← Chapters

အခန်း ၁၇၅

Vol. 18 Ch. 175

အခန်း ၁၇၅

Vol. 18 Ch. 175

အခန်း (၁၇၅) သတ်ဖြတ်ခြင်းခံရမည့် သိုးသူငယ်၊ ပေါင်းစည်းခြင်းနှင့် ကံကြမ္မာအသစ်

"ပိဝူ... ဒီနေ့က မင်းရဲ့ သေနေ့ပဲ"

ရှုချွမ်းမှာ အနည်းငယ် စိတ်လှုပ်ရှားနေပုံရ၏။ မိစ္ဆာမျိုးနွယ်စုရဲ့ ဧကရာဇ်အရှင်နယ်ပယ် တစ်ဦးကို ဆေးအဖြစ် သန့်စင်ပစ်ရတော့မည်ဟု တွေးမိရုံမျှနှင့်တင် သူ အလွန်အမင်း စိတ်လှုပ်ရှား ရူးသွပ်နေခဲ့ချေပြီ။

'နေမီးအစစ်အမှန်မီး‌တောက် 'အလင်းလုံးကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ရှုချွမ်းက ၎င်းကို အနန္တဝိညာဉ်အိုးကြီး၏ အောက်ခြေဆီသို့ တိုက်ရိုက် ပစ်လွှတ်လိုက်တော့သည်။

"ဘန်း......"

ရှုချွမ်း စောစောက ထုတ်ယူထားခဲ့သော ကျင့်ကြံခြင်းအရင်းအမြစ်များနှင့် ယွမ်ကျောက်တုံးများအားလုံးမှာ တခဏချင်းအတွင်းမှာပင် လောင်စာများအဖြစ်သို့ ပြောင်းလဲသွားခဲ့ရပြီး အရူးအမူး စတင်တောက်လောင်တော့၏။

ဝိညာဉ်အိုးကြီးအတွင်း၌မူ မမြင်နိုင်သော သန့်စင်ခြင်းစွမ်းအားတစ်ခုက ပိဝူကို စတင်ဝိုင်းဝန်းပိတ်ဆို့လိုက်ချေပြီ။

ဤခုခံနိုင်စွမ်းမရှိလှသော သန့်စင်ခြင်းစွမ်းအားကို ခံစားလိုက်ရချိန်တွင်မှ ပိဝူက သူ့ကို ဖမ်းဆီးထားသော ဤအိုးကြီးမှာ ထိပ်တန်းအဆင့်ရှိသော ရတနာလက်နက်တစ်ပါး ဖြစ်ကြောင်း၊ ယခင်က သူ မြင်တွေ့ဖူးခဲ့သည့် အဆင့် ၄ ဧကရာဇ်လက်နက်ထက်ပင် သာလွန်မြင့်မားနေနိုင်ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားခဲ့ရတော့၏။

ရှုချွမ်းက အနန္တဝိညာဉ်အိုးကို အစွန်းကုန် အသက်သွင်းလိုက်သည်နှင့်အမျှ ပိဝူ၏ နတ်ဘုရားဝိညာဉ်မှာ မျက်မြင်ထင်ရှားလှသော အရှိန်အဟုန်ဖြင့် စတင်၍ သန့်စင်ခြင်း ခံလိုက်ရတော့သည်။

ပိဝူမှာ ဤအခိုက်အတန့်တွင် ထိတ်လန့်ကြောက်ရွံ့သွားခဲ့ရပြီး သူ၏ နတ်ဘုရားဝိညာဉ်ဖြင့် ပတ်ဝန်းကျင်နံရံများကို အဆက်မပြတ် တိုက်ခိုက်လျက် ထွက်ပြေးရန် ရုန်းကန်တော့သည်။

တစ်ချိန်တည်းမှာပင် သူက အဆက်မပြတ် ရူးသွပ်စွာ အော်ဟစ်ဆဲဆိုနေခဲ့၏။

"မူလ ရတနာ ဟုတ်လား။ မဖြစ်နိုင်တာ... မင်းလိုကောင်က မူလ ရတနာကို ဘယ်လိုလုပ် ပိုင်ဆိုင်ထားနိုင်ရတာလဲ..."

သူက မကျေနပ်နိုင်ဖြစ်ရသည်၊ မျှော်လင့်ချက်မဲ့ရသည်၊ မယုံကြည်နိုင်ဖြစ်ရသည်။

ယခုအခါတွင်မူ သူ့ကို ပိတ်လှောင်ထားသောအရာက ဘာလဲဆိုသည်ကို သူ သေချာပေါက် သိရှိသွားခဲ့ချေပြီ။

ထို့ကြောင့်ပင် သူက သူကိုယ်ပိုင် မိစ္ဆာဘဝ တည်ရှိမှုအပေါ် သာ၍ပင် သံသယဝင်မိသွားခဲ့ရတော့၏။

ဘာကြောင့် လူသားတစ်ယောက်အနေနဲ့ သူ အိပ်မက်ပင် မမက်ဝံ့တဲ့ အဆင့် ၄ ဧကရာဇ်လက်နက်ကို ပိုင်ဆိုင်ထားရုံတင်မကဘဲ အခုဆိုရင် အဆင့် ၄ ဧကရာဇ်လက်နက်ထက် များစွာ သာလွန်မြင့်မားလှတဲ့ မူလဝိညာဉ် ရတနာကိုပါ ပိုင်ဆိုင်ထားရတာလဲ။

မူလဝိညာဉ် ရတနာ။

၎င်းတို့ထဲမှ မည်သည့်အရာမဆို အဆင့် ၆ ဧကရာဇ်လက်နက်နှင့် နှိုင်းယှဉ်နိုင်စွမ်းရှိသော အစွမ်းထက်လက်နက်များ ဖြစ်ကြသည်။

ဤလူသားက ဤပစ္စည်းများကို ဘယ်ကနေ ရရှိလာခဲ့ပါသနည်း။

"ဒါတွေက အရေးမကြီးတော့ပါဘူး။ မင်း စိတ်အေးလက်အေးနဲ့သာ လမ်းကို ဆက်သွားလိုက်တော့..."

"မင်းရဲ့ မိစ္ဆာလေးတွေလည်း လမ်းမှာ မင်းကို စောင့်နေကြတယ်..."

ရှုချွမ်းက ကျယ်လောင်စွာ ရယ်မောလိုက်၏။

စကားပြောပြီးနောက် သူက အနန္တဝိညာဉ်အိုးကို အပြည့်အဝ စတင်လည်ပတ်စေခဲ့ပြီး ပိဝူနှင့် သက်ဆိုင်သမျှ အရာအားလုံးကို သန့်စင်ပစ်တော့သည်။

အနန္တဝိညာဉ်အိုး၏ ပြင်းထန်လှသော သန့်စင်ခြင်းစွမ်းအားကိုမူ ဧကရာဇ်အရှင်နယ်ပယ်တွင် ရှိနေခဲ့သော ပိဝူ၏ နတ်ဘုရားဝိညာဉ်ပင်လျှင် ဘယ်လိုမှ ခုခံနိုင်စွမ်း မရှိခဲ့ပေ။

နာရီဝက်ခန့်သာ ကြာမြင့်ပြီးနောက်တွင် ဦးခေါင်း၏ အောက်ခြေ၌ တည်ရှိနေခဲ့သော သွေးကန်ကြီးမှာ ပထမဆုံးအနေဖြင့် ပြင်းထန်သော ပြောင်းလဲမှုများကို စတင်ခံစားလိုက်ရချေပြီ။

ဤသွေးကန်ကြီးမှာ ပိဝူ၏ ယခင်ခန္ဓာကိုယ်မှ ဖွဲ့စည်းထားခြင်းဖြစ်ပြီး သူ၏ ဧကရာဇ်အရှင်နယ်ပယ် ခွန်အားအားလုံး ပါဝင်နေခဲ့ခြင်း ဖြစ်၏။

မူလက သူသည် ခန္ဓာကိုယ်အသစ်တစ်ခုကို လုယူပြီး ပြန်လည်မွေးဖွားပြီးနောက် ဤသွေးကန်ကြီးကို ဝါးမျိုခြင်းအားဖြင့် သူ၏ အထွတ်အထိပ် အခြေအနေသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

၎င်းအပြင် သူ၏ နတ်ဘုရားဝိညာဉ် အပိုင်းအစတစ်ခုမှာလည်း ဤသွေးကန်ကြီးအတွင်း၌ ပုန်းကွယ်ကျန်ရှိနေခဲ့သေး၏။

အကယ်၍ သူ၏ ဦးခေါင်းအတွင်းရှိ နတ်ဘုရားဝိညာဉ် လုံးဝ ပျက်စီးသွားခဲ့လျှင်ပင် ဤသွေးကန်အတွင်းရှိ နတ်ဘုရားဝိညာဉ်ကို အမှီပြု၍ သူက တစ်နေ့တွင် ဤလောကသို့ ပြန်လည်ရောက်ရှိလာနိုင်မည် ဖြစ်သည်။

သို့သော်လည်း ယခုအခါ ဤအရာအားလုံးမှာ ရှုချွမ်းအတွက် လက်ဆောင် ဖြစ်သွားခဲ့ရချေပြီ။

သွေးကန်ကြီးမှာ သန့်စင်ခြင်း ခံလိုက်ရပြီး ၎င်းနှင့်အတူ အတွင်းရှိ နတ်ဘုရားဝိညာဉ်မှာလည်း တိုက်ရိုက် သန့်စင်ခြင်း ခံလိုက်ရတော့သည်။

ပိဝူ၏ အဓိက နတ်ဘုရားဝိညာဉ်ကြီးမှာ ချက်ချင်းဆိုသလိုပင် စူးရှလှသော အော်ဟစ်ညည်းတွားသံကြီးများကို ထုတ်လွှတ်တော့၏။

"ကဲ... အခု မင်းရဲ့ အလှည့်ရောက်ပြီ..."

အနန္တဝိညာဉ်အိုး၏ သန့်စင်မှုကြောင့် အလွန်အမင်း အားနည်းနေခဲ့ပြီး နတ်ဘုရားဝိညာဉ် အပိုင်းအစကိုပါ ဆုံးရှုံးလိုက်ရသော ပိဝူကို ကြည့်လျက် ရှုချွမ်းက မည်သည့်ခံစားချက်မျှမပါဝင်သော လေသံဖြင့် ဖြည်းညှင်းစွာ ပြောလိုက်သည်။

သူ ဆုံးဖြတ်ပြီးသား ကိစ္စတစ်ခုကို မည်သူမျှ လာပြောင်းလဲနိုင်ခြင်း မရှိပေ။

ဤအခိုက်အတန့်တွင် ပိဝူက ရှုချွမ်းကို မော့ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများထဲ၌ ပြင်းထန်လှသော အဆိပ်အတောက်များနှင့် မုန်းတီးခြင်းများသာ ပြည့်နှက်နေခဲ့တော့သည်။

သူက ဂုဏ်သိက္ခာကြီးမားလှသော မိစ္ဆာမျိုးနွယ်စု၏ မိစ္ဆာဘိုးဘေးတစ်ဦး၊ ဧကရာဇ်အရှင်နယ်ပယ် သိုင်းပညာရှင်တစ်ဦးဖြစ်ပါလျက်နှင့် ယနေ့တွင် လူသားပုရွက်ဆိတ်တစ်ကောင်၏ လက်ထဲ၌ ဤသို့ သေဆုံးရလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပေ။

"လူသားမျိုးနွယ်စု... မင်း အသေဆိုး နဲ့ သေရပါစေ..."

"ငါ့ရဲ့ ဆွေမျိုးသားချင်းတွေက မင်းကို သေချာပေါက် ကလဲ့စားချေပေးလိမ့်မယ်..."

"ငါ မြေအောက်ကမ္ဘာကနေ မင်းကို စောင့်နေမယ်..."

သေခါနီးအချိန်အထိပင် ပိဝူက ရှုချွမ်းကို ဆက်လက်၍ ကျိန်ဆဲနေဆဲ ဖြစ်၏။

သူ၏ စကားလုံးများထဲတွင် နာကျည်းမှုများနှင့် ရူးသွပ်မှုများ လွန်စွာ ပြည့်နှက်နေခဲ့သည်။

"အဲဒီအတွက် မင်း စိုးရိမ်မနေပါနဲ့။ ငါကတော့ ကောင်းကောင်းမွန်မွန် အသက်ရှင်နေဦးမှာပါ..."

ရှုချွမ်းက ခပ်ဖွဖွ ရယ်မောလိုက်၏။

စနစ် ရှိနေသရွေ့ သူ့ကို သတ်နိုင်မည့်သူ မရှိပေ။

ပိဝူ၏ မကျေနပ်နိုင်စရာ မျက်ဝန်းများအောက်တွင် ရှုချွမ်းက အနန္တဝိညာဉ်အိုးကို တစ်ဖန် ပြန်လည်၍ အသက်သွင်းလိုက်တော့သည်။

ပိဝူက နောက်ဆုံးသော စူးရှလှသည့် အော်ဟစ်သံကြီးကို ထုတ်လွှတ်ပြီးနောက်တွင် သူ၏ နတ်ဘုရားဝိညာဉ်မှာ အနန္တဝိညာဉ်အိုး၏ တိုက်ရိုက် သန့်စင်ခြင်းကို ခံလိုက်ရပြီး လုံးဝ ဥဿုံ ပျက်စီးကွယ်ပျောက်သွားခဲ့ရတော့၏။

တစ်အိုးလုံးအတွင်း၌မူ မူလစွမ်းအား များသာ ကျန်ရှိတော့သည်။

"ဝါးမျိုမယ်..."

ဤအခိုက်အတန့်ကျမှသာ ရှုချွမ်းက တွန့်ဆုတ်မနေတော့ဘဲ အနန္တဝိညာဉ်အိုးအတွင်းသို့ တိုက်ရိုက် ခုန်ဝင်လိုက်ကာ အထူးနည်းလမ်းတစ်ခုကို အသုံးပြု၍ ထိုမူလစွမ်းအား များကို သူ၏ ဝမ်းဗိုက်အတွင်းသို့ တိုက်ရိုက် မျိုချပစ်လိုက်တော့သည်။

တစ်ချိန်တည်းမှာပင် သူက သူ၏ ကျင့်စဉ်ကို လည်ပတ်စေလျက် အနန္တဝိညာဉ်အိုးနှင့် ပူးပေါင်းကာ ထိုစွမ်းအားများကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ စတင် ပေါင်းစည်းတော့၏။

ချန်ဖုန်းကဲ့သို့ ရူးသွပ်သွားသူတစ်ဦး ဖြစ်မလာစေရန်အတွက် ရှုချွမ်းက သန့်စင်နေစဉ်အတောအတွင်း ယခင်က ဝမ်ပေါင်ခန်းမ၌ ရရှိခဲ့သော ဧကရာဇ်ကျင့်စဥ့်ကိုပါ တစ်ပါးတည်း စတင်ကျင့်ကြံနေခဲ့သည်။

ပတ်ဝန်းကျင်တစ်ခုလုံးမှာ သေခြင်းကဲ့သို့ တိတ်ဆိတ်သွားခဲ့ရ၏။

ရှုချွမ်းမှာ ရှည်လျားလှသော ပေါင်းစည်းခြင်းအတွင်းသို့ ကျရောက်သွားခဲ့ချေပြီ။

ချိပ်ပိတ်မှု၏ အပြင်ဘက်တွင်မူ နင်ယို့ချီက စိုးရိမ်ပူပန်စွာဖြင့် ဤအရာအားလုံးကို စောင့်ကြည့်နေခဲ့ပြီး ရှုချွမ်းအတွက် ရင်ထဲမှနေ၍ တိတ်တဆိတ် ဆုတောင်းပေးနေခဲ့မိတော့သည်။

.....

တစ်ချိန်တည်းမှာပင်...

ပိဝူ၏ နတ်ဘုရားဝိညာဉ် လုံးဝ သန့်စင်ခြင်း ခံလိုက်ရပြီး သူ သေဆုံးသွားခဲ့သည့် ထိုအခိုက်အတန့်၌ ဖရိုဖရဲ အတွင်းရှိ မိစ္ဆာမျိုးနွယ်စုဝင်များ ပြည့်နှက်နေသည့် နေရာတစ်ခု၌ ဧရာမ ပလ္လင်ထက်တွင် ထိုင်နေသော မိစ္ဆာအရှင်တစ်ဦး၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့ရသည်။

ယခုလေးတင် သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော မိစ္ဆာဝိညာဉ်မျိုးနွယ်စုမှ အဆင့် ၁ ဧကရာဇ်အရှင်တစ်ဦး သေဆုံးသွားခဲ့ကြောင်း သူ ခံစားလိုက်ရခြင်း ဖြစ်၏။

မိစ္ဆာဝိညာဉ်မျိုးနွယ်စုဆိုသည်မှာ မိစ္ဆာမျိုးနွယ်စုအတွင်း၌ပင် လွန်စွာ ရှားပါးပြီး အဖိုးတန်လှသော မျိုးနွယ်စုတစ်ခု ဖြစ်ကြောင်း သိထားရပေမည်။

၎င်းတို့ မျိုးနွယ်စု၏ မူလပါရမီ ကံကြမ္မာများကြောင့် ၎င်းတို့ကို သတ်ဖြတ်ရန်မှာ လွန်စွာ ခက်ခဲလှပေသည်။

သို့သော်လည်း ယခုအခါ ဧကရာဇ်အရှင်နယ်ပယ်ရှိ မိစ္ဆာဝိညာဉ်မျိုးနွယ်စုဝင်တစ်ဦး သေဆုံးသွားခဲ့ချေပြီ။

"သွားပြီး စုံစမ်းစမ်း... မိစ္ဆာဝိညာဉ်မျိုးနွယ်စုက ပိဝူ ဘယ်ကို ရောက်သွားခဲ့တာလဲ..."

"သေချာ စုံစမ်းပြီးတာနဲ့ ငါ့ထံကို ချက်ချင်း ပြန်​ သတင်းပို့စေ..."

သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး မိစ္ဆာမျိုးနွယ်စုဝင် လက်အောက်ခံတစ်ဦးကို ဆင့်ခေါ်ကာ အမိန့်ပေးလိုက်တော့သည်။

"မှန်လှပါ... အရှင်..."

ဤမိစ္ဆာမျိုးနွယ်စုဝင်၏ အော်ရာ မှာ အလွန်အမင်း သန်မာလှသော်လည်း ပလ္လင်ထက်ရှိ မိစ္ဆာအရှင်၏ အရှေ့တွင်မူ လွန်စွာ ရိုသေကျိုးနွံလျက် ရှိနေခဲ့သည်။

အခြားတစ်ဖက်တွင်မူ ဖရိုဖရဲ အတွင်းရှိ လူသားမျိုးနွယ်စု၏ အခြေစိုက်စခန်းတစ်ခု၌ ဆံပင်ဖြူအဖိုးအိုတစ်ဦး၏ မျက်နှာအမူအရာမှာလည်း ရုတ်တရက် ပြောင်းလဲသွားခဲ့ရ၏။

"မကောင်းတော့ဘူး... ချိပ်ပိတ်မှု ပျောက်ကွယ်သွားပြီ။ အဲ့မိစ္ဆာခေါင်းဆောင်က တစ်ဖန် ပြန်လည်မွေးဖွားသွားခဲ့တာလား..."

"မဖြစ်ဘူး... ငါ အမြန်သွားပြီးတော့ မိတ်ဆွေဟောင်းတွေနဲ့ တိုင်ပင်ရမယ်..."

ပြောပြီးသည်နှင့် သူက သူ၏ ဂူမှ လျင်မြန်စွာ ထွက်ခွာသွားခဲ့ပြီး အခြားနေရာများသို့ သွားကာ ဤကိစ္စကို တိုင်ပင်ဆွေးနွေးတော့သည်။

ဤကိစ္စမှာ လွန်စွာ အရေးကြီးလှသဖြင့် သူ အနည်းငယ်မျှ ပေါ့ဆ၍ မရနိုင်ပေ။

သူသည် ယခင်က ပိဝူကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြသော လူသားမျိုးနွယ်စု၏ ဧကရာဇ်အရှင်များထဲမှ တစ်ဦးဖြစ်ပြီး ထိုချိပ်ပိတ်မှုကိုလည်း သူကိုယ်တိုင် ဖန်တီးခဲ့ခြင်း ဖြစ်၏။

ထိုအချိန်က ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်မှာ မြင့်မားခြင်းမရှိသေးသဖြင့် မည်သူမျှ ပိဝူကို အပြတ်မသတ်နိုင်ကြသောကြောင့် ချိပ်ပိတ်ထားရန်သာ တတ်နိုင်ခဲ့ကြခြင်း ဖြစ်သည်။

ယခုအခါ ချိပ်ပိတ်မှု ပျောက်ကွယ်သွားခဲ့ပြီဖြစ်ရာ အခွင့်အလမ်း နှစ်ခုသာ ရှိပေသည်။

တစ်ခုမှာ ပိဝူက တစ်ဖန် ပြန်လည်မွေးဖွားသွားခဲ့ခြင်း ဖြစ်ပြီး အခြားတစ်ခုမှာမူ ပိဝူ လုံးဝ သေဆုံးသွားခဲ့ခြင်း ဖြစ်၏။

သို့သော် ၎င်းတို့အားလုံး ပူးပေါင်းလုပ်ဆောင်ခဲ့ကြစဉ်ကပင် ပိဝူကို အပြတ်မသတ်နိုင်ခဲ့ကြသည်ဖြစ်ရာ မည်သူက သူ့ကို တစ်ချက်တည်းနှင့် အပြတ်သတ်နိုင်ပါမည်နည်း။

အထပ်ထပ် တွေးတောပြီးနောက်တွင် အခွင့်အလမ်းတစ်ခုသာ ကျန်ရှိတော့ပြီး ယင်းက ပိဝူက တစ်ဖန် ပြန်လည်မွေးဖွားသွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

အကယ်၍ ထိုသို့သာ အမှန်တကယ် ဖြစ်ပွားခဲ့ပါက ရွှမ်ထျန်းတိုက်ကြီးမှာ နောက်ထပ် ဘေးဒုက္ခကြီးတစ်ခုနှင့် သေချာပေါက် ရင်ဆိုင်ရပေဦးမည်။

ဤအခိုက်အတန့်တွင်မူ အနန္တဝိညာဉ်အိုးအတွင်း၌ ရှုချွမ်းက ပိဝူ၏ မူလစွမ်းအား များကို လုံ့လစိုက်ထုတ်၍ ဆက်လက် သန့်စင်ပေါင်းစည်းနေဆဲ ဖြစ်သည်။

ဧကရာဇ်အရှင်နယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ မူလစွမ်းအားမှာ တကယ့်ကို သန်မာ လွန်းလှပေသည်။

ရှုချွမ်း၌ လုံလောက်စွာ သန်မာသော စိတ်ဆန္ဒ ရှိနေသည့်အပြင် မြောက်မြားစွာသော ဧကရာဇ်ကျင့်စဉ်များ၏ ကူညီပံ့ပိုးမှု ရှိနေခဲ့သော်လည်း ပေါင်းစည်းခြင်းမှာ သာ၍ပင် ပင်ပန်းခက်ခဲနေဆဲ ဖြစ်၏။

ကံကောင်းထောက်မစွာဖြင့် ကြိုးစားမှုက အရာထင်ခဲ့ပေသည်။

သုံးရက်ခန့် ကြာမြင့်ပြီးနောက်တွင် ရှုချွမ်းက နောက်ဆုံး၌ ပိဝူ၏ မူလစွမ်းအားများကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ လုံးဝ ဥဿုံ ပေါင်းစည်းနိုင်ခဲ့ချေပြီ။

တစ်ချိန်တည်းမှာပင် သူ အသည်းအသန် လိုချင်တက်မက်နေခဲ့သောအရာကိုလည်း ရရှိသွားခဲ့ရသည်။

ယင်းက ပိဝူ၏ နတ်ဘုရားစွမ်းရည်နှင့် ကံကြမ္မာများ ဖြစ်ကြပေသည်။

ပိဝူ၏ မူလစွမ်းအားများကို ပေါင်းစပ်ပြီးနောက်တွင် ရှုချွမ်းက ဤအရာများကို အောင်မြင်စွာ ဆက်ခံရရှိသွားခဲ့ပြီ ဖြစ်၏။

၎င်းတို့က လုံးဝ ထပ်တူထပ်မျှ တူညီနေခြင်းမျိုး မဟုတ်သော်လည်း အလွန်အမင်း သန်မာဆဲပင် ဖြစ်သည်။

ဤအချက်က ရှုချွမ်းကို အတိုင်းအဆမဲ့လှစွာ စိတ်လှုပ်ရှားသွားစေခဲ့ရသည်။

သူက အသစ်ရရှိထားသော ကံကြမ္မာနှင့် နတ်ဘုရားစွမ်းရည်များကို ကြည့်ရှုရန်အတွက် အနည်းငယ်ပင် စိတ်မရှည် ဖြစ်နေခဲ့မိချေပြီ။

သို့သော်လည်း အတိအကျပင် ဤအခိုက်အတန့်၌ ရှုချွမ်းက သူ၏ ကျင့်ကြံခြင်းနယ်ပယ်မှာ စတင်၍ လျှော့ရဲလာခဲ့ပြီး နောက်ထပ်တစ်ဖန် ကျင့်ကြံခြင်းအဆင့် ထိုးဖောက်တော့မည့် အရိပ်အယောင်များကို ရုတ်တရက် ခံစားလိုက်ရတော့သည်။

မည်သည့် တွန့်ဆုတ်မှုမျှမရှိဘဲ ရှုချွမ်းက ယွမ်ကျောက်တုံး မြောက်မြားစွာကို ထပ်မံ ထုတ်ယူလိုက်ပြီး တင်ပျဉ်ခွေထိုင်လျက် ကျင့်ကြံခြင်းနယ်ပယ် ထိုးဖောက်မှု အဆင့်သစ်တစ်ခုကို စတင်လိုက်တော့၏။

All Chapters