အခန်း ၁၈၀
Vol. 18 Ch. 180
အခန်း (၁၈၀) နင်ချန်ထျန်း၏ ဆုလာဘ်
တာ့ဝေဧကရာဇ်နန်းတော်အတွင်း၌ နင်ချန်ထျန်းက ရှုချွမ်း၊ နင်ယို့ချီတို့နှင့်အတူ ရုတ်တရက် ဆတ်ခနဲ ပေါ်လာခဲ့သည်။
၎င်းတို့၏ အနောက်၌ပင် ပါရမီရှင်များမှာလည်း ရှေးဟောင်းစစ်မြေပြင်အတွင်းမှ ဆက်တိုက် တည်နေရာရွှေ့ပြောင်းနှင်ထုတ်ခြင်း ခံလိုက်ရပြီး နန်းတော်၏ ပင်မခန်းမကြီးအတွင်းသို့ ရောက်ရှိလာကြတော့၏။
ဤအခိုက်အတန့်တွင် ၎င်းတို့ထဲမှ အများစုမှာ ယခင်စက္ကန့်ပိုင်းကတင် ရှေးဟောင်းစစ်မြေပြင်ထဲ၌ ရှိနေခဲ့ပြီး ယခုစက္ကန့်တွင်မူ ဘာကြောင့် ဤနေရာသို့ ရောက်နေရသလဲဆိုသည်ကို နားမလည်နိုင်ဘဲ ကြောင်အမ်းအမ်း ဖြစ်နေကြရသည်။
အချိန်အတော်ကြာပြီးနောက်မှသာ ၎င်းတို့မှာ သတိပြန်ဝင်လာကြပြီး လက်ရှိအခြေအနေကို နားလည်ကာ ရှေးဟောင်းစစ်မြေပြင် ခရီးစဉ်ကြီး ပြီးဆုံးသွားခဲ့ပြီဖြစ်ကြောင်း သဘောပေါက်သွားကြတော့၏။
သို့သော်လည်း စတင်ထွက်ခွာစဉ်က ပါရမီရှင် အရေအတွက်မှာ တစ်ရာနီးပါး ရှိခဲ့သော်လည်း ယခုအခါ ပင်မခန်းမကြီးအတွင်း၌ မတ်တတ်ရပ်နေနိုင်သော ပါရမီရှင်အရေအတွက်မှာ အယောက်နှစ်ဆယ်ပင် မပြည့်တော့ပေ ။
ဤသည်ကပင် ရှေးဟောင်းစစ်မြေပြင်ကြီး၏ အန္တရာယ်ကြီးမားပုံကို အထင်အရှား ပြသနေခဲ့သည်။
သို့သော်လည်း အသက်ရှင်ကျန်ရစ်ခဲ့သော ပါရမီရှင်များအားလုံး၏ မျက်နှာပေါ်တွင်မူ ဝမ်းမြောက်လှသော အပြုံးများ ပြည့်နှက်နေကြ၏။
ဤခရီးစဉ်က အန္တရာယ်ကြီးမားခဲ့သော်လည်း ၎င်းတို့၏ ရရှိမှုများမှာလည်း မနည်းလှပေ။
၎င်းတို့အနေဖြင့် ရှေးဟောင်းစစ်မြေပြင်အတွင်း ဝင်ရောက်ခဲ့ကြသည့် ရည်ရွယ်ချက်မှာ အစကတည်းက နင်ချန်ထျန်း ပေးအပ်ထားသော တာဝန်များအတွက် မဟုတ်ဘဲ သူတို့၏ ကျင့်ကြံခြင်းနယ်ပယ်ကို ထိုးဖောက်နိုင်မည့် အခွင့်အလမ်းများကို ရှာဖွေရန်အတွက်သာ ဖြစ်သည်။
ယခုအခါ ၎င်းတို့၏ ရည်မှန်းချက် အောင်မြင်သွားခဲ့ပြီဖြစ်ရာ သဘာဝအတိုင်း အတိုင်းထက်အလွန် ဝမ်းမြောက်နေကြခြင်း ဖြစ်၏။
သို့သော်လည်း အချို့သောသူများမှာမူ ထိုမျှလောက် မပျော်ရွှင်နိုင်ကြပေ။
ယခုအခါ နင်ချန်ထျန်း၏ အောက်ဘက်တွင် မတ်တတ်ရပ်နေသော ကျန်းယွမ်မင်းသား လျိုချီ၏ အမူအရာမှာ လွန်စွာ ခက်ထန်ညိုမှိုင်းနေခဲ့ပြီး ခန်းမအတွင်းရှိ ရှုချွမ်းကို စိုက်ကြည့်နေခဲ့သည်။
အခြားကြောင့်မဟုတ်ဘဲ ရှုချွမ်းက ရှေးဟောင်းစစ်မြေပြင်အတွင်းမှ အသက်ရှင်လျက် ပြန်လည်ထွက်လာနိုင်ခဲ့ပြီး သူ၏တူဖြစ်သူ ယန်ရှန်း၏ အရိပ်အယောင်ကိုမူ မတွေ့ရခြင်းကြောင့် ဖြစ်၏။
ယန်ရှန်းတစ်ယောက် ရှေးဟောင်းစစ်မြေပြင်အတွင်း၌ သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း ထင်ရှားလှပေသည်။
ရှုချွမ်း၏ လက်ချက်ဖြင့် အသတ်ခံလိုက်ရခြင်း ဖြစ်၏။
နှစ်ကြိမ်တိုင်တိုင်ပင်။
သူ၏ သားအရင်းဖြစ်သူကလည်း ရှုချွမ်းလက်ချက်ဖြင့် သေဆုံးခဲ့ရပြီး ယခု သူ၏တူဖြစ်သူကလည်း ရှုချွမ်းလက်ချက်ဖြင့်ပင် ထပ်မံသေဆုံးခဲ့ရပြန်ချေပြီ။
ရှုချွမ်းအပေါ်ထားရှိသော သူ၏ နာကျည်းမုန်းတီးမှုများမှာ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ဤတော်ဝင်နန်းတော်အတွင်း၌ သူက မလှုပ်ရှားရဲသလို လှုပ်ရှားခွင့်လည်း မရှိသဖြင့် သူ၏ရင်ထဲတွင် လွန်စွာ အောင့်သက်သက်ဖြင့် ဒေါသထွက်နေရတော့၏။
ရှုချွမ်းကလည်း လျိုချီ၏ စိုက်ကြည့်နေမှုကို သတိပြုမိသော်လည်း ၎င်းကို အနည်းငယ်မျှ အာရုံမစိုက်ခဲ့ပေ။
ရှေးဟောင်းစစ်မြေပြင်အတွင်း မဝင်ရောက်မီအချိန်က အထွတ်အထိပ် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ဦးဖြစ်သော လျိုချီက သူ့အတွက် အနည်းငယ် ခြိမ်းခြောက်မှု ရှိနိုင်သေးသော်လည်း ယခုအခါတွင်မူ သူက ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် သို့ ထိုးဖောက်ရန် ခြေတစ်လှမ်းမျှသာ လိုတော့သဖြင့် လျိုချီ၏ ရန်လိုမှုများနှင့် သတ်ဖြတ်လိုသော အရှိန်အဝါများကို လုံးဝ ဂရုစိုက်မနေတော့ပေ။
အကယ်၍ လျိုချီသာ တကယ် လှုပ်ရှားရဲလျှင် ထိုက်ယိမြင့်မြတ်နယ်မြေ၏ သူတော်စင်သားတော်ကို စော်ကား၍မရကြောင်း ရှုချွမ်းက ၎င်းကို သေချာပေါက် သိရှိအောင် လုပ်ပြပေလိမ့်မည်။
ထိုအချိန်တွင် နင်ချန်ထျန်းက စတင်၍ စကားပြောလိုက်သည်။
"မင်းတို့အားလုံး ရှေးဟောင်းစစ်မြေပြင်ထဲကနေ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့ကြတဲ့အတွက် ဂုဏ်ယူပါတယ်"
"ငါ အရင်က ပြောခဲ့ဖူးတဲ့အတိုင်းပဲ... မင်းတို့ ငါ့ရဲ့တာဝန်ကို အောင်မြင်အောင် လုပ်နိုင်သည်ဖြစ်စေ၊ မလုပ်နိုင်သည်ဖြစ်စေ အသက်ရှင်လျက် ပြန်ထွက်လာနိုင်တဲ့ ပါရမီရှင်တိုင်းကို ငါတို့ နင်မျိုးနွယ်စုရဲ့ ဝိညာဉ်စမ်းရေတွင်းဆီကို တစ်ကြိမ် ဝင်ရောက်ခွင့် ပြုမယ်"
"နောက်ထပ် သုံးရက်ကြာတဲ့အခါမှာ ဒီနေရာမှာရှိနေတဲ့ ပါရမီရှင်အားလုံး ငါတို့ နင်မျိုးနွယ်စုရဲ့ ဝိညာဉ်စမ်းရေတွင်းဆီကို ဝင်ရောက်ပြီး မင်းတို့ရဲ့ ပါရမီတွေကို မြှင့်တင်နိုင်ကြပြီ"
နင်ချန်ထျန်း၏ စကား ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ခန်းမအတွင်း ကျန်ရှိနေသော ပါရမီရှင်များ၏ မျက်နှာပေါ်တွင် အတိုင်းထက်အလွန် ဝမ်းမြောက်လှသော အမူအရာများ ချက်ချင်း ပေါ်ထွက်လာခဲ့ကြတော့သည်။
ဤသည်မှာ နင်ချန်ထျန်းက လွန်ခဲ့သော အချိန်ကတည်းက ကတိပေးထားခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ အတည်ပြုချက်ကို ထပ်မံရရှိလိုက်သဖြင့် ၎င်းတို့ကို လွန်စွာ အံ့အားသင့် ဝမ်းသာသွားစေဆဲ ဖြစ်၏။
"ကောင်းပြီ... ဒီလိုဆိုရင်တော့ မင်းတို့အားလုံး ပြန်ကြလို့ရပြီ"
အောက်ဘက်ရှိ မည်သူမျှ ကန့်ကွက်မှုမရှိသည်ကို မြင်လျှင် နင်ချန်ထျန်းက လက်ကို ဝှေ့ယမ်းလျက် ကိစ္စကို အဆုံးသတ်လိုက်တော့သည်။
သူ ပြောပြီးသည်နှင့် ခန်းမကြီးအတွင်းရှိ လူအားလုံးမှာ တစ်ဦးပြီးတစ်ဦး ဆက်တိုက် ထွက်ခွာသွားကြတော့၏။
ခန်းမအတွင်း လူအနည်းငယ်မျှသာ ကျန်ရှိတော့သည့်အချိန်တွင် နင်ချန်ထျန်းက ရှုချွမ်းကို ကြင်နာစွာဖြင့် ပြောလိုက်သည်။
"ရှုချွမ်း... မင်းက ဒီရှေးဟောင်းစစ်မြေပြင် ခရီးစဉ်မှာ အကြီးမားဆုံးသော ကောင်းမှုကုသိုလ်ကို လုပ်ဆောင်ပေးခဲ့တာ။ ငါနဲ့အတူ လိုက်ခဲ့ပါ... မင်းနဲ့ ဆွေးနွေးစရာ ကိစ္စအချို့ ရှိသေးတယ်"
နောက်ဆုံးတွင် နင်ချန်ထျန်းက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် နင်ယို့ချီကို လှည့်၍ ပြောလိုက်ပြန်သည်။
"ယို့ချီ... သမီးလည်း အတူတူ လိုက်ခဲ့"
ပြောပြီးသည်နှင့် နင်ချန်ထျန်းက အတွင်းဆောင်ဆီသို့ ဦးဆောင်၍ လျှောက်လှမ်းသွားခဲ့တော့၏။
ဤမြင်ကွင်းကို ကြည့်ပြီး ရှုချွမ်းက နင်ယို့ချီ၏ လက်ကို ကိုင်ကာ နင်ချန်ထျန်း၏ ခြေလှမ်းများနောက်သို့ လိုက်ပါသွားခဲ့တော့သည်။
...
တော်ဝင်နန်းတော်၏ အတွင်းဆောင်၊ နင်ချန်ထျန်း၏ အိပ်ခန်းအတွင်း...
ဤနေရာက တာ့ဝေတော်ဝင်မိသားစု၏ အချက်အချာကျသော ဗဟိုဧရိယာများထဲမှ တစ်ခုဖြစ်ပြီး နင်ချန်ထျန်း၏ သီးသန့်နားနေဆောင် ဖြစ်ပေသည်။
ယေဘုယျအားဖြင့် နင်ချန်ထျန်း၏ ယုံကြည်စိတ်ချရသော လက်ရုံးများနှင့် နင်ယို့ချီကဲ့သို့သော လူများမှလွဲ၍ တခြားသောသူများအနေဖြင့် ဤနေရာသို့ ဝင်ရောက်ခွင့် ရရှိရန် အခွင့်အလမ်း မရှိသလောက်ပင် ဖြစ်၏။
ယခုအခါတွင်မူ ရှုချွမ်းက ဤနေရာသို့ ရောက်ရှိနေခဲ့ချေပြီ။
နင်ချန်ထျန်းက ကုလားထိုင်တစ်ခုပေါ်တွင် သက်တောင့်သက်သာ ထိုင်လိုက်ပြီး အစေခံများကို ရေနွေးကြမ်းတစ်အိုး အမြန်ဖျော်စပ်စေခဲ့သည်။
"ထိုင်ကြ"
နင်ချန်ထျန်းက ရှုချွမ်းကို အားမနာဘဲ ထိုင်ရန် လက်ဟန်ပြလိုက်၏။
နင်ချန်ထျန်းအနေဖြင့် ဤလူငယ်လေးကို အတော်လေး သဘောကျနှစ်သက်လှသဖြင့် ရှုချွမ်းအပေါ်တွင် ကြီးမားလှသော ကြင်နာမှုများကို ပြသနေခြင်း ဖြစ်သည်။
ထို့ပြင် သူ၏ သမီးဖြစ်သူ၏ ပုံစံကို ကြည့်ရုံမျှနှင့်တင် ဤရှုချွမ်းမှာ နောင်အနာဂတ်တွင် သူ၏ သမက်ဖြစ်လာရန် သေချာသလောက် ရှိနေသည် မဟုတ်ပါလော။
"ရှုချွမ်း... မင်းက ငါတို့ နင်မျိုးနွယ်စုနဲ့ ငါတို့ တာ့ဝေဧကရာဇ်မင်းဆက်အတွက် မျိုးဆက်ပေါင်းများစွာ တည်ရှိနေခဲ့တဲ့ ကြီးမားလှတဲ့ လျှို့ဝှက်အန္တရာယ်ကြီးကို ဖြေရှင်းပေးခဲ့ပြီး မဟာဝေပြည်သူအားလုံးရဲ့ အသက်ပေါင်းများစွာကို ကယ်တင်ပေးခဲ့တာ။ ငါ မင်းကို ဆုလာဘ် ပေးရမယ်"
"မင်းက ဓားတာအိုကို ကျင့်ကြံတယ်ဆိုတာ ငါ သိပါတယ်။ ဒီလိုလုပ်ကြတာပေါ့... ငါ့ဆီမှာ 'ဧကရာဇ်အရှင်နယ်ပယ် တစ်ပိုင်း' သိုင်းပညာရှင်ကြီးတစ်ဦးရဲ့ ဓားတာအို နားလည်သဘောပေါက်မှုတစ်ခု ရှိနေတယ်၊ အဲဒါကို မင်းကို ပေးမယ်"
"ဒါ့အပြင်... မင်း ငါ့ကို တောင်းဆိုချက်တစ်ခုလည်း တောင်းဆိုနိုင်သေးတယ်။ ငါတို့ နင်မျိုးနွယ်စုရဲ့ အခြေခံအုတ်မြစ်တွေ ဒါမှမဟုတ် လျှို့ဝှက်ကျင့်စဉ် တွေနဲ့ မပတ်သက်သရွေ့ ငါ အားလုံးကို သဘောတူပေးနိုင်တယ်"
ဤစကားကို ကြားရလျှင် ရှုချွမ်းမှာ ခဏမျှ အတွေးထဲ၌ နစ်မြောသွားခဲ့ရ၏။
ဧကရာဇ်အရှင်တစ်ပိုင်း သိုင်းပညာရှင်ကြီးတစ်ဦး၏ ဓားတာအို နားလည်သဘောပေါက်မှုဟူသည်မှာ ဓားတာအိကို ကျင့်ကြံကြသော တခြားသော ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် သိုင်းပညာရှင်များအတွက်မူ ကောင်းကင်က ပေးသနားသော အခွင့်အလမ်းကြီးတစ်ခု ဖြစ်ပေလိမ့်မည်။
သို့သော်လည်း ရှုချွမ်းအတွက်မူ ဤအရာက အနည်းငယ် သာမန်ကဲ့သို့ပင် ဖြစ်နေခဲ့သည်။
သူ့ထံ၌ စနစ်ရှိနေသဖြင့် သူက ဘယ်အချိန်မဆို ဓားတာအိုများကို စိတ်ကြိုက် လေ့လာနားလည်နိုင်ရာ ၎င်းက တခြားသူများ၏ နားလည်သဘောပေါက်မှုများကို လေ့လာရသည်ထက် အဆပေါင်းများစွာ သာ၍ လွယ်ကူသလို သာ၍လည်း ကောင်းမွန်ပေသည်။
ရှုချွမ်း တစ်ခုတည်းသော စိတ်ဝင်စားသည့်အရာမှာ နင်ချန်ထျန်း၏ ကတိတစ်ခု တောင်းဆိုနိုင်ခွင့် ပေးခြင်းပင်။
ဤကတိက ရှုချွမ်းအတွက် လွန်စွာ အရေးကြီးလှပေသည်။
အဘယ်ကြောင့်ဆိုသော် သူက နင်ချန်ထျန်းကို အမြဲတစေ ပြောပြချင်နေခဲ့သော်လည်း သင့်တော်သော အခွင့်အရေး မရှာဖွေနိုင်ခဲ့သည့် ကိစ္စတစ်ခု ရှိနေခြင်းကြောင့် ဖြစ်၏။
ယခုအခါ ဤကတိတောင်းဆိုနိုင်ခွင့်က တကယ့်ကို အခွင့်အရေးကောင်းတစ်ခု ဖြစ်ပေသည်။
"ဧကရာဇ်နင်ကို ကျေးဇူးတင်ပါတယ်"
ရှုချွမ်းက ဦးညွှတ်အရိုအသေပြုလိုက်ရင်း သူ၏ရင်ထဲတွင် အနည်းငယ် ဝမ်းမြောက်သွားခဲ့ရသော်လည်း သူ၏မျက်နှာအမူအရာကိုမူ အလွန် တည်ငြိမ်စွာ ထားရှိခဲ့ပြီး မည်သည့်ပြောင်းလဲမှုမျှ မပြသခဲ့ပေ။
သူ၏ ဘေးနားရှိ နင်ယို့ချီမှာမူ သူတို့နှစ်ဦး၏ စကားပြောဆိုမှုကို တိတ်ဆိတ်စွာ ကြည့်ရှုနေခဲ့ပြီး ဝင်ရောက်နှောင့်ယှက်ခြင်း မပြုခဲ့ပေ။
"ဒါကတော့ အဲဒီ ဓားတာအို နားလည်သဘောပေါက်မှုပဲ။ မင်း မကြာခင်မှာ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ဆီကို ရောက်ရှိပြီး ဒီတာအိုကို နားလည်သဘောပေါက်နိုင်ပါစေလို့ ငါ မျှော်လင့်ပါတယ်"
နင်ချန်ထျန်းက ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်ရာ ၎င်းအတွင်း၌ ဓားတာအိုနိယာမ နားလည်သဘောပေါက်မှုများ ပါဝင်နေခဲ့သည်။
ရှုချွမ်းက ထိုကျောက်စိမ်းပြားကို တည်ငြိမ်စွာဖြင့် လက်ခံရယူလိုက်၏။
ဤကျောက်စိမ်းပြားကို ရှုချွမ်းကိုယ်တိုင် အသုံးမပြုနိုင်သော်လည်း သူ့ထံ၌ ဓားတာအိုကို ကျင့်ကြံသော ဆရာတစ်ဦး ရှိနေသေးကြောင်းကို မမေ့အပ်ပေ။
သူ၏ဆရာဖြစ်သူ စစ်တုလင်းမှာ အထွတ်အထိပ် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်ပြီး ဓားတာအိုနိယာမအပေါ် သူ၏ နားလည်သဘောပေါက်မှုမှာလည်း အဆင့်မြင့် သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
သူက ကောင်းကင်ဘုရင်နယ်ပယ် သို့ ထိုးဖောက်ရန် ခြေတစ်လှမ်းမျှသာ လိုတော့သည်ဟု ပြောနိုင်ပေသည်။
ထို့ပြင် ဤဧကရာဇ်အရှင်တစ်ပိုင်း သိုင်းပညာရှင်ကြီး၏ ဓားတာအိုနိယာမ နားလည်သဘောပေါက်မှုကမူ စစ်တုလင်းအတွက် ထိုနောက်ဆုံးခြေလှမ်းကို ကျော်ဖြတ်နိုင်မည့်အရာ ဖြစ်ပေလိမ့်မည်။
ဤကျောက်စိမ်းပြားကို ရရှိလိုက်ပါက သူ၏ဆရာမှာ မကြာမီအချိန်အတွင်း ကောင်းကင်ဘုရင်နယ်ပယ်သို့ သေချာပေါက် ထိုးဖောက်အောင်မြင်သွားလိမ့်မည်ဟု သူ ယုံကြည်မိသည်။
"ဧကရာဇ်နင်ကို ထပ် ကျေးဇူးတင်ပါတယ်"
ရှုချွမ်းက ကျေးဇူးတင်ကြောင်း ထပ်မံ၍ ဦးညွှတ်လိုက်ပြန်သည်။
"ကောင်းပြီ... ဒါဆိုရင် မင်းရဲ့ တောင်းဆိုချက်က ဘာလဲ။ အခုပဲ ပြောလိုက်တော့"
နင်ချန်ထျန်းမှာ တခြားသူများကို ကတိအကြွေး တင်ထားရသည်ကို နှစ်သက်သောသူ မဟုတ်ပေ။ ချက်ချင်း ဖြေရှင်းနိုင်မည့် ကိစ္စကို ချက်ချင်းသာ ပြတ်ပြတ်သားသား ဖြေရှင်းလိုခြင်း ဖြစ်၏။
ဤစကားကို ကြားရလျှင် ရှုချွမ်း၏ အမူအရာမှာ ချက်ချင်း တည်ကြည်လေးနက်သွားခဲ့ရသည်။
သူ နောက်ထပ်ပြောမည့်စကားမှာ သူ၏ တစ်သက်တာလုံးစာ ပျော်ရွှင်မှုနှင့် သက်ဆိုင်နေသဖြင့် သူသည် လေးလေးနက်နက် ထားရှိရပေမည်။
"ကျွန်တော်... ဧကရာဇ်နင်အနေနဲ့ ကျွန်တော်နဲ့ ယို့ချီ လက်ထပ် ခွင့်ပေးဖို့ သဘောတူပေးစေချင်ပါတယ်"
ရှုချွမ်းက နင်ယို့ချီ၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရင်း လေးလေးနက်နက် ပြောလိုက်တော့သည်။
သူ ရှုချွမ်းမှာ ကိစ္စများ ပြီးဆုံးသွားပြီးနောက် အမျိုးသမီးတစ်ဦးကို ပစ်ပယ်ထားမည့်သူမျိုး မဟုတ်ပေ။
နင်ယို့ချီက သူနှင့် လင်မယား ဆက်ဆံရေး ရှိထားခဲ့ပြီးဖြစ်ရာ သူက သူမအတွက် သင့်တော်လျော်ကန်သော အဆင့်အတန်းတစ်ခုကို သေချာပေါက် ပေးအပ်ရမည် ဖြစ်သည်။
ဘာ...
ရှုချွမ်း၏ စကားကို ကြားလိုက်ရချိန်တွင် နင်ချန်ထျန်းမှာ အနည်းငယ် အံ့အားသင့်သွားခဲ့ရပြီး နင်ယို့ချီ၏ မျက်နှာလေးမှာမူ ခဏချင်းအတွင်း၌ပင် ပန်းနုရောင် ယှက်သန်းလျက် နီရဲတောက်သွားခဲ့ရတော့သည်။
၎င်းတို့နှစ်ဦးစလုံးမှာ ရှုချွမ်းအနေဖြင့် ဤကဲ့သို့သော အရေးကြီးလှသည့် အခွင့်အရေးကို အသုံးပြု၍ နင်ချန်ထျန်းထံ၌ ဤကိစ္စကို တောင်းဆိုလာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ကြမိပေ။
ခဏမျှ အိပ်ခန်းကြီးတစ်ခုလုံးမှာ အပ်ကျသံပင် ကြားရလောက်အောင် အလွန်အမင်း ဆိတ်ငြိမ်သွားခဲ့ရတော့၏။
၎င်းတို့ သုံးဦးစလုံးမှာ သူတို့၏ စိတ်ထဲတွင် ဘာတွေးနေကြမှန်း မသိရှိနိုင်ကြပေ။
ရှုချွမ်း၏ ဤတောင်းဆိုချက်နှင့် ပတ်သက်၍မူ နင်ချန်ထျန်းက ငြင်းဆန်ခြင်းလည်း မပြုသလို... သဘောတူခြင်းလည်း မပြုခဲ့ပေ။