အခန်း ၁၇၃
Vol. 18 Ch. 173
အခန်း (၁၇၃) ပိဝူ ခန္ဓာကိုယ်လုယူ၍ ပြန်လည်မွေးဖွားခြင်း
"လူသားမျိုးနွယ်စု... ငါ မင်းတို့ကို နောက်ဆုံးတစ်ခေါက် ထပ်မေးမယ်၊ ရှီထျန်း ဘယ်မှာလဲ..."
သူ့အရှေ့က ပုရွက်ဆိတ်နှစ်ကောင်က သူ့ကို လုံးဝ ဥဿုံ လျစ်လျူရှုထားသည်ကို မြင်လိုက်ရချိန်တွင် ပိဝူမှာ ချက်ချင်းဆိုသလို အမျက်ဒေါသ ချောင်းချောင်းထွက်သွားခဲ့ရတော့သည်။
သူ၏ အက်ရှရှအသံကြီးထဲတွင် ဒေါသအငွေ့အသက်များ ပြည့်နှက်နေခဲ့ပြီး အောက်ခြေရှိ သွေးကန်ကြီးပင်လျှင် ဆူပွက်လာခဲ့ရ၏။
သူ၏ ဦးခေါင်းထက်တွင်မူ ကြောက်မက်ဖွယ်ရာ ကောင်းလှသော နက်မှောင်နီရဲသည့် မီးလျှံများ တောက်လောင်လာခဲ့သည်။
သူက မိစ္ဆာဘိုးဘေးတစ်ဦး ဖြစ်သည်နှင့်အညီ မိစ္ဆာမျိုးနွယ်စုဝင်အားလုံးက သူ့ကို အစွန်းကုန် ရိုသေလေးစားကြရသည်ဖြစ်ရာ မည်သည့်မိစ္ဆာက ဤကဲ့သို့ လျစ်လျူရှုဝံ့ပါမည်နည်း။
ခွင့်မလွှတ်နိုင်စရာပင်။
ဤအခိုက်အတန့်တွင် ရှုချွမ်းကလည်း ပိဝူ၏ ဘဝဇာတ်ညွှန်းအချက်အလက်များကို ဖတ်ရှုပြီးစီးသွားခဲ့ပြီဖြစ်ရာ သူနှင့်ပတ်သက်သမျှအားလုံးကို သဘောပေါက်နားလည်သွားခဲ့ပြီ ဖြစ်သည်။
လူသားမျိုးနွယ်စု၏ ဧကရာဇ်အရှင်နယ်ပယ် အထွတ်အထိပ် သိုင်းပညာရှင် မြောက်မြားစွာ ပူးပေါင်းတိုက်ခိုက်ခြင်းကို ခံခဲ့ရသည့်တိုင်အောင် သေဆုံးခြင်းမရှိဘဲ နောက်ဆုံးတွင် ချိပ်ပိတ်ခံထားရရုံသာ ရှိခဲ့ခြင်းမှာ သူက တကယ့်ကို အထူး မိစ္ဆာမျိုးနွယ်စုဝင်တစ်ဦး ဖြစ်သည်ဟုသာ ဆိုရပေမည်။
သူ၏ အစွမ်းများက တကယ့်ကို သန်မာလွန်းလှပေသည်။
ရှုချွမ်းအနေဖြင့် ရွှေရောင်ကံကြမ္မာနှစ်ခုနှင့် ခရမ်းရောင်ကံကြမ္မာတစ်ခုကို ကံကြမ္မာ ဇာတ်လိုက်များထံတွင်သာ မြင်တွေ့ဖူးခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် မိစ္ဆာမျိုးနွယ်စုဝင်တစ်ဦးထံ၌ ဤမျှအထိ ထူးခြားလှသော ကံကြမ္မာများကို မြင်တွေ့ရလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။
'အင်မော်တယ် ' နှင့် 'ခန္ဓာကိုယ်ဖြင့် ပြန်လည်မွေးဖွားခြင်း' ကံကြမ္မာများကို မြင်လိုက်ရချိန်တွင် ရှုချွမ်းကိုယ်တိုင်ပင်လျှင် လိုချင်တက်မက်စိတ်များ ပြင်းထန်စွာ ဖြစ်ပေါ်လာခဲ့ရသည်။
ဤကဲ့သို့သော ပါရမီမျိုးရှိပါက သူ၏ အသက်မှာ မည်မျှအထိ အပိုဆောင်းရရှိသွားမည်ကို မည်သူမျှ မသိနိုင်ပေ။
မိစ္ဆာချီများ တည်ရှိနေသရွေ့ သူက ဘယ်တော့မှ အစစ်အမှန် သေဆုံးသွားမည် မဟုတ်ပေ။
သူ့ကို လုံးဝသန့်စင်ခြေဖျက်ပစ်နိုင်ခြင်း မရှိပါက ဖြစ်၏။
သို့သော်လည်း သူ၏ အဆင့် ၁ ဧကရာဇ်အရှင်နယ်ပယ် ခွန်အားနှင့်ဆိုလျှင် သာမန်ဧကရာဇ်အရှင်နယ်ပယ် သိုင်းပညာရှင်များအနေဖြင့် သူ့ကို သန့်စင်ရန်မှာ ဘယ်လိုမှ မဖြစ်နိုင်သောအရာပင်။
သူ့ထက် များစွာ သာလွန်မြင့်မားလှသော ဧကရာဇ်လက်နက် သို့မဟုတ် မူလဧကရာဇ် ရတနာ ရှိမှသာ ဖြစ်နိုင်ပေလိမ့်မည်။
တိုက်ဆိုင်ချင်တော့ ရှုချွမ်း၌ ဤနှစ်မျိုးစလုံး ရှိနေခဲ့ချေပြီ။
'အနန္တ ဝိညာဉ်အိုး ' နှင့် ရွှေရောင်ရှေးဟောင်းနန်းတော် မည်သည့်အရာကိုမဆို အသက်သွင်းလိုက်သည်နှင့် သူ ချိပ်ပိတ်ခံထားရစဉ်အတွင်း မည်သည့်လက်နက်တစ်ခုကမဆို သူ့ကို လွယ်ကူစွာ ဖိနှိပ်ချုပ်ချယ်နိုင်ပေသည်။
သို့သော်လည်း သူ့ကို အစွန်းကုန် သန့်စင်ပြီး သူ့ကိုယ်တွင်းသို့ ပေါင်းစပ်ယူရန်အတွက်ဆိုလျှင်မူ ဤအလုပ်အတွက် သီးသန့်ဖြစ်သော 'အနန္တ ဝိညာဉ်အိုး' ကို အသုံးပြုရမည် ဖြစ်၏။
ဤအချက်က ပိဝူကို သန့်စင်ပြီး ပေါင်းစည်းပစ်ရန် ရှုချွမ်း၏ ဆုံးဖြတ်ချက်ကို သာ၍ပင် ခိုင်မာသွားစေခဲ့သည်။
သူ၏ ကံကြမ္မာများထဲမှ တစ်ခုတည်းကိုသာ ရရှိလျှင်ပင် သူ အမြတ် ရရှိသွားမည် ဖြစ်သည်။
သူ၏ ရင်ထဲ၌ စိတ်လှုပ်ရှားမှုများ ပြင်းထန်စွာ လောင်မြိုက်လာခဲ့ရ၏။
၎င်းအပြင် ယခုအခါ ပိဝူမှာ ဦးခေါင်းတစ်ခုသာ ကျန်ရှိတော့ပြီး အောက်ခြေရှိ သွေးကန်ကြီးကို အမှီပြု၍သာ အသက်ဆက်နေရခြင်း ဖြစ်ကာ သူ၏ ခွန်အားမှာလည်း ချိပ်ပိတ်မှုကြောင့် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အထွတ်အထိပ်သို့ ကျဆင်းနေခဲ့ချေပြီ။
ယင်းက ကောင်းကင်ဘုံမှ သူ့အပေါ်သို့ မုန့်ကျွေးလိုက်ခြင်းဖြစ်သည်ဟုပင် ဖော်ပြနိုင်ပေသည်။
၎င်းက ရှုချွမ်းအနေဖြင့် ပိဝူကို သန့်စင်ရန် ယုံကြည်မှုကို သာ၍ တိုးပွားသွားစေခဲ့သည်။
"ရှီထျန်းလား..."
"မင်းပြောတာ အပြင်ဘက်က အသုံးမကျတဲ့ မိစ္ဆာအရှင်ကို ပြောတာလား။ ဪ... သူကတော့ ငါတို့ရဲ့ လက်ထဲမှာ သေဆုံးသွားပြီလေ..."
ရှုချွမ်းက ပြုံးလျက် ဤစကားကို ပြောလိုက်၏။
"ဟုတ်တယ်... အဲဒါတင်မကဘူး၊ အပြင်ဘက်က မိစ္ဆာမျိုးနွယ်စုဝင်အားလုံးကိုလည်း ငါတို့ အကုန် သတ်ပစ်ခဲ့ပြီးပြီ..."
နင်ယို့ချီကလည်း ဘေးမှနေ၍ ဝင်ပြောလိုက်သည်။
သူတို့အရှေ့က မိစ္ဆာကောင်က မိစ္ဆာဘိုးဘေးတစ်ဦး ဖြစ်သော်လည်း နောက်ဆုံးတွင် ဒုက္ခိတဖြစ်နေပြီး ချိပ်ပိတ်မှုအောက်တွင်သာ ရှိနေသေးသဖြင့် နင်ယို့ချီအနေဖြင့် အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိပေ။
"ဘာ... မဖြစ်နိုင်တာ..."
"ကမ္မနယ်ပယ်က ပုရွက်ဆိတ်နှစ်ကောင်က ငါ့ရဲ့ မိစ္ဆာမျိုးနွယ်စုဝင် တွေအားလုံးကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ..."
သူတို့၏ စကားကို ကြားလိုက်ရချိန်တွင် ပိဝူ၏ အရုပ်ဆိုးလှသော မျက်နှာထက်၌ မယုံကြည်နိုင်စရာ အမူအရာတစ်ခု ထွက်ပေါ်လာခဲ့ပြီး သူ၏ ဦးခေါင်းကြီးကို အရူးအမူး လှည့်ပတ်လှုပ်ရှားကာ သံကြိုးများ၏ ချိပ်ပိတ်မှုအောက်မှနေ၍ ရုန်းထွက်ရန် ကြိုးပမ်းတော့သည်။
သို့သော်လည်း ဤချိပ်ပိတ်မှုကြီးကို လူသားမျိုးနွယ်စု၏ ဧကရာဇ်အရှင်နယ်ပယ် အထွတ်အထိပ် သိုင်းပညာရှင် မြောက်မြားစွာက ဖန်တီးထားခဲ့ခြင်း ဖြစ်ရာ သူ အထွတ်အထိပ် အချိန်ကပင် ရုန်းထွက်ရန် ခက်ခဲလှသည်ဖြစ်ရာ ယခုကဲ့သို့ ဦးခေါင်းတစ်ခုသာ ကျန်ရှိတော့သည့် အခြေအနေတွင်မူ ပို၍ပင် မဖြစ်နိုင်တော့ပေ။
ချိပ်ပိတ်မှုအောက်မှ ရုန်းထွက်ရန် ကြံစည်ခြင်းမှာ လျှောက်တွေးနေခြင်းသာ ဖြစ်ပေလိမ့်မည်။
"မယုံဘူးလား..."
"ကဲ... ဒါကို သေချာ ကြည့်လိုက်ဦး..."
ဤသို့ပြောပြီးနောက် ရှုချွမ်းက သူ၏ သိုလှောင်အိတ်အတွင်းမှ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်ပြီး ပိဝူ၏ ဦးခေါင်းအရှေ့သို့ လှမ်းပစ်ပေးလိုက်တော့သည်။
၎င်းက ရှီထျန်း၏ မိစ္ဆာခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ရှုချွမ်း၏ ယခင်ဓားချက်တစ်ခုကြောင့် ပြတ်တောက်သွားခဲ့သဖြင့် ရှုချွမ်း၏ နောက်ဆုံးတိုက်ကွက်အောက်တွင် ရှီထျန်း၏ အခြားရုပ်ခန္ဓာကိုယ်များနှင့်အတူ အမှုန့်ခြေဖျက်ခြင်း မခံလိုက်ရဘဲ ကျန်ရှိနေခဲ့ခြင်း ဖြစ်၏။
ရှုချွမ်းက ရှေးဟောင်းစစ်မြေပြင်ကို ရှင်းလင်းနေခဲ့စဉ်က ဤအသားစကို အမှတ်မထင် ကောက်ယူသိမ်းဆည်းထားခဲ့ခြင်းဖြစ်ပြီး ပြန်လည်ထွက်ခွာပြီးမှ သေချာ လေ့လာရန် ကြံစည်ထားခဲ့ခြင်း ဖြစ်သည်။
သူက 'အနန္တဝိညာဥ်အိုး' ကို အသုံးပြု၍ ဤရှီထျန်း၏ အသွေးအသားထဲမှနေ၍ သူ၏ နတ်ဘုရားစွမ်းရည်များကို သန့်စင်ယူနိုင်မလားဟူ၍ တွေးတောနေခဲ့ခြင်း ဖြစ်၏။
ဤအရာက ယခုအခါတွင် အသုံးဝင်လာလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပေ။
ပိဝူက သူ့ရှေ့ရှိ အသားစကို စိုက်ကြည့်လိုက်ပြီး ၎င်းထံမှ ရရှိနေသော ရင်းနှီးလှသည့် အော်ရာ များကို ခံစားမိသွားခဲ့သည်နှင့် သူ၏ မျက်ဝန်းများမှာ ချက်ချင်းဆိုသလို ပြူးကျယ်သွားခဲ့ရတော့သည်။
"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ရှီထျန်းက မင်းတို့လို ပုရွက်ဆိတ်နှစ်ကောင်ရဲ့ လက်ထဲမှာ ဘယ်လိုလုပ် သေနိုင်မှာလဲ..."
ရှီထျန်း၏ အသားစကို မျက်မြင်တွေ့ရှိလိုက်ရသည့်တိုင်အောင် သူက အနည်းငယ်မျှ မယုံကြည်နိုင် သေးဘဲ ဖြစ်နေဆဲပင်။
ရှီထျန်းအနေဖြင့် ရှေးဟောင်းစစ်မြေပြင်အတွင်း၌ ပျောက်ဆုံးနေခဲ့သော မိစ္ဆာလက်နက်ကို ရှာဖွေတွေ့ရှိထားခဲ့ကြောင်း သူ ကောင်းစွာ သိရှိနေခဲ့ခြင်း ဖြစ်၏။
ဤအချက်ကြောင့်ပင် သူက သာ၍ ထိတ်လန့်သွားခဲ့ရခြင်း ဖြစ်သည်။
သူ၏ ခန့်မှန်းချက်အရ ရှီထျန်းက ထိုမိစ္ဆာလက်နက်ကို ဝါးမျိုပြီးနောက်တွင် ကိုးဆယ်ရာခိုင်နှုန်း အခွင့်အရေးဖြင့် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အဆင့် ၇ သို့မဟုတ် သာ၍ မြင့်မားသောအဆင့်သို့ တိုက်ရိုက် ထိုးဖောက်သွားနိုင်မည် ဖြစ်သည်။
ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အဆင့် ၉ သို့ ရောက်ရှိသွားရန်ပင်လျှင် မဖြစ်နိုင်သောအရာ မဟုတ်ပေ။
သို့သော် ဤကဲ့သို့သော ကျင့်ကြံခြင်းအဆင့် ရှိနေသည့်အပြင် အပြင်ဘက်၌လည်း မိစ္ဆာမျိုးနွယ်စုဝင် မြောက်မြားစွာ ရှိနေပါလျက်နှင့် ဤလူသားပုရွက်ဆိတ်နှစ်ကောင်က သူ့ကို ဘယ်လိုလုပ် သတ်ဖြတ်နိုင်ပါမည်နည်း။
သို့သော်လည်း သူက မည်သည့်အခါမျှ အဖြေကို ရရှိတော့မည် မဟုတ်ပေ။
ပိဝူတစ်ယောက် ကြောင်အမ်းနေခဲ့သည့် ထိုအခိုက်အတန့်တွင်
"ယို့ချီ... ကို့ကို စောင့်ရှောက်ပေးထားဦး..."
ရှုချွမ်းက ခေါင်းလှည့်၍ နင်ယို့ချီကို ပြောလိုက်ပြီးနောက် လက်တစ်ဖက်ဖြင့် 'ကောင်းကင်လှည့်စား ကျောက်စိမ်း အဆောင် 'ကို အသက်သွင်းလိုက်ကာ အခြားလက်တစ်ဖက်ဖြင့် 'အနန္တ ဝိညာဥ်အိုး' ကြီးကို ဆင့်ခေါ်လိုက်တော့သည်။
"ကောင်းပါပြီ... ရှုချွမ်း၊ သတိထားဦးနော်..."
နင်ယို့ချီက တည်ကြည်စွာဖြင့် ခေါင်းညိတ်လိုက်၏။ သူမအနေဖြင့် ရှုချွမ်း ဘာလုပ်ချင်နေသည်ကို အနည်းငယ် ရိပ်မိနေခဲ့သည်။
ရှုချွမ်း၏ လုပ်ရပ်က အနည်းငယ်မျှ လွန်ကဲလွန်းလှသလို သူ့ကိုယ်သူ အထင်ကြီးလွန်းရာ ရောက်နေခဲ့သော်လည်း နင်ယို့ချီကမူ ရှုချွမ်းကို အကြွင်းမဲ့ ယုံကြည်ရန် ရွေးချယ်ခဲ့သည်။
နင်ယို့ချီ၏ ပြန်ဖြေသည်ကို ကြား ပြီးနောက် ရှုချွမ်းက တွန့်ဆုတ်မနေတော့ပေ။
သူက ခြေလှမ်းတစ်ချက် လှမ်းလိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ ထိုချိပ်ပိတ်မှုကြီးကို တိုက်ရိုက် ဖြတ်သန်းသွားခဲ့ပြီး သွေးကန်ကြီး၏ အထက်သို့ ရောက်ရှိသွားခဲ့ကာ ပိဝူ၏ ဦးခေါင်းနှင့် တည့်တည့်မတ်မတ် ရင်ဆိုင်လိုက်တော့သည်။
"မင်း... မင်း ဘယ်လိုလုပ် ဝင်လာတာလဲ..."
ရှုချွမ်းက ချိပ်ပိတ်မှုအတွင်းသို့ ဝင်ရောက်လာသည်ကို မြင်လိုက်ရချိန်တွင် ပိဝူက နောက်ဆုံး၌ သတိပြန်ဝင်လာခဲ့ပြီး သူ့ရှေ့ရှိ လူသားပုရွက်ဆိတ်ကို ထိတ်လန့်တကြား စိုက်ကြည့်လိုက်တော့၏။
သူကိုယ်တိုင်ပင်လျှင် ဤချိပ်ပိတ်မှုအောက်မှ အနည်းငယ်မျှပင် ရုန်းမထွက်နိုင်ပါဘဲလျက် ဤလူသားကမူ တိုက်ရိုက် ဝင်ရောက်လာနိုင်ခဲ့ခြင်းက သူ၏ သိနားလည်မှုများကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်ခြင်း ဖြစ်ပေသည်။
သို့သော်လည်း ပိဝူမှာ မကြာမီမှာပင် အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ရပြန်၏။
"ကောင်းကင်ဘုံက တကယ့်ကို ငါ့ကို ကူညီတာပဲ..."
သူ၏ စိတ်လှုပ်ရှားမှုကြောင့် သူ၏ ဦးခေါင်းကြီးတစ်ခုလုံး တုန်ရင်လာခဲ့ရသည်။
ဤလူသားလူငယ်က ဤမျှအထိ မိုက်မဲလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိဘဲ ဤချိပ်ပိတ်မှုအတွင်းသို့ တစ်ဦးတည်း ဝင်ရောက်ဝံ့လိမ့်မည်ဟု မတွေးမိခဲ့ပေ။
သူ၏ ပြီးပြည့်စုံသော ခန္ဓာကိုယ်လုယူ ပြန်လည်မွေးဖွားခြင်းအတွက် ကမ္မနယ်ပယ်ထက်တွင်ရှိသော ခန္ဓာကိုယ်တစ်ခု လိုအပ်သည်ဖြစ်သော်လည်း နောက်ဆုံးအခြေအနေတွင်မူ ကမ္မနယ်ပယ်အဆင့်ရှိ ခန္ဓာကိုယ်တစ်ခုကလည်း လုံးဝ အသုံးမဝင်ဘဲ နေမည်မဟုတ်ပေ။
ကမ္မနယ်ပယ်အဆင့် ခန္ဓာကိုယ်ကို အသုံးပြု၍ ပြန်လည်မွေးဖွားခြင်း၏ ဘေးထွက်ဆိုးကျိုးမှာ ၎င်းက ပြီးပြည့်စုံသော မွေးဖွားခြင်း ဖြစ်လာမည်မဟုတ်ဘဲ အနာအဆာအချို့ ရှိနေနိုင်ကာ ၎င်းက အသက်အန္တရာယ်ဖြစ်စေနိုင်သည့်အချက် ဖြစ်၏။
အခြားဘေးထွက်ဆိုးကျိုးတစ်ခုမှာမူ သူက ကမ္မနယ်ပယ်အထက် ခန္ဓာကိုယ်ကို အသုံးပြုသကဲ့သို့ သူ၏ အထွတ်အထိပ် အခြေအနေသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိနိုင်မည်မဟုတ်ဘဲ သူ၏ အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိရန်အတွက် မြောက်မြားစွာသော ကျင့်ကြံခြင်းအရင်းအမြစ်များကို သုံးစွဲရမည် ဖြစ်သည်။
ထို့ကြောင့် အလွန် အကြပ်အတည်းတွေ့သည့် အခြေအနေမျိုးမှလွဲ၍ ပိဝူအနေဖြင့် ဤကဲ့သို့သော ပြန်လည်မွေးဖွားခြင်း နည်းလမ်းကို ရွေးချယ်မည် မဟုတ်ပေ။
သို့သော် ယခုအခါ ရှီထျန်း သေဆုံးသွားခဲ့ပြီဖြစ်ပြီး သူ နှစ်ပေါင်းများစွာ စေ့စပ်သေချာစွာ ကြံစည်ခဲ့သော အစီအစဉ်ကြီးမှာလည်း လုံးဝ ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။
၎င်းအပြင် ဤလူသားနှစ်ဦး၏ စကားအရ အပြင်ဘက်ရှိ မိစ္ဆာမျိုးနွယ်စုဝင်အားလုံးမှာလည်း ၎င်းတို့၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီ ဖြစ်၏။
သူ၏ ထွက်ပြေးမည့် လမ်းကြောင်းမှာ လုံးဝ ဥဿုံ အဖြတ်ခံလိုက်ရပြီ ဖြစ်သည်။
လက်ရှိတွင် ဤကမ္မနယ်ပယ် လူသားလူငယ်၏ ခန္ဓာကိုယ်ကို လုယူပြီး ပြန်လည်မွေးဖွားခြင်း နည်းလမ်းကို အသုံးပြုမှသာ ဤချိပ်ပိတ်မှုအောက်မှနေ၍ ရုန်းထွက်နိုင်မည် ဖြစ်ပေသည်။
ချိပ်ပိတ်မှုအောက်မှ ရုန်းထွက်ပြီးနောက်တွင် ခွန်အားများကို ဆက်လက်စုဆောင်းရုံမျှသာ လိုအပ်ပြီး သူ၏ အဆင့် ၁ ဧကရာဇ်အရှင်နယ်ပယ် ခွန်အားနှင့်ဆိုလျှင် မကြာမီမှာပင် ဤဘေးထွက်ဆိုးကျိုးများကို ဖြေရှင်းနိုင်ကာ သူ၏ အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိနိုင်မည်ဟု သူ ယုံကြည်နေခဲ့သည်။
"ဟီးဟီးဟီး... မင်းက မင်းဘာသာမင်း သေတွင်းထဲ တိုးဝင်လာတာဆိုတော့လည်း ငါက အားနာနေမှာ မဟုတ်တော့ဘူး..."
ထူးဆန်းလှသော ရယ်မောသံကြီးနှင့်အတူ ပိဝူ၏ ဦးခေါင်းကြီးမှာ ဘုန်းခနဲ ပေါက်ကွဲသွားခဲ့ပြီး သူ၏ ဦးခေါင်းကို ချည်နှောင်ထားသော သံကြိုးများမှာ ချက်ချင်းဆိုသလို လွင့်စင်သွားခဲ့ရတော့သည်။
နီရဲလှသော မြူခိုးငွေ့တစ်ခုမှာ ရှုချွမ်းရှိရာဆီသို့ အလွန်အမင်း မြန်ဆန်လှသော အမြန်နှုန်းဖြင့် ပျံသန်းသွားခဲ့ပြီး ရှုချွမ်း၏ အသိစိတ်ပင်လယ် အတွင်းသို့ ဝင်ရောက်ရန် ပြင်ဆင်တော့၏။
ပိဝူက တကယ့်ကို ပြတ်သားလွန်းလှပေသည်။
သူ သေချာ စဉ်းစားပြီးသည်နှင့် မည်သည့် တွန့်ဆုတ်မှုမျှမရှိဘဲ ချက်ချင်း လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး သူကိုယ်တိုင်အတွက် ဆုတ်လမ်း လုံးဝ မချန်ထားခဲ့ပေ။
ထိုသံကြိုးများက သူ၏ ကျန်ရှိနေသော ဦးခေါင်းကိုသာ ချုပ်နှောင် ထားခြင်းဖြစ်ပြီး အပြင်ဘက်အလွှာရှိ ချိပ်ပိတ်မှုကသာ သူ၏ နတ်ဘုရားဝိညာဉ်ကို ချိပ်ပိတ်ထားခြင်း ဖြစ်၏။
နှစ်ထပ်ချိပ်ပိတ်မှုက သူ့ကို လုံးဝ ပိတ်ဆို့ထားခြင်း ဖြစ်သည်။
ယခုအခါ သူ၏ ဦးခေါင်းကို စွန့်လွှတ်လိုက်ပြီဖြစ်ရာ သူ၏ နတ်ဘုရားဝိညာဉ်မှာ ဤသွေးကန်နေရာလွတ်အတွင်း၌ လွတ်လပ်စွာ ပျံသန်းနိုင်သွားခဲ့ပြီ ဖြစ်သည်။
သူက ရှုချွမ်း၏ မျက်ခုံးအလယ်ဗဟိုဆီသို့ တိုက်ရိုက် တိုးဝင်သွားခဲ့ပြီး ခန္ဓာကိုယ်လုယူခြင်းနှင့် ပြန်လည်မွေးဖွားခြင်း ကို လုပ်ရန် ပြင်ဆင်တော့၏။
အပြင်ဘက်အလွှာရှိ ချိပ်ပိတ်မှုအောက်မှ မည်သို့ ပြန်လည်ထွက်ခွာရမည်ကိုမူ ပိဝူအနေဖြင့် အနည်းငယ်မျှ စိုးရိမ်ပူပန်ခြင်း မရှိပေ။
ဤလူသားပုရွက်ဆိတ်က ဤချိပ်ပိတ်မှုအတွင်းသို့ လွယ်ကူစွာ ဝင်ရောက်နိုင်ခဲ့သည်ဖြစ်ရာ သူ့ထံ၌ ပြန်လည်ထွက်ခွာနိုင်မည့် နည်းလမ်း သေချာပေါက် ရှိနေရမည် ဖြစ်ပေသည်။