အခန်း ၇၆
Vol. 7 Ch. 76
အခန်း (၇၆) - ဒယ်အိုး ဖန်တီးခြင်း။
“သတိထား... မီးနဲ့ သံမဏိ ပေါင်းစပ်တော့မယ်။”
အဘိုးကြီး ယင်းကျိုယို၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။
“ဟင် .. မီးနဲ့ သံမဏိ ပေါင်းစပ်တယ် ဟုတ်လား။”
ရှောင်ပေါင် ကြောင်သွားမိ၏။ ဤအကြောင်းကို အဘိုးကြီးက အစောပိုင်းတွင် မပြောပြခဲ့ဖူးချေ။
“ပစ္စည်းတိုင်းမှာ သူ့ရဲ့ သဘာဝ ရှိတယ်ကွ။ တချို့က ဆန့်ကျင်ဘက် ဖြစ်တယ်... တချို့က လိုက်ဖက်ညီတယ်။ တချို့ပစ္စည်းတွေက မီးနဲ့ လိုက်ဖက်တယ်... တချို့က စက်ကွင်းနဲ့ လိုက်ဖက်တယ်။”
အဘိုးကြီးက ရှောင်ပေါင်ကို လက်နက် ဒယ်အိုး ထုလုပ်ရာတွင် လမ်းညွှန်ရင်း ရှင်းပြနေသည်။
“သံမဏိ ဆိုတာ အပူဒဏ် အရမ်းခံနိုင်တဲ့ ပစ္စည်းမျိုး။ ဒါကြောင့် ငါတို့က သူ့ရဲ့အတွင်းပိုင်းမှာ စက်ကွင်း တစ်ခု ထွင်းထုထားလို့ ရတယ်။ အဲဒီလို လုပ်လိုက်ရင် မီးတောက် စက်ကွင်း နဲ့ သံမဏိ ဒယ်အိုး က တစ်သားတည်း ဖြစ်သွားပြီး နောက်နောင် မင်း ဟင်းချက်တဲ့အခါ စွမ်းဆောင်ရည်က နှစ်ဆ၊ သုံးဆ တိုးလာလိမ့်မယ်။”
“ဝိုး... ကောင်းတယ်။”
ရှောင်ပေါင် ဝမ်းသာသွားသည်။ သို့ပေမည့် ချက်ချင်း ပြန်လှည့်မေးလိုက်၏။
“နေပါအုံး…. အဘိုးကြီး... သံမဏိရဲ့ အတွင်းပိုင်းမှာ စက်ကွင်း ထွင်းမယ် ဟုတ်လား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
ပုံမှန်ဆိုလျှင်တော့ မဖြစ်နိုင်ဘူး ဟု အော်မိမှာ သေချာသည်။ သို့ပေမည့် အဘိုးကြီး ယင်းကျိုယိုက မဖြစ်နိုင်သည်ကို ခိုင်းလေ့မရှိမှန်း သိထားသောကြောင့် စကားကို ပြန်ထိန်းလိုက်ရသည်။
“ငါက မင်းရဲ့ အရည်အချင်းကို ကောင်းကောင်း သိတာပေါ့။”
ယင်းကျိုယိုက နှာခေါင်းရှုံ့လိုက်သည်။ “မင်းကို ထွင်းခိုင်းနေတာ မဟုတ်ဘူး... ဒယ်အိုးကို မီးဖိုထဲ ပြန်ထည့်လိုက်။ ပြီးရင် ငါ ပြောတဲ့အတိုင်း လုပ်... မီးတောက် စက်ကွင်းက သူ့အလိုလို ထွင်းထုပေးသွားလိမ့်မယ်။”
“ဪ... ဒီလိုလား။”
ရှောင်ပေါင် သဘောကျသွား၏။ “ဒီ မီးတောက် စက်ကွင်းက တော်တော် လိမ္မာပါလား။”
“ဒါ အသေးအဖွဲပါကွာ... မင်းသာ ဒီလောကကြီးရဲ့ သဘောတရားကို ကောင်းကောင်း နားလည်ထားရင် သက်ရှိသက်မဲ့ အရာအားလုံးကို မင်း စိတ်တိုင်းကျ ခိုင်းစေလို့ ရတယ်။”
“ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ... အဘိုးက ဆရာကြီးပဲ။”
ရှောင်ပေါင်က အကျင့်ပါနေသည့်အတိုင်း ဖားလိုက်၏။ သို့သော်ငြား စိတ်ထဲတွင်မူ အဘိုးကြီးစကားကို အလေးအနက် မှတ်သားလိုက်သည်။ လောကကြီးရဲ့ သဘောတရားကို နားလည်ခြင်း... ဤသည်မှာ ကျင့်ကြံခြင်း လမ်းစဉ်၏ အနှစ်သာရပင် မဟုတ်ပါလား။
ဟုန်ရှောင်ပေါင်က ပုံဖော်ထားပြီးသား သံမဏိ ဒယ်အိုးကြီးကို မီးဖိုထဲ ပြန်ထည့်လိုက်သည်။ လေမှုတ်စက် နှစ်လုံးကို ဆွဲကိုင်ပြီး အားကုန် ဆွဲလိုက်ပြန်၏။
ဝုန်း... ဝုန်း .. ဝေါင်း။
မီးတောက်ကြီးများ တစ်ရှိန်ထိုး တက်လာပြန်သည်။ မိုးချုပ်နေပြီ ဖြစ်သောကြောင့် ခြံဝင်းတစ်ခုလုံး လင်းထိန်သွားသည်။
“ကောင်းကင်ဘုံ ... အားသန်လိုက်တာ။”
အသစ်ရောက်လာသူများက အံ့သြတကြီး ရေရွတ်လိုက်ကြ၏။
“ဒါ အစပဲ ရှိသေးတယ်။”
အရင်ရောက်နေသူများက ရှင်းပြဖို့ ပြင်လိုက်ကြသည်။
ရှောင်ပေါင်ကမူ အဘိုးကြီး၏ လမ်းညွှန်မှုကို အာရုံစိုက် နားထောင်နေ၏။
“သာမန် စက်ကွင်းတွေနဲ့ ဆိုရင် ဒီလို လုပ်ဖို့ ခက်တယ်။ ဒါပေမဲ့ မီးတောက် စက်ကွင်း ရဲ့ သဘောတရားက မီးကနေ မီးပွားတယ် ဆိုတဲ့ သဘောလေ။ အခု မီးတောက်ထဲမှာ နောက်ထပ် စက်ကွင်း ပုံစံငယ်လေးတွေ ဖြစ်ပေါ်နေပြီ။ မင်း အနေအထား မှန်အောင် ချိန်ပြီး ထည့်လိုက်ရင် အဲဒီ မီးတောက် စက်ကွင်း ပုံစံငယ်လေးက သံမဏိ ဒယ်အိုးရဲ့ အတွင်းပိုင်းထဲမှာ အလိုလို ရောက်သွားလိမ့်မယ်။”
ဆားကစ်ဘုတ် ပုံနှိပ်သလိုမျိုးလား။
ဟုန်ရှောင်ပေါင်၏ ခေါင်းထဲတွင် ဤစကားလုံး ပေါ်လာပေသည်။ အဘိုး ညွှန်ကြားသည့်အတိုင်း မီးတောက် အရှိန်ကောင်းလာချိန်တွင် ဒယ်အိုးကို မီးတောက်ငယ် သုံးဆယ့်နှစ်ခု၏ အလယ်တည့်တည့်သို့ ထိုးထည့်လိုက်၏။
“နည်းနည်း မြှင့်လိုက်... ဟုတ်ပြီ... အတွင်းဘက် နည်းနည်း တိုး... ကောင်းတယ်... ရပြီ။ အခု ဒီအတိုင်း ငြိမ်ငြိမ်လေး နေ... တစ်လက်မမှ မရွေ့စေနဲ့။”
“စိတ်ချ။”
ဟုန်ရှောင်ပေါင်က ညာဘက်ခြေထောက်ကို အနည်းငယ် ကားလိုက်ပြီး မြင်းထိုင်ဟန် ဟန်ပြင်ကာ တည်ငြိမ်စွာ ရပ်လိုက်သည်။ ကျောက်ရုပ်တစ်ရုပ်သဖွယ် မလှုပ်မယှက်ပင်။
စောနက တူထုထားသောကြောင့် အနက်ရောင် ပြန်ပြောင်းသွားသော သံမဏိ ဒယ်အိုးကြီးသည် မီးအရှိန်ကြောင့် ပြန်လည် နီရဲလာသည်။ အညိုရောင်၊ လိမ္မော်ရောင်၊ လိမ္မော်ရောင် တောက်တောက်... နောက်ဆုံးတွင်မူ မီးတောက် အရောင်နှင့် တစ်သားတည်း ဖြစ်သွားသည်အထိ နီရဲတောက်ပလာသည်။
“တော်ပြီ... တော်ပြီ... ထုတ်လိုက်တော့။”
ပန်းပဲဆရာ အများစုက မနေနိုင်ဘဲ အော်လိုက်ကြ၏။
“ဒီလောက် အပူချိန် ဆိုရင် အရည်ပျော်ကုန်တော့မယ်။ အခု ထုတ်လိုက်ရင်တောင် အကုန် ပျက်စီးကုန်ပြီ။”
“မီးအရှိန် လွန်နေပြီ။ ဟေ့လူ... ဘာလုပ်နေတာလဲ... ထုတ်လိုက်တော့လေ။”
လူတွေ စိတ်ပူလာကြသော်လည်း ဟုန်ရှောင်ပေါင်က မလှုပ်မယှက် ဆက်နေ,နေသောကြောင့် ပြေးဆွဲချင်စိတ် ပေါက်လာကြသည်။
“သံမဏိက အပူဒဏ် ခံနိုင်ရည် ရှိတယ်... အရည်ပျော်ဖို့ မလွယ်ဘူး။”
ဆရာကြီးကော် သူ၏ တိုနံ့နံ့ မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ဝင်ရှင်းပြသည်။ နောက်ဆုံးတော့ သူ သိသည့် အကြောင်းအရာလေး ပါလာပြီ မဟုတ်ပါလား။ ဝင်ပြောမှ ဖြစ်ပေမည်။
“သာမန် သတ္တုတွေနဲ့ မတူဘူး... ဒီလောက် အပူချိန်လောက်နဲ့တော့ အရည်မပျော်နိုင်သေးဘူး။ ဒါပေမဲ့...။”
ဆရာကြီးကော်က မျက်မှောင်ကြုတ်လိုက်သည်။
“ဒါပေမဲ့ သူ ဘာလို့ ဒီလို လုပ်နေလဲ ဆိုတာတော့ ငါ နားမလည်ဘူး။ ဒီလောက် အပူချိန် ပြန်ပေးလိုက်ရင် ခုနက သူ ထုထားသမျှ အလကား ဖြစ်ကုန်မှာပေါ့။”
“ဟုတ်တယ်။”
ဆိုင်ရှင်လီလည်း ခေါင်းညိတ်လိုက်၏။
“တူထုတယ် ဆိုတာ သတ္တုသားကို ကျစ်လစ်သွားအောင် ဖိသိပ်တာ... မြက်ခြောက်တွေကို ကြိုးနဲ့ စည်းထားသလိုမျိုးပေါ့။ အခုလို ပြန်ပြီး အပူပေးလိုက်ရင် ကြိုးဖြည်လိုက်သလို ပြန်ပွသွားမှာလေ။”
“ဒါဆို သူ ဘာလုပ်နေတာလဲ။”
“သူ့ လက်ရာကို မကြိုက်လို့ ပြန်ဖျက်ပြီး အသစ် ပြန်လုပ်မလို့လား။”
“ဘယ်သူ သိမှာလဲ... သူက သံမဏိနဲ့ ဒယ်အိုး လုပ်တဲ့ အရူးကောင်ပဲဟာ။”
လူများက ဝိုင်းဝန်း ဝေဖန်နေကြသည်။ ရှောင်ပေါင် ဘာလုပ်နေမှန်း ဘယ်သူမှ မသိကြချေ။
ဟုန်ရှောင်ပေါင်ကမူ ရှင်းရှင်းလင်းလင်း မြင်နေရသည်။ မီးတောက် စက်ကွင်း ရှစ်ခု ပေါ်တွင် ဝိညာဉ်စွမ်းအင် လိုင်းကြောင်းများ ပေါ်နေပြီး ထို လိုင်းကြောင်းများကို သံမဏိဒယ်အိုးက စုပ်ယူနေခြင်း ဖြစ်၏။ ပြောရလျှင် ဒယ်အိုးက လိုင်းကြောင်းများကို မြိုချနေခြင်းပင်။
“မင်းရဲ့ စွမ်းရည်နဲ့တော့ မြင်ရမှာ မဟုတ်ဘူး။”
ယင်းကျိုယိုက ရှင်းပြသည်။ “အခု ဒယ်အိုးရဲ့ အောက်ခြေမှာ သွေးကြောမျှင်လေးတွေလို လမ်းကြောင်းတွေ ပေါ်နေပြီ။ အဲဒါက မီးတောက် စက်ကွင်း စီးဆင်းမယ့် လမ်းကြောင်းတွေပဲ။ ဒါကို သံမဏိ နဲ့ မီးတောက် ပေါင်းစပ်ခြင်း လို့ ခေါ်တယ်။”
“သစ်ရွက်ပေါ်က အကြောလေးတွေလိုမျိုးလား။” ရှောင်ပေါင် တွေကာ မေးလိုက်မိ၏။
“မဟုတ်ဘူး... အသားထဲက အကြောတွေလို၊ တောင်ကြီးထဲက သတ္တုကြောတွေလိုမျိုး။”
ခဏအကြာတွင်မူ ယင်းကျိုယိုက အမိန့်ပေးလိုက်သည်။ “ရပြီ... နေရာ ရွှေ့လိုက်။”
ရှောင်ပေါင် နားလည်လိုက်၏။ စောနက ဒယ်အိုး အောက်ခြေကို လုပ်ခြင်း ဖြစ်သည်။ ယခု ဘေးဘောင်များကို လုပ်ရတော့မည်။ သူက ဒယ်အိုးကို စောင်းပြီး နေရာ ရွှေ့လိုက်၏။
“ဟာ ... နေရာ ရွှေ့လိုက်ပြန်ပြီ... ဒါကို ကျိုချချင်လို့လား။”
“နေပါအုံး ... သံမဏိ (ရှန်သံ) ပေါင် တစ်ရာ ဆိုတာ ပေါ့တာ မဟုတ်ဘူးနော်။ သူက မလှုပ်မယှက်နဲ့ ဒီလောက် ကြာကြာ ကိုင်ထားနိုင်တာ တော်တော် ကြောက်စရာ ကောင်းတဲ့ ခွန်အားပဲ။”
“ဟုတ်တယ်... ငါ ဆရာကြီးကျန် ဆီမှာ ပညာသင်တုန်းက ရေတစ်ခွက်ကို လက်ဆန့်တန်း ကိုင်ခိုင်းတာတောင် တစ်နာရီ မခံဘူး... လက်မောင်း ပြုတ်ထွက်မတတ် ညောင်းတာ။ ဒီကောင်လေးက သံမဏိတုံးကြီးကို ကိုင်ထားတာလေ။”
“ဒီကောင်လေးက ရူးတော့ ရူးတယ်... ဒါပေမဲ့ ခွန်အားကတော့ အထင်သေးလို့ မရဘူး။ အနည်းဆုံး ရုပ်ခန္ဓာ ဒုတိယအဆင့်လောက် ရှိမယ်။”
ဟုန်ရှောင်ပေါင်က ဒယ်အိုးကို နောက်တစ်နေရာ ထပ်ရွှေ့လိုက်သည်။
ဆိုင်ရှင်လီ၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။
“နောင်တော်ကြီးကော်... သူ့မီးတောက်က နည်းနည်း ထူးခြားနေသလိုပဲနော်။”
“ဟုတ်တယ်။”
ဆရာကြီးကော်၏ မျက်လုံးထဲတွင် အထင်သေးသည့် အကြည့်များ ပျောက်ကွယ်သွားပြီ ဖြစ်၏။ သာမန် ပန်းပဲဆရာများက သံမဏိ အကြောင်း ကောင်းကောင်း မသိကြပေ။ သံမဏိကို မီးတောက်အရောင်နှင့် တစ်သားတည်း ဖြစ်သွားအောင် အပူပေးနိုင်ဖို့ ဆိုသည်မှာ မည်မျှ ခက်ခဲကြောင်း သူ သိသည်။ ဟို မြေအောက်ငွေရည်ချဉ်ဆီ ဆိုသည်မှာ တကယ်စွမ်းတာလားဟု တွေးလိုက်မိသည်။
ပြီးနောက် ဆရာကြီးကော်က စကားကို ခဏရပ်လိုက်သည်။ မျက်မှောင်ကြုတ်ကာ ဆက်ပြော၏။ “ငါ ငယ်ငယ်တုန်းက သတ္တု အကဲခတ် ပညာ ကို လေ့လာဖူးတယ်။ ဘာကြောင့်မှန်း မသိဘူး... ငါ့စိတ်ထဲမှာ အဲဒီ ဒယ်အိုးရဲ့ အတွင်းပိုင်းမှာ ထူးခြားတဲ့ လိုင်းကြောင်းတွေ ဖြစ်ပေါ်နေတယ်လို့ ခံစားနေရတယ်။”