အခန်း ၃၆၈
Vol. 37 Ch. 368
အခန်း (၃၆၈) လောင်ရွှီ... မြန်မြန် တန်ခိုးစွမ်းရည်တွေကို ရုပ်သိမ်းလိုက်ပါတော့
ကွေ့ကျိုး တွင် သွားလည်စရာ နေရာကောင်းများ အလွန် များပြားလှပေသည်။
ရွှီယန် ရွေးချယ်လိုက်သော နေရာမှာ ထုံးကျောက်လိုဏ်ဂူများ နှင့် တောင်ကြားများ ရှိရာ ဒေသတစ်ခုပင် ဖြစ်သည်။
ဤနေရာက ပုံမှန် ကပ်စ် မြေမျက်နှာသွင်ပြင် ဖြစ်ပြီး မြေမျက်နှာသွင်ပြင်က အလွန် ရှုပ်ထွေးလှပေသည်။
အပြင်ထွက်လာပြီဆိုမှတော့ အသစ်အဆန်း အတွေ့အကြုံများ ရရှိသင့်သည် မဟုတ်ပါလော။
ဤထုံးကျောက်လိုဏ်ဂူနှင့် တောင်ကြား ဒေသ၏ အတွင်းဘက်တွင် လူသူကင်းမဲ့သော တောင်တန်းကြီးများ ရှိနေလေသည်။
တချို့ တောင်တန်းများမှာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရန် မလွယ်ကူလှဘဲ မြေမျက်နှာသွင်ပြင်က တောင်ကြားကြီး တစ်ခုနှင့် ပို၍ တူနေသဖြင့် လူများ နေထိုင်ရန် မဖြစ်နိုင်ချေ။
အရာအားလုံး ပြင်ဆင်ပြီးသွားသောအခါ သူက နံနက်ခင်း တစ်ခုတွင် ကျောပိုးအိတ်ကို လွယ်ကာ တောင်ပေါ်သို့ တက်မည့် လမ်းအတိုင်း စတင် လျှောက်လှမ်းလာခဲ့သည်။
နွေဦးရာသီသို့ ရောက်ရှိနေပြီဖြစ်ရာ နွေဦး၏ နွေးထွေးမှုနှင့် ပန်းများ ပွင့်လန်းနေသော အချိန်အခါပင် ဖြစ်သည်။
တောင်ပေါ်သို့ ရောက်ရှိပြီးနောက် ရွှီယန်၏ ပထမဆုံးသော ခံစားချက်မှာ ဤနေရာရှိ တောင်တန်းများက အလွန် စိမ်းလန်းနေခြင်းပင်။
စံပြအဖြစ် သတ်မှတ်ထားသော စိမ်းလန်းသော တောင်တန်းများ နှင့် ကြည်လင်သော ရေပြင်များပင် ဖြစ်သည်။
ဖတ်စာအုပ်ထဲမှ ရှုခင်းများနှင့် တူနေလေသည်။
ရှုခင်းက အထူးပင် လှပပြီး ငှက်များ ကလည်း အလွန် များပြားကာ ဟိုဟိုဒီဒီ ပျံသန်းနေကြလေသည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်ပြီ ဖြစ်ပြီး ဒရုန်းက ကောင်းကင်ယံတွင် မြင့်မားစွာ ပျံဝဲနေကာ အောက်ဘက်ရှိ မြင်ကွင်း အားလုံးကို အပေါ်စီးမှနေ၍ ရိုက်ကူးနေလေသည်။
လူဦးရေကလည်း အလွန် လျင်မြန်စွာပင် တစ်သိန်းကျော်သို့ ရောက်ရှိသွားခဲ့သည်။
အင်တာနက်သုံးစွဲသူများက ရွှီယန် တစ်ယောက် အလွန် စိမ်းလန်းနေသော တောင်တန်းကြီးထဲတွင် လမ်းလျှောက်နေသည်ကို မြင်တွေ့လိုက်ရရာ မြင်ကွင်းက ဆီဆေးပန်းချီကား တစ်ချပ်အလား အထူးပင် လှပလွန်းလှပေသည်။
သေချာစွာ ကြည့်လိုက်ပါက အဝေးရှိ တောင်တန်းများက အတက်အကျ ရှိနေပြီး အဆုံးအစမရှိ ရှည်လျားနေလေသည်။
[လိုက်ဖ်လွှင့်ပြီဟေ့... တကယ်ကြီး လာတာပဲ]
[ကွေ့ကျိုး က ကြိုဆိုပါတယ်]
[ငါ့ ဇာတိမြေကို လာတာလား... လောင်ရွှီ ဘယ်မှာလဲ... ငါ လာရှာမယ်]
[သူသွားတာက ရှုခင်းသာ နေရာ မဟုတ်ဘူး... တောရိုင်းတောင်တွေလေ... အဲဒီလို တောင်တွေက ပြည်နယ်ထဲမှာ အများကြီးပဲ... ဘယ်လိုလုပ် ရှာလို့ တွေ့မှာလဲ]
မှတ်ချက်စာသားများက အလွန် လျင်မြန်စွာ လိမ့်တက်နေတော့သည်။
တကယ့် ထိပ်တန်း လိုက်ဖ်လွှင့်သူ တစ်ယောက် ဖြစ်ကြောင်း သက်သေပြနေခြင်းပင်။
"ကွေ့ကျိုး က တကယ်ကို နေရာကောင်း တစ်ခုပါပဲ... တောင်တွေ များတယ်... နွေရာသီမှာ အပူရှောင်ဖို့ အကောင်းဆုံး နေရာပေါ့..."
"ဒီဘက်က ရှုခင်းတွေကလည်း လှတယ်... ဇီဝမျိုးစိတ် ကြွယ်ဝမှု အနေနဲ့လည်း ပြည်တွင်းမှာ အဆင့် သုံး နေရာမှာ ရှိတယ်..."
"ပြီးတော့ ဒီဘက်မှာ အန္တရာယ်ရှိတဲ့ သားရဲကြီးတွေလည်း မရှိဘူး... အဲဒါကြောင့် ဒီတစ်ခေါက်တော့ သက်သက် အလည်အပတ် သွားတာပါပဲ..."
"အန္တရာယ်ရှိတဲ့ မြင်ကွင်းမျိုးတွေတော့ တွေ့ရမှာ မဟုတ်ဘူး..."
ရွှီယန်က အားလုံးကို ပြုံးကာ ပြောလိုက်သည်။
အင်တာနက်သုံးစွဲသူများ၏ စိတ်အခြေအနေ ကလည်း ရှားရှားပါးပါး ပေါ့ပါးနေကြလေသည်။
မည်သို့ပင်ဖြစ်စေ အရင်တုန်းက သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုများကို ကြည့်ရသည်မှာ အလွန် အသည်းယားစရာ ကောင်းလွန်းလှပေသည်။
ခွန်းလွန်တောင် ၏ သေမင်းတမန် တောင်ကြား တွင် ရှိနေစဉ်က အချိန်မရွေး အသက်အန္တရာယ် ကြုံတွေ့နိုင်သလို တောင်တရုတ်ပင်လယ် ၏ ပင်လယ်ရေအောက်တွင် ရှိနေစဉ် ကလည်း ကြည့်ရှုနေသူများပင် အသက်ရှူရန် မရဲလောက်အောင် ဖြစ်ခဲ့ရသည်။
ယခုတစ်ကြိမ် တွင်တော့ ပြာလဲ့နေသော ကောင်းကင်... အဖြူရောင် တိမ်တိုက်များ... စိမ်းလန်းသော တောင်တန်းများနှင့် ကြည်လင်သော ရေပြင်များ ဖြစ်ရာ တကယ်ကို ပျော်ရွှင်စရာ ကောင်းလှပေသည်။
[နောက်ဆုံးတော့ နည်းနည်း ပေါ့ပေါ့ပါးပါး ဖြစ်သွားပြီ]
[ဟားဟားဟား... ဒီလို သဘာဝကျတဲ့ သစ်တောကြီးရဲ့ ခံစားချက်က တကယ်ကို လှလွန်းတယ်]
[အဓိက က လောင်ရွှီ သွားတာက တကယ့် လူသူကင်းမဲ့တဲ့ နေရာတွေလေ... သာမန် လိုက်ဖ်လွှင့်သူတွေက တောင်ရဲ့ အစွန်အဖျား လောက်မှာပဲ နေကြတာဆိုတော့ ရှုခင်းချင်းက အများကြီး ကွာခြားသွားတာပေါ့]
အားလုံးက ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုနေကြသည်။
ရွှီယန်က အရှေ့သို့ ဆက်လက် လျှောက်လှမ်းနေလိုက်သည်။
ရတနာရှာဖွေရေး မြေပုံတွင် ဤနေရာ၏ ရတနာရှာဖွေရေး အဆင့်က အလွန် မြင့်မားကြောင်း ပြသနေလေသည်။
အဆင့် မြင့်မားသည် ဆိုသည်မှာ ပစ္စည်းကောင်းများနှင့် တွေ့ဆုံရန် အခွင့်အရေး အလွန် များပြားကြောင်း ဆိုလိုခြင်း ဖြစ်သည်။
သူက ရတနာ ရှာဖွေရန်အတွက် သီးသန့် လာခဲ့ခြင်း မဟုတ်ပါလော။
[ရတနာရှာဖွေရေး တာဝန် စတင်ပါပြီ... ချစ်စရာကောင်းသော ဟွာမေငှက်]
ထိုစဉ်မှာပင် ရုတ်တရက် ရတနာရှာဖွေရေး တာဝန် တစ်ခု စတင်သွားခဲ့သည်။
ရွှီယန်က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကိုပင် အသုံးမပြုရသေးချေ။
တစ်ခါတစ်ရံ ဤသို့ပင် ဖြစ်တတ်သည်။ ရတနာရှာဖွေရေး တာဝန်များက ကျပန်း စတင်တတ်လေသည်။
ဖြစ်နိုင်ခြေ အလွန် နည်းပါးသော်လည်း ဖြစ်တော့ ဖြစ်နိုင်သေးသည်။
[တာဝန် အကြောင်းအရာ... ၃ မိနစ် အတွင်း သစ်ပင်ပေါ်ရှိ ငှက်များထဲမှ ပိုင်ရှင်ကို အဆက်မပြတ် အကဲခတ်နေသော ဟွာမေငှက် တစ်ကောင်ကို ရှာဖွေပါ]
[တာဝန် ဆုလာဘ်... ကွေ့ကျိုး ဟွာမေငှက်များ၏ ခင်မင်မှု]
[အချိန် စတင် မှတ်သားပါပြီ]
ရုတ်တရက် ပေါ်လာသော တာဝန်ကြောင့် ရွှီယန် ချက်ချင်းပင် စိတ်လှုပ်ရှားသွားတော့သည်။
သူက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရှုလိုက်သည်။
ကွေ့ကျိုး ၏ ဟွာမေငှက်များ က နာမည်ကြီး ငှက်ငယ်လေးများ ဖြစ်ကြသည်။
ဤဒေသတွင် ယခင်က တောရိုင်း ဟွာမေငှက်များ အလွန် များပြားခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဟွာမေငှက် အရေအတွက်က တဖြည်းဖြည်း နည်းပါးလာခဲ့သည်။
လွန်ခဲ့သော အချိန်ကာလ အနည်းငယ်က တောရိုင်း ဟွာမေငှက် များကို ဒုတိယအဆင့် ကာကွယ်စောင့်ရှောက်ရမည့် ငှက်အမျိုးအစား အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။
တစ်နည်းအားဖြင့် ခွင့်ပြုချက် ရယူကာ မွေးမြူနိုင်သော်လည်း တောရိုင်းများကို ဖမ်းဆီးခြင်းကတော့ ဥပဒေနှင့် ငြိစွန်းလေသည်။
သစ်ပင်ပေါ်တွင် ငှက်ငယ်လေးများ အလွန် များပြားလှပေသည်။
ဘေးနားရှိ သစ်ပင် တစ်ပင်တည်း ပေါ်တွင်ပင် စာကလေး အအုပ်လိုက်က သစ်ကိုင်းပေါ်တွင် ရပ်နေကြရာ သိုင်းပညာရှင် တစ်ယောက်ချင်းစီ နှင့်ပင် တူနေကြလေသည်။
ရွှီယန်၏ အမြင်အာရုံက အလွန် ကောင်းမွန်သော်လည်း ဤမျှ များပြားသော ငှက်များထဲမှ ဟွာမေငှက်ကို ရှာဖွေရန် တကယ်ကို မလွယ်ကူလှချေ။
သို့သော် ဟွာမေငှက်ကို ရှာဖွေရာတွင် အမြင်အာရုံ တစ်ခုတည်းကိုသာ အားကိုး၍ မရဘဲ အကြားအာရုံ ကိုပါ အားကိုးရမည် ဖြစ်သည်။
ဤငှက်အမျိုးအစားက ပြည်တွင်းတွင် နာမည်ကြီးသော တေးဆိုငှက် တစ်မျိုးဖြစ်ပြီး အော်မြည်ရသည်ကို သဘောကျကာ အော်သံ ကလည်း အလွန် သာယာလှပေသည်။
ရွှီယန်က ဆူညံနေသော ငှက်အော်သံများ ကြားမှ ဟွာမေငှက်၏ အသံကို သေချာစွာ ခွဲခြား နားထောင်လိုက်ပြီးနောက် အသံလာရာ ဦးတည်ရာဘက်သို့ လိုက်လံ ရှာဖွေလိုက်သည်။
မကြာခင်မှာပင် ထိုဟွာမေငှက်ကို သူ မြင်တွေ့သွားခဲ့ပြီ ဖြစ်သည်။
ရွှီယန် ပြုံးလိုက်ပြီး သစ်ပင်ပေါ်သို့ လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"ဟိုဘက်ကို ကြည့်လိုက်... အဲဒီမှာ ဟွာမေငှက် တစ်ကောင် ရှိတယ်..."
"ကျွန်တော် ဟွာမေငှက် ရဲ့ အသံကို ကြားလိုက်ရတယ်လို့ ပြောသားပဲ... ထင်တဲ့အတိုင်း ဒီမှာ ရှိနေတာပဲ..."
"အခု ဟွာမေငှက်တွေ အရေအတွက်က တော်တော်လေး နည်းသွားပြီ... တွေ့ဖို့ဆိုတာ အရမ်း ခက်ခဲတယ်..."
အင်တာနက်သုံးစွဲသူများ က ရွှီယန် ခြေလှမ်း ရပ်တန့်ကာ ဘာကို ရှာနေသနည်းဟု စူးစမ်းချင်စိတ် ဖြစ်ပေါ်နေကြစဉ် သူ၏ စကားကို ကြားသောအခါမှသာ သဘောပေါက်သွားကြတော့သည်။
ဟွာမေငှက်ကို ရှာနေခြင်း ဖြစ်ပေသည်။
[ဟွာမေငှက်... ဘယ်မှာလဲ... ဘယ်လိုလုပ် ရှာတွေ့သွားတာလဲ]
[လောင်ရွှီ ရဲ့ အကြားအာရုံက တကယ်ကို ကောင်းတာပဲ... ယူဇနာတစ်သောင်း အကြားအာရုံ ရှိတာလား... ဒါကိုတောင် ကြားနိုင်သေးတယ်]
[ဒါက အရမ်း ပုံမှန်ပါပဲ... ငယ်ငယ်ကတည်းက တောင်ထဲမှာ နေလာတဲ့သူတွေက ဟွာမေငှက် အသံ ကြားတာနဲ့ ချက်ချင်း သိတာပဲ]
[အရင်တုန်းကတော့ ဟွာမေငှက်တွေ တော်တော် များသေးတယ်... အခုတော့ တော်တော်လေး တွေ့ရခဲသွားပြီ]
အင်တာနက်သုံးစွဲသူများ က အဆက်မပြတ် ဆွေးနွေးပြောဆိုနေကြသည်။
ရွှီယန်က ဒရုန်းကို ထိန်းချုပ်ကာ မှန်ဘီလူးကို ဟွာမေငှက် ရှိရာဘက်သို့ ချိန်ရွယ်လိုက်မှသာ အင်တာနက်သုံးစွဲသူများ က ဟွာမေငှက်၏ အစစ်အမှန် ပုံသဏ္ဍာန်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရတော့သည်။
သာမန် စာကလေးငယ်လေး များနှင့် ပုံစံတူသော်လည်း တစ်ကိုယ်လုံးရှိ အမွေးအမှင်များက အညိုရောင် ဖြစ်နေပြီး မျက်လုံးတစ်ဝိုက်တွင် အဖြူရောင် စက်ဝိုင်းလေး ပါရှိရာ ကြည့်ရသည်မှာ အတော်လေး နတ်သက်ဝင်နေပုံ ရလေသည်။
ဤအချိန်တွင် ရွှီယန် ထံသို့ တာဝန် ပြီးမြောက်ကြောင်း အချက်ပြသံ ရောက်ရှိလာခဲ့သည်။
သူက ဟွာမေငှက်၏ ခင်မင်မှုကို အောင်မြင်စွာ ရရှိသွားခဲ့ပြီ ဖြစ်သည်။
ခင်မင်မှု ရရှိသွားပြီ ဆိုမှတော့ နောက်ဆက်တွဲ ကိစ္စများက အလွန် လွယ်ကူသွားပြီ ဖြစ်သည်။
ရွှီယန်က သစ်ပင်ပေါ်ရှိ ဟွာမေငှက်ကို ကြည့်ကာ ပြုံးရင်း ပြောလိုက်သည်။
"ဟွာမေငှက် ရဲ့ အော်သံက တော်တော်လေး သာယာတော့ အိမ်မွေးတိရစ္ဆာန် အနေနဲ့ အရမ်းကို လူကြိုက်များတယ်..."
"မွေးမြူရေး ဟွာမေငှက်တွေက ပန်းနဲ့ ငှက် ဈေးတန်းတွေမှာ အလွန် ရေပန်းစားတဲ့ ရွေးချယ်မှု တစ်ခုပဲ..."
"အရှေ့မြောက်ဒေသ က နည်းနည်း အေးလွန်းပြီး သူတို့နဲ့ သိပ်မသင့်တော်လို့သာ... မဟုတ်ရင် ကျွန်တော်လည်း နှစ်ကောင် သုံးကောင်လောက် မွေးထားချင်သေးတယ်..."
"အားနေရင် သူတို့ကို ဆွဲပြီး လမ်းလျှောက် ထွက်လို့ ရတာပေါ့..."
ရွှီယန် စကားပြောနေစဉ်မှာပင် ဟွာမေငှက် က သစ်ပင်ပေါ်မှနေ၍ ပျံတက်လာပြီး ရွှီယန် ရှိရာဘက်သို့ တောက်လျှောက် ပျံသန်းလာသည်ကို မြင်တွေ့လိုက်ရသည်။
"သူ ကျွန်တော့်ကို မြင်သွားပြီ..."
"ကျွန်တော့်ဆီကို ပျံလာနေပုံပဲ..."
ရွှီယန်က ကြိုတင်၍ ပြောလိုက်သည်။
အင်တာနက်သုံးစွဲသူများ က ဤမြင်ကွင်းကို မြင်သောအခါ ချက်ချင်းပင် မေးလိုက်ကြသည်။
[ဟွာမေငှက် က ဘာလို့ မင်းဆီကို ပျံလာရမှာလဲ... မင်းလက်ထဲကိုများ ပျံလာမှာ မို့လို့လား]
[တကယ်ကြီး သူ့ဆီကို ပျံလာနေသလိုပဲ]
တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ အင်တာနက်သုံးစွဲသူ သိန်းပေါင်းများစွာ က ဝိုင်းဝန်း ကြည့်ရှုနေကြလေသည်။
ထို့နောက် အင်တာနက်သုံးစွဲသူများ၏ အံ့ဩမှင်တက်နေသော အကြည့်များ အောက်တွင် ရွှီယန်က ဟွာမေငှက် ရှိရာဘက်သို့ လက်ဆန့်ထုတ်လိုက်တော့သည်။
အားလုံး အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားကြရသည်။
'လောင်ရွှီ မင်း ဘာလုပ်နေတာလဲ...'
'မင်း ဘာလုပ်ချင်လို့လဲ...'
'မင်းကများ...'
အားလုံး အူကြောင်ကြောင် ဖြစ်နေကြစဉ်မှာပင် အညိုရောင် ဟွာမေငှက်လေး က တောင်ပံများကို တဖျပ်ဖျပ် ခတ်ရင်း လျင်မြန်စွာ အရှိန်လျှော့ချလိုက်ပြီးနောက် ရွှီယန်၏ လက်ထဲသို့ တိုက်ရိုက်ပင် ဆင်းသက်လာသည်ကို မြင်တွေ့လိုက်ရတော့သည်။
အကွေ့အကောက်ပင် မရှိခဲ့ချေ။
အင်တာနက်သုံးစွဲသူများက မှတ်ချက်ပေးလာကြသည်။
'ဟင်...'
အားလုံး တစ်ခဏအတွင်း တုံ့ပြန်နိုင်ခြင်း မရှိခဲ့ချေ။
'နေပါဦး... တကယ်ကြီးလား...'
အားလုံးက နောက်ပြောင်နေခြင်း ဖြစ်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ရွှီယန်က အမှန်တကယ် လုပ်ပြလိုက်မည်ဟု မည်သူက သိမည်နည်း။
ဤဟွာမေငှက်လေး က တကယ်ပင် သူ၏ လက်ထဲသို့ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။
အဓိပ္ပာယ်မဲ့သည်ထက် ပို၍ အဓိပ္ပာယ်မဲ့လွန်းလှပေသည်။
တိုက်ရိုက်ထုတ်လွှင့်မှု စတင်သည်နှင့် တစ်ပြိုင်နက် ရွှီယန်က အားလုံးကို မှော်ပညာ အစွမ်းများ ပြသလိုက်ပြီ ဖြစ်သည်။
မှတ်ချက်များက ချက်ချင်းပင် ပေါက်ကွဲထွက်လာတော့သည်။
[လောင်ရွှီ... မြန်မြန် တန်ခိုးစွမ်းရည်တွေကို ရုပ်သိမ်းလိုက်ပါတော့]
[ငါ ဘာကို မြင်လိုက်ရတာလဲ... ဒါတကယ်ကြီးလား]
[သူ ဘယ်လိုများ လုပ်လိုက်တာလဲ]
[နေပါဦး... ဒါက မျက်လှည့်ပြတာ သေချာပေါက် မဟုတ်ဘူးနော်]
[လောင်ရွှီ... အမှန်တိုင်း ဝန်ခံစမ်း... ဒီငှက်က မင်းမွေးထားတာ မဟုတ်လား]
အင်တာနက်သုံးစွဲသူများ အားလုံး ထုံကျဉ်သွားကြတော့သည်။
လူတစ်ယောက်က သစ်တောထဲသို့ ဝင်ရောက်သွားပြီး ငှက်ငယ်လေး တစ်ကောင်ဆီသို့ လက်ဆန့်ထုတ်လိုက်ရာ ထိုငှက်လေးက သူ၏ လက်ထဲသို့ ပျံသန်းလာသည်ကို မြင်တွေ့လိုက်ရခြင်းပင်။
ဤသည်က လုံးဝ သိပ္ပံနည်း မကျချေ။
"သူ ကျွန်တော့်ကို မကြောက်ဘူးဗျ... ကျွန်တော်နဲ့ တော်တော်လေး ရင်းနှီးနေပုံပဲ..."
"ဒီလို အခြေအနေမျိုးကလည်း ပုံမှန်ပါပဲ... အရင်တုန်းကလည်း ကျွန်တော် အလုံးလေး ကို မွေးခဲ့ဖူးတယ် မဟုတ်လား..."
ရွှီယန်က ပြုံးကာ ပြောလိုက်သည်။
ဟွာမေငှက်လေး က ရွှီယန်၏ လက်ဖဝါးပေါ်တွင် ရပ်လျက် ပျော်ရွှင်စွာဖြင့် ခုန်ပေါက်နေလေသည်။
၎င်းက အနည်းငယ် လှုပ်ရှားလိုက်ပြီးနောက် ခေါင်းမော့ကာ စတင် အော်မြည်တော့သည်။
ဟွာမေငှက်၏ အသံက အလွန် ကြည်လင်ပြီး အနည်းငယ် စူးရှသဖြင့် အသံတု စကားလုံးများဖြင့်ပင် အတုခိုး၍ မရနိုင်ချေ။
စံပြအဖြစ် သတ်မှတ်ထားသော သာယာသည့် ငှက်အော်သံမျိုး ဖြစ်ပြီး ကျီးကန်း စသည့် အကောင်များ၏ အသံထက် အများကြီး ပို၍ သာယာလှပေသည်။
၎င်းက ရွှီယန်၏ လက်ဖဝါးထဲတွင် သီချင်းဆိုကာ ကခုန်နေပြီး တောင်ထဲမှ နတ်သက်ဝင်နေသော သတ္တဝါလေး တစ်ကောင် အလားပင်။
တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်များက ဆက်လက်၍ အဆက်မပြတ် လိမ့်တက်နေဆဲပင်။
ဤတစ်ကွက်တည်းနှင့်ပင် တိုက်ရိုက်ထုတ်လွှင့်မှု၏ အကျိုးသက်ရောက်မှု အပြည့်အဝ ရရှိသွားခဲ့လေပြီ။
အားလုံးက ရွှီယန်နှင့် တိရစ္ဆာန်များ၏ အပြန်အလှန် ဆက်သွယ်မှုများကို ကြည့်ရသည်ကို အထူး နှစ်သက်ကြပြီး အထူးသဖြင့် သာမန်လူများ မလုပ်နိုင်သော ဤကဲ့သို့သော အပြန်အလှန် ဆက်သွယ်မှုမျိုးကို ပို၍ပင် သဘောကျကြလေသည်။
တိုက်ရိုက်ထုတ်လွှင့်မှု၏ ပတ်ဝန်းကျင် အခြေအနေက အလွန် ကောင်းမွန်လှပေသည်။
ရွှီယန်က လက်ထဲတွင် ဟွာမေငှက်လေး ကို ကိုင်ဆောင်ထားပြီး သစ်ကိုင်းပေါ်ရှိ စာကလေးများနှင့် အခြား ငှက်ငယ်လေးများ က ဤမြင်ကွင်းကို ကြည့်ရှုကာ တကျီကျီ အော်မြည်နေကြလေသည်။
၎င်းတို့က ရွှီယန် ဆိုသော မဖိတ်ခေါ်ဘဲ ရောက်လာသည့် ဧည့်သည်ကို အကဲခတ်နေကြပြီး မျက်လုံးများထဲတွင် အထူး ဆန်းကြယ်နေသည့် အရိပ်အယောင်များ အပြည့် ပါဝင်နေလေသည်။
ရွှီယန် ဤနေရာသို့ စတင် ရောက်ရှိလာစဉ်ကတည်းက ခံစားချက် အလွန် ကောင်းမွန်နေခဲ့သည်။
ထို့နောက် သူက ငှက်လေးကို ကိုင်ဆောင်ကာ တောင်ထဲသို့ ဆက်လက် လျှောက်လှမ်းသွားလိုက်သည်။
တောင်တန်းများက အဆုံးအစမရှိ ရှည်လျားနေပြီး တစ်ထပ်ပြီး တစ်ထပ် ထပ်နေလေသည်။
မြစ်များ ကလည်း တောင်ခြေတွင် စီးဆင်းနေလေသည်။
ရေတွက်၍ မရနိုင်သော သက်ရှိများစွာ က ဤအထဲတွင် ရှင်သန်နေထိုင်ကြပြီး အသက်ဝင် လှုပ်ရှားနေကြလေသည်။
ရွှီယန်က ငှက်လေးကို ကိုင်ဆောင်လျက် အရှေ့သို့ တောက်လျှောက် လျှောက်သွားနေလိုက်သည်။
အချိန် သိပ်မကြာခင်မှာပင် ဟွာမေငှက်လေး က ဆော့ကစားချင်စိတ် ပြင်းပြလာသဖြင့် ရွှီယန်၏ လက်ဖဝါးထဲမှနေ၍ ပျံသန်းထွက်ခွာသွားပြီး ဘေးနားရှိ သစ်ပင်ကြီးဆီသို့ ဦးတည် ပျံသန်းသွားတော့သည်။
ရွှီယန်က မှတ်ချက်များကို တစ်ချက် ကြည့်လိုက်သော်လည်း လုံးဝ ဖတ်၍ မရနိုင်ချေ။
မှတ်ချက်ပေးသူများလွန်းနေသောကြောင့်ပင်။
ဤအချိန်တွင် ဘေးနားရှိ သစ်ပင်ပေါ်တွင် နောက်ထပ် ဟွာမေငှက် နှစ်ကောင် ရှိနေသေးကြောင်း သူ မြင်တွေ့လိုက်ရသဖြင့် ရွှီယန်က ၎င်းတို့ ရှိရာဘက်သို့ ထပ်မံ လက်ဆန့်ထုတ်လိုက်ပြန်သည်။
မကြာခင်မှာပင် ဟွာမေငှက် နှစ်ကောင်စလုံး သူ၏ လက်ပေါ်သို့ ဆင်းသက်လာကြတော့သည်။
ဤမြင်ကွင်းက သက်ဝင်လှုပ်ရှားနေသော ဆီဆေးပန်းချီကား တစ်ချပ်နှင့်ပင် တူနေလေသည်။
လူများမှာ ပို၍ပင် အူကြောင်ကြောင် ဖြစ်သွားကြတော့သည်။
ရွှီယန်က ပြုံးလိုက်ပြီးနောက် ခရီးကို ဆက်လက် လျှောက်လှမ်းသွားလိုက်သည်။
သူက တစ်နေကုန် နီးပါး လျှောက်လှမ်းပြီးနောက် အချိန် အတော်လေး ရနေပြီဟု ထင်သဖြင့် ရတနာရှာဖွေရေး တာဝန်ကို စတင်ရန် ရွေးချယ်လိုက်သည်။
သူ မမျှော်လင့်ထားသည်မှာ ပထမဆုံးအကြိမ် စတင်လိုက်သည်နှင့် ရှားပါးအဆင့်ရှိ ရတနာရှာဖွေရေး တာဝန်ကို အောင်မြင်စွာ စတင်နိုင်ခဲ့ခြင်းပင်။
[ရှားပါး ရတနာရှာဖွေရေး တာဝန်ကို စတင်ပါပြီ... တောင်နက်ကြီး အတွင်းပိုင်း... ရတနာရှာဖွေရေး အကြိမ်ရေ ၁၀ ကြိမ် ကုန်ကျမည် ဖြစ်သည်... လက်ခံမည်လား]
စနစ်၏ အချက်ပြသံကို မြင်သောအခါ ရွှီယန်က အရင်တိုင်းပင် လက်ခံရန် ရွေးချယ်လိုက်သည်။
ဒီနေရာက တကယ်ကို ဖုန်းရွှေ နေရာကောင်း တစ်ခုပါလား။
ဒီလိုနဲ့ပဲ တာဝန် ရောက်လာခဲ့ပြီ မဟုတ်ပါလော။