အခန်း ၁၉၁
Vol. 20 Ch. 191
အခန်း (၁၉၁) အခွင့်အရေးကို အသုံးချခြင်း
ချူဟန်၏ အမှတ်တမဲ့ ရိုက်ချက်တစ်ခုက သူ၏ နောက်ထပ် တိုက်ခိုက်မှုများအပေါ် သက်ရောက်မှု မရှိခဲ့သော်လည်း ဘေးနားရှိလူများကို စိတ်လှုပ်ရှားလွန်း၍ ခုန်ပေါက်သွားစေခဲ့သည်။
"အရမ်းမိုက်တာပဲ ဟိုကျားကြီးရဲ့ အမြီးကိုတောင် ပိုင်းချလိုက်နိုင်တယ်"
"ဘုရားရေ၊ အမြီးက အရှည်ကြီးပဲ။ မြွေကြီးတစ်ကောင်လိုပဲ"
"ချူဟန်က သိပ်ကို အစွမ်းထက်တာပဲ"
ထိုအောင်ပွဲခံ အော်ဟစ်သံများကြောင့် ဘေးနားတွင် တိုက်ခိုက်နေသည့် ချင်ရှိုနှင့် အခြားလူများ၏ အာရုံပါ ရောက်သွားတော့သည်။ ချူဟန်က ပုဆိန်ကို မြှောက်ကာ တစ်ချက်ပြီးတစ်ချက် ခုတ်ချနေပြီး သူ၏ရှေ့ရှိ ကျားရိုင်းကြီးကို သွေးထွက်သံယို အပြင်းအထန် ဒဏ်ရာရစေခဲ့သည်ကို သူတို့ မြင်လိုက်ရသည်။ ကျားကြီး၏ ဖင်နောက်ပိုင်းမှ သွေးများက ရေပန်းတစ်ခုလို ပန်းထွက်နေပြီး အလွန်တရာ သနားစရာကောင်းလောက်အောင် နှိပ်စက်ခံနေရသည်။
ဆန့်ကျင်ဘက်အနေဖြင့် ချူဟန်၏ တစ်ကိုယ်လုံးတွင် ဒဏ်ရာတစ်ခုလေးပင် မရှိပေ။
ချင်ရှိုနှင့် အခြားသူများလည်း မျှော်လင့်ချက်ရှိလာပြီဟု ခံစားလိုက်ရကာ သူတို့ရှေ့ရှိ ကျားငယ်ကို ပိုမိုအားစိုက်၍ တိုက်ခိုက်ကြတော့သည်။ ကံမကောင်းစွာဖြင့်ပင်၊ ရန်လိုပြီး ကြမ်းတမ်းနေသော ထိုကျားငယ်ကို သူတို့ အသေအလဲ မတိုက်ခိုက်နိုင်ခင်မှာပဲ အဝေးမှ ကျားရိုင်းကြီးဆီမှ ကောင်းကင်နှင့်မြေကြီးကိုပင် တုန်လှုပ်သွားစေနိုင်သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာခဲ့သည်။
"ဂါး ဂါး"
ကြီးမားကျယ်လောင်လှသော ထိုအသံကြီးက ၎င်း၏ လက်ရှိ ဒေါသနှင့် ခံစားနေရသော ဒဏ်ရာ၏ ပြင်းထန်မှုကို ဖော်ပြနေသည်။ ထိုအခိုက်အတန့်တွင် ချူဟန်၏ မျက်လုံးများက စူးရှသွားပြီး သူ၏ လက်ထဲရှိ ရှူရာစစ်ပုဆိန်မှာ နောက်တစ်ကြိမ် အစွမ်းပြလာခဲ့သည်။ ပုဆိန်၏ ထိပ်ဖျားမှ အေးစက်စက် အလင်းရောင်များ တောက်ပနေပြီး သူ၏ရှေ့ရှိ ကျားရိုင်းကြီး၏ ခန္ဓာကိုယ်ဆီသို့ ရုတ်တရက် အားကုန် ထိုးစိုက်ချလိုက်သည်။
သွေးများ ပန်းထွက်သွားသံနှင့်အတူ…
"ဂရား….."
ကျားရိုင်းကြီး၏ ဟိန်းဟောက်သံက ပို၍ပင် နာကျင်စူးရှလာခဲ့သည်။ ထို့နောက် ၎င်း၏ခန္ဓာကိုယ်ကြီး ရှေ့သို့ ရုတ်တရက် ပစ်ကျသွားပြီး နာကျင်လွန်းလှသဖြင့် မြေပြင်ပေါ်တွင် လူးလှိမ့်နေတော့သည်။
လူတိုင်း ချက်ချင်းပင် အံ့အားသင့်သွားကြသည်။ သူတို့၏ ရှုထောင့်မှကြည့်လျှင် ကျားရိုင်းကြီး၏ မျက်နှာစာကိုသာ မြင်နိုင်ခဲ့ပြီး တိုက်ပွဲကလည်း အလွန်ကြောက်စရာကောင်းကာ အလှမ်းဝေးနေသောကြောင့် ချူဟန် ဘာလုပ်လိုက်သည်ကို သေသေချာချာ မမြင်လိုက်ရချေ။
"ဘာဖြစ်တာလဲ ဘာဖြစ်သွားတာလဲ"
ဖန်ကျန့်က စိတ်လှုပ်ရှားစွာ ခုန်ပေါက်ရင်း မေးလိုက်သည် "ဘာတွေဖြစ်သွားတာလဲ"
"သေချာမမြင်ရဘူးဟ" တစ်ယောက်က ပြန်ဖြေသည်။
"နေရာကွယ်နေတယ်"
ဘာဖြစ်သွားမှန်း မည်သူမျှ မသိကြပေ။ ကျားရိုင်းကြီး မြေပြင်ပေါ်တွင် လူးလှိမ့်နေလောက်အောင် ချူဟန် ဘာတွေများ လုပ်လိုက်သနည်း။ ချင်ရှိုနှင့် အခြားသူများလည်း ခဏတာ ကြောင်အသွားပြီး ကျားငယ်၏ တန်ပြန်တိုက်ခိုက်မှုကို ခံလိုက်ရလုနီးပါး ဖြစ်သွားသည်။
ယခုအချိန်တွင် သူတို့မှာ ချူဟန်ဘက်ကို အကဲခတ်နေရန် အချိန်မရတော့ဘဲ သူတို့ရှေ့ရှိ ကျားငယ်ကိုသာ အာရုံစိုက်ကာ အသည်းအသန် တိုက်ခိုက်ရတော့သည်။ သို့ရာတွင် ထိုဆင့်ကဲပြောင်းလဲသူများ၏ ရင်ထဲ၌ အံ့ဩမှင်တက်မှုများက ပြန့်နှံ့နေဆဲဖြစ်သည်။ ချူဟန်က ထိုကျားရိုင်းကြီးကို ဒီလောက်အထိ အခြေအနေဆိုးသွားအောင် လုပ်နိုင်ခဲ့သည်လား။
ဘေးမှ ရပ်ကြည့်နေသော ဖန်ကျန့်နှင့် အခြားလူအုပ်ကြီးမှာမူ အားပါးတရ ခုန်ပေါက်နေကြပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်အားပေးနေကြသည်။
"ချူဟန် အဲဒီကောင်ကို သတ်လိုက်"
"ဒီအကောင်ကြီးကို အသေသတ်လိုက်"
"မအော်ကြနဲ့ ဖြည်းဖြည်းချင်း အားကုန်သွားအောင် လုပ်နိုင်ရင်ကိုပဲ ကံကောင်းလှပြီ ချူဟန်ကို ဒုက္ခမပေးကြနဲ့"
"ဟုတ်တယ် ချူဟန်က အစွမ်းထက်ပေမယ့် ဒီကျားကြီးကို ချက်ချင်း အသေသတ်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
မှန်သည်။ ချူဟန် မည်မျှပင် သန်မာစေကာမူ ဤကျားရိုင်းကြီးကို တစ်ယောက်တည်း သတ်ပစ်ရန်မှာ မဖြစ်နိုင်ပေ။ ဤသည်မှာ လူတိုင်း၏ စိတ်ထဲတွင် တူညီစွာ တွေးနေမိသော အတွေးပင်ဖြစ်သည်။
ဤဘက်တွင် လူအများ၏ ဆွေးနွေးမှုများ စတင်နေချိန်၌ ဟိုဘက်တွင်တော့ ချူဟန်က နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်နေပြီဖြစ်သည်။ သူက အခြားအရာများကို ဂရုမစိုက်အားပေ။ ယခု ကျားရိုင်းကြီးမှာ သူ၏ အားနည်းချက်ကို တိုက်ခိုက်ခံလိုက်ရသဖြင့် အလွန်တရာ အားနည်းနေသည့် အခြေအနေသို့ ရောက်နေပြီဖြစ်ရာ ဤအခွင့်အရေးကို အသုံးချပြီး အပြတ်ရှင်းရမည်ဖြစ်သည်။
ဝုန်း…
ရှူရာစစ်ပုဆိန်က လေထဲတွင် လွန်စွာတောက်ပသော အလင်းတန်းတစ်ခုကို ဖန်တီးကာ ပိုင်းချသွားသည်။ ချူဟန်၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ အထင်းသားပေါ်လွင်နေပြီး၊ သူ၏ တိကျမှု ပါရမီစွမ်းရည်ဖြင့် မြေပြင်ပေါ်တွင် လူးလှိမ့်နေသော ကျားရိုင်းကြီး၏ ခေါင်းတည့်တည့်ဆီသို့ ပုဆိန်ကို အားကုန်လွှဲချလိုက်သည်။
ပိုင်းချလိုက်သည်…
ကျားရိုင်းကြီးက ရှောင်တိမ်းချင်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် နာကျင်စွာ လူးလှိမ့်နေရသည့်အတွက် ရှောင်တိမ်းရန် အကောင်းဆုံး အခွင့်အရေးကို လက်လွတ်သွားခဲ့ရသည်။
ကြီးမားကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီးနောက် ရေပန်းတစ်ခုလို သွေးများ ပန်းထွက်လာကာ ပတ်ဝန်းကျင်ရှိ မြက်ခင်းပြင်တစ်ခုလုံးကို နီရဲသွားစေသည်။ ကျားရိုင်းကြီး၏ လည်ပင်းတစ်ခုလုံး ပြတ်ထွက်သွားပြီး ကျောရိုးကျိုးကာ သွေးများ ရွှဲနစ်သွားတော့သည်။
ဟိန်းဟောက်သံကြီး ရုတ်တရက် ရပ်တန့်သွားသည်။
ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။
ရုတ်တရက် တိတ်ဆိတ်သွားမှုကြောင့် ဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ အခြေအနေကို ချက်ချင်း လက်ခံနိုင်စွမ်းမရှိဘဲ ဖြစ်သွားကြသည်။ အဝေးမှ ချင်ရှိုတို့အဖွဲ့နှင့် ကျားငယ်လေး၏ ကလေးကလား တိုက်ပွဲအသံလေးများသာ ကျန်ရစ်တော့သည်။ ချူဟန် တိုက်ခိုက်ခဲ့သော ကျားရိုင်းကြီးမှာမူ အသက်ထွက်သွားပြီဖြစ်သည်။
ဖန်ကျန့် တစ်ယောက်လုံး လန့်ဖျပ်နေသော မျောက်တစ်ကောင်လို ရှေ့ကို ငေးကြည့်နေမိသည်။ သူ၏ရှေ့မှ မြင်ကွင်းက လက်တွေ့နှင့် မဆန်လွန်းလှသဖြင့် သူ့ဘဝတစ်သက်တာ မေ့နိုင်စရာအကြောင်း မရှိတော့ပေ။
ဆင်တစ်ကောင်၏ တစ်ဝက်ခန့် အရွယ်အစားရှိသော ကျားကြီးမှာ သွေးများ တဟုန်ထိုး စီးကျကာ မြေပြင်ပေါ်တွင် လဲကျနေသည်။ ခန္ဓာကိုယ်ပေါ်ရှိ ကြီးငယ်မရွေး ဒဏ်ရာများကို ရေတွက်၍ပင် မရနိုင်တော့ချေ။ ကျားကြီး၏ တစ်ကိုယ်လုံး သွေးများလူးနေပြီး သေဆုံးသွားသည့်ပုံစံမှာ လွန်စွာမှ သနားစရာကောင်းလှသည်။
ချူဟန်က လွန်စွာ ကြမ်းတမ်းခက်ထန်သော ဟန်ပန်ဖြင့် ကျားရိုင်းကြီး၏ ခေါင်းပေါ်သို့ ခြေတစ်ဖက် တင်နင်းထားသည်။ ၎င်းတို့ နှစ်ဦးကြားရှိ ကြီးမားလှသော အရွယ်အစား ကွာဟမှုက ကြည့်ရှုသူများကို အတိုင်းမသိ တုန်လှုပ်ချောက်ချားသွားစေသည်။ သူ၏ လက်ထဲရှိ အနက်ရောင် ပုဆိန်ကြီးက ကျားရိုင်းကြီး၏ လည်ပင်းထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်နေသည်။ ဤမြင်ကွင်းကို မည်သို့ပင်ကြည့်ကြည့် အိပ်မက်တစ်ခုလိုဖြစ်နေပြီး လက်တွေ့နှင့် လုံးဝ ကင်းကွာနေသည်။
ချူဟန်... တကယ်ပဲ ဒီကျားရိုင်းကြီးကို ခုတ်သတ်လိုက်တာလား။
ထွက်လာပြီး စောင့်ကြည့်နေကြသော အသက်ရှင်ကျန်ရစ်သူများမှာ မေးရိုးများ မြေကြီးပေါ် ပြုတ်ကျမတတ် ဖြစ်သွားကြသည်။ တစ်ယောက်ချင်းစီတိုင်းမှာ ငေးမောနေကြပြီး ဦးနှောက်များ အလုပ်မလုပ်တော့ဘဲ စက်ရပ်သွားသကဲ့သို့ ဖြစ်နေကြသည်။
ထိုအချိန်တွင်မှ ချင်ရှိုနှင့် သူ၏အဖွဲ့မှာ ထိုကျားငယ်လေးကို ရှင်းလင်းပြီးသွားသည်။ ထူးဆန်းနေသော လေထုအခြေအနေကို သတိထားမိလိုက်သဖြင့် သူတို့ လှည့်ကြည့်လိုက်သောအခါ…
ခလွမ်း…
ချွင်…
မြေပြင်ပေါ်သို့ လက်နက်များ ပြုတ်ကျသံများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ကျားရိုင်းကြီး သေဆုံးသွားပြီဖြစ်ပြီး၊ ချူဟန်က ၎င်း၏ ဦးခေါင်းပေါ်တွင် မားမားမတ်မတ် ရပ်နေလေသည်။ ထို့ပြင် သူ့ကိုယ်ပေါ်တွင် ဒဏ်ရာ တစ်စက်လေးပင် မရှိချေ။ သွေးထွက်သံယိုနှင့် ကြမ်းတမ်းလှသော မြင်ကွင်းက လူတိုင်း၏ မျက်လုံးများကို တိုက်ရိုက် ရိုက်ခတ်သွားပြီး ဤဆင့်ကဲပြောင်းလဲသူများ၏ ရင်ကို အကြီးအကျယ် တုန်လှုပ်သွားစေသည်။
ရွှမ်းခနဲ အသံနှင့်အတူ၊ ချူဟန်က ရှူရာပုဆိန်ကို ကျားကြီး၏ လည်ပင်းထဲမှ ဆွဲနှုတ်လိုက်သည်။ ချက်ချင်းပင် နီရဲနေသော သွေးများ ပန်းထွက်လာပြီး ထိုမြင်ကွင်းနှင့် အသံကြောင့် လူအုပ်ကြီးလည်း အသိပြန်ဝင်လာတော့သည်။
ချင်ရှို တစ်ယောက်လုံး ကိုယ့်ကိုယ်ကိုယ်သာ သတ်သေချင်စိတ် ပေါက်သွားသည်။ မိမိတို့လို ဆင့်ကဲပြောင်းလဲသူ အများအပြား ပေါင်းပြီး ကျားတစ်ကောင်ကို အနိုင်နိုင် သတ်နေရချိန်တွင် ချူဟန်ကမူ တစ်ယောက်တည်းဖြင့် ကျားကြီးကို ခုတ်သတ်နိုင်ခဲ့သည်။ ထို့အပြင် သူ၏ အမြန်နှုန်းက သူတို့တစ်အုပ်စုလုံးထက်ပင် ပိုမြန်နေသေးသည်။
အခြားသော အဆင့်(၁) ဆင့်ကဲပြောင်းလဲသူများမှာ ပို၍ပင် ဆွံ့အသွားကြသည်။ ချူဟန်က သူတို့၏ လောကအမြင်ကို တစ်ကြိမ်ပြီးတစ်ကြိမ် အသစ်ပြန်ဖြစ်စေခဲ့ပြီး၊ သူတို့၏ သိနားလည်မှုများကို တစ်ကြိမ်ပြီးတစ်ကြိမ် ပြောင်းပြန်လှန်ပစ်ခဲ့သည်။ လူသားများက ဤမျှအထိ စွမ်းအားကြီးမားနိုင်သည်ကို ယခုမှပင် သိတော့သည်။
ဝမ်ယန်နှင့် ရှိုဟောက်မှာ ဘာမှပင် မတွေးချင် မပြောချင်တော့ချေ။ ယခုအချိန်တွင် သူတို့မှာ နောင်တရလွန်း၍ သေမတတ်ပင်။ ဒီလိုမှန်းသိလျှင် ချူဟန်ကို အဖေတစ်ယောက်လိုပင် ကိုးကွယ်ထားခဲ့မည်ဖြစ်သည်။
ဟွာယုံကျီမှာလည်း ပြောမပြတတ်အောင်ပင် စိတ်လှုပ်ရှားနေသည်။ ချူဟန်က စခန်းရှေ့မှ ဇွန်ဘီအမြောက်အများကို ရှင်းလင်းပေးခဲ့ရုံသာမက စခန်းနောက်ကျော တောင်ပေါ်မှ အန္တရာယ်ကြီးသော မျိုးဗီဇပြောင်း သားရဲကြီးကိုပါ ခုတ်သတ်ပေးခဲ့သည်။ စခန်းကို ရှေ့နောက် ညှပ်၍ ဒုက္ခပေးနေသော အန္တရာယ်နှစ်ခုစလုံးကို ချူဟန် တစ်ယောက်တည်းက ဖြေရှင်းပေးခဲ့ခြင်းဖြစ်သည်။ သူ ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။
ရုတ်တရက် ဟွာယုံကျီက ယနေ့ ချူဟန်ကို စတင်တွေ့ရှိခဲ့စဉ်က အချိန်ကို ပြန်သတိရသွားသည်။ ထိုစဉ်က ဤမျှအန္တရာယ်များသော တောအုပ်ထဲတွင် လူတစ်ယောက်တည်း ဘယ်လိုများ ရောက်နေနိုင်သနည်းဟု လူအုပ်ကြီးတစ်ခုလုံး အံ့ဩခဲ့ကြသည်။ ယနေ့ တစ်နေ့တာလုံး ဖြစ်ပျက်ခဲ့သည့် ကိစ္စများက ထိုမေးခွန်းအတွက် အဖြေကို အပြည့်အဝ ပေးစွမ်းလိုက်ပြီဖြစ်သည်။
ချူဟန် တစ်ယောက်တည်း တောအုပ်ထဲမှာ ရှိနေသည့် အကြောင်းရင်းမှာ မထူးဆန်းတော့ပေ။
ကျားရိုင်းတွေ …
သားရဲတွေ …
ဇွန်ဘီတွေ…
သာမန်အချိန်တွင် သူတို့ အလွန်ကြောက်ရွံ့ပြီး မခုခံနိုင်သော ဤအန္တရာယ်ဆိုးကြီးများက ချူဟန်အတွက်တော့ အလေးချိန်မရှိသည့် ငှက်မွေးတစ်ခုလိုပင် လုံးဝ အရေးမပါပေ။
"ညီအစ်ကို.. မင်းကတော့ တကယ့်ကို အမိုက်စားပဲကွာ"
ဖန်ကျန့်က စိတ်လှုပ်ရှားစွာဖြင့် အမြင့်ကြီး ခုန်ပေါက်ရင်း အော်လိုက်သည်။
ဖန်ကျန့်၏ အော်ဟစ်သံက ကြောင်အမ်းအမ်းဖြစ်နေသော လူအုပ်ကြီးကို သတိဝင်လာစေပြီးနောက်…
"ချူဟန် မင်း သိပ်မိုက်တာပဲ"
"ချီးထဲမှပဲ ဒီလောက်ကြီးတဲ့ မျိုးဗီဇပြောင်း သားရဲကြီးကိုတောင် မင်း ရှင်းပစ်လိုက်နိုင်တာလား"
"မင်းကများ ဝူစုန်း (ကျားသတ်သူရဲကောင်း) ဝင်စားတာလားကွ"
"ဟားဟားဟား… ဒီနေ့ ဖန်ကျန့်က ကျားသတ်တဲ့ ဝူးစုန်း နေရာ ဝင်ယူမယ်လို့ ပြောနေသေးတယ်။ တကယ့် ဝူစုန်း အစစ်က ချူဟန် ဖြစ်နေတာကို"