှန်သံ တစ်ဆယ့်ကိုးခုမှာ သံတုံး သံခဲ တစ်ခုတည်းအဖြစ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။ အရွယ်အစားမှာ သိပ်မကြီးမားဘဲ ဘဲငန်းဥ သုံးလုံးစာလောက်သာ ရှိသည်။

"တကယ်ကို အစွမ်းထက်တဲ့ ကိုယ်ကာယ ကြံ့ခိုင်မှုပဲ။"

"ဒီလူက ခံနိုင်ရည် တကယ် ကောင်းတာပဲ။"

ပန်းပဲဆရာများက တစ်ဖန် တိုးတိုးတိတ်တိတ် ရေရွတ်လိုက်ကြပြန်သည်။ သံထုခြင်းသည် ခွန်အားကို အကုန်ဆုံးစေဆုံး ဖြစ်သည်။ ထို့ကြောင့်ပင် ပန်းပဲဆရာများသည် ခွန်အား အကြီးမားဆုံးသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းရှင်များ ဖြစ်ကြ၏။

ဟုန်ရှောင်ပေါင်၏ ယခု လုပ်ဆောင်မှုမျိုးကို သူတို့သာ လုပ်ဆောင်ရမည် ဆိုပါက အနည်းဆုံး လူခြောက်ဦးလောက် အလှည့်ကျ လုပ်ဆောင်မှသာ ရနိုင်ပေမည်။

သို့ပေမည့် ဟုန်ရှောင်ပေါင်ကမူ လူတစ်ယောက်တည်းနှင့် အပြီးသတ် လုပ်ဆောင်နိုင်ခဲ့ပြီး၊ ခွန်အားများ ပိုလျှံနေသေးသည့် အသွင်အပြင်လည်း ရှိနေသေးသည်။

"ဒီကိုယ်ကာယ ကြံ့ခိုင်မှုက တကယ်ကို ပြောစရာ မလိုတော့ဘူး။"

"ဒီသခင်လေးက အိမ်တော်ကြီး တစ်ခုခုက သခင်လေး ဖြစ်လောက်တယ် ... အရမ်း နက်နဲတဲ့ သိုင်းပညာရပ်တွေကို ကျင့်ကြံထားတာ ဖြစ်ရမယ်။"

ဟုန်ရှောင်ပေါင်က သူတို့ကို ဂရုမစိုက်ချေ။ ယခုအခါ အတွေ့အကြုံနှင့် ယုံကြည်မှု ရရှိသွားပြီ ဖြစ်ရာ ကျန်ရှိနေသော ရှန်သံများ အားလုံးကို လက်နက် ပုံစံသွန်းလောင်းသည့် စင်မြင့်ပေါ်သို့ ထည့်သွင်းလိုက်သည်။

ဤတစ်ကြိမ်၌ လက်နက် ပုံစံသွန်းလောင်းသည့် စင်မြင့်ပေါ်တွင် ပြည့်ကျပ်သွားသည်အထိ ထည့်သွင်းလိုက်သည့်တိုင် မည်သူကမျှ ဖြုန်းတီးခြင်း ဟူသည့် စကားများကို ထပ်မံ မပြောဆိုကြတော့ပေ။

စောစောက မရိုမသေ ပြောဆိုခဲ့သူများမှာ ယခုအခါ မျက်နှာ အနည်းငယ် ပူထူနေကြပြီ ဖြစ်၏။ ဟုန်ရှောင်ပေါင်၏ တူသိုင်းမှာ အလွန် ကြည့်ရဆိုးလှသည် ဆိုပေမည့် သူတို့နှင့်သာ လူလဲ လုပ်ဆောင်ရမည် ဆိုပါက ဤအခြေအနေအထိ ရောက်အောင် လုံးဝ လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း ကိုယ့်ကိုယ်ကိုယ် သုံးသပ်မိနေကြ၏။

ထိုအချိန်တွင် ဟုန်ရှောင်ပေါင်၏ အပြုအမူကို မြင်သောအခါ လူအုပ်ကြီးမှာ အနည်းငယ် ကြက်သီးမွေးညင်း ထသွားကြသည်။

"သူ အနားလေး ဘာလေး မယူတော့ဘူးလား။"

"သူက နောက်တစ်ဖို ထပ်ပြီး ပုံစံသွန်းလောင်းမလို့လား။"

"ဒါ ရူးနေတာပဲ ဖြစ်ရမယ်။"

ဝေါင်း … ဝေါင်း …။

ဟုန်ရှောင်ပေါင်က လေမှုတ်ဖိုကြီး နှစ်ခုကို တိုက်ရိုက်ပင် ထပ်မံ ဆွဲတင်လိုက်သဖြင့် မီးဖိုတွင်းမှ မီးတောက်ကြီးများ ချက်ချင်း ထွက်ပေါ်လာပြန်၏။

ကောင်းကင်တစ်ပြင်လုံး ပြည့်နှက်နေသည့် မီးပွားများအောက်တွင် ဟုန်ရှောင်ပေါင်က အဋ္ဌမမြောက် မီးတောက် အစီအရင်ကို လှုံ့ဆော်လိုက်သည်။ ဤအရာမှာ နောက်ဆုံး မီးတောက် အစီအရင်လည်း ဖြစ်၏။ အဘိုး ပြောသည့်အတိုင်း ဤထက် ပိုများလာပါက ဤလက်နက် ပုံစံသွန်းလောင်းသည့် စင်မြင့်ကြီး ခံနိုင်ရည် ရှိတော့မည် မဟုတ်ချေ။

ဤအချိန်ရောက်မှသာ ဟုန်ရှောင်ပေါင်သည် မီးတောက်အစီအရင်၏ အစွမ်းထက်မှုကို နက်နက်ရှိုင်းရှိုင်း သဘောပေါက် နားလည်သွားခဲ့၏။ မူလက အကန့်အသတ်မဲ့ ထပ်ဆင့်ခြင်း ဟူသော စကားလုံး လေးလုံးအပေါ် သူ၏ နားလည်မှုမှာ မနက်ရှိုင်းခဲ့ပေ။

သို့သော်ငြား မီးတောက်အစီအရင် ရှစ်ခုတည်းနှင့်ပင် ဤမျှလောက် အပူချိန်အထိ ရောက်ရှိနေပြီဆိုပါက ဆယ်နှင့်ချီ၊ ရာနှင့်ချီ၊ ထောင်နှင့်ချီ၍ ရှိလာသော အချိန်တွင် မည်သည့် အခြေအနေအထိ ရောက်ရှိသွားမည်နည်း။

မီးတောက်အစီအရင်များသည် အရေအတွက် တစ်ခုအထိ ရောက်ရှိသွားသော အချိန်တွင် တောင်တန်းများကို မီးရှို့ပြီး သမုဒ္ဒရာများကို ဆူပွက်သွားစေနိုင်လောက်သည်အထိ တကယ်ပင် ဖြစ်လာနိုင်သည်လား။

ယင်းကျိုယိုက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်၏။ "ဒါကတော့ သေချာတာပေါ့ ... ရှေးခေတ် မီးဝိညာဉ် မျိုးနွယ်စုတွေက ဒါကိုပဲ အကြီးမားဆုံး အားကိုးရာအဖြစ် သတ်မှတ်ခဲ့ကြတာ၊ တကယ်လို့ နောက်ဆုံး တိုက်ပွဲမှာ တစ်ဖက်က ပုဂ္ဂိုလ်ကျော်ကြီး တစ်ဦးကို ဖိတ်ခေါ်ပြီး ဒဏ္ဍာရီထဲက ကမ္ဘာပျက် နှင်းမုန်တိုင်း အစီအရင်ကြီးကို မချမှတ်ခဲ့ဘူး ဆိုရင် ယခုလက်ရှိ အင်ပါယာကြီး လေးခုက အပြောင်းအလဲတွေ ဖြစ်သွားလောက်ပြီ ... မင်းလို ကောင်လေးအတွက်တော့ လက်နက် ပုံစံသွန်းလောင်းတဲ့ နေရာမှာ အခက်ခဲဆုံး ဖြစ်တဲ့ အပူချိန်အဆင့်ကို ဒီလောက် လွယ်လွယ်ကူကူနဲ့ ဖြတ်ကျော်သွားနိုင်ခဲ့တာပဲ။"

ဟုန်ရှောင်ပေါင်က ဤပြောစကားကို အလွန် လက်ခံသဘောကျသွားသည်။ သို့နှင့် ပြောလိုက်သည်။ "အဓိပ္ပာယ် ရှိလိုက်တာ .. ဟဲဟဲ…”

သူက တစ်ဖက်မှ လေမှုတ်ဖိုကို ဆွဲနေသည်။ အမှန်တကယ်တော့ သူ လေမှုတ်ဖို ဆွဲနေခြင်းမှာ သတ်သတ် ဟန်လုပ် သရုပ်ဆောင်နေခြင်းသာ ဖြစ်ပြီး မီးဖိုတွင်းမှ အပူချိန်မှာ မီးဖိုအစီအရင်အပေါ် မှီခို၍ ထိန်းသိမ်းထားခြင်း ဖြစ်ရာ လေမှုတ်ဖိုနှင့် သိပ်ပြီး ကြီးမားသော ပတ်သက်မှု မရှိချေ။

ပတ်ဝန်းကျင်ရှိ ပန်းပဲဆရာများမှာ ယခုအချိန်တွင် တကယ်ပင် လက်ခံ အရှုံးပေးသွားကြ၏။

ဤကိုယ်ကာယ ကြံ့ခိုင်မှုက တကယ်ကို အဓိပ္ပာယ် မရှိလွန်းလှပေ။ မီးပြာ လေမှုတ်ဖိုကို တစ်ချက် ဆွဲလိုက်တိုင်း ကျပ်သားရာနှင့်ချီသော ခွန်အား လိုအပ်ပြီး သူတို့အားလုံးမှာ သွေးနှင့်ချီ ခွန်အားနယ်ပယ်မှ ကျင့်ကြံသူများ ဖြစ်ကြသည် ဆိုလျှင်တောင် အစွမ်းကုန် အားထုတ် ဆွဲလျှင် အများဆုံး နံ့သာတိုင် တစ်တိုင်စာ အချိန်လောက်သာ တောင့်ခံနိုင်ကြမည် ဖြစ်သည်။

ဟုန်ရှောင်ပေါင်မှာမူ …

"တောက် ... မိုးတောင် ချုပ်သွားပြီပဲ။"

လူအုပ်ကြီးမှာ ဟုန်ရှောင်ပေါင်၏ အပြုအမူကို အာရုံစူးစိုက်၍ ကြည့်နေကြရာ ယခု ခေါင်းမော့ကြည့်လိုက်တော့မှ ကောင်းကင်ကြီး မှောင်မိုက်နေပြီ ဖြစ်ကြောင်း သတိထားမိသွားကြသဖြင့် ပို၍ပင် ထိတ်လန့် တုန်လှုပ်သွားကြသည်။

ဤသို့ဆိုလျှင် ဟုန်ရှောင်ပေါင်သည် အနည်းဆုံး တစ်ဆက်တည်း နာရီပေါင်း အတော်ကြာ လုပ်ဆောင်နေခဲ့သည် မဟုတ်ပါလား။

မြည်းတစ်ကောင်မှာပင် ဤမျှလောက်သော ခံနိုင်ရည် မရှိနိုင်ချေ။

All Chapters