အခန်း ၃၇၅
Vol. 38 Ch. 375
အခန်း (၃၇၅) သစ်ပင်ပေါ်က လိုက်တမ်းပြေးတမ်း ကစားပွဲ... သူသိုင်းတတ်တယ်လို့ အမြဲတမ်းထင်နေခဲ့တာ...
ဝူလင်ယွမ် ရှုခင်းသာနေရာ။
ဤနေရာတွင် အများဆုံး တွေ့ရသည်မှာ မျောက်များပင် ဖြစ်ပြီး နေရာတိုင်းတွင် ရှိနေသည်ဟု ဆိုနိုင်ပေသည်။
ခရီးသွားများ သွားလာသည့် လမ်းများပေါ်တွင်ပင် အစာတောင်းနေသော မျောက်များစွာ ရှိလေသည်။
ဤဘက်မှ မျောက်များက အော်မေတောင်မှ မျောက်များလောက် ဆိုးသွမ်းခြင်း မရှိဘဲ အနည်းငယ် ပို၍ ယဉ်ကျေးကြလေသည်။
ရွှီယန် တောင်ပေါ်သို့ တက်လာပြီး သိပ်မကြာခင်မှာပင် မျောက်အုပ်ကြီး၏ စောင့်ကြည့်ခြင်းကို ခံလိုက်ရပြီး မျောက်အတော်များများက သူ့ကို စူးစမ်းအကဲခတ် နေကြလေသည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို ပုံမှန်အတိုင်း ဖွင့်ထားဆဲပင်။
"ဒီတောင်က တကယ်ကို သွားရခက်တာပဲ... မြေပြင်အနေအထားက အရမ်း မတ်စောက်ပြီး အပင်တွေကလည်း ထူထပ်တော့ လမ်းလျှောက်ရတာ သိပ်မလွယ်ဘူး..."
"ဒီလိုပတ်ဝန်းကျင်က သစ်ပင်ပေါ်မှာ သွားလာလှုပ်ရှားဖို့ အတိအကျ သင့်တော်တာ..."
"အဲဒါကြောင့်လည်း မျောက်တွေရဲ့ ပရဒိသုဘုံ ဖြစ်နေတာပေါ့..."
ရွှီယန်က တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ အင်တာနက်သုံးစွဲသူများကို ရှင်းပြနေလေသည်။
ဤတောင်များတွင် ဟင်းလင်းပြင် နေရာများ သိပ်မရှိချေ။ ရွှီယန်က ဆင်ခြေလျှော တစ်ခုပေါ်တွင် ရပ်လျက် သစ်ပင်ကြီး တစ်ပင်ကို မှီထားလိုက်သည်။
ရှုခင်းများက သဘာဝကျပြီး လတ်ဆတ်ကာ အတော်လေး ကောင်းမွန်လှပေသည်။
ရွှီယန် သွားရောက်ခဲ့ဖူးသော အန္တရာယ်များသည့် နေရာများနှင့် ယှဉ်လိုက်ပါက ဤနေရာက ထိုမျှလောက်အထိ ထူးခြားပေါ်လွင်နေခြင်း မရှိချေ။
ရွှီယန်က လမ်းကြုံသည့်အနေဖြင့် တိုက်ရိုက်ထုတ်လွှင့်ပြရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်ပြီး အားနေသည်နှင့် အတူတူပင် ဖြစ်လေသည်။
ရတနာရှာဖွေရေး အကြိမ်ရေ ကလည်း လုံလောက်နေသဖြင့် သာမန် ရတနာရှာဖွေရေး တာဝန် တစ်ခုကို လုပ်ဆောင်ရန် ရွေးချယ်လိုက်သည်။
ရွှီယန်က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို ထုတ်ယူကာ အသုံးပြုရန် ရွေးချယ်လိုက်သည်။
[ရတနာရှာဖွေရေး တာဝန် စတင်ပါပြီ... တိုက်ခိုက်လာသော မျောက်ဘုရင်]
[တာဝန် အကြောင်းအရာ... သတ်မှတ်ထားသော နယ်မြေသို့ သွားရောက်ပြီး သတ်မှတ်ထားသော မျောက်ကို လိုက်လံ ဖမ်းဆီးပါ]
[တာဝန် ဆုလာဘ်... မျောက်သေရည် ချက်လုပ်နည်း အချိုးအစား * ၁]
[အံ့ဩဖွယ်ကောင်းသော အရက်ချက်လုပ်နည်း ဖြစ်ပြီး အရသာ... အချိုဓာတ် နှင့် အရက်ပြင်းအား စသည်တို့ကို ချိန်ညှိနိုင်ပါသည်]
ဤအချက်ပြချက်ကို ကြားသောအခါ ရွှီယန် အနည်းငယ် အံ့အားသင့်သွားရသည်။
ဤတာဝန်၏ ဆုလာဘ်က မဆိုးလှချေ။
ငွေပေး၍ပင် ဝယ်ယူ၍မရနိုင်သော ဤကဲ့သို့သော အရာများကို သူ အမြဲတမ်း စိတ်ဝင်စားလေ့ ရှိလေသည်။
"သတ်မှတ်ထားတဲ့ မျောက်ကို လိုက်ဖမ်းရမယ်ဆိုတော့ နားထောင်ကြည့်ရတာ အခက်အခဲ မသေးဘူးပဲ..."
"အရင်ဆုံး သွားကြည့်တာပေါ့..."
ထို့နောက် ရွှီယန်က အရှေ့သို့ ဆက်လက် ထွက်လာခဲ့ပြီး အတွင်းဘက်သို့ ဝင်လေလေ သစ်တော၏ အနက်ပိုင်းသို့ ရောက်ရှိသွားကာ သစ်ပင်များ ကလည်း ပို၍ ကြီးမား ထွားကျိုင်းလာလေသည်။
ထို့အပြင် မျောက် အရေအတွက် ကလည်း များပြားလာခဲ့သည်။
ဤမျောက်အုပ်ကြီးက ရွှီယန်၏ အနားတွင် အမြဲတမ်း ဟိုဟိုဒီဒီ ခုန်ကူးနေကြလေသည်။
၎င်းတို့၏ ခန္ဓာကိုယ်က အလွန် သွက်လက်ပြီး သစ်ပင်ပေါ်တွင် ပေါ့ပေါ့ပါးပါးပင် သွားလာ လှုပ်ရှားနိုင်ကြသည်။
ဒရုန်းက ဤမြင်ကွင်းကို တိုက်ရိုက်ထုတ်လွှင့် ပြသနေလေသည်။
[လောင်ရွှီ က မျောက်အသိုက်ကို သွားဆွလိုက်တာလား... ဘာလို့ မျောက်တွေ ဒီလောက် များနေတာလဲ]
[ကြည့်ရတာ ရန်စဖို့ လာတဲ့ပုံပဲနော်]
[မျောက်တွေ သွားတိုင်ထားတာ သေချာတယ်]
[ဟားဟားဟား... လောင်ရွှီ က မျောက်တောင်ကို ဝင်မွှေနေပြီ]
ဝူလင်ယွမ် တွင် မျောက် အများအပြား ရှိပြီး ဤမျောက်များက ထိုမျှလောက် အကြမ်းပတမ်း မရှိသော်လည်း ပိုင်ရှင်ဆန်သော အမူအရာများ တော့ ရှိနေဆဲပင်။
တောင်ထဲမှာ ကျားမရှိရင် မျောက်က ဘုရင်လုပ်တယ် ဆိုသည့် စကားပုံက အလကား ဖြစ်လာခြင်း မဟုတ်ချေ။
အင်တာနက်သုံးစွဲသူများ က ပျော်ရွှင်စွာ ကြည့်ရှုနေကြလေသည်။
ဤမျှများပြားသော မျောက်များက ရွှီယန်ကို ဝိုင်းရံထားရာ ရွှီယန် တစ်ယောက် ပန်းသီးတောင် ကို ရဲဝံ့စွာ ဝင်မွှေနေသည် ဟူသော ခံစားချက်မျိုးကို ပေးစွမ်းနေလေသည်။
ရွှီယန်က မျောက်များ အပေါ် မည်သည့် ခံစားချက်မှ မရှိဘဲ နှစ်သက်ခြင်းလည်း မရှိသလို မုန်းတီးခြင်းလည်း မရှိဘဲ အနည်းငယ် ထူးဆန်းသည်ဟုသာ ခံစားရလေသည်။
မကြာခင်မှာပင် ရွှီယန်က သတ်မှတ်ထားသော နယ်မြေသို့ ရောက်ရှိလာခဲ့သည်။
ဤနေရာတွင် အလွန် ကြီးမားသော သစ်ပင်ကြီး နှစ်ပင် ရှိနေပြီး သစ်ကိုင်းများက အလွန် ကြီးမားကာ ကျယ်ပြန့်နေသည်ကို တွေ့လိုက်ရသည်။
သို့သော် စနစ်၏ တာဝန်က မစတင်သေးသဖြင့် မည်သည့် မျောက်ကို လိုက်ဖမ်းရမည်ကို မသိသေးချေ။
ရွှီယန် လည်း အားနေသည်နှင့် အတူတူ ကျောပိုးအိတ်ကို မြေကြီးပေါ် ချထားလိုက်ပြီး ဖုန်းကို ထုတ်ယူကာ အားလုံးက မည်သည့် မှတ်ချက်များ ရေးသားနေသနည်း ဟု ကြည့်ရှုနေလိုက်သည်။
ထိုစဉ်မှာပင် ဆော့သန်သော မျောက်တစ်ကောင်က သစ်ပင်ပေါ်မှ ဆင်းလာပြီး ရွှီယန်၏ အနောက်သို့ ခိုးကြောင်ခိုးဝှက် တိုးကပ်လာသည်ကို မြင်တွေ့လိုက်ရသည်။
ဒရုန်းက ဤမြင်ကွင်းကို ရိုက်ကူးထားနိုင်ခဲ့ပြီး အင်တာနက်သုံးစွဲသူများ က ဤမျောက်ကို မြင်သောအခါ ချက်ချင်းပင် ရယ်မောလိုက်ကြတော့သည်။
ဤမျောက်က သူခိုး ပုံပေါက်လွန်းပြီး ကြည့်ရသည်မှာ ခိုးကြောင်ခိုးဝှက်နှင့် အလွန် တူနေလေသည်။
တကယ်တမ်းတွင်လည်း ဤမျောက်က တကယ့် သူခိုးလေး တစ်ကောင် ဖြစ်နေပြီး ရွှီယန်၏ အနားသို့ ရောက်သည်နှင့် ကျောပိုးအိတ်ကို ချက်ချင်း ဖွင့်ကာ ကျောပိုးအိတ်ထဲတွင် စတင် မွှေနှောက် ရှာဖွေတော့သည်။
ရွှီယန်က နောက်လှည့်ကြည့်လိုက်ရာ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသဖြင့် ချက်ချင်းပင် အော်ဟစ်လိုက်သည်။
"ဟေး..."
မျောက်မှာ လန့်ဖြတ်သွားပြီး အလျင်စလိုဖြင့် ကျောပိုးအိတ်ထဲမှ ပစ္စည်းတစ်ခုကို နှိုက်ယူကာ နောက်လှည့် ထွက်ပြေးသွားတော့သည်။
ထိုပစ္စည်းမှာ ရွှီယန်၏ ပြင်ပစွန့်စားမှုသုံး ဓာတ်မီးပင် ဖြစ်လေသည်။
ထိုဓာတ်မီးက အလွန် အသုံးဝင်ပြီး အလင်းရောင် အလွန် ကောင်းမွန်လှပေသည်။
မျောက်က ဓာတ်မီးကို ကိုင်ကာ ထွက်ပြေးသွားတော့သည်။
"ဟာ... ချထားခဲ့စမ်း..."
ရွှီယန်က အလျင်စလို အော်ဟစ်လိုက်သည်။
ထိုအချိန်မှာပင် စနစ် တာဝန်က အောင်မြင်စွာ စတင်သွားခဲ့လေပြီ။
တာဝန်၏ တောင်းဆိုချက်မှာ ဤမျောက်ကို လိုက်ဖမ်းရန်ပင် ဖြစ်သည်။
မျောက်က သစ်ပင်ကြီး အတိုင်း အပေါ်သို့ တောက်လျှောက် တွယ်တက်သွားပြီးနောက် အခြား မျောက်အချို့၏ ဘေးတွင် ရပ်လျက် ဓာတ်မီးကို ကိုင်ကာ ရွှီယန်ကို ကြည့်ရင်း ကျီးကျီးကျားကျား ဟု အသံထွက်ကာ ရယ်မောနေလေသည်။
၎င်းက အလွန် ပျော်ရွှင်စွာ ရယ်မောနေပြီး သွားများကိုပင် ရှင်းလင်းစွာ မြင်တွေ့နေရလေသည်။
အင်တာနက်သုံးစွဲသူများ က ဤမြင်ကွင်းကို မြင်သောအခါ သည်းမခံနိုင်တော့ဘဲ အသံထွက်ကာ ရယ်မောလိုက်ကြတော့သည်။
[ဟားဟားဟား... ဒီမျောက်က တကယ်ကို ချစ်ဖို့ကောင်းတာပဲ]
[လောင်ရွှီ တစ်ယောက် ဒုက္ခတွေ့ပြီဟေ့... မျောက်တွေဆီမှာ သွားရှုံးလိမ့်မယ်လို့ မထင်ထားဘူး]
[ကြည့်ရတာ တိရစ္ဆာန် ယဉ်ပါးအောင် လုပ်တဲ့ ပညာက အလုပ်မလုပ်တော့ဘူး ထင်တယ်]
[လောင်ရွှီ ရဲ့ လက်ထဲကနေတောင် ပစ္စည်း လုသွားနိုင်တယ်ပေါ့]
ဖန်သားပြင် တစ်ခုလုံး ရယ်သံများဖြင့် ပြည့်နှက်နေတော့သည်။
ဤသည်မှာ ပရိသတ်များ အနှစ်သက်ဆုံးသော အစီအစဉ် တစ်ခုပင် ဖြစ်သည်။
အားလုံးက လိုက်ဖ်လွှင့်သူ အခက်တွေ့နေသည့် မြင်ကွင်းကိုသာ ပို၍ ကြည့်ရှုချင်ကြလေသည်။ ထိုသို့မှသာ ပို၍ ပျော်စရာ ကောင်းမည် မဟုတ်ပါလော။
သို့သော် ရွှီယန်က သာမန်လူ တစ်ယောက် မဟုတ်ကြောင်း ထင်ရှားလှပေသည်။
သူက ဖုန်းကို အိတ်ကပ်ထဲ ထည့်လိုက်ပြီး တိုးညင်းစွာ ပြောလိုက်သည်ကို မြင်တွေ့လိုက်ရသည်။
"ဒီကောင်လေးက ငါ့ရဲ့ ဓာတ်မီးကို လုသွားရဲတယ်ပေါ့... အဲဒီ ဓာတ်မီးရဲ့ ဘက်ထရီက တော်တော်လေး ထူးခြားတာ... ပျောက်သွားရင် သစ်တောထဲက မြေဆီလွှာတွေ အတွက် သိပ်မကောင်းဘူး..."
"ငါ ပြန်လုမှ ဖြစ်မယ်..."
"ကြည့်ရတာ လှုပ်ရှားရတော့မယ့် ပုံပဲ..."
ရွှီယန်၏ စကားသံ အဆုံးတွင် အင်တာနက်သုံးစွဲသူများ က ဤစကား၏ အဓိပ္ပာယ်ကို သံသယ ဝင်နေကြဆဲပင်။
နောက်တစ်စက္ကန့်မှာပင် ရွှီယန်က ချက်ချင်း ခုန်ထွက်သွားသည်ကို မြင်တွေ့လိုက်ရတော့သည်။
ရွှီယန်၏ အရှိန်က အလွန် မြန်ဆန်လှပေသည်။
သူက သစ်ပင်အောက်သို့ ရောက်သည်နှင့် ခြေထောက်ဖြင့် တစ်ချက် ကန်လိုက်ပြီး လက်နှစ်ဖက်ဖြင့် ဆွဲကိုင်ကာ သစ်ပင်ပေါ်သို့ အလွန် လျင်မြန်စွာ တွယ်တက်သွားတော့သည်။
သစ်ပင် တက်တတ်သည်မှာ မျောက် တစ်ကောင်တည်း မဟုတ်ချေ။
လခွမ်း...
အင်တာနက်သုံးစွဲသူများ အားလုံး အံ့ဩမှင်တက် သွားကြတော့သည်။
ရွှီယန် ကလည်း သစ်ပင်တက် ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ကြောင်းကို အားလုံး မေ့လျော့လုနီးပါး ဖြစ်သွားခဲ့ကြပြီ ဖြစ်သည်။
အရင်တုန်းက တောင်ပေါ်တွင် ဘုသစ်ပင်မှို များကို ခူးယူစဉ်ကလည်း သစ်ပင်ပေါ်သို့ အမြင့်ကြီး တက်ခဲ့ဖူးလေသည်။
သို့သော် လူသားများ၏ သစ်ပင်တက် ကျွမ်းကျင်မှုက မျောက်များနှင့် မည်သို့ ယှဉ်နိုင်မည်နည်း။
မျောက်များ၏ ခန္ဓာကိုယ်က ပိုမို ပေါ့ပါးပြီး လက်မောင်းများက ပို၍ ရှည်လျားကာ သစ်ပင်ပေါ်တွင် သွားလာ လှုပ်ရှားရန်အတွက် မွေးရာပါ ဖန်တီးပေးထားသည့် အလားပင်။
အားလုံး၏ မျက်လုံးများထဲတွင် အံ့ဩမှုများ ပြည့်နှက်သွားတော့သည်။
ထိုသူခိုးမျောက်လေး ကလည်း ရွှီယန် အမြန် တွယ်တက်လာသည်ကို မြင်သောအခါ လန့်ဖြတ်သွားတော့သည်။
'ဒါ မမှန်တော့ဘူးလေ...'
၎င်းက လူသား အများအပြားကို မြင်ဖူးသော်လည်း သစ်ပင်တက်တတ်သည့် လူကို တစ်ယောက်မှ မမြင်ဖူးခဲ့ချေ။
ဤနေရာက မူလကတည်းက ရှုခင်းသာ နေရာ တစ်ခုဖြစ်ရာ မျောက်များက လူများကို အလွန် အမြင်များခဲ့ကြသော်လည်း လူအများစုမှာ မျောက်များကို မြင်လျှင် အတော်လေး ကြောက်ရွံ့ကြလေသည်။
တချို့ဆိုလျှင် မျောက်များ အနားသို့ ကပ်လာပါက အော်ဟစ်ကာ အလျင်စလို ထွက်ပြေးသွားတတ်ကြသည်။
သို့သော် ရွှီယန်ကတော့ ထိုသို့ မဟုတ်ချေ။
သူက တောင်ထဲတွင် နေထိုင်လာခဲ့သည်မှာလည်း ကြာပြီဖြစ်ရာ ခန္ဓာကိုယ်က အလွန် ပေါ့ပါး သွက်လက်လှပေသည်။
အချက်အနည်းငယ်ခန့် တွယ်တက်လိုက်သည်နှင့် သူခိုးမျောက်လေးဆီသို့ လှမ်းဖမ်းရန် ပြင်လိုက်တော့သည်။
သစ်ပင်ပေါ်ရှိ မျောက်များမှာ အထိတ်တလန့်ဖြင့် အရပ်လေးမျက်နှာသို့ ထွက်ပြေးသွားကြပြီး ပတ်ဝန်းကျင်ရှိ မျောက်များ ကလည်း လန့်ဖြတ်ကာ ရှောင်ဖယ်သွားကြတော့သည်။
အကယ်၍ သစ်ပင်သာ တက်တတ်မည် ဆိုပါက ဤမျောက်အုပ်ကြီး အနေဖြင့် သေချာပေါက် စဉ်းစားရတော့မည် ဖြစ်သည်။
ချင်ပန်ဇီ မျောက်ဝံများက မျောက်များကို ဖမ်းစားသကဲ့သို့ပင် သစ်ပင်တက်နိုင်သည့် အားသာချက် မရှိတော့ပါက မျောက်များမှာ အားနည်းသူများ ဖြစ်သွားတော့မည် ဖြစ်သည်။
သူခိုးမျောက်လေး မှာ လက်တစ်ဖက်ဖြင့် ဓာတ်မီးကို ကိုင်ထားပြီး အခြား သစ်ပင် တစ်ပင်ဆီသို့ ဦးတည်ကာ အစွမ်းကုန် ပြေးလွှားနေသည်ကို မြင်တွေ့လိုက်ရသည်။
ဧရာမ သစ်ပင်ကြီး နှစ်ပင်၏ သစ်ကိုင်းများက ယှက်နွယ်နေသဖြင့် ထိုမျောက်လေး အနေဖြင့် ဟိုဘက်သို့ ခုန်ကူးသွားနိုင်လေသည်။
ရွှီယန် ကလည်း အရှိန်ကို မလျှော့ချဘဲ သစ်ကိုင်းအတိုင်း အပြင်ဘက်သို့ ပြေးထွက်သွားလိုက်သည်။
အပေါ်ဘက်ရှိ သစ်ကိုင်းများက သေးငယ်လွန်းသဖြင့် အမြင့်တစ်နေရာမှ အခြား အမြင့်တစ်နေရာသို့ ခုန်ကူးရန် မဖြစ်နိုင်ကြောင်း သူ သေချာပေါက် သိထားလေသည်။
သို့သော် ဤသစ်ပင်မှ အခြား သစ်ပင်၏ အောက်ပိုင်း သစ်ကိုင်းခွဆုံ ဆီသို့ ခုန်ကူးရန် ကတော့ ဖြစ်နိုင်သေးသည်။
ရွှီယန်က အခြား သစ်ပင်၏ အောက်ပိုင်း သစ်ကိုင်းခွဆုံ ဆီသို့ ခုန်ကူးလိုက်ပြီးနောက် အပေါ်သို့ ထပ်မံ၍ အမြန် တွယ်တက်သွားပြန်သည်။
ဤနည်းပညာက အင်တာနက်သုံးစွဲသူများကို ကြောင်အမ်းအမ်း ဖြစ်သွားစေခဲ့သည်။
သူခိုးမျောက်လေး မှာ ပို၍ပင် လန့်ဖြတ်သွားပြီး အဆက်မပြတ် အော်ဟစ်နေတော့သည်။
၎င်းက အထိတ်တလန့် ဖြစ်နေသဖြင့် ဓာတ်မီးကို ပစ်ချရန်ပင် မေ့လျော့နေခဲ့ရာ သစ်ပင်တက်သည့် အချိန်တွင် လက်တစ်ဖက် လျော့နည်းနေပြီး ကိုင်တွယ်မှု မခိုင်မြဲသဖြင့် သစ်ပင်ပေါ်မှနေ၍ အောက်သို့ ပြုတ်ကျသွားတော့သည်။
ရွှီယန်က အောက်ဘက်တွင် ရှိနေပြီး မျက်စိလျှင် လက်လျှင်ဖြင့် ၎င်း၏ လည်ပင်း နောက်ကျောကို လှမ်းဖမ်းလိုက်တော့သည်။
ရွှီယန်၏ လက်ထဲတွင် မျောက်တစ်ကောင် ဖမ်းမိထားသည်ကို မြင်သောအခါ တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ ပရိသတ်များ အားလုံး ထုံကျဉ်သွားကြတော့သည်။
'ဘာကြီးလဲ...'
'ငါတို့ ဘာကို မြင်လိုက်ရတာလဲ...'
'ဒါက လူတစ်ယောက် လုပ်နိုင်တဲ့ အရာလား...'
'သူ့ရဲ့ ကိုယ်ပေါ်မှာ ဘယ်လို လျှို့ဝှက်ချက်တွေများ ဖုံးကွယ်ထားတာလဲ...'
'ဒါတောင် ရတယ်ပေါ့...'
'သစ်ပင်ပေါ်တက်ပြီး မျောက်ကို သွားဖမ်းတယ်...'
အားလုံးက အူကြောင်ကြောင် ဖြစ်နေကြလေသည်။
ရွှီယန်က လက်ထဲရှိ မျောက်ကို ကြည့်ကာ ၎င်း၏ လက်ထဲမှ ဓာတ်မီးကို တည်ငြိမ်စွာ လုယူလိုက်ပြီးနောက် ၎င်းကို ဘေးနားရှိ သစ်စည်ပေါ်တွင် တင်ပေးလိုက်သည်။
သစ်ပင်ပေါ် ရောက်သည်နှင့် တစ်ပြိုင်နက် သူခိုးမျောက်လေး က လန့်ဖြတ်ကာ ချက်ချင်း ထွက်ပြေးသွားတော့ပြီး နောက်သို့ပင် ပြန်မကြည့်ရဲတော့ချေ။
နီရဲနေသော မျောက်တင်ပါးလေး က အလွန် ထင်ရှားနေလေသည်။
'အကောင်းပကတိ ရှိနေတာကို မင်းက ဘာဖြစ်လို့ သူ့ကို သွားရန်စနေရတာလဲ...'
ပတ်ဝန်းကျင်ရှိ မျောက်များ ကလည်း အံ့ဩထိတ်လန့် နေကြလေသည်။
စောစောက ဤမျောက်များ အနေဖြင့် အနည်းငယ် မောက်မာနေခဲ့ကြပြီး တစ်ကောင်ချင်းစီက ရွှီယန်၏ နောက်သို့ လိုက်ပါကာ မျောက်တို့၏ နယ်မြေသို့ ဝင်ရောက်လာခြင်းကို အပြစ်တင်နေသည့် အလားပင်။
သို့သော် ဤအခိုက်အတန့်တွင် မျောက်များမှာ အသံကျယ်ကျယ် ပင် မထွက်ရဲကြတော့ချေ။
တချို့ မျောက်ငယ်လေးများ ဆိုလျှင် မိခင်မျောက်မ ကြီးများ၏ ရင်ခွင်ထဲတွင် ဖက်တွယ်ထားပြီး အနည်းငယ်မျှပင် မလှုပ်ရှားရဲကြတော့ချေ။
ရွှီယန် ပြသလိုက်သော စွမ်းရည်က မျောက်ဘုရင် အဆင့်နှင့်ပင် တူညီနေပြီ ဖြစ်သည်။
မျောက်ဘုရင် ထက်ပင် ပို၍ အစွမ်းထက်နေသေးသည်။
အကယ်၍ သူသာ ဤနေရာတွင် နေထိုင်မည် ဆိုပါက ဤမျောက်အုပ်ကြီးက သူ့ကို ဘုရင် အဖြစ် တင်မြှောက်ရမည်မှာ သေချာလှပေသည်။
သေချာသည်ကတော့ ရွှီယန်က မျောက်ဘုရင် လုပ်ရန် အနည်းငယ်မျှပင် စိတ်မဝင်စားချေ။
"ကံကောင်းလို့ ပြန်ရလိုက်တယ်... ဒီမျောက်က တကယ်ကို အဆော့သန်တာပဲ... ခဏလေး သတိလွတ်သွားတာနဲ့ ငါ့ပစ္စည်းကို လာခိုးတယ်..."
ရွှီယန်က သစ်ပင်ပေါ်မှ ဆင်းလာပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
မှတ်ချက်များက ပေါက်ကွဲထွက်နေပြီ ဖြစ်သည်။
[လခွမ်း... အစ်ကိုယန်... မင်းမှာ ဘယ်လောက်တောင် စွမ်းရည်တွေ ဖုံးကွယ်ထားသေးတာလဲ]
[ဒီစွမ်းရည်မျိုးနဲ့ ဆိုရင် အရင်ဘဝက အနည်းဆုံးတော့ မြင်းထိန်းနတ်မင်း ဖြစ်ခဲ့မှာပဲ]
[မျောက်ဘုရင် ဝင်စားတာတော့ မဟုတ်ပါဘူးနော်]
[တကယ်ပြောတာ... မင်း လုပ်သွားတာက ကိုယ်ဖော့ပညာများလား... ဒီလို သစ်ပင်တက်တာမျိုး ဘယ်သူမှ လုပ်တာ မမြင်ဖူးဘူး]
[သူ သိုင်းပညာ တတ်တယ်ဆိုတာကို ငါ အမြဲတမ်း သံသယ ဝင်နေခဲ့တာ... သေချာပေါက် လျှို့ဝှက် ဂိုဏ်းတစ်ခုခုက ဖြစ်ရမယ်]
အင်တာနက်သုံးစွဲသူများ က အဆက်မပြတ် ဆွေးနွေးပြောဆိုနေကြသည်။
ရွှီယန်က မှတ်ချက်များကို မြင်သောအခါ အားလုံး၏ စိတ်ကူးယဉ် တွေးတောနိုင်စွမ်းကိုလည်း အတော်လေး လေးစားမိသွားသည်။
သို့သော် ကိစ္စမရှိပေ။ မည်သို့ပင်ဖြစ်စေ သူလည်း အသားကျနေပြီ ဖြစ်သည်။
အင်တာနက်ပေါ်တွင် သူက ဤကဲ့သို့သော ကိစ္စများဖြင့် အမြဲတမ်း နာမည်ကြီးလေ့ ရှိသည် မဟုတ်ပါလော။
ဝူလင်ယွမ် တောင်နက်ကြီး၏ ရှုခင်းက ရှုခင်းသာ နေရာ၏ ရှုခင်းလောက် မလှပချေ။
ရှုခင်းသာ နေရာက တောင်တန်းကို ပတ်၍ သစ်သားလမ်းများ ဖောက်လုပ်ထားသဖြင့် ပိုမို ဝေးကွာစွာ မြင်တွေ့နိုင်ပြီး ရှုခင်းက ပို၍ လှပလေသည်။
တောင်ထဲတွင်တော့ ထူးထူးခြားခြား ဘာမှ မရှိလှချေ။
ရွှီယန်က ခဏမျှ လမ်းလျှောက်ပြီးနောက် စိတ်မဝင်စားတော့ချေ။
"ဒီနေရာက ရှုခင်းက တကယ်တော့ မဆိုးပါဘူး... ဒါပေမဲ့ တောင်ထဲမှာက နည်းနည်း ငြိမ်သက်လွန်းတယ်..."
"မျောက်တွေ များတာပဲ ရှိတယ်..."
"ကျွန်တော် တောင်အပြင်ဘက်ကို နည်းနည်း ထွက်ကြည့်လိုက်ဦးမယ်..."
ရွှီယန်က အပြင်ထွက်ရန် ရည်ရွယ်လိုက်သည်။
သာမန် ရတနာရှာဖွေရေး တာဝန် တစ်ခုကို လုပ်ဆောင်လိုက်ရုံဖြင့် လုံလောက်ပြီ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဤတစ်ကြိမ် ဤနေရာသို့ လာရောက်ခြင်းမှာလည်း ဤတောင်ထဲတွင် စူးစမ်းရှာဖွေရန် အတွက် မဟုတ်ပါလော။
သူက တောအုပ်ထဲမှနေ၍ အပြင်ဘက်သို့ လျှောက်သွားလိုက်ရာ တိုက်ရိုက်ထုတ်လွှင့် ပြသလိုက်သော အကြောင်းအရာများ ကလည်း လူများကို အံ့ဩဝမ်းသာ ဖြစ်စေခဲ့ဆဲပင်။
လူသူကင်းမဲ့သော တောင်နက်ကြီးထဲရှိ သူ၏ အတွေ့အကြုံများကို ကြည့်ရှုရခြင်းက တကယ့်ကို အကောင်းဆုံးသော ခံစားမှု တစ်ခုပင် ဖြစ်လေသည်။