အခန်း ၁၇၉
Vol. 18 Ch. 179
အခန်း (၁၇၉) အန္တရာယ်မှ ကံကောင်းစွာ လွတ်မြောက်ခဲ့ပြီးနောက် ရှေးဟောင်းစစ်မြေပြင် ခရီးစဉ် ပြီးဆုံးခြင်း
"စီနီယာအစ်ကိုရှု... ရှင် ဘာမှမဖြစ်တာ တကယ်ကို ကောင်းတာပဲ"
ရှုချွမ်းမှာ ဘာဒဏ်ရာမျှမရှိဘဲ ကောင်းမွန်စွာ ရပ်နေသည်ကို မြင်လိုက်ရလျှင် နင်ယို့ချီမှာ ဝမ်းသာလွန်း၍ မျက်ရည်ပင် ကျမိတော့၏။
ယခင်အခိုက်အတန့်လေးတွင် ရှုချွမ်းထံ၌ တစ်ခုခု ဘေးအန္တရာယ် ကြုံတွေ့သွားခဲ့ပြီလားဟု သူမ တကယ်ကို ထိတ်လန့်စိုးရိမ်ခဲ့ရခြင်း ဖြစ်သည်။
"ဒါပေါ့... ကို ဘာမှမဖြစ်ပါဘူး"
ရှုချွမ်းက ပြုံးပြလိုက်ပြီးနောက် ဦးညွှတ်အရိုအသေပြုကာ နှုတ်ဆက်လိုက်သည်။ "ဧကရာဇ်နင် ကို ဂါရဝပြုပါတယ်"
သို့သော်လည်း သူ၏စိတ်ထဲတွင်မူ အနည်းငယ် အံ့အားသင့်နေမိ၏။
နင်ချန်ထျန်းက ဘာကြောင့် ဒီကို ရောက်နေရတာလဲ။
နင်ချန်ထျန်းအနေဖြင့် စနစ် က နေရာလွတ် နှလုံးသားကို ယူဆောင်သွားကြောင်း ရိပ်မိသွားခဲ့၍လား။
သူ၏ ရင်ထဲတွင် အနည်းငယ် မတင်မကျဖြစ်သွားရပြီး နင်ချန်ထျန်း ဘာတွေးနေသည်ကို ရှုချွမ်း ခန့်မှန်းရခက်နေခဲ့သည်။
ကံကောင်းစွာဖြင့် နင်ချန်ထျန်း၏ နောက်ထပ်ထွက်ပေါ်လာသော စကားလုံးများကြောင့် ရှုချွမ်း၏ စိတ်ထဲမှ စိုးရိမ်မှုများ လုံးဝ ပျောက်ကွယ်သွားခဲ့ရတော့၏။
နင်ချန်ထျန်းက တည်ကြည်လေးနက်သော အမူအရာဖြင့် ရှုချွမ်းကို မေးလိုက်သည်။
"ရှုချွမ်း... မိစ္ဆာနယ်မြေ အက်ကြောင်းရဲ့ ချိပ်ပိတ်မှုနေရာမှာ အတိအကျ ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ။ မိစ္ဆာနယ်မြေ အက်ကြောင်းက ဘာလို့ ပျောက်ကွယ်သွားရတာလဲ။ ပြီးတော့... ချိပ်ပိတ်မှုကြီးတစ်ခုလုံးကကော ဘာလို့ အပြီးအပိုင် ပြိုလဲသွားခဲ့ရတာလဲ"
ဤကိစ္စမှာ တာ့ဝေဧကရာဇ်မင်းဆက်တစ်ခုလုံး၏ ရှင်သန်ရေးနှင့်ပင် သက်ဆိုင်နေသဖြင့် နင်ချန်ထျန်းအနေဖြင့် လွန်စွာ သတိကြီးစွာ ထားရခြင်း ဖြစ်သည်။
နင်ချန်ထျန်း၏ မေးမြန်းမှုကို ရင်ဆိုင်လိုက်ရချိန်တွင် ရှုချွမ်းတစ်ယောက် မည်သို့ရှင်းပြရမည်ကို ခဏမျှ ဝေခွဲမရဖြစ်သွားခဲ့သည်။
သူ့ထံရှိ စနစ်က မိစ္ဆာနယ်မြေ အက်ကြောင်းကို ဖြစ်တည်စေသည့် အဓိကအကျဆုံးအစိတ်အပိုင်းဖြစ်သော နေရာလွတ် နှလုံးသားကို ယူဆောင်သွားခဲ့သဖြင့် မိစ္ဆာနယ်မြေ အက်ကြောင်းကြီး ပျောက်ကွယ်သွားရခြင်း ဖြစ်သည်ဟု သူက နင်ချန်ထျန်းကို ပြောပြရမည်လော။
ဤကဲ့သို့သောအရာကို ပြောပြ၍ ဖြစ်ပါမည်လော။
မဖြစ်နိုင်သည်မှာ အထင်အရှားပင်။
ပြိုလဲပျက်စီးသွားသော ချိပ်ပိတ်မှုကြီးနှင့် ပတ်သက်၍မူ... ရှုချွမ်းလည်း တကယ့်ကို အမှန်အတိုင်း မသိပေ။
ယခင်က စနစ်၏ တညိနေရာရွှေ့ပြောင်းခြင်းဖြင့် သူ ထွက်ခွာသွားခဲ့စဉ်အချိန်၌ ထိုသေးငယ်လှသောအပေါက်လေးမှလွဲ၍ ချိပ်ပိတ်မှုကြီးမှာ ကောင်းမွန်စွာ တည်ရှိနေသေးခြင်း ဖြစ်၏။
၎င်းက မည်သို့ပုံစံဖြင့် ပြိုလဲသွားခဲ့သည်ကို မည်သူက သိနိုင်ပါမည်နည်း။
ရှုချွမ်းကိုယ်တိုင်လည်း လုံးဝ ဝေခွဲမရ ဖြစ်နေခဲ့သည်။
သို့သော် ယခုအခါ နင်ချန်ထျန်းက မေးမြန်းနေခဲ့ပြီဖြစ်ရာ သူက မသိပါဟု ငြင်းဆန်၍ မရနိုင်ပေ။
အဘယ်ကြောင့်ဆိုသော် ထိုချိပ်ပိတ်မှုနေရာသို့ သူတစ်ဦးတည်းသာ သွားရောက်ခဲ့ခြင်းကြောင့် ဖြစ်၏။
ရှုချွမ်း၏ ဦးနှောက်က အလျင်အမြန် လည်ပတ်နေခဲ့ပြီး ကျိုးကြောင်းဆီလျော်သော ဆင်ခြေတစ်ခုကို ရှာဖွေရန် ကြိုးပမ်းလိုက်သည်။
ထိုဆင်ခြေက စနစ်၏ တည်ရှိမှုကိုလည်း ဖုံးကွယ်ထားနိုင်ရပေမည်။
အမှန်အတိုင်း ပြောရလျှင် ဤသည်မှာ အတော်လေး ခက်ခဲလှပေသည်။
ခဏမျှ ပတ်ဝန်းကျင်လေထုကြီးမှာ ဖိအားများဖြင့် အနည်းငယ် လေးလံဆိတ်ငြိမ်သွားခဲ့ရ၏။
ထိုအချိန်တွင် ရုတ်တရက် ရှုချွမ်း၏ စိတ်ထဲ၌ လျှပ်ခနဲ အကြံတစ်ခု ရသွားခဲ့သည်။
"ဧကရာဇ်နင် ... မိစ္ဆာနယ်မြေ အက်ကြောင်းက လုံးဝ ပိတ်ဆို့သွားခဲ့ပြီဖြစ်လို့ ဘယ်တော့မှ ထပ်ပွင့်လာမှာ မဟုတ်တော့ပါဘူး။ ဒီကိစ္စက... တကယ့်ကို ကျွန်တော့်နဲ့ ပတ်သက်မှု ရှိနေပါတယ်"
ရှုချွမ်းက ဤကိစ္စ၏ တာဝန်ကို တိုက်ရိုက်ပင် ယူလိုက်တော့သည်။
ရှောင်လွှဲ၍မရနိုင်တော့သည့်အတူတူ တွန့်ဆုတ်မနေဘဲ ဝန်ခံလိုက်ခြင်းက သာ၍ ကောင်းမွန်ပေလိမ့်မည်။
"အို..."
"မင်း ဘယ်လိုလုပ်လိုက်တာလဲ... ငါ့ကို ပြောပြစမ်း"
မိစ္ဆာနယ်မြေ အက်ကြောင်းမှာ အခြားတစ်နေရာသို့ ရွှေ့ပြောင်းသွားခြင်းမဟုတ်ဘဲ အပြီးအပိုင် ပိတ်ဆို့သွားခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုနိုင်လိုက်သဖြင့် နင်ချန်ထျန်းမှာ ယခင်ကလောက် မစိုးရိမ်တော့ဘဲ စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
"အရှင်အနေနဲ့ 'ရွှေရောင်ရှေးဟောင်းနန်းတော်' အကြောင်းကို ကြားဖူးပါသလား" ရှုချွမ်းက မေးခွန်းကို မေးခွန်းဖြင့်ပင် ပြန်လည်တုံ့ပြန်လိုက်ရင်း "နှစ်ပေါင်းတစ်ထောင်မှာ တစ်ကြိမ်သာ ပွင့်လေ့ရှိတဲ့ ရွှေရောင်ရှေးဟောင်းနန်းတော်ပါ"
"ဒါပေါ့... ငါ ကြားဖူးတာပေါ့။လွန်ခဲ့တဲ့ အတောအတွင်းကတင် ရွှေရောင်ရှေးဟောင်းနန်းတော် ပွင့်ခဲ့သေးတယ် မဟုတ်လား။ အကယ်၍ ငါ့ရဲ့ နန်းတော်ထဲမှာ သင့်တော်တဲ့ ကျင့်ကြံခြင်းအဆင့်ရှိတဲ့ ပါရမီရှင်တွေသာ ရှိခဲ့ရင် ငါ လုံးဝ လက်လွတ်ခံမှာ မဟုတ်ဘူး။ဒါပေမဲ့... အဲဒီ ရွှေရောင်ရှေးဟောင်းနန်းတော်က မိစ္ဆာနယ်မြေ အက်ကြောင်းနဲ့ ဘာဆိုင်လို့လဲ"
တာ့ဝေမင်းဆက်၏ ဧကရာဇ်တစ်ပါးအနေဖြင့် နင်ချန်ထျန်းက ရွှေရောင်ရှေးဟောင်းနန်းတော်၏ ကျော်ကြားမှုကို မည်သို့လျှင် မကြားဖူးဘဲ နေပါမည်နည်း။
သူ၏ လူငယ်ဘဝအချိန်တုန်းကပင် သူက ရွှေရောင်ရှေးဟောင်းနန်းတော်အတွင်းသို့ ဝင်ရောက်စွန့်စားခဲ့ဖူးသေးသည်။
အဆုံးတွင်မူ မည်သည့် သန်မာလှသော အမွေအနှစ်ကိုမျှ မရရှိခဲ့သော်လည်း အရှေ့ပိုင်းဒေသမှ ပါရမီရှင် မြောက်မြားစွာနှင့် ယှဉ်ပြိုင်နိုင်ခဲ့သဖြင့် သူ၏ နောင်အနာဂတ် ဧကရာဇ်လမ်းစဉ်အတွက် အခြေခံအုတ်မြစ်ကို ခိုင်မာစေခဲ့ခြင်း ဖြစ်သည်။
"အရှင်... ကျွန်တော် အရင်က အဲဒီရွှေရောင်ရှေးဟောင်းနန်းတော်ရဲ့ အမွေအနှစ်စမ်းသပ်ပွဲမှာ ပထမနေရာကို ရရှိခဲ့တာကို သိပါသလား"
"အဲဒီ ပထမနေရာရဲ့ ဆုလာဘ်ကတော့ အဆင့် ၄ ဧကရာဇ်အရှင်နယ်ပယ် သိုင်းပညာရှင်ကြီးတစ်ဦးရဲ့ အမွေအနှစ် ပါ ပဲ"
ရှုချွမ်းက နန်းတော်သခင် နန်ချန်းယု၏ အမွေအနှစ်ကို ရရှိခဲ့သည့် အချက်အလက်အစစ်အမှန်ကို ဖုံးကွယ်ထားလိုက်ပြီး အဆင့် ၄ ဧကရာဇ်အရှင်၏ အမွေအနှစ်ကို ရရှိခဲ့သည်ဟုသာ မုသားတစ်ဝက်၊ အမှန်တရားတစ်ဝက် ရောနှော၍ ပြောလိုက်ခြင်း ဖြစ်သည်။
"အဆင့် ၄ ဧကရာဇ်အရှင်ရဲ့ အမွေအနှစ် ဟုတ်လား... မင်းက တကယ့်ကို ကံကောင်းတဲ့ကောင်ပဲ"
နင်ချန်ထျန်းက ရယ်မောလျက် ပြောလိုက်သည်။
နင်မျိုးနွယ်စုမှာလည်း နှစ်ပေါင်းသောင်းချီ၍ လက်ဆင့်ကမ်းလာခဲ့သော ဧကရာဇ်မင်းဆက်တစ်ခုဖြစ်ရာ အဆင့် ၄ ဧကရာဇ်အရှင်ဟူသည် မည်မျှအထိ အစွမ်းထက်ကြောင်း သူက သဘာဝအတိုင်း သိရှိပေသည်။
ဤကဲ့သို့သောအမွေအနှစ်ကို ပိုင်ဆိုင်ထားပါက နောင်အနာဂတ်တွင် ဧကရာဇ်အရှင်နယ်ပယ် ပညာရှင်တစ်ဦး ဖြစ်လာရန်မှာ သေချာသလောက်ပင် ဖြစ်ချေပြီ။
"..." ရှုချွမ်းမှာ ခဏမျှ စကားမဲ့သွားခဲ့ရသည်။
အဆင့် ၄ ဧကရာဇ်အရှင်၏ အမွေအနှစ်ဟူသော စကားလုံးက နင်ချန်ထျန်းကို အံ့အားသင့်သွားစေလိမ့်မည်ဟု သူက ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော်... ဒီလောက်ပဲလား။
ဤအခိုက်အတန့်တွင်မှ အထွတ်အထိပ် ကောင်းကင်ဘုရင်နယ်ပယ် သိုင်းပညာရှင်ကြီးများမှာ သူတို့ကိုယ်ပိုင် သိုင်းတာအိုကို ထူထောင်ထားကြပြီးဖြစ်ရာ တခြားသူများ၏ အမွေအနှစ်များကို ဂရုမစိုက်ကြတော့မှန်း သူ နားလည်သွားခဲ့သည်။
၎င်းတို့အနေဖြင့် အမွေအနှစ်တစ်ခုကို ရရှိခဲ့လျှင်ပင် သူတို့၏ သိုင်းတာအိုကို အတည်ပြုရန်အတွက်သာ အသုံးပြုကြခြင်း ဖြစ်၏။
ထို့ပြင် ကျယ်ပြောလှသော မင်းဆက်ကြီးကို အုပ်ချုပ်နေသည့် တာ့ဝေဧကရာဇ်တစ်ပါးအနေဖြင့် နင်ချန်ထျန်း မမြင်ဖူးသော အမွေအနှစ်ဟူသည် မရှိသလောက်ပင် ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် သူက ရှုချွမ်း၏ အဆင့် ၄ အမွေအနှစ်စကားကို ကြားရလျှင် သာမန်ကဲ့သို့ပင် သဘောထားနိုင်ခြင်း ဖြစ်သည်။
သို့သော်လည်း နင်ယို့ချီမှာမူ ရှုချွမ်း၏ စကားကို ကြားရလျှင် မျက်ဝန်းများထဲ၌ လေးစားအားကျမှု ပုံရိပ်များ ပေါ်ထွက်လာခဲ့သည်။
သူမက ရှုချွမ်းအတွက် စိတ်ရင်းအမှန်ဖြင့် ဝမ်းမြောက်ပေးနေခြင်းဖြစ်ပြီး မည်သည့် မနာလိုဝန်တိုစိတ်မျှ ရှိမနေခဲ့ပေ။ သူမကိုယ်တိုင်၌လည်း ထိုက်ယင်နတ်သမီး၏ အမွေအနှစ် ရှိနေခဲ့ရာ ရှုချွမ်း၏ အမွေအနှစ်ထက် မည်သို့မျှ လျော့နည်းခြင်းမရှိပေ။
သူ၏ သမီးဖြစ်သူ၏ ပုံစံကို ကြည့်ပြီး နင်ချန်ထျန်းက သူမမှာ ရှုချွမ်းအပေါ် လုံးဝ စွဲလမ်းနေပြီဖြစ်ကြောင်း သိလိုက်သည်။
သူက ပြုံးလျက် ခေါင်းကို ခါယမ်းလိုက်မိသော်လည်း သူ၏ ရင်ထဲတွင်မူ မည်သည့်အချိန်၌ ထိုက်ယိမြင့်မြတ်နယ်မြေ သို့ သွားရောက်၍ သူ၏ ချစ်လှစွာသော သမီးအတွက် သင့်တော်လျော်ကန်သော အဆင့်အတန်းတစ်ခုကို တောင်းဆိုရမလဲဟု စတင်တွေးတောနေခဲ့ချေပြီ။
"အရှင်... ကျွန်တော် ရရှိထားတဲ့ အမွေအနှစ်ထဲမှာ ဒီမိစ္ဆာနယ်မြေ အက်ကြောင်းကို အပြီးအပိုင် ရှင်းလင်းနိုင်မယ့် နည်းလမ်းတစ်ခု ကံကောင်းထောက်မစွာ ပါဝင်နေခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော် စမ်းသပ်ကြည့်လိုက်တာပါ၊ တကယ်ကို အောင်မြင်သွားလိမ့်မယ်လို့ ကျွန်တော်ကိုယ်တိုင်လည်း မထင်ထားခဲ့မိပါဘူး"
ရှုချွမ်းက သူ၏ စိတ်ထဲတွင် ကြိုတင်ပြင်ဆင်ထားသော စကားလုံးများကို တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
အပြင်လူတစ်ဦးအတွက်မူ ဤစကား၌ မည်သည့် ပြဿနာမျှ ရှိမနေပေ။
နင်ချန်ထျန်းကလည်း ရှုချွမ်းကို အချိန်အကြာကြီး စိုက်ကြည့်နေခဲ့သော်လည်း သူ၏မျက်နှာပေါ်တွင် မည်သည့် သဲလွန်စမျှ ရှာမတွေ့ခဲ့ပေ။
ထို့ကြောင့် သူက ရှုချွမ်း၏ စကားကို အတိုင်းအတာတစ်ခုအထိ ယုံကြည်သွားခဲ့ရတော့သည်။
"ဒါဆိုရင်... ဒီချိပ်ပိတ်မှုကြီး ပြိုလဲသွားတဲ့ ကိစ္စနဲ့ မင်း ဒီနေရာကို ရုတ်တရက် ရောက်လာတဲ့ ကိစ္စကိုကော မင်း ဘယ်လို ရှင်းပြမလဲ..."
နင်ချန်ထျန်းက ဆက်လက်၍ မေးပြန်သည်။
"ဒါက..."
ရှုချွမ်း စကားဆွံ့သွားခဲ့ရပြန်သည်။ဤကိစ္စနှင့် ပတ်သက်၍ အတိအကျ ဘာပြောရမည်ကို သူ တကယ်ကို မသိတော့ပေ။
ရှုချွမ်း တစ်ယောက် ဘာပြောရမှန်းမသိ အခက်တွေ့နေစဉ်မှာပင် နင်ယို့ချီ၏ စကားလုံးများက သူ့ကို ကယ်တင်ပေးလိုက်တော့သည်။
"ခမည်းတော်ကလည်း... စီနီယာအစ်ကိုရှုကို အကျပ်မကိုင်ပါနဲ့တော့။ မိစ္ဆာနယ်မြေ အက်ကြောင်း ပျောက်ကွယ်သွားတာက ကောင်းတဲ့အချက်ပဲ မဟုတ်ဘူးလား"
"စီနီယာအစ်ကိုရှုက ကျွန်မတို့ တာ့ဝေတော်ဝင်မျိုးနွယ်စုအတွက် ကြီးမားလှတဲ့ ကောင်းမှုကုသိုလ်တစ်ခုကို လုပ်ဆောင်ပေးခဲ့တာလေ"
"ခမည်းတော်အနေနဲ့ အဲဒီ ချိပ်ပိတ်မှုကြီးအကြောင်းကိုပဲ ထပ်ပြီး တွေးမနေပါနဲ့တော့"
နင်ယို့ချီက တစ်ဖန် ထပ်မံ၍ သူမ၏ ကလေးဆန်သော အမူအရာကို အသုံးပြုကာ နင်ချန်ထျန်း၏ လက်မောင်းကို လှုပ်ခါလျက် ပူဆာလိုက်ပြန်သည်။
အကယ်၍ ခမည်းတော်ဖြစ်သူက သဘောမတူပါက သူမက တစ်နေကုန် ဆက်တိုက် ဆွဲလှုပ်နေတော့မည့် ပုံစံမျိုး ဖြစ်၏။
"ကဲပါ... ကဲပါ... သမီးစကားကို နားထောင်ပါ့မယ်"
နင်ချန်ထျန်း ချက်ချင်းပင် အလျှော့ပေးလိုက်ရတော့သည်။
နင်ယို့ချီ၏ နည်းလမ်းက တကယ့်ကို ထိရောက်လှပေသည်။
ဂုဏ်သရေရှိလှသော တာ့ဝေဧကရာဇ်မင်းကြီးမှာ သူ၏ သမီးဖြစ်သူကို အလိုလိုက်လွန်းသော ဖခင်တစ်ဦး ဖြစ်လိမ့်မည်ဟု မည်သူမျှ မျှော်လင့်ထားကြမည် မဟုတ်ပေ။
"ကျေးဇူးတင်ပါတယ် ခမည်းတော်"
နင်ချန်ထျန်း သဘောတူလိုက်သည်ကို မြင်လျှင် သူမ၏ မျက်နှာတွင် အပြုံးများ ချက်ချင်း ပေါ်ထွက်လာခဲ့ပြီး ဝမ်းသာအားရ ပြောလိုက်သည်။
ဤမြင်ကွင်းကို ကြည့်ပြီး ရှုချွမ်းလည်း ရင်ထဲမှ သက်ပြင်းအရှည်ကြီးတစ်ချက်ကို ချလိုက်မိတော့၏။
သူ နောက်ဆုံးတော့ ဤအတားအဆီးကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပြီး စနစ်၏ တည်ရှိမှုကိုလည်း ဖုံးကွယ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် နင်ချန်ထျန်းက ဤကိစ္စကို အကြီးအကျယ် မပြုလုပ်ခဲ့ပေ၊ ထို့သို့မဟုတ်ပါက ပြဿနာ မြောက်မြားစွာ ထွက်ပေါ်လာနိုင်ပေသည်။
၎င်းတို့အထဲတွင် ရွှေရောင်ရှေးဟောင်းနန်းတော်နှင့် 'အနန္တဝိညာဉ်အိုး'ကဲ့သို့သော ထိပ်တန်းရတနာများကို ပိုင်ဆိုင်ထားသည့် သတင်းများပါ ပါဝင်သွားနိုင်ပေသည်။
"ကောင်းပြီ... မိစ္ဆာနယ်မြေ အက်ကြောင်းက လုံးဝ အပြီးအပိုင် ပိတ်ဆို့သွားခဲ့ပြီဆိုတော့ မင်းတို့ရဲ့ တာဝန်လည်း ပြီးဆုံးသွားပြီလို့ သတ်မှတ်လို့ရတယ်။ လာ... ငါတို့အားလုံး အတူတူ အပြင်ကို ပြန်ထွက်ကြစို့"
"ဒီရှေးဟောင်းစစ်မြေပြင်ရဲ့ နေရာတိုင်းမှာ နတ်ဆိုးချီ တွေနဲ့ မိစ္ဆာချီ တွေ ပြည့်နှက်နေတာ။ ဒီနေရာမှာ အချိန်အကြာကြီး နေထိုင်တာက သိုင်းတာအို အတွက် ဆိုးကျိုးတွေပဲ ရှိစေပြီး ကောင်းကျိုးမရှိဘူး"
ပြောပြီးသည်နှင့် နင်ချန်ထျန်းက နင်ယို့ချီနှင့် ရှုချွမ်းတို့ကို ခေါ်ဆောင်ကာ ရှေးဟောင်းစစ်မြေပြင်၏ အပြင်ဘက်သို့ တိုက်ရိုက် တညိနေရာရွှေ့ပြောင်း ထွက်ခွာသွားခဲ့တော့သည်။
သို့သော်လည်း မထွက်ခွာမီအချိန်၌ နင်ချန်ထျန်းက သူ၏ အနောက်ရှိ မိစ္ဆာနယ်မြေ ၏ အပျက်အစီးများဆီသို့ ပြင်းထန်လှသော လက်ဝါးချက်တစ်ချက်ကို ရိုက်ခတ်လိုက်ရာ မိစ္ဆာနယ်မြေ တည်ရှိခဲ့ဖူးသည့် အမှတ်အသားအားလုံးကို ပြာမှုန့်အဖြစ်သို့ လုံးဝ ပြောင်းလဲပစ်လိုက်တော့၏။
ဤနေရာတွင် အတိတ်က မိစ္ဆာမျိုးနွယ်စုများ စုဝေးနေထိုင်ရာနေရာတစ်ခု ရှိခဲ့ဖူးကြောင်းကို မည်သူမျှ စိတ်ကူးမိကြတော့မည် မဟုတ်ပေ။
ထို့အပြင် ရှေးဟောင်းစစ်မြေပြင်အတွင်း၌ လှည့်လည်စွန့်စားနေကြသော ပါရမီရှင်များမှာလည်း ရှုချွမ်းတို့ ထွက်ခွာသွားပြီး မကြာမီအချိန်မှာပင် ရှေးဟောင်းစစ်မြေပြင်ကြီး၏ နှင်ထုတ်ခြင်းကို ခံလိုက်ကြရပြီးနောက် ဤရှေးဟောင်းစစ်မြေပြင်ကြီးမှာ နောက်ထပ်တစ်ဖန် ပြန်လည်၍ ဆိတ်ငြိမ်သွားခဲ့ရတော့သည်။