အခန်း ၇၅
Vol. 7 Ch. 75
အပိုင်း (၇၅) ဒယ် … ဒယ်အိုးကြီးတဲ့လား။
နောက်ဆုံးတွင် အရာအားလုံး ပြင်ဆင်ပြီးစီးသွားသောအခါ ဟုန်ရှောင်ပေါင်က ရှန်သံများကို တစ်ခုပြီးတစ်ခု တစ်ဖန် ထုတ်ယူကာ ဘုန်း၊ ဘုန်း ဟူသော အသံကျယ်ကြီးများနှင့်အတူ ထုနှက်ခြင်းကို စတင်လိုက်ပြန်၏။
ဤမျှလောက် များပြားလှသည့် လိမ္မော်ရောင် ရှန်သံများကို သံပေတုံး တစ်ခုတည်းအပေါ်တွင် တင်၍ ထုနှက်ခြင်းမှာလည်း အလွန် ရှားပါးလှသော ကိစ္စတစ်ခု ဖြစ်သည်။ လူတိုင်းသည် ပန်းပဲဆရာများ ဖြစ်ကြရာ စိတ်ဝင်တစားဖြင့် အရသာခံ ကြည့်ရှုနေကြပြီး လူအများအပြားမှာ လက်ယားလာသဖြင့် ဟုန်ရှောင်ပေါင်ဆီသို့ ချက်ချင်း သွားရောက် ကူညီပေးချင်စိတ်များပင် ပေါက်ဖွားလာကြသည်။
ကောင်းကင်ကြီး လုံးဝ မှောင်မိုက်သွားသည့် အချိန်အထိ ဆက်လက် လုပ်ဆောင်ပြီးမှသာ ဟုန်ရှောင်ပေါင်သည် ရှန်သံများ အားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစပ် ထုနှက်နိုင်ခဲ့၏။
နောက်သို့ ကျပန်း လှမ်းကြည့်လိုက်ရာ လူဆယ့်ကိုးဦး၊ နှစ်ဆယ်ဦးခန့် ရှိနေပြီး ခြံဝင်းအတွင်း၌ အုံခဲ ပြည့်ကျပ်နေသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် စိတ်ကြည်နူးစွာဖြင့် ပြောလိုက်သည်။ "ဟော ... လာပြီး ကြည့်ရှု လေ့လာတဲ့သူတွေက ဒီလောက်တောင် များနေတာလား။"
အသစ်ရောက်လာသူများမှာ ကြည့်ရှုလေ့လာသည် ဟူသော စကား၏ အဓိပ္ပာယ်ကို မသိကြသဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်။
ဟုန်ရှောင်ပေါင်က သူတို့ကို ဂရုမစိုက်ဘဲ တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပြီ ဖြစ်သည့် ရှန်သံကို မီးဖိုတွင်းသို့ တွန်းပို့လိုက်ပြီး လေမှုတ်ဖိုကို ဆွဲလိုက်၏။
ဝေါင်း … ဝေါင်း …။
ရူးသွပ် ပြင်းထန်သော မီးလျှံများက တစ်ဖန် မြင့်တက်လာပြန်သည်။
အရင်ကတည်းက ကြည့်နေသူများမှာ ထုံကျဉ်နေကြပြီ ဖြစ်သော်ငြား အသစ်ရောက်လာသူများမှာမူ ထပ်မံ၍ ထိတ်လန့် အံ့ဩခြင်းများ စတင်လာကြ၏။
"ကောင်းကင်ဘုံ ... တကယ်ကို ကြီးမားတဲ့ ခွန်အားပါလား။"
"ဒီလက်မောင်း ခွန်အားက အနည်းဆုံး ကျပ်သား ထောင်နဲ့ချီပြီး ရှိလောက်တယ်။"
အရင်တည်းက ကြည့်နေသူ တစ်ဦးက ကိုယ်ကိုယ်ကိုယ် ဟုန်ရှောင်ပေါင်ဘက်မှ လူတစ်ဦးအဖြစ် ထင်မှတ်သွားပုံရကာ လျှို့ဝှက်ဆန်းကြယ်သည့် အသံဖြင့် ပြောလိုက်သည်။ "ဒါက ဘာမှ မဟုတ်သေးဘူး ... ခင်ဗျားတို့ ဆက်ကြည့်နေလိုက်၊ အံ့ဩစရာ ကောင်းတာတွေက နောက်မှာ ကျန်သေးတယ်။"
နံ့သာတိုင် တစ်တိုင်စာ မြင့်မားသော အပူချိန်ကို ဖြတ်ကျော်ပြီးသည့်နောက် ဟုန်ရှောင်ပေါင်က လိမ္မော်ရောင် ဖြစ်သွားပြီ ဖြစ်သည့် ရှန်သံကို ထပ်မံ ထုတ်ယူလိုက်၏။ ယခုအချိန်ကား အမှန်တကယ် ပုံစံသွန်းလောင်းရမည့် အချိန်ပင် ဖြစ်၏။
ထို့နောက် ရှန်သံတုံးကို သံပေတုံးပေါ်သို့ တင်လိုက်ကာ ဒေါင်၊ ဒေါင် ဟူသော အသံကျယ်ကြီးများနှင့်အတူ နောက်ထပ် ပုံစံသွန်းလောင်းခြင်း တစ်ခုကို စတင်လိုက်ပြန်သည်။
ဒေါင် …။
တူတစ်ချက် ထုနှက်လိုက်သည်နှင့် တစ်ပြိုင်နက် လေးလံသော အသံတစ်ခု ထွက်ပေါ်လာပြီး ခြံဝင်းတစ်ခုလုံးပင် အနည်းငယ် တုန်ခါသွားသည်။ သံပေတုံးကြီး အောက်မှ ဖုန်မှုန့် သိမ်မွေ့လေးများ လွင့်ပျံ ထွက်ပေါ်လာ၏။
ဒေါင် … ဒေါင် …။
"ကောင်းကင်ဘုံ ... ဒီအစ်ကိုကြီးက အနားလေး ဘာလေး ယူဖို့ စိတ်ကူး မရှိဘူးလား။"
"ဒီလောက်ဆို လူကို သေလုမတတ် ပင်ပန်းစေတော့မှာပဲ။"
အသစ်ရောက်လာသူများ အားလုံးမှာ အံ့ဩ တုန်လှုပ်နေကြသည်။
ဟုန်ရှောင်ပေါင်၏ တူသိုင်းမှာ မည်သည့် စည်းကမ်း စနစ်တကျမှုမျှ မရှိဟု တိတ်တဆိတ် ထင်မြင်နေသူ အချို့သည်ပင် လူအများအပြား အသံမထွက်သည်ကို မြင်သောအခါ ထူးဆန်းသည့် အခြေအနေ ရှိနေကြောင်း သိရှိသွားကြသဖြင့် ဘာစကားမျှ ဝင်ရောက် မပြောဆိုကြတော့ပေ။
အရင်တည်းက ကြည့်နေသူ တစ်ဦးက ယာယီ ရှင်းလင်းပြောကြားသူ တာဝန်ကို ယူလိုက်၏။ "ခင်ဗျားတို့ ဒီလူရဲ့ တူသိုင်းကို သေသေချာချာ ကြည့်ထားကြ ... အရမ်း ရှုပ်ထွေးနေပြီး ဘာစည်းကမ်း စနစ်တကျမှုမှ မရှိဘူးလို့ ထင်ရပေမဲ့ ထုနှက်လိုက်တဲ့ တူတစ်ချက်ချင်းစီတိုင်းက အရေးကြီးတဲ့ နေရာတွေမှာပဲ ဖြစ်နေတယ် … ဆိုင်ရှင်လီ ပြောပြချက်အရဆိုရင် ဒါက နာမည်ကြီးကျော်ကြားလှတဲ့ ရူးသွပ်မဟာ တူသိုင်း နဲ့ ဆက်စပ်နေဖို့ အရမ်း များတယ်။"
သူ ပြောစရာ မလိုဘဲ ပန်းပဲဆရာများ အားလုံးလည်း ခြားနားချက်ကို ချက်ချင်း မြင်တွေ့သွားကြသည်။
အခြားအရာများကို မပြောဆိုပါနှင့်ဦး၊ ဤအလွန် ခိုင်ခံ့ မာကျောလှသော ရှန်သံသည်ပင် ဟုန်ရှောင်ပေါင်၏ လက်ထဲတွင် အလျင်အမြန် ပုံစံ ပေါ်လာနေ၏။
သို့သော်ငြား …။
လူအုပ်ကြီး၏ မျက်နှာများမှာ အနည်းငယ် ထူးဆန်းနေကြသည်။ ပုံစံ ပေါ်လာနေသော ထိုအရာကို ကြည့်ရင်း မည်သည့် ထူးဆန်းသော လက်နက်မျိုး ဖြစ်ကြောင်းကို သူတို့ တကယ်ပင် မသိနိုင်ကြပါချေ။
"ဒီလူက ဘယ်လို ထူးဆန်းတဲ့ လက်နက်မျိုးကို ပြုလုပ်မလို့လဲ မသိဘူးနော် ... တူနဲ့လည်း တူသလို ဒိုင်းနဲ့လည်း တူနေတယ် … မိတ်ဆွေတို့အထဲက ဘာလဲဆိုတာ သတိထားမိတဲ့သူ ရှိလား။"
"မသိဘူး ... ဪ .. ကျန်းလီ … ခင်ဗျားက လက်နက်တွေအကြောင်း တော်တော်လေး နားလည်တယ် မဟုတ်လား၊ ဒါက ဘာလဲ။"
"ဒီပုံစံက တကယ်ကို နည်းနည်း ထူးဆန်းနေတယ် ... ကျုပ်လည်း လက်နက် အတော်များများ အကြောင်းကို သိပေမဲ့ ဒီလို ပုံစံမျိုးနဲ့ တူတာကိုတော့ တစ်ခါမှ မမြင်ဖူးဘူး။"
လူတစ်ဦးက နောက်ဆုံးတွင် မခံမရပ်နိုင်တော့ဘဲ စကားစ ပြောလိုက်၏။ "ကျုပ် ကြည့်ရတာတော့ … ဒယ်အိုးနဲ့ တူမနေဘူးလား။"
လူအုပ်ကြီးမှာ ချက်ချင်းပင် စကားစ ရှာမရ ဖြစ်သွားကြသည်။
ဟုတ်ပေ၏၊ ဒယ်အိုးနှင့် တူနေပေသည်။ ဤအရာက ဒယ်အိုးနှင့် တူနေကြောင်း လူတိုင်းက သတိထားမိကြသည် ဆိုသော်ငြား သေချာပေါက် ထူးဆန်းသော လက်နက် တစ်မျိုးမျိုး ဖြစ်ရမည် မဟုတ်ပါလား။ ရှန်သံကို အသုံးပြုပြီး ဒယ်အိုး လုပ်ခြင်းလား။ ထိုသို့ဆိုလျှင် တောင်ဝှေး ပြုလုပ်တာကမှ ပိုကောင်းဦးမည်။ ဟုတ်ပေသည်၊ ထိုလုပ်ရပ်က ဦးနှောက်မရှိသည့် အရူးလုပ်ရပ်ပင် ဖြစ်၏။
"ဟား ဟား ဟား ဟား ... ခင်ဗျားကမှ ရယ်စရာ ကောင်းနေတာ၊ တစ်ယောက်ယောက်က ရှန်သံကို အသုံးပြုပြီး ဒယ်အိုး လုပ်လိမ့်မယ်လို့ ထင်နေတာလား။"
"ဟီးဟီး ... ဟုတ်သားပဲ။"
ထိုသူက ဦးခေါင်းကို ပွတ်သပ်ကာ အနည်းငယ် ရှက်ရွံ့သွား၏။ ဦးနှောက် အလုပ်လုပ်ပုံ အနည်းငယ် ပုံမှန်ဖြစ်သူ မည်သူမဆိုသည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေပြီး၊ နတ်ဘုရားနှင့် သရဲတစ္ဆေများကို ငိုကြွေးသွားစေနိုင်သည့် ဤသို့သောကိစ္စမျိုးကို ဘယ်လိုမျှ လုပ်ဆောင်မည် မဟုတ်ချေ။
သို့သော်ငြား လူအုပ်ကြီးမှာ အလျင်အမြန်ပင် တိတ်ဆိတ်သွားကြပြန်သည်။
ဝန်မခံချင်ကြသော်ငြား တကယ်ကို ဒယ်အိုး တစ်လုံးနှင့် တဖြည်းဖြည်း ပိုတူလာပြီ မဟုတ်ပါလား။
ဒါက ဘာအဓိပ္ပာယ်မှ မရှိဘူးလေ။
လူအုပ်ကြီး အကြားရှိ အငြင်းပွားမှုများမှာလည်း တဖြည်းဖြည်း ပိုမို ပြင်းထန်လာခဲ့ပြီး သိသာထင်ရှားစွာပင် အုပ်စုနှစ်စု ကွဲသွားကြ၏။ "ဒါက ဒယ်အိုး မဟုတ်လို့ ဘာလဲ" ဟူသော အုပ်စုနှင့် "ဘယ်လို စိတ်ရောဂါသည်က ရှန်သံကို သုံးပြီး ဒယ်အိုး လုပ်မှာလဲ" ဟူသော အုပ်စုတို့ပင် ဖြစ်သည်။
"ဒါက ဒယ်အိုး မဟုတ်ရင် ဘာလဲ။"
"ဟား ... ဟား … လွန်ခဲ့တဲ့ နှစ်အတော်ကြာအတွင်း လေယင် မြို့တော်မှာ ကုန်ကြမ်းပစ္စည်း အများဆုံး အသုံးပြုထားတဲ့ လက်နက်က ဒယ်အိုး တစ်လုံးပါလို့ မင်း ငါ့ကို ပြောချင်နေတာလား။"
"အာ ... အစ်ကိုကြီး ... အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်၊ အရမ်း ရိုင်းပြတယ် ဆိုပေမဲ့ တစ်ခွန်းလောက်တော့ မေးချင်ပါသေးတယ် ... အစ်ကိုကြီးက အခု ... ဒယ်အိုး လုပ်နေတာလား။"
ဟုန်ရှောင်ပေါင်၏ ပျော်ရွှင်မှုမှာ လူအုပ်ကြီး၏ အငြင်းပွားမှုများအကြား အစောကြီးတည်းက ပြာမှုန်များကဲ့သို့ လွင့်စဉ် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ ယခုအချိန်တွင် သူသည် တကယ်ပင် မျှော်လင့်ချက် အားလုံး ကင်းမဲ့သွားခဲ့ပြီ ဖြစ်သည်။ သူ၏ မျက်နှာမှာ အစောကြီးကတည်းက မီးခိုးရောင်အဖြစ်သို့ ပြောင်းလဲနေခဲ့ပြီ ဖြစ်၏။
သို့ပေမည့် သူက ကြိုးကြိုးစားစားဖြင့် အလွန် ချုပ်တည်း၍ ယဉ်ကျေးစွာ ပြောလိုက်သည်။ "အင်း … ဟုတ်တယ် ... ဒါက ဒယ်အိုး တစ်လုံးပဲ။"
နောက်ဆုံးတွင် သိမ်မွေ့သော အသံဖြင့် ဖြည့်စွက် ပြောလိုက်သည်။ "ရိုးရိုးတောင် မဟုတ်ဘူး။ ဒယ်အိုးပြားကြီး။"
လူတိုင်း ဆွံ့အ ကြက်သီးမွေးညင်း ထသွားကြ၏။
"ဒယ် … ဒယ်အိုးပြားကြီးတဲ့လား။"
"ဘာတွေ လာနောက်နေတာလဲ။"
"ကျပ်သား ရာနဲ့ချီတဲ့ ရှန်သံနဲ့ ဒယ်အိုးပြားကြီး လုပ်လိုက်တာလား။"
"မင်း ဒယ်အိုးပြားကြီး လုပ်လိုက်တာလား။"
ဤအရာက တစ်နေ့လျှင် ခရီး မိုင်တစ်ထောင် သွားနိုင်သော မြင်းကောင်းတစ်ကောင်ကို ကြိတ်ဆုံ ဆွဲခိုင်းခြင်းနှင့် ဘာ ကွာခြားမည်နည်း။ မဟုတ်သေးပေ၊ ဤထက် ပို၍ပင် လွန်ကဲလွန်းလှချေ၏။
အသက်အရွယ် ရင့်ကျက်သည့် ပန်းပဲဆရာများမှာ သက်ပြင်းရှည်ကြီးများကို ဟူးခနဲ ချလိုက်ကြသည်။ တစ်ဆက်တည်း ညည်းတွားလိုက်ကြသည်။ "အရမ်း ဖြုန်းတီးတာပဲ ... ဒါ ... ဒါ အရမ်း ဖြုန်းတီးလွန်းတယ် ... ဟူး၊ ဟူး … ဘာလို့ ဒီလို ဖြစ်ရတာလဲ။"
သူတို့ ပြောချင်သမျှ စကားများ အားလုံးမှာ ဟူး ဟူသော သက်ပြင်းချသံ တစ်လုံးတည်းအဖြစ် စုစည်းသွားခဲ့သည်။ ထိုအထဲတွင် လွန်စွာ ခါးသီး နာကျင်ရသည့် ခံစားချက်များ ပါဝင်နေပြီး ဟုန်ရှောင်ပေါင်က သူတို့၏ ပစ္စည်းများကို ဖျက်ဆီး ဖြုန်းတီးလိုက်သည့်အတိုင်း ဖြစ်နေသည်။ ခံစားနေရ၏။
တစ်ချို့ဆိုလျှင် ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံးပင် တုန်ယင်နေကြသည်။ ပန်းပဲဆရာများ၏ အမြင်တွင် ရှန်သံဟူသည် ရတနာ တစ်ပါးပင် ဖြစ်၏။ မြတ်နိုးတန်ဖိုးထား၍ ကိုးကွယ်ထားရမည့် ရတနာမျိုး ဖြစ်သည်။
သို့သော်ငြား ယခုအခါတွင်မူ တစ်ယောက်ယောက်က ဤသို့သော ရတနာမျိုးကို အသုံးပြု၍ ဒယ်အိုး တစ်လုံး လုပ်လိုက်၏။
ပန်းပဲဆရာ တစ်ဦးက ဟုန်ရှောင်ပေါင်ကို လက်ညှိုးထိုးကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "မင်းမှာ ဦးနှောက် ရောဂါ ရှိနေတာလား ... မင်း ရူးနေတာလား။"
"အဲဒီ ဒယ်အိုးကို ရှန်သံနဲ့ လုပ်ထားတာလို့ မင်း ပြောချင်တာလား။"
ဤခြံဝင်းအတွင်းသို့ ဆက်တိုက် ဝင်ရောက်လာသူများအထဲတွင် ပန်းပဲဆရာ မဟုတ်သူများလည်း ပါဝင်နေသည်။ သူတို့သည် ပန်းပဲဆရာများကဲ့သို့ စိတ်ခံစားချက်မျိုး မရှိကြသော်လည်း ရှန်သံ၏ တန်ဖိုးကိုမူ သဘာဝကျစွာပင် သိရှိထားကြသည်။ ထို့ကြောင့် အံ့ဩတကြီး ရေရွတ်လိုက်ကြ၏။ "ကျပ်သား ရာနဲ့ချီတဲ့ ရှန်သံကို ကျင့်ကြံသူတွေရဲ့ လက်ထဲကနေ အတင်းအကျပ် လုယူသိမ်းဆည်းမယ် ဆိုရင်တောင် အနည်းဆုံး ဝိညာဉ်ကျောက်တုံး နှစ်ထောင် ငါးရာလောက် တန်ကြေးရှိတယ်၊ ကောင်းကင်ဘုံ ... ဒီကောင်က တကယ်ကို လက်ဖွာတာပဲ။"
"လက်နက် တစ်လက် လုပ်ဖို့အတွက် ဝိညာဉ်ကျောက်တုံး နှစ်ဆယ်၊ သုံးဆယ်လောက် သုံးနိုင်ရင်ကို အရမ်း ဇိမ်ခံတာ ဖြစ်နေပြီ၊ သူ ... သူက ဒီလောက်များတဲ့ ဝိညာဉ်ကျောက်တုံးတွေကို သုံးပြီး ဒယ်အိုး တစ်လုံး လုပ်လိုက်တာလား။"
"ဒါက လက်ဖွာတာ မဟုတ်ဘူး ... ဒါက မျိုးဆက်ကို ဖျက်ဆီးမဲ့ကောင်ပဲ။"
ဟုန်ရှောင်ပေါင်က ဒေါသတကြီးဖြင့် ရယ်မောလိုက်၏။ "ဟားဟား … ဒါက ဘာဖြစ်တာမို့လို့လဲ။"
သူ လုပ်ချင်တာ လုပ်တာ အခြားသူတို့နှင့် ဘာဆိုင်သနည်း၊ ဤနေရာတွင် လာပြီး အလကား ဝင်ရောက် စွက်ဖက်နေကြသေးသည်။ ထို့ကြောင့် တမင်သတ်သတ် ကောက်ကျစ်စွာ ပြုံး၍ ပြောလိုက်သည်။ "အပေါင်းအသင်းတို့ ... ဆင်းရဲမွဲတေမှုက ခင်ဗျားတို့ရဲ့ စိတ်ကူးဉာဏ် စွမ်းရည်ကို ကန့်သတ်ထားတာပဲ၊ ကျုပ် အိမ်က မြင်းစာခွက်ကိုတောင် ရှန်သံနဲ့ လုပ်ထားတာ ဟေ့ ... ဒီဒယ်အိုးက ခင်ဗျားတို့အတွက် တစ်သက်လုံး ရှာဖွေလို့ မရနိုင်တဲ့အရာ ဖြစ်ပေမဲ့ ကျုပ်အတွက်ကတော့ ... ဟား ဟား ဟား …။"
ဟုန်ရှောင်ပေါင်က ရယ်ကာမောကာဖြင့် ပြောလိုက်၏။ "တစ်လ၊ နှစ်လစာ မုန့်ဖိုးလောက်ပါပဲ။"
"မင်း။"
"မင်း …။"
လူအုပ်ကြီးမှာ စကားစ ရှာမရ ဖြစ်သွားကြသော်လည်း အနည်းငယ်မျှပင် ပြန်လည် မချေပနိုင်ကြချေ။ ထို "ဆင်းရဲမွဲတေမှုက ခင်ဗျားတို့ရဲ့ စိတ်ကူးဉာဏ် စွမ်းရည်ကို ကန့်သတ်ထားတာပဲ" ဟူသော စကားတစ်ခွန်းက တကယ်ကို ရင်ဘတ်ကို လာဆောင့်ထိုးလိုက်သကဲ့သို့ နာကျင်စေသည်။
ဤနေရာတွင် ရှိနေသော လူအုပ်ကြီး၏ ကိုးဆယ်ရာခိုင်နှုန်းကျော်မှာ တစ်လလျှင် ဝိညာဉ်ကျောက်တုံး ဆယ်ခုသာ ရရှိသည့် လစဉ် ထောက်ပံ့ကြေး၏ ညှဉ်းပန်းနှိပ်စက်မှုကို အကြီးအကျယ် ခံနေရသူများ ဖြစ်ကြရာ ဟုန်ရှောင်ပေါင်၏ အပြုအမူကို တကယ်ပင် လုံးဝ မခံစားနိုင်ကြပေ။
ယင်ကောင် မြိုချလိုက်ရသကဲ့သို့ ဖြစ်နေသော လူအုပ်ကြီး၏ မျက်နှာ အမူအရာများကို ကြည့်ရင်း ဟုန်ရှောင်ပေါင်၏ စိတ်ထဲတွင် အလွန် ကျေနပ် ပျော်ရွှင်သွားခဲ့၏။
ဤသဘောထား တင်းမာသည့် လူတစ်စုသည် တစ်နေ့ကုန် အဆက်မပြတ် ဝင်ရောက် စွက်ဖက်နေကြသဖြင့် အလွန် စိတ်ရှုပ်စရာ ကောင်းခဲ့သည်။ ယခုတော့ သူ တစ်ပွဲ ပြန်လည် အနိုင်ရရှိခဲ့လေပြီ။
ရုတ်တရက် အဘိုး၏ အသံ ထွက်ပေါ်လာသည်။ "သတိထားတော့ ... မီးလျှံနဲ့ ရှန်သံ ပေါင်းစပ်မှုကို စတင်တော့မယ်။"