အခန်း ၁၉၃
Vol. 20 Ch. 193
အခန်း (၁၉၃) ပထမနေရာ
အရက်မူးနေသော ဖန်ကျန့်သည် တံခါးကို ဒုန်းဒုန်း မြည်အောင် ထုနေလေသည်။ မကြာမီပင် သူ့ကို လာဆွဲကြသူများ ရောက်လာကြသည်။
"ဟာ... ဒုခေါင်းဆောင်၊ ချူဟန်ကို အနားပေးလိုက်ပါဗျာ"
"ဟုတ်တယ်လေ ဒီနေ့ သူအရမ်း ပင်ပန်းထားတာ"
"ဘူရှားလည်း အထဲမှာ ရှိသေးတယ်လေ ခင်ဗျားအခုလို လုပ်နေတာကြီးက နေရခက်စရာကြီးဗျာ"
ဖန်ကျန့်က လူအုပ်ကြီးကို တွန်းဖယ်လိုက်ပြီး
"လခွီးပဲ အချိန်ဘယ်လောက်တောင် ကြာနေပြီလဲ အခုထိ မပြီးသေးဘူးလား ငါဂရုမစိုက်ဘူး... ချူဟန် အပြင်ထွက်ခဲ့၊ သွားကဲရအောင်"
"ဒုခေါင်းဆောင်ရယ်၊ ကျွန်တော် တောင်းပန်ပါတယ်ဗျာ"
"မလုပ်ပါနဲ့တော့ဗျာ အားနာဖို့ကောင်းတယ်ဗျာ"
လူအုပ်ကြီး အနေရခက်နေကြစဉ်…
ကျီ...
တံခါးက ရုတ်တရက် ပွင့်လာပြီး ချူဟန်က မျက်နှာကြီး မည်းမှောင်ကာ ထွက်လာသည်။ သူ့နောက်တွင်တော့ သိချင်စိတ်ပြင်းပြနေပုံရသော ဘူရှားက ပါလာသည်။ ချူဟန်နှင့် ဘူရှား အတူတူထွက်လာသည်ကို မြင်လိုက်ရသောအခါ လူအုပ်ကြီးမှာ ပို၍ပင် အနေရခက်သွားကြပြီး မမြင်ချင်ယောင်ဆောင်ကာ ခေါင်းများ အမြန်ငုံ့ထားလိုက်ကြသည်။
"ဟေး"
ဖန်ကျန့်ကတော့ အဲဒီလောက်အထိ ဂရုမစိုက်အားပေ။ ချူဟန်၏ ပခုံးကို လှမ်းဖက်လိုက်ပြီး
"သွားမယ် ညီအစ်ကိုနှစ်ယောက် ဒီည သွားကဲကြမယ်"
တခြားသူများအားလုံးသည် ဘာမှနားမလည်ယောင်ဆောင်ကာ မိမိတို့၏ ခြေဖျားကိုသာ ငုံ့ကြည့်နေကြသည်။
ငါးမိနစ်အကြာတွင်၊ ချူဟန်သည် အရက်မူးပြီး သောင်းကျန်းနေသော ဖန်ကျန့်နောက်မှ လိုက်ကာ စခန်းအလယ်ဗဟိုသို့ ရောက်လာသည်။ ဘူရှားနှင့် အခြားသူများလည်း သူတို့နောက်မှ လိုက်လာကြသည်။ ယခုအချိန်တွင် ဤစခန်းငယ်လေးသည် အလွန်တရာ စည်ကားနေသည်။ အလယ်ဗဟိုတွင်တော့ မီးပုံကြီးတစ်ခုက တောက်လောင်နေသည်။ လျှပ်စစ်မီးများ ပြတ်တောက်သွားပြီးနောက်တွင်တော့ လူသားတို့၏ ဘဝထဲသို့ မူလမီးက ပြန်လည်ဝင်ရောက်လာခဲ့သည်။
တဟုန်းဟုန်း တောက်လောင်နေသော မီးပုံကြီးပေါ်တွင် ဧရာမသံစင်ကြီးတစ်ခုကို ခိုင်ခံ့စွာ ခွတင်ထားသည်။ ထိုသံစင်ကြီးထက်တွင်မူ သွေးစင်အောင် ဆေးကြောကာ အရေခွံခွာထားသည့် ကျားကြီးနှစ်ကောင်၏ အသားများကို အတုံးကြီးများ ပိုင်းဖြတ်၍ မီးကင်နေကြလေသည်။ စခန်းထဲရှိ အသက်ရှင်ကျန်ရစ်သူများ ဤမျှလောက် လွတ်လွတ်လပ်လပ် မစားသောက်ရသည်မှာ ကြာပြီဖြစ်သည်။ ဒီညမှာတော့ လူတိုင်းနီးပါး အသားစားရလေပြီ။
သို့သော် ချူဟန်၏ မျက်စိလျင်မှုကြောင့် ဝမ်ချိုက်တစ်ကောင် လူမရှိသော ထောင့်တစ်နေရာတွင် အသေးငယ်ဆုံး အရွယ်အစားဖြင့် ပုန်းနေသည်ကို ချက်ချင်း သတိထားမိလိုက်သည်။ ပင်ပေါင်ဘောလုံးအရွယ်အစားရှိသော ထိုအကောင်သည် ၎င်းထက် အဆပေါင်းများစွာ ကြီးမားသော အသားကင်ကို ပွေ့ဖက်ကာ အားရပါးရ စားသောက်နေသည်။ ချူဟန်၏ မျက်နှာက မည်းမှောင်သွားသည်။ နိုးလာပြီးနောက် ဒီကောင်ကို မတွေ့ရတာ မဆန်းတော့ပေ။
‘ဒီမှာ ပုန်းပြီး တစ်ကောင်တည်း ဇိမ်ကျနေတာကို’
"ချူဟန် ရောက်လာပြီလား"
ချူဟန်ကို မြင်သည်နှင့် ချင်ရှိုက ချက်ချင်း ရှေ့ထွက်ကြိုဆိုလိုက်ပြီး အခြား ဆင့်ကဲ့ပြောင်းလဲသူများလည်း နောက်မှ လိုက်လာကြသည်။
"ဟီးဟီး"
ချူဟန်၏ နောက်မှ ဘူရှားကို မြင်သောအခါ ချင်ရှိုက မျက်စိတစ်ဖက်မှိတ်ပြကာ မေးလိုက်သည်။
"ဘယ်လိုလဲ ကြိုက်ရဲ့လား… ဒါက ကျွန်တော်တို့ စခန်းမှာ အလန်းဆုံးပဲ အရင်ကတည်းက ရတနာတစ်ခုလို သိမ်းထားတာဗျ"
ချူဟန်က ဘာမှမလုပ်ခဲ့ဘူးဟု ပြန်ဖြေချင်ခဲ့သော်လည်း ရုတ်တရက် တစ်ခုခုကို သတိရသွားကာ စကားက ချက်ချင်း ပြောင်းသွားသည်။ "ကောင်းပါတယ်"
"သဘောကျတယ်ပေါ့"
ချင်ရှို မျက်လုံးများ အရောင်လက်သွားသည်။ သူ့အတွက်တော့ သူကိုယ်တိုင် ပြင်ဆင်ပေးထားသည့်အရာကို ချူဟန် သဘောကျသည်မှာ ကြီးမားသော ဂုဏ်ယူစရာတစ်ခုပင် ဖြစ်သည်။
ချူဟန်သည် နောက်ကျောမှ အနည်းငယ် စိုးရိမ်နေသော ဘူရှားကို တစ်ချက်ကြည့်လိုက်ပြီး ဘေးနားရှိ ဖန်ကျန့်ကို ရုတ်တရက် ပြောလိုက်သည်။
"မနက်ဖြန် မနက်စောစော ငါ ထွက်သွားတော့မယ် ဒီကောင်မလေးကို ငါ့ကိုယ်စား စောင့်ရှောက်ပေးထားပါဦး"
သူသည် ချင်ရှိုကို သိပ်မယုံကြည်သော်လည်း ဖန်ကျန့်၏ စရိုက်ကိုတော့ သူ ယုံကြည်သည်။ အရက်အလွန်အမင်း မူးနေသော ဖန်ကျန့်သည် ချူဟန်၏ စကားကို ကြားသောအခါ နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ရင်ဘတ်ကိုပုတ်ကာ တိုက်ရိုက် အာမခံလိုက်သည်။
"အိုကေ စိတ်ချ ငါ့တာဝန်ထား"
ဘေးနားရှိလူများမှာ ဖန်ကျန့်၏ ပုံစံကိုကြည့်ကာ စိုးရိမ်နေကြသည်။ ချူဟန်က ဖန်ကျန့်ကို ဘာလို့ သွားမှာနေတာလဲ။ မနက်ဖြန်မနက် မေ့သွားရင် ဘယ်လိုလုပ်မလဲ။
ချူဟန်က ခေါင်းယမ်းလိုက်ပြီး စိတ်ထဲတွင်တော့ သက်ပြင်းချလိုက်သည်။ ဖန်ကျန့်၏ ဒီလို ပေါ့ပေါ့ဆဆ ပုံစံက ဘယ်လိုဖြစ်လာတာလဲ သူမသိပေ။ သို့သော် ဖန်ကျန့်၏ အကျင့်စရိုက်ကို လူတိုင်းထက် သူ ပိုသိသည်။ အခုချိန်မှာ ခေါင်းမကြည်မလင်နဲ့ ကယောင်ကတမ်း ပြောနေတယ်လို့ ထင်ရပေမယ့် တကယ်တမ်းတော့ သူ ကတိပေးထားတဲ့ ကိစ္စဆိုရင် သူ မလုပ်ဘဲ နေမှာမဟုတ်ဘူး။ သူ မူးနေသည်ဖြစ်စေ၊ မမူးနေသည်ဖြစ်စေ။
"ညီအစ်ကို ချူ၊ မနက်ဖြန် ထွက်သွားတော့မှာလား"
ဟွာယုံကျီက အခြားသူများလို မတည်မငြိမ် မဟုတ်ဘဲ အလေးအနက် မေးလိုက်သည်။
ချူဟန်က ခေါင်းညိတ်ပြလိုက်ပြီး ဘာမှထပ်မပြောတော့ပေ။ သူသာမက ဒီစခန်းက လူအများစုလည်း မကြာခင် ထွက်သွားကြတော့မည်ကို သူ သိသည်။ လမ်းပိတ်နေတဲ့ အတားအဆီး ရှင်းသွားပြီဆိုတော့ ဒီမှာ ဆက်နေရင် သေဖို့ စောင့်နေတာနဲ့ အတူတူပဲ မဟုတ်လား။
တောရိုင်းထဲမှာ လူအများကြီး အတူတူ ရှင်သန်ဖို့ မသင့်တော်ပါဘူး။ မြို့ကလည်း မသင့်တော်ဘူးဆိုပေမယ့် အနည်းဆုံးတော့ ဒီကနေ ထွက်သွားရင် စားနပ်ရိက္ခာ ပြဿနာက ပြေလည်သွားမှာ သေချာတယ်။
တစ်ညလုံး ပျော်ပွဲရွှင်ပွဲ အကြာကြီး ဆက်ဖြစ်နေခဲ့ပြီး လူအတော်များများက မနက်ရောက်မှ အနားယူကြသည်။ ချူဟန်ကတော့ မိုးလင်းကာစအချိန်လေးမှာတင် စခန်းထဲကနေ တစ်ယောက်တည်း ထွက်လာခဲ့သည်။ လူများနေတဲ့အချိန် ထွက်သွားရင် သူ့၏ သိုလှောင်ခန်း အသုံးပြုမှုကို ထိခိုက်စေနိုင်လို့ဖြစ်သည်။
မနက် ၇ နာရီ၊ မိုးလင်းနေပြီဖြစ်သည်။ မနေ့က အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့သော လယ်ကွင်းများထဲတွင် ဇွန်ဘီ အလောင်းများထံမှ အနံ့ဆိုးများ ထွက်ပေါ်နေပြီး အဝေးကြီးအထိ ပျံ့နှံ့နေသည်။
ချူဟန်သည် ယခုအချိန်တွင် ဂျစ်ဝန်ဂလာ ကားကို မောင်းနှင်ကာ ဤနေရာနှင့် ကီလိုမီတာ တစ်ရာကျော် အဝေးသို့ ရောက်နေပြီဖြစ်သည်။ ဘေးနားရှိ ခရီးသည်ထိုင်ခုံတွင် ဝမ်ချိုက်သည် မူလအရွယ်အစားသို့ ပြန်လည်ရောက်ရှိနေပြီး ဝဝဖြိုးဖြိုး ဗိုက်ကလေးကို ဖက်ကာ အေးအေးဆေးဆေး အိပ်ပျော်နေသည်။ ၎င်း၏ ဘေးတွင် ဘောလုံးအရွယ်အစားခန့်ရှိသော စားကြွင်းစားကျန် အသားကင်တစ်ဝက် ရှိနေသေးသည်။ ချူဟန် လုစားမည်ကို စိုးရိမ်သောကြောင့် ဝမ်ချိုက်သည် အရှက်မရှိစွာဖြင့် ထိုအသားကင်ပေါ်တွင် တံတွေးများ သုတ်လိမ်းထားခဲ့သည်။
ယခုအချိန်တွင် ထိုစခန်းငယ်လေးရှိ အသက်ရှင်ကျန်ရစ်သူများအားလုံး ပစ္စည်းများသိမ်းဆည်းကာ ထွက်ခွာရန် ပြင်ဆင်နေကြပြီဖြစ်သည်။ ချင်ရှိုသည် ခေါင်းဆောင်အဖြစ် ဆက်လက်တည်ရှိနေပြီး လူအုပ်ကြီးကို ဦးဆောင်ကာ နေရာရွှေ့ပြောင်းကြသည်။ ဖန်ကျန့်သည်လည်း ချူဟန် ခန့်မှန်းထားသည့်အတိုင်း မနေ့က ချူဟန်အား ကတိပေးထားသည့် ကိစ္စကို မှတ်မိနေသည်။
ထိုနေ့ မွန်းတည့်ချိန်တွင် စခန်းမှ ထွက်လာသော လူအုပ်ကြီးသည် ရွာလေးထဲမှ ထွက်ခွာလာပြီး အပြင်ဘက် လမ်းမကြီးပေါ်သို့ ရောက်ရှိလာကြသည်။ သွားရမည့် ခရီးက အလွန်ဝေးသေးသည်။ ရွာလေးထဲရှိ လမ်းများက ကြမ်းတမ်းပြီး ကားအနည်းငယ်သာ ရှိသလို ဆီလည်း မလောက်ငသောကြောင့် လူအတော်များများက လမ်းလျှောက်သွားကြရသည်။
"အဲဒါ ဘာကြီးလဲ"
ရုတ်တရက် လူတစ်ယောက်၏ အသံက လူအုပ်ကြီးထဲမှ ထွက်ပေါ်လာသည်။ အလွန် ရုတ်တရက်ဆန်ပြီး အသံလည်း ကျယ်လောင်သည်။
"ဘာဖြစ်လို့လဲ"
ချင်ရှိုက အသံကို နှိမ့်ကာ မေးလိုက်သည်။ လမ်းတစ်လျှောက်လုံးတွင် ဤသို့ ရုတ်တရက် အလန့်တကြားဖြစ်မှုမျိုး အလွန်နည်းပါးသည်။
"ခေါင်းဆောင်ကြီး၊ ရှေ့ကို ကြည့်လိုက်ပါဦး"
အခြားတစ်ယောက်ကလည်း ရုတ်တရက် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ ချင်ရှို အံ့သြသွားပြီး လူတိုင်းက ရှေ့သို့ လှမ်းကြည့်လိုက်ကြသည်။ မကြာမီတွင် သူတို့ရှေ့ မနီးမဝေးတွင် မိုးမျှော်တိုက်ကြီးလောက် မြင့်မားသော ကျောက်နံရံကြီးတစ်ခု ရှိနေသည်ကို အံ့အားသင့်ဖွယ်ရာ တွေ့လိုက်ရသည်။ ၎င်းပေါ်ရှိ စာလုံးကြီးအချို့က လူတိုင်း၏ မျက်လုံးထဲသို့ တိုးဝင်လာသည်။
စွမ်းအားအဆင့် သတ်မှတ်ချက်
"စွမ်းအားအဆင့် သတ်မှတ်ချက် ဒါဘာကြီးလဲ"
ဟွာယုံကျီ၏ တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညင်းများပင် ထောင်ထလာသည်။
အခြားသူများလည်း အံ့အားသင့်သွားကြသည်။ မိုးထိအောင် မြင့်မားသော ဤကျောက်နံရံကြီးက သိသိသာသာကို ထူးဆန်းပြီး ယုတ္တိမတန်လှပေ။
"စွမ်းအားအဆင့် သတ်မှတ်ချက်... ဒါဆိုရင်"
ချင်ရှို၏ မျက်လုံးများ အရောင်လက်သွားသည်။ ကမ္ဘာပျက်ကပ် ဆိုက်ရောက်ပြီးနောက်ပိုင်း အရာအားလုံးက ပုံမှန်မဟုတ်တော့ပေ။ ရုတ်တရက် ပေါ်လာသော ဤစွမ်းအားအဆင့် သတ်မှတ်ချက်သည် သိသိသာသာပင် စွမ်းအားခွဲခြားမှု စံနှုန်းတစ်ခု ဖြစ်ရမည်။
ချင်ရှို ခန့်မှန်းနေစဉ်မှာပင်၊ ဘေးနားရှိ ဖန်ကျန့်က မှန်ကန်သော ဖြစ်စဉ်ကို ထုတ်ပြောလိုက်ပြီဖြစ်သည်။
"အဆင့်(၁) စွမ်းအားအဆင့် သတ်မှတ်ချက်၊ အဆင့်(၂) စွမ်းအားအဆင့် သတ်မှတ်ချက်၊ အဆင့်(၃)စွမ်းအားအဆင့် စုစုပေါင်း သတ်မှတ်ချက် ဒါက ငါတို့ ဆင့်ကဲပြောင်းလဲသူတွေရဲ့ အဆင့်တွေ မဟုတ်ဘူးလား။ ဒီစွမ်းအားအဆင့် သတ်မှတ်ချက်က လူတစ်ယောက်ရဲ့ တိုက်ခိုက်ရေးစွမ်းအား အားနည်းမှု၊ အားသာမှုကို အကဲဖြတ်တာပဲ"
"ဒါဆို ငါတို့ရော ရနိုင်မလား"
နောက်ကွယ်ရှိ ရှိုဟောက်၏ မျက်လုံးများက တောက်ပနေသည်။ အကယ်၍ သူ၏နာမည်သာ စာရင်းထဲတွင် ပါသွားပါက မည်မျှ ဂုဏ်ယူစရာကောင်းလိုက်မည်နည်း။
"ငါတို့ သွားကြည့်ရအောင်"
ဆင့်ကဲပြောင်းလဲသူများက ချက်ချင်းပင် လူအုပ်ထဲမှ ထွက်လာကာ ကျောက်နံရံဆီသို့ ချဉ်းကပ်သွားကြသည်။
ချင်ရှိုက ရှေ့သို့ အမြန်လျှောက်သွားရင်း ကြီးမားသော ကျောက်နံရံကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"ဟုတ်တယ်။ ဟိုးအပေါ်ကို ကြည့်လိုက်၊ နာမည်စာရင်းတွေ အပြည့်ပဲ။ ဒါပေမဲ့ အဆင့်(၃) ပြီးတာနဲ့ အဆင့်(၄) နေရာမှာ စွမ်းအားအဆင့် သတ်မှတ်ချက်က ကွက်လပ်ဖြစ်သွားရော။ ဆိုလိုချင်တာက အခုလက်ရှိ ဆင့်ကဲပြောင်းလဲသူတွေထဲမှာ အမြင့်ဆုံးအဆင့်က (၃) ပဲ ရှိသေးတယ်ဆိုတဲ့ သဘောပဲ"
"နေဦး"
ရုတ်တရက် ဝမ်ယန်က အလန့်တကြား အော်လိုက်သည်။
"အဆင့်(၁) စွမ်းအားအဆင့် သတ်မှတ်ချက်မှာ ပထမနေရာကို ကြည့်လိုက်ကြဦး"
ဝမ်ယန်၏ အသံကြောင့် လူတိုင်း၏ အာရုံက ထိုနေရာသို့ ရောက်သွားသည်။ ထို့နောက် အဆင့်တစ် စွမ်းအားအဆင့် သတ်မှတ်ချက်ပေါ်တွင် အကြီးမားဆုံးနှင့် အထင်ရှားဆုံးဖြစ်နေသော စာတစ်ကြောင်းကို လူတိုင်း မြင်တွေ့လိုက်ရသည်။