← Chapters

အခန်း ၁၇၄

Vol. 18 Ch. 174

အခန်း ၁၇၄

Vol. 18 Ch. 174

အခန်း (၁၇၄) အနန္တဝိညာဉ် အိုး ပေါ်ထွက်လာပြီး မိစ္ဆာဘိုးဘေးအား ဆေးအဖြစ် သန့်စင်ခြင်း

ဤအခြင်းအရာကို မြင်လိုက်ရချိန်တွင် ရှုချွမ်းက သူ့ကို တားဆီးခြင်း လုံးဝမပြုခဲ့ဘဲ အပြန်အလှန်အားဖြင့် စိတ်ကို လျှော့ချလိုက်ကာ ပိဝူ၏ နတ်ဘုရားဝိညာဉ်ကို သူ၏ မျက်ခုံးအလယ်ဗဟိုသို့ ချောမွေ့စွာ ဝင်ရောက်ခွင့်ပြုလိုက်တော့သည်။

ရှုချွမ်းမှာ ယခုအခါ ရင်ထဲ၌ အော်ဟစ်ရယ်မောလုနီးပါးပင် ဖြစ်နေခဲ့ချေပြီ။

မူလက ပိဝူ၏ ဦးခေါင်းကို ထိုသံကြိုးများ၏ ချိပ်ပိတ်မှုအောက်မှနေ၍ မည်သို့ ဆွဲထုတ်ရမည်ကို သူ စဉ်းစားနေခဲ့ခြင်းဖြစ်ရာ တစ်ဖက်လူက သူ၏ ကိုယ်ပိုင်ဦးခေါင်းကို စွန့်လွှတ်လျက် သူ့ထံသို့ အလိုအလျောက် အရောက်လာလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပေ။

ဤအရာက ရှုချွမ်းအတွက် အလုပ်ရှုပ်သက်သာသွားစေခဲ့သည်။

တကယ့်ကို ကောင်းမွန်လှပေသည်။

ရှုချွမ်း၏ အသိစိတ်ပင်လယ်အတွင်း၌မူ ရွှေရောင်ရှေးဟောင်းနန်းတော်ကြီးမှာ စောင့်ဆိုင်းနေခဲ့သည်မှာ ကြာလှချေပြီ။

ဤမိစ္ဆာကောင်က ခန္ဓာကိုယ်လုယူရန် ကြိုးပမ်းလာနိုင်ကြောင်း ကြိုတင်သိရှိထားခဲ့သဖြင့် ရှုချွမ်းက မျက်နှာတွင် မည်သည့်ကာကွယ်မှုမျှမရှိသကဲ့သို့ ပြသထားခဲ့သော်လည်း တိတ်တဆိတ်တွင်မူ ရွှေရောင်ရှေးဟောင်းနန်းတော်ကို အသက်သွင်းလျက် သူ၏ အသိစိတ်ပင်လယ်တစ်ခုလုံးကို ချိပ်ပိတ်ထားခဲ့ပြီး ဖြစ်၏။

ရှုချွမ်း၏ နတ်ဘုရားဝိညာဉ်ကိုလည်း ထိုရွှေရောင်ရှေးဟောင်းနန်းတော်ကြီးက တင်းကျပ်စွာ ကာကွယ်စောင့်ရှောက်ထားခဲ့ချေပြီ။

ပိဝူအနေဖြင့် သူ၏ အသိစိတ်ပင်လယ်အတွင်းသို့ ဇွတ်အတင်း ဝင်ရောက်လာခြင်းမှာ ထောင်ချောက်အတွင်းသို့ အလိုအလျောက် တိုးဝင်လာခြင်းသက်သက်သာ ဖြစ်ပေသည်။

ပိဝူ၏ နတ်ဘုရားဝိညာဉ်မှာ ရှုချွမ်း၏ အသိစိတ်ပင်လယ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်နှင့် ၎င်း၏ အရှေ့ရှိ မြင်ကွင်းကြောင့် ချက်ချင်း ထိတ်လန့်တုန်လှုပ်သွားခဲ့ရတော့၏။

အဘယ်ကြောင့်ဆိုသော် ရှုချွမ်းက သူ၏ ဓားတာအိုအစစ်အမှန်ဝိညာဉ်ကို နှိုးဆွထားခဲ့ပြီးဖြစ်ရာ သူ၏ အသိစိတ်ပင်လယ်မှာ သာမန်ကမ္မနယ်ပယ် ကျင့်ကြံသူတစ်ဦးထက် အဆပေါင်း မြောက်မြားစွာ သာ၍ ကျယ်ဝန်းလှသောကြောင့် ဖြစ်၏။

ပိဝူ၏ နတ်ဘုရားဝိညာဉ်က ထိုအတိုင်းအဆမဲ့ ကျယ်ပြောလှသော အသိစိတ်ပင်လယ်ကြီးကို စိုက်ကြည့်လိုက်ပြီး ချက်ချင်းဆိုသလို အတိုင်းအဆမဲ့လှသော ရူးသွပ်ဝမ်းမြောက်မှု အမူအရာများ ထွက်ပေါ်လာခဲ့ရသည်။

"ကောင်းတယ်... တကယ့်ကို ကောင်းတယ်..."

"ဒီလူသားလူငယ်မှာ ဒီလောက် ထူးခြားလှတဲ့ ပါရမီ ရှိနေလိမ့်မယ်လို့ ငါ ထင်မထားခဲ့မိဘူး..."

"ဒါက တကယ့်ကို မိစ္ဆာနတ်ဘုရားရဲ့ ကောင်းချီးပေးမှုပဲ..."

ဤမျှအထိ ကျယ်ဝန်းလှသော အသိစိတ်ပင်လယ် ရှိနေခဲ့သည်ဖြစ်ရာ ဤသူက လူသားမျိုးနွယ်စုအတွင်းရှိ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်ရမည်မှာ သေချာလှပေသည်။

ဤကဲ့သို့သော ပါရမီရှင်တစ်ဦး၏ ခန္ဓာကိုယ်ကို လုယူနိုင်ပါက ရရှိလာမည့် အကျိုးကျေးဇူးများမှာ ပြောနေစရာပင် မလိုတော့ပေ။

ဤအသိစိတ်ပင်လယ်တစ်ခုတည်းနှင့်တင် သူ့အတွက် နှစ်ပေါင်းများစွာ ခက်ခဲပင်ပန်းစွာ ကျင့်ကြံရမည့် အချိန်များကို သက်သာသွားစေနိုင်ပေသည်။

ယခင်က သူသည် သူ၏ ဧကရာဇ်အရှင်နယ်ပယ် အဆင့် နတ်ဘုရားဝိညာဉ်ကြောင့် ဤလူသားလူငယ်၏ နတ်ဘုရားဝိညာဉ်ကို မတော်တဆ ပေါက်ကွဲပျက်စီးသွားစေမလားဟူ၍ အနည်းငယ် စိုးရိမ်ပူပန်ခဲ့မိပြီး ၎င်းက ပုန်းကွယ်နေသော ဘေးအန္တရာယ်တစ်ခု ဖြစ်နေခဲ့သည်။

သို့သော် ဤလူသား၏ အသိစိတ်ပင်လယ်မှာ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦးထက်မနည်း ဤမျှအထိ ကျယ်ပြောနေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိရာ ၎င်းက သူ၏ ခန္ဓာကိုယ်လုယူကာ ပြန်လည်မွေးဖွားခြင်းအတွက် သီးသန့် ဖန်တီးပေးထားသည့်အလား ဖြစ်နေခဲ့ချေပြီ။

ဤအခိုက်အတန့်တွင် ပိဝူ၌ အတွေးတစ်ခုသာ ရှိတော့ပြီး ယင်းက ဤသူ့ကို လျင်မြန်စွာ လုယူ၍ ပြန်လည်မွေးဖွားရန် ဖြစ်၏။

မည်သည့် တွန့်ဆုတ်မှုမျှမရှိဘဲ သူက ရှုချွမ်း၏ အသိစိတ်ပင်လယ် ဗဟို ရှိရာဆီသို့ တဟုန်ထိုး ပြေးဝင်သွားခဲ့တော့သည်။

ရှုချွမ်း၏ နတ်ဘုရားဝိညာဉ်မှာ ထိုနေရာ၌ ရှိနေခဲ့ပြီး ရှုချွမ်း၏ နတ်ဘုရားဝိညာဉ်ကို ဝါးမျိုနိုင်သရွေ့ သူ၏ ခန္ဓာကိုယ်လုယူခြင်း မှာ ထက်ဝက်ခန့် အောင်မြင်သွားပြီ ဖြစ်သည်။

သို့သော်လည်း...

သူ အသိစိတ်ပင်လယ်၏ ဗဟိုနေရာသို့ ရောက်ရှိသွားချိန်တွင် သူ့ကို စောင့်ကြိုနေခဲ့သောအရာမှာ ရှုချွမ်း၏ နတ်ဘုရားဝိညာဉ် မဟုတ်ပေ။

အပြန်အလှန်အားဖြင့် ၎င်းက အဆုံးမရှိသော အလင်းတန်းများကို ထုတ်လွှတ်လျက် အသိစိတ်ပင်လယ်အတွင်းရှိ အရာအားလုံးကို ဖိနှိပ်ထားသည့် ထည်ဝါလှသော ရွှေရောင်နန်းတော်ကြီး ဖြစ်နေခဲ့သည်။

ဤနေရာသို့ ရောက်ရှိလာခဲ့ပြီးနောက် ပိဝူမှာ သူ၏ နတ်ဘုရားဝိညာဉ်ကိုပင်လျှင် မနည်း လှုပ်ရှားနေရသကဲ့သို့ ခံစားလိုက်ရတော့၏။

သူ အတွင်းဘက်သို့ တိုးဝင်သွားလေလေ ဤဖိနှိပ်မှုစွမ်းအားမှာ သာ၍ ပြင်းထန်လာလေလေ ဖြစ်သည်။

"ဒါက ဘယ်လိုအဆင့်ရှိတဲ့ လက်နက်လဲ..."

ရွှေရောင်ရှေးဟောင်းနန်းတော်၏ ဖိနှိပ်မှုကို ခံလိုက်ရသော ပိဝူ၏ နတ်ဘုရားဝိညာဉ်မှာ နောက်ဆုံးတွင် သူ၏ ရင်ထဲ၌ ရှိနေသော ရူးသွပ်ဝမ်းမြောက်မှုများကို ဖိနှိပ်လိုက်ရပြီး တည်ငြိမ်စွာဖြင့် ရေရွတ်လိုက်မိတော့သည်။

"ဒါက ဧကရာဇ်လက်နတ်လား။ အဆင့် ၂ ဧကရာဇ်လက်နက်လား။ မဟုတ်ဘူး... အဆင့် ၂ ထက်မကဘူး... ဒါက အဆင့် ၃ ဧကရာဇ်လက်နက်လား..."

တခဏမျှ ပိဝူ၏ ရင်ထဲ၌ ခန့်မှန်းချက်များစွာ ထွက်ပေါ်လာခဲ့ရသည်။

ရွှေရောင်ရှေးဟောင်းနန်းတော်ကြီးက သူ့အပေါ်သို့ အတိုင်းအဆမဲ့လှသော ဖိအားများကို ပေးစွမ်းနေခဲ့ခြင်း ဖြစ်၏။

ရွှေရောင်ရှေးဟောင်းနန်းတော်နှင့် နီးကပ်သွားလေလေ ဖိနှိပ်မှုစွမ်းအားမှာ သာ၍ ကြောက်မက်ဖွယ် ကောင်းလာလေလေ ဖြစ်သည်။

ယခင်က သူက လူသားမျိုးနွယ်စု၏ ဧကရာဇ်အရှင်နယ်ပယ် အထွတ်အထိပ် သိုင်းပညာရှင် မြောက်မြားစွာ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံခဲ့ရစဉ်အချိန်ကပင် သူ့အပေါ်သို့ ဤမျှအထိ ပြင်းထန်လှသော ဖိအားမျိုးကို မပေးစွမ်းနိုင်ခဲ့ဖူးပေ ။

"မင်း ခန့်မှန်းတာ မှားသွားပြီ..."

"ဒီအရာက အစစ်အမှန် အဆင့် ၄ ဧကရာဇ်လက်နက် ဖြစ်ပြီးတော့ အဆင့် ၄ ဧကရာဇ်လက်နက်တွေထဲမှာတောင် အင်မတန် သန်မာလှတဲ့ ရတနာတစ်ပါး ပဲ..."

ဤအခိုက်အတန့်တွင် ရှုချွမ်း၏ နတ်ဘုရားဝိညာဉ် ပုံရိပ်မှာ ရွှေရောင်ရှေးဟောင်းနန်းတော်အတွင်းမှ ဖြည်းညှင်းစွာ လျှောက်လှမ်းထွက်ပေါ်လာခဲ့ပြီး ပိဝူ၏ နတ်ဘုရားဝိညာဉ်ကို အပေါ်စီးမှနေ၍ အပြုံးဖျော့ဖျော့ဖြင့် စိုက်ကြည့်လိုက်တော့သည်။

"ဘာ..."

"အဆင့် ၄ ဧကရာဇ်လက်နက် ဟုတ်လား..."

"မင်းလိုကောင်က အဆင့် ၄ ဧကရာဇ်လက်နက်ကို ဘယ်လိုလုပ် ပိုင်ဆိုင်ထားနိုင်ရတာလဲ..."

ရှုချွမ်း၏ စကားကို ကြားလိုက်ရချိန်တွင် ပိဝူ၏ နတ်ဘုရားဝိညာဉ်ထက်၌ ထိတ်လန့်ကြောက်ရွံ့မှု အမူအရာများ ထွက်ပေါ်လာခဲ့ရတော့သည်။

အဆင့် ၄ ဧကရာဇ်လက်နက်။ သူကိုယ်တိုင်ပင်လျှင် အဆင့် ၁ ဧကရာဇ်အရှင်နယ်ပယ်တွင် နှစ်ပေါင်းများစွာ တည်ရှိခဲ့သော်လည်း ယခင်က မိစ္ဆာမျိုးနွယ်စု၏ သစ္စာဆိုပွဲအခမ်းအနားတွင် အဆင့် ၄ မိစ္ဆာဘိုးဘေးတစ်ဦး၏ လက်ထဲ၌သာ ဝေးလံသောနေရာမှနေ၍ တစ်ကြိမ်မျှ လှမ်းမြင်ဖူးခဲ့ခြင်း ဖြစ်သည်။

သူက အဆင့် ၁ မိစ္ဆာဘိုးဘေးတစ်ဦး ဖြစ်သည်နှင့်အညီ သူ၏ အနှစ်သက်ဆုံးသော လက်နက်မှာ သူ ဧကရာဇ်အရှင်နယ်ပယ်သို့ ရောက်ရှိသည်အထိ အတူတကွ ကြီးထွားလာခဲ့သည့် စစ်ပုဆိန်ကြီးတစ်လက်သာ ဖြစ်၏။

သို့သော် ထိုစစ်ပုဆိန်ကြီးမှာ ယခင်က တိုက်ပွဲကြီးအတွင်း၌ ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။

စောစောက ရှီထျန်း အသည်းအသန် ရှာဖွေဝါးမျိုနေခဲ့သော မိစ္ဆာလက်နက်မှာ သူ၏ ဧကရာဇ်လက်နက်၏ အဓိက အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပေသည်။

ထိတ်လန့်ကြောက်ရွံ့မှုများကြားထဲမှပင် ပိဝူ၏ နတ်ဘုရားဝိညာဉ်ထံ၌ တစ်ဖန် ပြန်လည်၍ လောဘစိတ်များ ပြင်းထန်စွာ ထွက်ပေါ်လာခဲ့ရပြန်သည်။

အဆင့် ၄ ဧကရာဇ်လက်နက်က သူ့လက်တစ်ကမ်းတွင် ရှိနေခဲ့ချေပြီ။ သူ့ရှေ့ရှိ ဤလူသား၏ နတ်ဘုရားဝိညာဉ်ကို ဝါးမျိုနိုင်သရွေ့ ဤအဆင့် ၄ ဧကရာဇ်လက်နက်မှာ သူ၏ ပိုင်ဆိုင်မှု ဖြစ်လာပေလိမ့်မည်။

ဤဧကရာဇ်လက်နက် ရှိနေပါက သူသည် ၎င်းအတွင်းရှိ တာအိုနိယာမများကို နားလည်သဘောပေါက်သွားနိုင်ပြီး အောက်ခြေ အဆင့် ၃ နယ်ပယ်မှနေ၍ အဆင့် ၃ နယ်ပယ် အလတ်အလတ် မိစ္ဆာဘိုးဘေးတစ်ဦးအဖြစ်သို့ တိုက်ရိုက် ခုန်ကူးသွားနိုင်မည် ဖြစ်ပေသည်။

၎င်းအပြင် ယခင်က သူ့ကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြသော ဧကရာဇ်အရှင်နယ်ပယ် သိုင်းပညာရှင်များကိုလည်း ကောင်းစွာ ကလဲ့စားချေနိုင်မည် ဖြစ်၏။

ဤလောဘစိတ်များ၏ လှုံ့ဆော်မှုအောက်တွင် ပိဝူက လှုပ်ရှားလိုက်တော့သည်။

သူ၏ နတ်ဘုရားဝိညာဉ်စွမ်းအားများ ပြင်းထန်စွာ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ရှုချွမ်း၏ နတ်ဘုရားဝိညာဉ်ရှိရာဆီသို့ တဟုန်ထိုး ပြေးဝင်သွားခဲ့၏။

သို့သော်လည်း ရှုချွမ်းက သူ့ကို ဤမျှလွယ်ကူစွာ အောင်မြင်ခွင့် ပေးပါမည်လော။

သူ့အနေဖြင့် ကိုယ်တိုင် ကိုယ်ထင်ပြဝံ့ကတည်းက နည်းလမ်းများကို ကြိုတင်ပြင်ဆင်ထားခဲ့ပြီးဖြစ်ရာ ပိဝူတစ်ယောက် ငါးစာဟပ်မိလာရန်သာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်ပေသည်။

မျှော်လင့်ထားသည့်အတိုင်းပင် ပိဝူ၏ နတ်ဘုရားဝိညာဉ်စွမ်းအားများမှာ ရှုချွမ်း၏ နတ်ဘုရားဝိညာဉ်ထံသို့ မထိတွေ့မိသေးမီမှာပင် ရွှေရောင်ရှေးဟောင်းနန်းတော်ကြီးထံမှ ရွှေရောင်အလင်းတန်းတစ်ခု ပစ်ခတ်ထွက်ပေါ်လာခဲ့ပြီး ပိဝူ၏ နတ်ဘုရားဝိညာဉ်ကို တိုက်ရိုက် ထိုးဖောက်ဖျက်ဆီးပစ်လိုက်တော့သည်။

"အား......"

ပိဝူ၏ နာကျင်စွာ အော်ဟစ်ညည်းတွားသံကြီးက ရှုချွမ်း၏ အသိစိတ်ပင်လယ်တစ်ခုလုံးတွင် ဟိန်းထွက်သွားခဲ့ရ၏။

နတ်ဘုရားဝိညာဉ်၏ ဒဏ်ရာရရှိမှု နာကျင်ခြင်းမှာ ရုပ်ခန္ဓာကိုယ်၏ နာကျင်ခြင်းထက် အဆပေါင်း မြောက်မြားစွာ သာ၍ ပြင်းထန်လှပေသည်။

ပိဝူကိုယ်တိုင်ပင်လျှင် ခြွင်းချက်မရှိဘဲ ခံစားလိုက်ရချေပြီ။

နာကျင်လှပေသည်၊ လွန်စွာ နာကျင်လှပေသည်။

၎င်းတင်မကသေးဘဲ ပိဝူ၏ နတ်ဘုရားဝိညာဉ်မှာ ထိုနေရာ၌တင် ရွှေရောင်ရှေးဟောင်းနန်းတော်၏ တိုက်ရိုက် ဖိနှိပ်ခြင်းကို ခံလိုက်ရပြီး လုံးဝ လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။

"အခွင့်အရေး ရပြီ..."

ရှုချွမ်းက ထိုအခိုက်အတန့်ကို လက်လွတ်မခံဘဲ သူ၏ အသိစိတ်ပင်လယ်အတွင်းသို့ 'အနန္တဝိညာဥ်အိုး' ကြီးကို တိုက်ရိုက် ဆင့်ခေါ်လိုက်ပြီး ပိဝူ၏ နတ်ဘုရားဝိညာဉ်အားလုံးကို ထိုအနန္တဝိညာဉ်အိုး ကြီးအတွင်းသို့ သိမ်းလိုက်တော့သည်။

မည်သည့် အကြွင်းအကျန်မျှ မရှိတော့ကြောင်း သေချာစေပြီးနောက်တွင်မှ ရှုချွမ်းက 'အနန္တဝိညာဥ်အိုး' နှင့်အတူ အစစ်အမှန် ကမ္ဘာဘက်သို့ ပြန်လည်ရောက်ရှိလာခဲ့တော့၏။

သူ၏ လက်ဖဝါးတွင်းရှိ 'အနန္တဝိညာဥ်အိုး' လေးကို ကြည့်လျက် ပိဝူ၏ နတ်ဘုရားဝိညာဉ်မှာ နံရံကို အဆက်မပြတ် တိုက်ခိုက်နေသည်ကို မြင်တွေ့ရချိန်တွင် ရှုချွမ်း၏ မျက်နှာထက်၌ ကျေနပ် အားရလှသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ရသည်။

မင်းလိုကောင်က ငါ့ကိုလာပြီး ခန္ဓာကိုယ်လုယူဖို့ ကြိုးစားတာက အိမ်သာထဲမှာ မီးအိမ်ထွန်းရှာတာနဲ့ အတူတူပဲ— မင်းဘာသာမင်း သေလမ်းရှာတာပဲ...

သူက စွမ်းအားများကို ထည့်သွင်းလိုက်ရာ အနန္တဝိဉာဉ်အိုး မှာ ချက်ချင်းဆိုသလို ဧရာမ အရွယ်အစားအထိ ကြီးမားသွားခဲ့ပြီး ရှုချွမ်းက ထိုချိပ်ပိတ်မှုတစ်ခုလုံးကို 'အနန္တဝိညာဥ်အိုး' အတွင်းသို့ တိုက်ရိုက် သိမ်းဆည်းပစ်လိုက်တော့သည်။

မှားပြီး သတ်မိရင် သတ်မိပါစေ၊ လုံးဝ လက်လွတ်မခံရဘူး ဟူသော မူကို သူ ကိုင်စွဲထားခြင်း ဖြစ်၏။

ရှုချွမ်းအနေဖြင့် ပိဝူထံ၌ အခြားဝှက်ဖဲများ ရှိနေသေးမလားဟူ၍ သေချာမသိသော်လည်း ဘေးကင်းလုံခြုံမှု အပြည့်အဝ ရှိစေရန်အတွက် ဤသို့ လုပ်ဆောင်လိုက်ခြင်း ဖြစ်ပေသည်။

ထိုချိပ်ပိတ်မှုကြီးတစ်ခုလုံးကို သူ သန့်စင်ပစ်လိုက်ပါက တစ်ဖက်လူအနေဖြင့် မည်သို့မျှ ထပ်မံ၍ ပြဿနာရှာနိုင်မည်မဟုတ်ကြောင်း သူ ယုံကြည်နေခဲ့သည်။

"ငါ့ကို အပြင်လွှတ်ပေးစမ်း... ဒါက ဘာအစုတ်အပြတ် ပစ္စည်းကြီးလဲ..."

အနန္တဝိဉာဉ် အိုးကြီးအတွင်း၌ ပိဝူက ဆက်လက်၍ အော်ဟစ်ဆဲဆိုနေဆဲ ဖြစ်၏။

ဤအခိုက်အတန့်တွင် သူ၏ ရင်ထဲ၌ မရေရာသော စိုးရိမ်ထိတ်လန့်မှုများ စတင်ဖြစ်ပေါ်လာခဲ့ချေပြီ။

စောစောက သူ အသိစိတ်ပင်လယ်အတွင်း၌ မြင်တွေ့ခဲ့ရသော ရွှေရောင်ရှေးဟောင်းနန်းတော်ကြောင့်တင်မကဘဲ လက်ရှိတွင် သူ့အရှေ့၌ ဘာတွေ ဖြစ်ပျက်နေသည်ကို သူ မသိရှိရခြင်းကြောင့်လည်း ဖြစ်သည်။

ဤကျိန်စာသင့် နေရာဆိုးကြီးအတွင်း၌ သူ၏ အစွမ်းအားလုံးကို အသုံးပြုသော်လည်း ၎င်းကို အနည်းငယ်မျှပင် လှုပ်ရှားအောင် မတတ်နိုင်ခဲ့ပေ။

"မင်း သွားရမှာပါ၊ အောက်က မိစ္ဆာမျိုးနွယ်စုဝင်တွေလည်း မင်းကို စောင့်ရတာ စိတ်မရှည်ဖြစ်နေကြပြီ..."

ရှုချွမ်းက အနန္တဝိညာဉ် အိုးကြီးအတွင်းရှိ ပိဝူကို ပြောကြားလိုက်ရင်း ယွမ် ကျောက်တုံး မြောက်မြားစွာကို ထုတ်ယူလိုက်တော့သည်။

ဧကရာဇ်အရှင်နယ်ပယ်ရှိ မိစ္ဆာဘိုးဘေးတစ်ကောင်ကို ဆေးအဖြစ် သန့်စင်ရန်အတွက် ကုန်ဆုံးရမည့် ကျင့်ကြံခြင်း အရင်းအမြစ်များမှာ သေချာပေါက် ကြောက်မက်ဖွယ် ကောင်းလှပေလိမ့်မည်။

သို့သော်လည်း ရရှိလာမည့် အကျိုးအမြတ်များနှင့် နှိုင်းယှဉ်ပါက အရာအားလုံးက တန်ဖိုးရှိလှပေသည်။

အနန္တဝိညာဉ် အိုးကြီးအတွင်းရှိ ပိဝူမှာ ရှုချွမ်း၏ စကားကို ကြားလိုက်ရချိန်တွင် သူ၏ ရင်ထဲ၌ ထိတ်လန့်မှုများ ပိုမိုပြင်းထန်လာခဲ့ရသည်။

သူ၏ စိုးရိမ်စိတ်များမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ရ၏။

သူက သေဆုံးခြင်း အငွေ့အသက်များကိုပင်လျှင် စတင် ခံစားလိုက်ရချေပြီ။

ယင်းက ဘယ်လိုမှ မဖြစ်နိုင်သောအရာပင်။

သူက ဘယ်လိုလုပ် သေနိုင်ပါမည်နည်း။ သူက အင်မော်တယ် မိစ္ဆာဝိညာဉ်မျိုးနွယ်စုဝင်တစ်ဦးလေ။

သူ့ကို ဘယ်သူက သတ်နိုင်ပါမည်နည်း။

ဘုန်းခနဲပင် ပိဝူ၏ ရင်ထဲ၌ ဘယ်လိုမှ မဖြစ်နိုင်ဟု ထင်ရသော အခွင့်အလမ်း တစ်ခုကို တွေးမိသွားခဲ့ရသည်။

သို့သော် စောစောက သူ အသိစိတ်ပင်လယ်အတွင်း၌ မြင်တွေ့ခဲ့ရသော အဆင့် ၄ ဧကရာဇ်လက်နက်ကြီးက ဤအခွင့်အလမ်း အတွက် သန်မာလှသော သက်သေအထောက်အထားတစ်ခု ဖြစ်နေခဲ့ပြန်သည်။

"မလုပ်ပါနဲ့... ဒါက အစစ်အမှန်မဟုတ်ဘူး..."

ဤအခိုက်အတန့်တွင် သူက အစစ်အမှန် ကြောက်ရွံ့ခြင်းများကို စတင် ခံစားလိုက်ရချေပြီ။

သူက တကယ့်ကို ဤလူသားပုရွက်ဆိတ်၏ လက်ထဲတွင် သေဆုံးသွားရတော့မည်။

All Chapters