အခန်း ၃၇၈
Vol. 38 Ch. 378
အခန်း (၃၇၈) နေရာပြောင်းရွှေ့နေသော ဆင်အုပ်ကြီး... တောင်တန်းတွေရဲ့ ဟိုဘက်မှာတော့ လွတ်လပ်ခြင်းတွေ ရှိနေတယ်
ပထမဆုံး ဘလူးဘယ်ရီ အသုတ်ကို အောင်မြင်စွာ ရောင်းချနိုင်ခဲ့သည်။
ထို့နောက် ရွှီယန်ထံသို့ နောက်ထပ် အမှာစာ အများအပြား ထပ်မံ ရောက်ရှိလာခဲ့သည်။
ကုန်သည် အများအပြားက သူ့ကို အဆက်မပြတ် ဆက်သွယ် ရှာဖွေနေကြလေသည်။
မတတ်နိုင်ချေ။ ရှားပါးလေလေ ပို၍ တန်ဖိုးကြီးလေလေ ဖြစ်ပြီး အခြားသူများ၏ ဘလူးဘယ်ရီများက သူ၏ လယ်ယာခြံဝင်းမှ ဘလူးဘယ်ရီလောက် မကောင်းမွန်ကြချေ။
အစပိုင်းတွင် ရွှီယန်က အဆင့်မြင့် ဈေးကွက် ဆိုသည်မှာ အလွန် သေးငယ်ပြီး ကြိုးစားလုယူမှသာ ရရှိနိုင်မည်ဟု ထင်မှတ်ထားခဲ့သည်။
ယခုအခါမှသာ နေရာတိုင်းတွင် အဆင့်မြင့် ဈေးကွက်များ ရှိနေကြောင်း သတိထားမိလိုက်တော့သည်။
တောင်ပိုင်းမှ လူအချို့ပင် သူ့ထံမှ ဘလူးဘယ်ရီများကို ဝယ်ယူလိုကြပြီး ပို့ဆောင်ခကို သူ့ဘက်မှ ပေးဆောင်ရန် မလိုအပ်ဘဲ သူတို့ ကိုယ်တိုင် လေယာဉ်ဖြင့် သယ်ယူသွားမည်ဟုပင် ပြောဆိုကြလေသည်။
ချမ်းသာသော လူများက အလွန် များပြားလှပြီး ရှေးခေတ်က သမိုင်းဝင် အဖြစ်အပျက်များ ကဲ့သို့ပင် လူများက ပျော်ရွှင်ဖို့ အတွက် ဆိုလျှင် ကုန်ကျစရိတ်ကို လုံးဝ ဂရုမစိုက်ကြချေ။
'အခု မှန်လုံအိမ် အလုံး ၂၀ ရှိတဲ့ အထဲမှာ ၁၅ လုံးက ဘလူးဘယ်ရီတွေ ဆိုတော့ အထွက်နှုန်းက အတော်လေး ပုံကြီးချဲ့ရလောက်အောင် များနေပြီ...'
'ဒါပေမဲ့ ဒါတောင် မလောက်သေးဘူး...'
'ဒီလောက်ဆို ရပါပြီ... ဒီထက် ပိုစိုက်ရင် တစ်ခုခု ပြဿနာ ဖြစ်လာတဲ့အခါ အရှုံးပေါ်တာ များလွန်းလို့ ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး...'
'အဲဒါကြောင့် ကျန်တဲ့ မှန်လုံအိမ် တွေမှာတော့ ချယ်ရီနဲ့ မက်မွန်သီးအဝါ ကို ဆက်စိုက်ရမယ်...'
ရွှီယန်က စိတ်ထဲမှ တွက်ချက်နေလိုက်သည်။
ဤကာလ အတွင်း စီးပွားရေး ကိစ္စများ အားလုံး ပြီးစီးသွားပြီ ဖြစ်သည်။
ထို့နောက် သူလည်း ပြန်လည် အားလပ်သွားပြန်သည်။
အားလပ်ချိန် ရသောအခါ ကျားများကို သွားကြည့်လိုက် ကျားသစ်များကို သွားကြည့်လိုက် လုပ်ပြီးနောက် ရွှီယန်က ခရီးဝေး တစ်ခု ထွက်ရန် ရည်ရွယ်လိုက်သည်။
တစ်ဖက်တွင် ချစ်သူနှင့် တွေ့ဆုံရန် ဖြစ်ပြီး အခြား တစ်ဖက်တွင်တော့ ရတနာ ရှာဖွေရန် ဖြစ်လေသည်။
ရတနာ မရှာရသည်မှာ အတော်လေး ကြာမြင့်နေပြီ ဖြစ်ရာ ရင်ထဲတွင် အနည်းငယ် ယားယံနေပြီ ဖြစ်သည်။
ဆုလာဘ် ရရှိရသော ခံစားချက်က အလွန် သက်သောင့်သက်သာ ရှိလှပြီး ဘဝကို အံ့ဩဖွယ်ရာ အပြောင်းအလဲများ ယူဆောင်လာပေးနိုင်လေသည်။
ထို့ကြောင့် ရွှီယန်က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်၏ မြေပုံပေါ်တွင် စတင် ကြည့်ရှု ရှာဖွေတော့သည်။
နှမြောစရာကောင်းသည်မှာ ရတနာရှာဖွေရေး အဆင့် ကောင်းမွန်သော နေရာများ ပေါ်ထွက်မလာသေးဘဲ နေရာ အများစုမှာ ပုံမှန် အဆင့်တွင်သာ ရှိနေသေးသည်။
ဒါကလည်း ကိစ္စမရှိချေ။
အရင်ဆုံး အလည်အပတ် သွားလိုက်မည်ဟု တွေးလိုက်သည်။
ထို့ကြောင့် ရွှီယန်က ရှန်ဟိုင်းမြို့သို့ အရင်ဆုံး သွားရောက်ကာ စုယွီထုံနှင့် ရက်အနည်းငယ်ခန့် ချိန်းတွေ့ပြီး ဒစ္စနေကစားကွင်း သို့ သွားရောက် လည်ပတ်ကာ ဝိုင်ထန် ဘက်သို့လည်း တစ်ပတ်ခန့် သွားရောက် လမ်းလျှောက်ခဲ့သည်။
ခံစားချက်က အတော်လေး ကောင်းမွန်လှပေသည်။
ဤနေရာရှိ ဗိသုကာ ပုံစံများက တကယ်ကို ခမ်းနား ထည်ဝါလှပြီး မှော်ဆန်သော အငွေ့အသက်များ အပြည့် ပါဝင်နေလေသည်။
ပြည်တွင်းတွင် စည်ကားမှု အဆင့်အရ ပြောရလျှင် ဤနေရာက ထိပ်ဆုံးတွင် ရှိနေသည်မှာ သေချာလှပေသည်။
ညဘက် ရောက်သောအခါ ဟွမ်ဖူမြစ် ဘက်သို့ သွားရောက် လမ်းလျှောက်ခြင်းဖြင့် မှော်မြို့တော် ၏ ဆွဲဆောင်မှုကို ရှင်းလင်းစွာ ခံစားနိုင်လေသည်။
နာမည်ကြီး စားသောက်ဆိုင် အချို့သို့ သွားရောက် စားသောက်ခြင်း၊ ရှုခင်းသာ နေရာများသို့ သွားရောက် လည်ပတ်ခြင်း များကလည်း တစ်မူထူးခြားသော ခံစားချက်များကို ပေးစွမ်းနိုင်လေသည်။
တိုက်ဆိုင်စွာပင် သူတို့ နှစ်ယောက် အတူတကွ လည်ပတ်နေစဉ် အတွင်း နေရာတစ်ခု၏ ရတနာရှာဖွေရေး အဆင့်က မြင့်တက်လာခဲ့သည်။
တည်နေရာမှာ ယူနန် ပြည်နယ်၏ ရှီးရွှမ်ပန်းနား ပင် ဖြစ်သည်။
ယူနန် က တောတောင်ရှာဖွေရေး အတွက် အလွန် ကောင်းမွန်သော နေရာ တစ်ခု ဖြစ်ပြီး တောင်တန်းများ များပြားသည့် အပြင် ဇီဝမျိုးစိတ် ကြွယ်ဝမှု မှာလည်း ပြည်တွင်းတွင် အများဆုံး ဖြစ်လေသည်။
ရှီးရွှမ်ပန်းနား ကတော့ ခရီးသွားလာရေး အတွက် အလွန် နာမည်ကြီးသော နေရာ တစ်ခု ဖြစ်လေသည်။
ရွှီယန်က နေရာကောင်း တစ်ခုကို ခဲခဲယဉ်းယဉ်း ရှာတွေ့လိုက်သဖြင့် ချက်ချင်းပင် ထိုနေရာသို့ သွားရောက် ရတနာရှာရန် စိတ်ကူးလိုက်တော့သည်။
တစ်ချိန်တည်းမှာပင်။
ယူနန် ပြည်နယ်၊ ရှီးရွှမ်ပန်းနား၊ တောဆင်ရိုင်း တောင်ကြား။
တရုတ်နိုင်ငံ၏ တောဆင်ရိုင်း များမှာ နိုင်ငံတော် အဆင့် ၁ ကာကွယ်စောင့်ရှောက်ရမည့် တိရစ္ဆာန်များ ဖြစ်ကြပြီး ကာကွယ်စောင့်ရှောက်ရေး အဆင့်က အလွန် မြင့်မားလှကာ ယူနန် ပြည်နယ်၏ ပြိုင်ဘက်ကင်းသော ရှုခင်း တစ်ခုလည်း ဖြစ်ပေသည်။
ဤကဲ့သို့သော နေရာမျိုးတွင်သာ ဆင်များ ရှိနေနိုင်ခြင်း ဖြစ်သည်။
တိရစ္ဆာန်ရုံ များတွင် မွေးမြူထားသော ဆင်များကို မထည့်သွင်းဘဲ လက်ရှိ ပြည်တွင်းရှိ တောဆင်ရိုင်း အရေအတွက် မှာ အကောင် ၃၀၀ ခန့်သာ ရှိလေသည်။
သေချာသည်ကတော့ ပြည်တွင်းတွင်သာ နည်းပါးခြင်း ဖြစ်ပြီး အာဖရိက ဘက်တွင်တော့ တောဆင်ရိုင်း ကောင်ရေ သုံးသိန်းခန့် အထိ ရှိလေသည်။
ဆင်များ၏ နေထိုင်ကျက်စားရာ နေရာများက တဖြည်းဖြည်း နည်းပါးလာခဲ့ပြီ ဖြစ်သည်။
ယူနန် ၏ အတောင်ဘက်ဆုံးရှိ အပူပိုင်း မိုးသစ်တောများ က ၎င်းတို့ အတွက် မလုံလောက်တော့ချေ။
ထိုနေ့တွင် ဧရာမ ဆင်ကြီး တစ်ကောင်၏ ဦးဆောင်မှု အောက်တွင် အကောင်ကြီး အကောင်သေး ဆင် ၁၅ ကောင်ခန့် က ၎င်းတို့၏ မူလ နေထိုင်ရာ နေရာမှ ရုတ်တရက် ထွက်ခွာလာပြီး မြောက်ဘက်သို့ စတင် ခရီးထွက်လာကြတော့သည်။
၎င်းတို့က ပိုမို များပြားသော နေထိုင်ကျက်စားရာ နေရာများနှင့် ပိုမို ကြီးမားသော လှုပ်ရှား သွားလာနိုင်သည့် နေရာများကို ရှာဖွေလိုကြခြင်း ဖြစ်သည်။
ဆင် ဆိုသည်မှာ ကုန်းပေါ်တွင် အသန်မာဆုံးသော တိရစ္ဆာန် ဖြစ်ကြောင်းကို သိထားရမည် ဖြစ်သည်။
ကြံ့၊ ခြင်္သေ့ နှင့် ကျား တို့က ၎င်း၏ ပြိုင်ဘက်များ မဟုတ်ကြချေ။
ကြံ့ ၏ ကာကွယ်နိုင်စွမ်း က အလွန် ကောင်းမွန်သော်လည်း ဆင် က အစွယ်ဖြင့် တစ်ချက်တည်း ထိုးဖောက်နိုင်ပြီး သွေးများ ပန်းထွက်လာစေနိုင်လေသည်။
လုံးဝ ရန်စ၍ မရနိုင်သော သတ္တဝါမျိုး ဖြစ်သည်။
ဆင်များ၏ စရိုက်က အတော်လေး အေးချမ်းသဖြင့်သာ တော်သေးသည်။ အကယ်၍သာ ရန်လိုတတ်မည် ဆိုပါက တစ်ကောင်ချင်းစီက တကယ့်ကို စစ်စက်ရုံကြီးများ နှင့်ပင် တူနေပေမည်။
အစပိုင်းတွင် လူများက ဤမြင်ကွင်းကို သတိမထားမိခဲ့ကြချေ။
သို့သော် မကြာခင်မှာပင် လှုပ်ရှားမှုများက တဖြည်းဖြည်း ကြီးမားလာခဲ့သည်။
တောင်ပေါ် ရွာလေး တစ်ရွာတွင် ရွာသား တစ်ယောက်က ခြံဝင်းထဲမှ ထွက်လာပြီး ရွာအပြင်ဘက်သို့ လမ်းလျှောက်ရန် ပြင်ဆင်နေလေသည်။
သူ ထွက်လာသည်နှင့် တစ်ပြိုင်နက် ရွာခွေး အတော်များများက ရွာထဲသို့ အလျင်စလို ပြေးဝင်လာကြသည်ကို မြင်တွေ့လိုက်ရသည်။
ရွာခွေး များမှာ တောင်ပေါ် ရွာလေးများ၏ ရတနာများ ဖြစ်ကြပြီး ပြည်တွင်းရှိ ရွာတိုင်း လိုလိုတွင် မြင်တွေ့ရတတ်လေသည်။
မွေးမြူရ လွယ်ကူပြီး စရိုက် ကောင်းမွန်ကာ စကားနားထောင်မှု လည်း အလွန် ကောင်းမွန်လှပေသည်။
ဘိုးဘေးများ သေချာ ရွေးချယ်ထားသော ခွေးအမျိုးအစားများ ဖြစ်ကြသည်။
"ဘာဖြစ်လို့လဲ... ဘာလို့ ပြေးနေကြတာလဲ... သရဲ မြင်လို့လား..."
ရွာသား က နားမလည်နိုင်အောင် ဖြစ်သွားပြီး မကျေမနပ် ပြောလိုက်သည်။
ထို့နောက် သူက ရွာအပြင်ဘက်သို့ ဆက်လက် လျှောက်သွားရာ အကြမ်းဖျင်း မီတာ ငါးဆယ်ခန့် အရောက်တွင် ဖြစ်သည်။
သူ၏ အရှေ့ဘက်မှ ထူးဆန်းသော အသံများ ထွက်ပေါ်လာကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
သစ်ပင်များ ကျိုးကျသံ နှင့် မြေကြီး တုန်ခါသံများ ဖြစ်ပုံ ရလေသည်။
ရွာသား က သံသယ ဝင်နေစဉ်မှာပင် ဆင်ကြီး ဆယ်ကောင်ကျော်က တန်းစီလျက် သစ်တောထဲမှနေ၍ တစ်ကောင်ပြီး တစ်ကောင် ထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။
ရွာသား ၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပြီး တစ်ကိုယ်လုံး မှင်တက်သွားတော့သည်။
ဤမြင်ကွင်းက တိုက်တန်ဇာတ်လမ်း ထဲမှ မြေပြင် တုန်ခါမှု ကြီးနှင့်ပင် တူနေလေသည်။
'တောင်တန်းတွေရဲ့ ဟိုဘက်မှာတော့ လွတ်လပ်ခြင်းတွေ ရှိနေတယ်' ဟု ဆင်များက တွေးနေကြပုံ ရလေသည်။
'လခွမ်း...'
ရွာသား လန့်ဖြတ်သွားပြီး လူးလှိမ့်ကာ ရွာထဲသို့ အလျင်စလို ပြေးဝင်သွားတော့သည်။
သူက ပြေးရင်းဖြင့် တစ်ဖက်မှလည်း အော်ဟစ်နေလေသည်။
"ဆင်ကြီးတွေ..."
"ဆင်ကြီးတွေ လာနေပြီ..."
သူ၏ အော်ဟစ်သံကို ကြားသောအခါ လူအချို့က ထွက်လာပြီး ကြည့်ရှုကြကာ တစ်ဖက်မှ ဖရဲစေ့ စားရင်း အချင်းချင်း ပြောဆိုနေကြလေသည်။
"သူ ဘာအော်နေတာလဲ..."
"သေချာ မကြားရဘူး... ဘာလဲ မသိဘူး ပြောနေတာ..."
"ဆင်တွေ လာနေပြီလို့ ပြောတာ..."
"ဆင်... ဘယ်က ဆင်တွေလဲ..."
လူဆိုသည်မှာ ဤသို့ပင် ဖြစ်သည်။ အဓိပ္ပာယ်မဲ့သော ကိစ္စများနှင့် ကြုံတွေ့ရပါက ကိုယ်တိုင် မျက်မြင် မတွေ့ရသရွေ့ သေချာပေါက် ယုံကြည်မည် မဟုတ်ချေ။
အကြောင်းမရှိဘဲ ဆင်တွေက ဘယ်က ရောက်လာမှာလဲ။
အချိန် သိပ်မကြာခင်မှာပင် အပြင်ဘက်မှ ဆင်အော်သံ အချို့ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
ရွာသားများ အားလုံး ကြောင်အမ်းအမ်း ဖြစ်သွားကြတော့သည်။
မျက်လုံးများ ပြူးကျယ်သွားကြသည်။
"မင်းတို့ ကြားလိုက်လား..."
"တကယ်ကြီး ဆင်တွေ ထင်တယ်..."
အားလုံးက အံ့ဩတကြီး ပြောဆိုနေကြစဉ်မှာပင် ဆင်များက အရှေ့သို့ ဆက်လက် ရွေ့လျားနိုင်ရန် အတွက် တစ်တန်းတည်း စီလျက် ရွာထဲသို့ အတူတကွ ဝင်ရောက်လာကြတော့သည်။
ရွာသားများ က ဤမြင်ကွင်းကို မြင်သောအခါ အနည်းငယ်မျှပင် မလှုပ်ရဲတော့ဘဲ အိမ်ထဲသို့ အလျင်စလို ပြေးဝင်သွားကြတော့သည်။
ခွေးများ ကလည်း ရွာထဲသို့ အတူတကွ ပြေးဝင်လာခဲ့ကြသော်လည်း ဆင်များ ဝင်လာသည်ကို မြင်သောအခါ အားလုံးက ရွာအပြင်ဘက်သို့ ပြန်လည် ထွက်ပြေးသွားကြပြန်သည်။
ရွာခွေး များက အတူတကွ စုဝေးကာ ခိုလှုံနေကြပြီး အဝေးမှနေ၍သာ လှမ်းကြည့်နေကြလေသည်။
ဆင်များ၏ အာဏာစက်က အလွန် ကြီးမားလွန်းလှပေသည်။
ဤအရာက ပေးစွမ်းသော အာဏာစက်က ကျားများထက်ပင် ပို၍ ပြင်းထန်လှပေသည်။
ထို့အပြင် ဤဆင်များ အားလုံးက တောဆင်ရိုင်းများ ဖြစ်ကြရာ ခန့်မှန်းရ ခက်ခဲလှပေသည်။
ဆင်များက ဤနေရာသည် ရွာသားများ၏ နယ်မြေ ဖြစ်ကြောင်းကို မသိရှိကြချေ။ ၎င်းတို့က ဖြတ်သန်းသွားစဉ် ရွာသားများ၏ ခြံဝင်းများနှင့် ကြုံတွေ့ရပါက ဝင်ရောက်ကာ ပြောင်းဖူး သို့မဟုတ် သစ်သီးများကို စားသောက်သွားကြသေးသည်။
ရွာသားများမှာ ထိုင်ကြည့်နေရုံသာ တတ်နိုင်တော့သည်။
ဆင်အုပ်ကြီး နေရာပြောင်းရွှေ့သည့် ကိစ္စက အလွန် ကြီးမားသော သတင်းကြီး တစ်ခု ဖြစ်လာပြီး ဤကိစ္စ၏ လူကြိုက်များမှု ကလည်း လျင်မြန်စွာ မြင့်တက်လာခဲ့လေသည်။
ဤအချိန် ဤအခိုက်အတန့်တွင် ရွှီယန်က ရှီးရွှမ်ပန်းနား သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဤနေရာက အပူပိုင်း ဒေသ ဖြစ်ရာ အပူချိန်က အလွန် မြင့်မားလှပေသည်။
ရှီးရွှမ်ပန်းနား က လူနည်းစု တိုင်းရင်းသား များ၏ ဓလေ့ထုံးတမ်း များဖြင့် ပြည့်နှက်နေပြီး အတော်လေး ကောင်းမွန်သော ခံစားချက်မျိုးကို ပေးစွမ်းနိုင်လေသည်။
ရွှီယန်က တစ်ရက်ခန့် အနားယူပြီးမှ သစ်တောထဲသို့ သွားရောက် ကြည့်ရှုရန် ရည်ရွယ်ထားလေသည်။
သို့သော် လေယာဉ်ပေါ်မှ ဆင်းသည်နှင့် တစ်ပြိုင်နက် စနစ်၏ အချက်ပြသံကို လက်ခံရရှိလိုက်သည်။
[ရှားပါး ရတနာရှာဖွေရေး တာဝန်ကို စတင်ပါပြီ... ရတနာရှာဖွေရေး အကြိမ်ရေ ၁၀ ကြိမ် ကုန်ကျမည် ဖြစ်သည်... လက်ခံမည်လား]
[တာဝန် အမည်... ဆင်များ၏ လွတ်လပ်ခွင့်]
[တာဝန် အကြောင်းအရာ... ဆင်အုပ်ကြီး နေရာပြောင်းရွှေ့သည့် လုပ်ငန်းစဉ် အတွင်း ဆင်ခေါင်းဆောင် နှင့် ရင်းနှီးအောင် လုပ်ဆောင်ပြီး ဆင်အုပ်ကြီးကို သတ်မှတ်ထားသော နေရာသို့ ခေါ်ဆောင်သွားကာ ပြည်သူများ၏ ပိုင်ဆိုင်မှုများ ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်ပေးပါ]
[တာဝန် ကျွမ်းကျင်မှု... ဆင်များနှင့် ရင်းနှီးမှု မြင့်တက်ခြင်း... ဆင်များက ပိုင်ရှင်ကို တိုက်ခိုက်မည် မဟုတ်သလို အထူးတလည် ခင်မင်မှု လည်း ရှိမည် မဟုတ်ပါ]
[တာဝန် ဆုလာဘ်... အလိုအလျောက် သက်ဝင်စွမ်းရည်... ခွန်အား မြင့်တက်ခြင်း... ခွန်အားကို အနည်းငယ် မြင့်တက်စေပါသည်]
[အလိုအလျောက် သက်ဝင်စွမ်းရည်... ခံနိုင်ရည် မြင့်တက်ခြင်း... ခံနိုင်ရည်ကို အနည်းငယ် မြင့်တက်စေပါသည်]
[စွမ်းရည်... ဝင်တိုက်ခြင်း... ပိုင်ရှင်၏ ဝင်တိုက်နိုင်စွမ်းကို မြင့်တက်စေပါသည်]
[ပစ္စည်း... ဆင် အတွင်းခံဘောင်းဘီ... အံ့ဩဖွယ်ကောင်းသော အတွင်းခံဘောင်းဘီ တစ်ထည် ဖြစ်သည်]
[မှတ်ချက်... အရမ်းမိုက်သော ဆင် အတွင်းခံဘောင်းဘီ တစ်ထည်ကို ဘယ်သူကများ မလိုချင်ဘဲ နေမလဲ]
အချက်ပြသံ အများအပြား ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။
တာဝန်၏ အချက်ပြချက်ကို မြင်သောအခါ ရွှီယန် အနည်းငယ် အံ့အားသင့်သွားရသည်။
'ရှားပါးအဆင့်ရှိ ရတနာရှာဖွေရေး တာဝန်က ဒီလိုနဲ့ပဲ ရောက်လာပြီလား...'
'ဒီလောက်တောင် မြန်နေတာလား...'
'ဒါပေမဲ့ ဆင်အုပ်ကြီး နေရာပြောင်းရွှေ့တယ် ဆိုတာက ဘာကြီးလဲ...'
'ဆင်တွေက နေရာပြောင်းရွှေ့တတ်သေးတာလား...'
ရွှီယန်က တာဝန်ကို ချက်ချင်း စစ်ဆေးလိုက်ပြီး တစ်ဖက်မှလည်း အင်တာနက်ပေါ်တွင် သက်ဆိုင်ရာ သတင်းများကို ဝင်ရောက် ရှာဖွေကြည့်လိုက်သည်။
ရှာကြည့်လိုက်သောအခါ တကယ်ပင် တွေ့ရှိရလေသည်။
ယခုအခါ ဤကိစ္စ၏ လူကြိုက်များမှုက သိပ်မမြင့်မားသေးသော်လည်း လူအများအပြား၏ အာရုံစိုက်မှုကို ရရှိနေပြီ ဖြစ်သည်။
ရွှီယန် အတော်လေး စိတ်ဝင်စားစရာ ကောင်းသည်ဟု ထင်မြင်သဖြင့် ချက်ချင်းပင် ဆင်အုပ်ကြီး နေရာပြောင်းရွှေ့ရာ လမ်းကြောင်းဆီသို့ အလျင်စလို ထွက်ခွာသွားတော့သည်။
ထိုနေ့ ညဘက်တွင် ဆင်အုပ်ကြီးက သစ်တော တစ်ခုထဲတွင် အနားယူနေကြပြီး ရွှီယန် လည်း ဘေးနားရှိ ဟိုတယ် တစ်ခုတွင် အိပ်စက် အနားယူလိုက်သည်။
ဒုတိယနေ့ နံနက်ပိုင်းတွင် သူက ဘေးနားရှိ သစ်သီးဆိုင် တစ်ဆိုင်သို့ သွားရောက်ကာ ဆိုင်ထဲရှိ ငှက်ပျောသီး များနှင့် ပန်းသီးများကို အားလုံး ဝယ်ယူလိုက်သည်။
"အကုန်လုံး လား..."
ဆိုင်ရှင်မှာ ပို၍ပင် အံ့အားသင့်သွားရသည်။
'ဖောက်သည်ကြီး ပါလား...'
"အကုန်လုံးပဲ... ကားပေါ် တင်ပေးလိုက်..."
ရွှီယန်က ပြောလိုက်သည်။
သူက ဆင်အုပ်ကြီး၏ နေရာပြောင်းရွှေ့မည့် လမ်းကြောင်းကို သိရှိထားသဖြင့် ကြိုတင် ပြင်ဆင်ထားနိုင်ခြင်း ဖြစ်လေသည်။
"ရပါတယ်..."
ရွှီယန်က ကုန်တင်ကား တစ်စီး ငှားရမ်းလိုက်ပြီး သစ်သီး တစ်ကားစာ အပြည့် တင်ဆောင်ကာ မြို့ပြင်သို့ တိုက်ရိုက် မောင်းနှင်သွားတော့သည်။
ကုန်တင်ကား မောင်းသူ ကလည်း ဤအလုပ်ကို လက်ခံရရှိသောအခါ အတော်လေး စူးစမ်းချင်စိတ် ဖြစ်ပေါ်နေလေသည်။
ဤအလုပ်ကို လုပ်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ပရိဘောဂ များနှင့် စက်ပစ္စည်းများကို သယ်ဆောင်ခဲ့ဖူးသော်လည်း သစ်သီးများကို သယ်ဆောင်ရသည်မှာ ပထမဆုံး အကြိမ် ဖြစ်လေသည်။
"သူဌေး... သစ်သီးတွေ ဒီလောက် အများကြီးကို အဲဒီလို လူပြတ်တဲ့ နေရာကို ပို့တာ... စားမယ့်သူ ရှိလို့လား..."
ကားဆရာက စူးစမ်းချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။
"အဲဒါကို ခင်ဗျား ဂရုစိုက်နေစရာ မလိုပါဘူး..."
ရွှီယန်က ပြုံးကာ ပြန်ဖြေလိုက်သည်။
မကြာခင်မှာပင် ကုန်တင်ကားက လူသူကင်းမဲ့သော လမ်းငယ်လေး တစ်ခုပေါ်သို့ ရောက်ရှိသွားခဲ့သည်။
ရွှီယန် ကားပေါ်မှ ဆင်းလာပြီး သူတို့ နှစ်ယောက် အတူတကွ သစ်သီးများကို အောက်သို့ ချလိုက်ရာ ခြင်းတောင်း ခုနစ်လုံး ရှစ်လုံးခန့် ရှိလေသည်။
"ခင်ဗျား ကားကို အရင် ခပ်ဝေးဝေးမှာ မောင်းသွားပြီး ရပ်ထားလိုက်... မွန်းလွဲပိုင်းလောက် ကျရင် ကျွန်တော် ဖုန်းဆက်လိုက်မယ်... အဲဒီကျရင် ဒီခြင်းတောင်းတွေကို လာသိမ်းပေး..."
ရွှီယန်က မှာကြားလိုက်သည်။
"ရပါတယ်..."
ကားဆရာ က သဘောတူလိုက်ပြီး ကားကို မောင်းနှင် ထွက်ခွာသွားတော့သည်။
ထို့နောက် ရွှီယန်က ကျောပိုးအိတ်ထဲမှ ဒရုန်းကို ထုတ်ယူကာ လွှတ်တင်လိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်တော့သည်။
အင်တာနက်သုံးစွဲသူများ က တိုက်ရိုက်ထုတ်လွှင့်မှု ထဲသို့ အလျင်စလို ဝင်ရောက် လာကြသည်။
အားလုံးက တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းကို မြင်သောအခါ အတော်လေး ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။
'ဘာအခြေအနေကြီးလဲ...'
'လောင်ရွှီ က ဘယ်လိုလုပ်ပြီး တောထဲမှာ သစ်သီးရောင်းတဲ့ အလုပ်ကို ပြောင်းလုပ်နေရတာလဲ...'
'လောင်ရွှီ... မင်း ဘာတွေ လုပ်နေပြန်တာလဲ…’