← Chapters

အခန်း ၁၉၂

Vol. 20 Ch. 192

အခန်း ၁၉၂

Vol. 20 Ch. 192

အခန်း (၁၉၂) မင်း ခုနက အဲဒီကောင်ကို ဘာလုပ်လိုက်တာလဲ။

လူအုပ်ကြီးမှာ အတိုင်းမသိ စိတ်လှုပ်ရှားနေကြသည်။ ယခုအချိန်တွင် အစားအစာကိစ္စကိုသာ ထပ်ထုတ်ပြောမည်ဆိုလျှင် အသက်ရှင်ကျန်ရစ်သူများအားလုံး ချူဟန်ထံ အလုအယက် အစားအစာများ လာပေးကြမည်မှာ သေချာသည်။ ချူဟန်တစ်ယောက်တည်း စခန်းအတွက် စွမ်းဆောင်ပေးခဲ့မှုက တကယ်ကို ကြီးမားလွန်းသည်။ ပို၍အရေးကြီးသည်က သူဒီကိုရောက်လာသည်မှာ ဒီနေ့မှ ပထမဆုံးရက်ဖြစ်သော်လည်း၊ ထိုပထမဆုံးရက်မှာပင် အံ့ဖွယ်အမှုများစွာကို ဖန်တီးပြနိုင်ခဲ့သည်။ သူ့ကို မည်သူက မလေးစားဘဲ နေနိုင်မည်နည်း။

ချူဟန်က သူ့ထံ အုံလိုက်ကျင်းလိုက် ပြေးလာကြသော လူအုပ်ကြီးကို ကြည့်လိုက်သည်။ ရုတ်တရက် ကြီးကြီးမားမား ပြောင်းလဲသွားသော သူတို့၏ဆက်ဆံရေးများကြောင့် ဒီလိုခေါင်းမာပြီး တဲ့တိုးဆန်သော ကောင်လေးမှာ ချက်ချင်း သဘောမပေါက်နိုင်ဘဲ ဖြစ်နေသည်။ ဘာတွေဖြစ်ကုန်တာလဲ၊ ကျားတစ်ကောင် သတ်လိုက်တာလေးကိုပဲ ဘာတွေများ အထူးအဆန်းလုပ်ပြီး အံ့သြနေကြတာလဲ။

"ဒါနဲ့..."

ချူဟန်ရှေ့သို့ စိတ်လှုပ်ရှားစွာ ပြေးလာသော ဖန်ကျန့်မှာ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် စပ်စုချင်စိတ်အပြည့်ဖြင့် မေးလိုက်သည်။ "ခုနက ကျားက ဘာလို့ ချက်ချင်းကြီး နာကျင်ပြီး မြေကြီးပေါ် လူးလိမ့်သွားရတာလဲ။ မင်း အဲဒီကောင်ကို ဘာလုပ်လိုက်တာလဲ"

ထိုစကားလည်း ထွက်လာရော၊ လူအားလုံး၏ မျက်လုံးများ အရောင်လက်သွားကြသည်။ ဟုတ်သားပဲ၊ ခုနက မြင်ကွင်းက တော်တော်လေး ထူးဆန်းနေခဲ့သဖြင့် သူတို့အားလုံးလည်း သိချင်နေခဲ့ကြသည်။

ချူဟန် တစ်ခဏမျှ ကြောင်အသွားပြီးနောက် အနည်းငယ် အနေခက်သွားသည်။ ထို့နောက် ရှူရာစစ်ပုဆိန်ကို ပခုံးပေါ် ပေါ့ပေါ့ပါးပါး တင်လိုက်ကာ ဘေးဘီဝဲယာသို့ မကြည့်တော့ဘဲ ဗြောင်လိမ်လိုက်တော့သည်။ "ငါ မေ့သွားပြီ"

"အာ..."

လူအုပ်ကြီးမှာ ဆွံ့အသွားကြသည်။

"ငါ သွားကြည့်လိုက်မယ်ကွာ"

ဖန်ကျန့်က စပ်စုတတ်သူပီပီ ချူဟန်က မပြောပြသည်နှင့် သေဆုံးနေသော ကျားကြီးအနီးသို့ သုတ်ခြေတင် ပြေးသွားကာ စစ်ဆေးကြည့်လိုက်သည်။ ထိုသို့ ကြည့်လိုက်ချိန်တွင်တော့ ဖန်ကျန်းတစ်ယောက် သရဲတစ္ဆေ မြင်လိုက်ရသည့်အလား အလန့်တကြား အော်ဟစ်လိုက်တော့သည်။ "လခွမ်းပဲ ချူဟန် မင်း.. မင်း... မင်းကွာ......"

ဖန်ကျန်း၏ စကားများမှာ ရှေ့နောက်မညီ မရှင်းမလင်းဖြစ်နေသောကြောင့် လူအုပ်ကြီး၏ သိချင်စိတ်ကို ပိုမို ဆွပေးလိုက်သလို ဖြစ်သွားသည်။

"ဘာဖြစ်လို့လဲ"

"ဘာဖြစ်တာလဲ"

"ဖယ်စမ်း ဖယ်စမ်း ငါကြည့်မယ်"

လူအုပ်ကြီးမှာ အုံလိုက်ကျင်းလိုက် ပြေးသွားကြပြီး ကျားကြီးအနီးတွင် ဝိုင်းအုံကာ စစ်ဆေးကြည့်လိုက်ကြသည်။ သို့သော် မြင်ကွင်းကို မြင်လိုက်ရချိန်တွင်တော့ လူအားလုံး၏ မျက်နှာများ ရုတ်တရက် ဖြူစုတ်သွားကြတော့သည်။

"ချူဟန်၊ မင်းကတော့ တကယ့်ကို ရက်စက်လွန်းတယ်ကွာ"

ဟွာယုံကျစ်က ခေါင်းယမ်းလိုက်ပြီး ကျောချမ်းသွားသလို ခံစားလိုက်ရသည်။

ယခု သူတို့မျက်စိရှေ့ရှိ ကျားကြီး၏ အမြီးပိုင်းတွင်၊ ချူဟန်က သနားညှာတာမှုကင်းမဲ့စွာ ခုတ်ဖြတ်ထားသော အမြီးအပြင် စအိုပေါက်တစ်ဝိုက်လုံးမှာ စုတ်ပြတ်သတ်နေပြီး နေရာအနှံ့ ဒဏ်ရာများ ပြည့်နှက်နေသည်။ ထိုမြင်ကွင်းမှာ တကယ်ကို ကြည့်ရက်စရာပင် မရှိပေ။

"ကျွတ် ကျွတ် ကျွတ်"

ချင်ရှိုက ခေါင်းယမ်းလိုက်သည်။

"ညီလေးချူ၊ မင်းရဲ့ လုပ်ရပ်ကကွာ... ချင်ရှို (တိရစ္ဆာန်) ဆိုတဲ့ ငါ့နာမည်ထက်တောင် ပိုပြီး အရိုင်းအစိုင်း ဆန်နေသေးတယ်"

ချူဟန်၏ မျက်နှာပေါ်မှ သွေးကြောများပင် ထောင်တက်သွားသည်။ သူက ဘာတတ်နိုင်မည်နည်း။ ထိုအချိန်က ထောင့်အနေအထား အံဝင်ခွင်ကျ ဖြစ်နေသဖြင့် ပုဆိန်ကို မြှောက်ကာ တိုက်ခိုက်ခဲ့ရုံသာဖြစ်သည်။ ဘယ်နေရာ ခုတ်ခုတ်၊ ခုတ်တာပဲ မဟုတ်ဘူးလား။

တိုက်ပွဲ ပြီးဆုံးသွားလေပြီ။ တစ်နေကုန်နီးပါး ပင်ပန်းကြီးစွာ တိုက်ပွဲဝင်ခဲ့ရပြီးနောက် ယခုအခါ နေမင်းကြီးလည်း ဝင်ရောက်သွားပြီဖြစ်ကာ တောရိုင်းတစ်ခွင်လုံးမှာ အမှောင်အတိ ကျနေခဲ့သည်။

ချူဟန်မှာလည်း ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေခဲ့သည်။ ကြီးမားသော ကျားတစ်ကောင်နှင့် သေးငယ်သော ကျားတစ်ကောင်၊ ကျားနှစ်ကောင်လုံးကို အသက်ရှင်ကျန်ရစ်သူများက စခန်းသို့ သယ်ဆောင်သွားကြသည်။ ကျန်လူများ ဘာဆက်ဖြစ်နေသည်ကိုတော့ သူ ဂရုမစိုက်သလို စိတ်လည်းမဝင်စားပေ။ မည်သို့ပင်ဖြစ်စေ အန္တရာယ်များကို ရှင်းလင်းပြီးနောက် ချင်ရှိုက သူအနားယူရန်အတွက် တစ်စခန်းလုံးတွင် သက်သောင့်သက်သာအရှိဆုံးနှင့် အကောင်းဆုံး အခန်းတစ်ခန်းကို စီစဉ်ပေးခဲ့သည်။

သန်းခေါင်ယံအချိန်ရောက်သည်အထိ တစ်ရေးတည်း အိပ်ပျော်သွားခဲ့သည်။ ချူဟန် မျက်လုံးများ ပြန်ပွင့်လာချိန်တွင်တော့ အပြင်ဘက်၌ မီးရောင်များ ထိန်ထိန်လင်းနေသည်ကို တွေ့လိုက်ရသည်။

"မိုးလင်းသွားပြီလား"

ချူဟန် အနည်းငယ် အံ့သြသွားသည်။ ပုံမှန်ဆိုလျှင် သူ ဤမျှလောက် အကြာကြီး အိပ်လေ့အထ မရှိပေ။

"မလင်းသေးပါဘူး အခုမှ ည ၁၁ နာရီပဲ ရှိပါသေးတယ်" မိန်းကလေးငယ်တစ်ဦး၏ အသံက ဘေးနားမှ ရုတ်တရက် ထွက်ပေါ်လာသည်။

"နောက်ဆုံးတော့ ရှင် နိုးလာပြီပဲ"

ရွှပ်

ချူဟန် ရုတ်တရက် ထထိုင်လိုက်ပြီး ဘယ်ဘက်လက်ကို လျင်မြန်စွာ လှည့်လိုက်သည်။ ညာဘက်လက်မောင်းတွင် ချည်နှောင်ထားသော ဓားမြှောင်မှာ တစ်စက္ကန့်အတွင်း ဓားအိမ်မှကျွတ်ထွက်လာပြီး စကားပြောလိုက်သူ၏ လည်ပင်းကို အမိအရ ထောက်ထားလိုက်သည်။

"အား"

မိန်းကလေးငယ်မှာ ရုတ်တရက် လန့်ဖျပ်သွားပြီး တစ်ကိုယ်လုံး တုန်ရီသွားတော့သည်။

ချူဟန် ကြောင်အသွားပြီးနောက် ချက်ချင်း သတိပြန်ဝင်လာကာ မျက်စိရှေ့မှ မြင်ကွင်းကို ကြည့်လိုက်သည်။ မှိန်ပျပျ ဖယောင်းတိုင်မီးက တရှဲရှဲ လောင်ကျွမ်းနေပြီး၊ သူ့ မသိစိတ်၏ တုံ့ပြန်မှုဖြင့် ဖမ်းချုပ်ထားမိသော မိန်းကလေး၏ မျက်နှာပေါ်တွင် ကြောက်လန့်မှုများ အပြည့်ဖြစ်နေသည်။ မိန်းကလေးက အလွန်လှပပြီး ခန့်မှန်းခြေအားဖြင့် အသက် (၁၆) နှစ်ခန့်သာ ရှိဦးမည်ဖြစ်သည်။ မှိန်ပျပျ ဖယောင်းတိုင်မီးရောင်အောက်တွင် မိန်းကလေးသည် အလွန်ပါးလွှာသော အဝတ်အစားကိုသာ ဝတ်ဆင်ထားသည်ကို ချူဟန် ရှင်းလင်းစွာ မြင်နေရပြီး သူမထံမှ သင်းပျံ့သော ရနံ့တစ်မျိုးက နှာခေါင်းဝသို့ ရိုက်ခတ်လာသည်။

ချူဟန် အကြည့်ကို လွှဲဖယ်လိုက်ကာ ဘေးဘီကို ဆက်မကြည့်တော့ဘဲ ဓားမြှောင်ကို အိမ်ထဲသို့ ပြန်သွင်းလိုက်သည်။

ဤဓားမြှောင်မှာ ယခင်က ယဲ့မော့ထံမှ လှည့်စားပြီး ရယူထားခဲ့ခြင်းဖြစ်သည်။ သူ့ညာဘက်လက်မောင်းတွင် ချည်နှောင်လေ့ရှိသော မူလဓားမြှောင်နေရာ၌ အစားထိုး သိမ်းဆည်းထားခြင်းဖြစ်သည်။ ခုနကလို အလျင်စလို သတ်ဖြတ်ရန် တုံ့ပြန်မှုမှာ သူ၏ မသိစိတ်မှ ဖြစ်ပေါ်လာသော အလိုအလျောက် လုပ်ရပ်သာဖြစ်သည်။ ယခင်ဘဝတုန်းကဆိုလျှင် အိပ်စက်ချိန်၌ပင် အမြဲတမ်း သတိဝီရိယ ကြီးမားစွာ ထားရှိရလေ့ရှိသည်။ သို့သော် ယခုဘဝသို့ ပြန်လည်မွေးဖွားလာချိန်တွင်တော့ သူအိပ်ပျော်နေစဉ် အခန်းထဲသို့ လူဝင်လာသည်ကိုပင် မရိပ်မိလိုက်ချေ။ ကြည့်ရသည်မှာ ဒီနေ့ တကယ်ကို အလွန်အမင်း ပင်ပန်းနွမ်းနယ်နေခဲ့ပုံရသည်။

ချူဟန်က အေးစက်သော မျက်နှာထားဖြင့် ဓားမြှောင်ကို ပြန်သိမ်းလိုက်သည်ကို မြင်သောအခါ၊ မိန်းကလေးမှာ သက်ပြင်းချနိုင်သွားသော်လည်း တစ်ချိန်တည်းမှာပင် စိုးရိမ်ကြောက်ရွံ့လာမိသည်။ မျက်စိရှေ့ရှိ ဤအမျိုးသားသည် စခန်း၏ သူရဲကောင်းနှင့် ကျေးဇူးရှင်ဖြစ်သော်ငြားလည်း၊ တကယ်ကို ကြောက်မက်ဖွယ် ကောင်းလှသည်။

"မင်းက ဘယ်သူလဲ"

ချူဟန်က တစ်ယောက်တည်းသော ယောက်ျားနှင့် မိန်းမ နှစ်ဦးတည်း အခန်းတစ်ခန်းထဲ အတူရှိနေချိန် ဘာလုပ်သင့်သည်ဆိုသည့် အသိမျိုး တစ်စက်ကလေးမျှမရှိဘဲ၊ ရေတစ်ခွက် သောက်ပြီးနောက် အလွန်အေးဆေးတည်ငြိမ်သော လေသံဖြင့် မေးလိုက်သည်။

"ကျွန်မ.. ကျွန်မနာမည် ဘူရှားလို့ ခေါ်ပါတယ်"

မိန်းကလေးက ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကုတင်ပေါ်တွင် ကွေးကွေးလေး ထိုင်နေပြီး လန့်ဖျပ်နေသော သမင်ပေါက်လေး တစ်ကောင်နှင့် တူနေသည်။

ခွမ်း…

ချူဟန်၏ လက်ထဲမှ ရေခွက်မှာ ကြမ်းပြင်ပေါ်သို့ လွတ်ကျကွဲအက်သွားပြီး၊ စင်ထွက်လာသော ရေပေါက်များက သူ့ဖိနပ်ကိုပင် စိုရွှဲသွားသည်။

မိန်းကလေးမှာ နောက်တစ်ကြိမ် လန့်ဖျပ်တုန်ရီသွားပြီး ခေါင်းပင် ပြန်မမော့ရဲတော့ချေ။ ချူဟန်၏ စူးရှသော အကြည့်များက မိန်းကလေး၏ ခန္ဓာကိုယ်အနှံ့သို့ ရောက်ရှိသွားသည်။ ဤမိန်းကလေးမှာ အလွန်လှပလွန်းလှသည်ဟု ဝန်ခံရမည်ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်အချိုးအစားမှာ ရှန်ကျိုတီနှင့်ပင် ယှဉ်နိုင်ပြီး၊ မျက်နှာလေးမှာလည်း ပိုင်ယွန့်အာနှင့် မတိမ်းမယိမ်း လှပလွန်းလှသည်။

သို့သော် သူမထံတွင် ရှန်ကျိုတီ၏ လွှမ်းမိုးနိုင်စွမ်းမျိုး မရှိသလို၊ ပိုင်ယွန့်အာ၏ အေးစက်စက်ဟန်ပန်မျိုးလည်း မရှိပေ။

ထိုအစား အိမ်နီးနားချင်း ညီမလေးတစ်ယောက်လိုပင် သနားချစ်ဖွယ်ကောင်းနေပြီး၊ သဘာဝကျသော ရင်းနှီးကျွမ်းဝင်မှုကို ခံစားရစေသည်။

တိုက်ပွဲပြီးဆုံးပြီးနောက် မိမိအခန်းထဲသို့ သူစိမ်း မိန်းမချောလေးတစ်ဦး ရောက်ရှိနေခြင်းမှာ ချူဟန်၏ အမြင်တွင်တော့ အလွန်သာမန်ကိစ္စတစ်ခုသာ ဖြစ်သည်။ အနာဂတ်ကာလများတွင် ဤကဲ့သို့သော အခြေအနေမျိုးကို မကြာခဏ မြင်တွေ့ရလေ့ရှိသည်။ ဤသည်မှာ စခန်းခေါင်းဆောင်က သူ့အပေါ် သဘောကျ နှစ်သက်မှု ပြသခြင်းပင်ဖြစ်သည်။ ထို့အပြင် ပို၍ ဂုဏ်သရေရှိသော ဧည့်သည်ဖြစ်လေလေ၊ အခန်းထဲသို့ ရောက်လာမည့် မိန်းကလေးမှာ ပို၍ လှပလေလေ ဖြစ်သည်။ အထူးသဖြင့် ဤကမ္ဘာပျက်ကပ်ခေတ်ကြီးထဲတွင်၊ စခန်းတစ်ခုက ငယ်ရွယ်လှပသော မိန်းကလေးတစ်ဦးကို တိုက်ရိုက် ဆက်သလာပြီဆိုလျှင် ၎င်း၏ ဆိုလိုရင်းမှာ ပြောစရာမလိုအောင်ပင် ရှင်းလင်းလှသည်။

ထို့ကြောင့် ဤမိန်းကလေးတွင် ရန်လိုစိတ် မရှိကြောင်း အတည်ပြုပြီးနောက် သူ သိပ်ဂရုမစိုက်တော့ချေ။ သို့သော် သူ ပေါ့ပေါ့ပါးပါး မေးလိုက်သော နာမည်လေးကတော့ ချူဟန်၏ ရင်ကို တစ်ဒိန်းဒိန်း ခုန်သွားစေခဲ့သည်။

ဘူရှား...

ဤစခန်းက သူ့ကို တကယ်ပင် အံ့အားသင့်စေခဲ့သည်။ ယခင်ဘဝက မိတ်ဆွေဟောင်း ဖန်ကျန့်နှင့် တွေ့ဆုံခဲ့ရသည်သာမက၊ အနာဂတ်ကာလတွင် အလွန်နာမည်ကျော်ကြားလာမည့် အမျိုးသမီးဖြစ်သော ဘူရှားနှင့်ပါ တွေ့ဆုံလိုက်ရခြင်း ဖြစ်သည်။

ချူဟန် ခပ်ဖွဖွ ရယ်မောကာ ခေါင်းယမ်းလိုက်မိသည်။ လက်ရှိအချိန်တွင် ဘူရှားမှာ အသက် (၁၆) နှစ်အရွယ်မျှသာ ရှိသေးပြီး၊ သာမန်လူတစ်ဦးသာ ဖြစ်နေသေးသည်။ တကယ်ကို ကံကြမ္မာ၏ လှည့်စားမှုပင် ဖြစ်သည်။

"အဝတ်အစားတွေ ပြန်ဝတ်လိုက်ပါ"

ချူဟန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။

"ရှင်"

ဘူရှား ကြောင်အသွားပြီးနောက် ကပျာကယာ ခေါင်းညိတ်လိုက်ကာ၊ ဘေးနားရှိ ကြီးမားသော အင်္ကျီကို ကောက်စွပ်လိုက်သည်။ သို့သော် မိန်းကလေးမှာ သူမ၏ သတိလက်လွတ် လှုပ်ရှားမှုများကြောင့် သူမ၏ လှပသော ကိုယ်လုံးကိုယ်ပေါက်မှာ အတိုင်းသား ပေါ်လွင်သွားပြီး၊ ချူဟန်၏ မျက်စိထဲတွင် တစ်ကိုယ်လုံးနီးပါး အထင်းသား မြင်လိုက်ရသည်ကိုတော့ သတိမထားမိခဲ့ချေ။

"အပြင်မှာ ဘာတွေဖြစ်နေလို့ ဒီလောက် ဆူညံနေရတာလဲ"

ဘူရှား၏ ခန္ဓာကိုယ် လုံလုံခြုံခြုံ ဖြစ်သွားမှသာ ချူဟန်က စကားစမေးလိုက်သည်။

"အောင်ပွဲလုပ်နေတာ"

ဘူရှား၏ မျက်လုံးလေးများ အရောင်လက်သွားသည်။

ခုနက ချူဟန်၏ အပြုအမူကြောင့် သူ့အပေါ် ဘူရှား၏ အထင်ကြီးလေးစားမှုများ ပိုမို တိုးပွားလာခဲ့သည်။ တကယ်တော့ အစက စခန်းမှ သူမကို ရွေးချယ်လိုက်ချိန်တွင် သူမ အလွန် ဝန်လေးနေခဲ့သည်။ သို့သော် ချူဟန်အပေါ် စခန်းတစ်ခုလုံး၏ ကျေးဇူးတင်မှုကို ပြသနိုင်ရန် သူမကိုယ်သူမ ပေးဆပ်ဖို့ လူတိုင်းက ဝိုင်းဝန်းဖျောင်းဖျ တိုက်တွန်းခဲ့ကြသည်။ သို့သော် ချူဟန်က အတင်းအဓမ္မ မလုပ်သည့်အပြင် သူမအပေါ် ဤမျှအထိ ညှာတာနားလည်ပေးလိမ့်မည်ဟုတော့ သူမ ထင်မှတ်မထားခဲ့ပေ။

ဘူရှား၏ စကားအဆုံးတွင်၊ အခန်းအပြင်ဘက်မှ အလျင်စလို တံခါးခေါက်သံများ ရုတ်တရက် ထွက်ပေါ်လာသည်။

"ချူဟန်... ချူဟန်..."

၎င်းမှာ ဖန်ကျန့်ဖြစ်ပြီး၊ သူ့အသံမှာ အရက်အနည်းငယ် မူးနေသည့်ဟန် ပေါက်နေသည်။

"ကောင်းရဲ့လားကွ ကိစ္စပြီးရင် အပြင်ထွက်လာခဲ့ဦးလေကွာ "

ချူဟန်၏ နဖူးမှ သွေးကြောများပင် ထောင်တက်သွားတော့သည်။ ‘ ဒီကောင်တော့ကွာ’

All Chapters