← Chapters

အခန်း ၁၉၅

Vol. 20 Ch. 195

အခန်း ၁၉၅

Vol. 20 Ch. 195

အခန်း (၁၉၅) ထူးဆန်းနေခြင်း

ချူဟန် လက်ထဲတွင် အကြောက်လွန်ကာ မျက်နှာရှုံ့မဲ့နေသော ယုန်တစ်ကောင်ကို ဆုပ်ကိုင်ထားလေသည်။

ထိုယုန်မှာ အလွန်တရာ ဆူဖြိုးဝဖြီးနေ၏။ ရင်ဘတ်ပေါ်ရှိ အမွေးအမှင်များက ဖြူဖွေးတောက်ပနေပြီး သေနတ်ကျည်ဆန် အပစ်ခံထားရသော်လည်း အရေပြား ပေါက်ပြဲကာ သွေးများ ပန်းထွက်နေသည့် ဒဏ်ရာဒဏ်ချက်မျိုး လုံးဝ မရှိပေ။

ထိုသို့ဆိုလျှင် ကျည်ဆန်က ဘယ်ရောက်သွားသနည်း။ အကြောင်းရင်းက မည်သို့ပင်ဖြစ်စေကာမူ ကျည်ဆန်မှာ အစကတည်းက မရှိခဲ့သည့်အလား အစအနပင် မကျန်အောင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

"ဝမ်ချိုက် ဟုတ်လား"

အမျိုးသားမှာ သရဲတစ္ဆေကို မြင်လိုက်ရသူပမာ အံ့ဩမှင်တက်လျက် ရေရွတ်လိုက်ပြီး မိမိကိုယ်ကိုယ်ပင် သံသယဝင်လာတော့သည်။

"အေး.. ဝမ်ချိုက်လေ"

ချူဟန်က ခေါင်းညိတ်ပြလိုက်ပြီး မျက်နှာရှုံ့မဲ့နေသော ဝမ်ချိုက်ကို လုံးထွေးကာ ဆုပ်ကိုင်လိုက်ပြီး အနောက်ဘက်သို့ ပေါ့ပေါ့ပါးပါး ပစ်ပေါက်လိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် သူ၏ လက်ထဲရှိ ရှူရာစစ်ပုဆိန်ကြီးကို အရှိန်အဟုန်ပြင်းစွာဖြင့် ဝှေ့ယမ်းလိုက်သည်။

ဝှစ်…

ချူဟန်သည် လေထဲသို့ ခုန်တက်လိုက်ပြီး သူ၏ ကိုယ်ခန္ဓာကို လှည့်ပတ်ကာ ပုဆိန်သွားကို ပြောင်းပြန်လှန်လိုက်သည်။ ထို့နောက် လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော အရှိန်အဟုန်ဖြင့် ခုတ်ချလိုက်သော ပုဆိန်ရိုးက အမျိုးသား ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။

ဒိုင်း...

အမျိုးသားမှာ မြေပြင်ပေါ်သို့ လဲကျသွားပြီး သတိလစ်မေ့မြောသွားတော့သည်။

"မင်း ငါ့ကို ကျည်တစ်တောင့် ပေးခဲ့တဲ့အတွက် အသက်တော့ ချမ်းသာပေးလိုက်မယ်"

ချူဟန်က သတိလစ်နေသော အမျိုးသားကို ငုံ့ကြည့်ကာ ခပ်အေးအေးပင် ပြောလိုက်သည်။

"ဝေါ့... ထွီ "

အနောက်ဘက်တွင်မူ ဝမ်ချိုက်မှာ ပါးစပ်ထဲ ဝင်သွားသော အမှိုက်များကို အသည်းအသန် ထွေးထုတ်နေရင်း ဒေါသတကြီး အော်ဟစ်နေတော့သည်။

"ခွေးကောင်... မင်း ငါ့ကို ထပ်ပစ်ပေါက်ပြန်ပြီပေါ့လေ"

"သွားမယ်"

ချူဟန်က နောက်သို့ လှည့်မကြည့်ဘဲ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သည်။

"သောက်ရူး... မင်းကို လုံးဝ ခွင့်မလွှတ်ဘူးကွ"

"လုပ်နိုင်ရင် လုပ်ကြည့်လေ"

သူတို့ နှစ်ယောက်၏ အငြင်းပွားသံများမှာ အဆုံးသတ်မည့်ပုံ မပေါ်ပေ။

ချူဟန်၏ အရှိန်နှင့် ခုန်ပျံနိုင်စွမ်းမှာ ပုံမှန်ထက် များစွာ သာလွန်နေသည်။ နှစ်ကြိမ် သုံးကြိမ်ခန့် ခုန်လိုက်ရုံဖြင့် အမိုးပေါ်သို့ ရောက်ရှိသွားပြီး တစ်မိုးမှ တစ်မိုးသို့ ကျားသစ်တစ်ကောင်ပမာ လျင်မြန်သွက်လက်စွာ ခုန်ပျံကျော်လွှားသွားသည်။

ပင်းပေါင်ဘောလုံး အရွယ်အစားသာ ရှိသော ဝမ်ချိုက်မှာ အသက်ရှူနိုင်ရန်အတွက် ချူဟန် အိတ်ကပ်ထဲမှ ခေါင်းလေးကို ထုတ်ထားရသော်လည်း ပြင်းထန်သော လှုပ်ခါမှုများကြောင့် အန်ထွက်တော့မတတ် ဖြစ်နေသည်။

မကြာမီမှာပင် သူတို့ ရည်ရွယ်ထားသော စူပါမားကတ်အနီးသို့ ရောက်ရှိလာကြသည်။

ထိုနေရာသည် စောစောက လမ်းကြားနှင့် အတော်လေး ကွာဝေးသည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ အသက်ရှင်ကျန်ရစ်သူ တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရပေ။ စူပါမားကတ် အနီးတစ်ဝိုက်တွင် ဇွန်ဘီများမှာ အုပ်စုဖွဲ့ကာ ရှိနေကြသည်။ ပြန့်ကျဲနေသော်လည်း အရေအတွက်မှာ နည်းပါးလှသည်တော့ မဟုတ်ပေ။

ကမ္ဘာပျက်ကပ် ရောက်ရှိလာခဲ့သည်မှာ နှစ်လခွဲခန့် ရှိနေပြီဖြစ်သည်။ ထိုအကောင်များသည် ကူးစက်ရောဂါ စတင်ဖြစ်ပွားချိန်ကနှင့် လုံးဝ ကွာခြားသွားခဲ့ပြီ ဖြစ်သည်။

ခန္ဓာကိုယ်များ ပုပ်ပွလာခြင်း မရှိတော့ဘဲ အခြားတစ်ဖက်သို့ ဖြည်းညင်းစွာ ဆင့်ကဲပြောင်းလဲ လာကြခြင်း ဖြစ်သည်။ အားအနည်းဆုံး အဆင့်(၁) ဇွန်ဘီများပင်လျှင် အရေပြားများ ခြောက်ကပ်ကာ တွန့်လိမ်နေရုံသာ ရှိတော့သည်။ အဆင့်(၂) သို့ ဆင့်ကဲပြောင်းလဲနေသော အကောင်များဆိုလျှင် ခန္ဓာကိုယ်တွင် အသားများ ပြန်ပြည့်လာပြီး ဆုံးရှုံးသွားသော ကြွက်သားများပင် ပြန်လည်ဖြစ်တည်လာပြီ ဖြစ်သည်။

လမ်းတစ်လျှောက် ပြည့်နှက်နေသော ဇွန်ဘီအုပ်ကြီးကို မြင်လိုက်ရချိန်တွင် ချူဟန် မျက်ဝန်းများမှာ အရောင်လက်သွားတော့သည်။ မြေပြင်ပေါ်သို့ ပေါ့ပါးစွာ ဆင်းသက်လိုက်ပြီးနောက် ရှူရာစစ်ပုဆိန်ကြီးကို လက်ကောက်ဝတ်ဖြင့် လှည့်ပတ်ကာ ကိုင်ဆောင်လိုက်သည်။ ထို့နောက် ရှေ့တွင်ရှိနေသော ဇွန်ဘီအုပ်ကြီးထံသို့ တစ်ယောက်တည်း ပြေးဝင်သွားတော့သည်။

အိတ်ကပ်ထဲတွင် ရှိနေသော ဝမ်ချိုက်မှာ အလျင်အမြန် ခုန်ထွက်လိုက်ပြီး လုံးဝန်းနေသော ခန္ဓာကိုယ်လေးဖြင့် မြေပြင်ပေါ်တွင် အကြိမ်ပေါင်းများစွာ လိမ့်ကျသွားတော့သည်။

'သောက်ကျိုးနည်း... လူ့အခွင့်အရေး... အဲလေ ယုန်အခွင့်အရေး ချိုးဖောက်ခံရတာပဲ'

ခွပ်... ဖြောင်း...

အသားများကို ဖြတ်တောက်ပြီး အရိုးများကို ချိုးဖျက်လိုက်သည့် အသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ဇွန်ဘီများ၏ ခေါင်းများမှာ တစ်လုံးပြီးတစ်လုံး လွင့်စင်သွားကာ မြေပြင်ပေါ်တွင် အမည်းရောင် သွေးရည်များဖြင့် ဖုံးလွှမ်းသွားတော့သည်။ ချူဟန် ဖြတ်သန်းသွားသော နေရာတိုင်းတွင် ပုပ်ဟောင်နေသော အနံ့အသက်များနှင့် သွေးနံ့များ ထောင်းထောင်းထနေသည်။

ဇွန်ဘီများမှာ ပြန့်ကျဲနေသောကြောင့် အနည်းငယ် သတိထားလိုက်ရုံဖြင့် ချူဟန် တစ်ယောက်တည်း အလွယ်တကူ ရှင်းလင်းပစ်နိုင်ပေသည်။ စူပါမားကတ်ဆီသို့ သွေးလမ်းကြောင်း ဖောက်နေရင်း ချူဟန်သည် သူ၏ အမှတ်များကို စိတ်ထဲမှ ရေတွက်နေလိုက်သည်။

၁၉၇၀၊ ၁၉၈၃၊ ၁၉၉၄... ၂၀၀၀

[တိကျမှု စွမ်းရည်... အဆင့်တက်သွားပါပြီ]

ဝုန်း...

ရုတ်တရက် အမြင်အာရုံများ ပွင့်လင်းသွားပြီး အာရုံငါးပါးစလုံး ထက်မြက်လာသကဲ့သို့ ခံစားလိုက်ရသည်။ တိကျမှု စွမ်းရည်၏ အကျိုးသက်ရောက်နိုင်သော အတိုင်းအတာမှာ ရုတ်တရက် ကျယ်ပြန့်သွားတော့သည်။

ယခင်ကဆိုလျှင် နှစ်မီတာအတွင်းသို့ ဝင်ရောက်လာမှသာ အပြည့်အဝ တိကျစွာ တိုက်ခိုက်နိုင်ခဲ့သည်။ ထိုအကွာအဝေးတွင် အရှိန်ကို အမြင့်ဆုံးအထိ မတင်ထားနိုင်ပါက ရန်သူကို ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေး ပေးသကဲ့သို့ ဖြစ်သွားပေမည်။ အလျင်အစွမ်းမှာ အဆင့်(၁) တွင်သာ ရှိနေသေးသော သူ၏အဖို့ ဤကဲ့သို့ ကြောက်စရာကောင်းသော စွမ်းရည်ကို အမြဲတမ်း အပြည့်အဝ အသုံးချနိုင်ရန်မှာ အလွန် ခက်ခဲလှပေသည်။

သို့သော် တိကျမှု အစွမ်း အဆင့်(၂) သို့ ရောက်ရှိသွားသောအခါ ပစ်မှတ်ထားနိုင်သော အကွာအဝေးမှာ ငါးမီတာအထိ ကျယ်ပြန့်သွားခဲ့ပြီ ဖြစ်သည်။ ချူဟန်ကို ဗဟိုပြု၍ ရှေ့နောက် ဘယ်ညာ ငါးမီတာ ပတ်လည်သည် သူ၏ လွဲချော်မှုမရှိသော နယ်မြေ ဖြစ်လာတော့သည်။

ထို့ကြောင့် တုံ့ပြန်နိုင်စွမ်းနှင့် အရှိန်များ သိသိသာသာ တိုးတက်လာပြီး ရှောင်တိမ်းရန် သို့မဟုတ် ပြန်လည်တိုက်ခိုက်ရန် ပိုမို လျင်မြန်မှန်ကန်စွာ ဆုံးဖြတ်ချက် ချနိုင်လာသည်။ ကြီးမားလှသော ပုဆိန်ကြီးကို အသုံးပြုကာ အနီးကပ် တိုက်ခိုက်ရသည့် ဆင့်ကဲပြောင်းလဲသူ တစ်ဦးဖြစ်သော ချူဟန်အတွက်မူ ဤစွမ်းရည်မှာ အတိုင်းမသိ အကျိုးကျေးဇူးများလှပေသည်။

ထိုစဉ်မှာပင် ကြီးမားလှသော ဇွန်ဘီအုပ်ကြီးက ချူဟန်ကို သတိထားမိသွားကြသည်။ ထိုအုပ်စုထဲတွင် အဆင့်(၂) ဇွန်ဘီနှစ်ကောင်လည်း ပါဝင်နေသည်။ ထိုအကောင်များသည် ဒေါသတကြီး ပြေးဝင်လာကြပြီး လတ်ဆတ်သော အသားကို မည်သူအရင် စားရမည်ကို အပြိုင်အဆိုင် လုနေကြသည့်အလား ရူးသွပ်စွာ ဟိန်းဟောက်နေကြတော့သည်။

“အဆင့်(၂) ဇွန်ဘီ နှစ်ကောင် တစ်ပြိုင်တည်း လာတာလား လာခဲ့စမ်းပါ”

ချူဟန်က လက်ကောက်ဝတ်ကို လှည့်လိုက်ပြီး အနက်ရောင် အငွေ့အသက်များ ဖုံးလွှမ်းနေသော ရှူရာစစ်ပုဆိန်ကြီးကို ကိုင်ဆောင်ကာ ဇွန်ဘီအုပ်ထဲသို့ တည့်တည့်မတ်မတ် ပြေးဝင်သွားတော့သည်။

ဆယ်မိနစ်ခန့် အကြာတွင်...

ချူဟန်သည် ပုဆိန်ကြီးကို ပခုံးပေါ်တွင် ထမ်းထားပြီး လက်တစ်ဖက်ဖြင့် ဝမ်ချိုက် နားရွက်ကို ဆွဲကိုင်ကာ စူပါမားကတ် အဝင်ပေါက်တွင် တည်ငြိမ်စွာ ရပ်နေလေသည်။

ဝမ်ချိုက်မှာ မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် အနောက်ဘက်ရှိ ဇွန်ဘီအလောင်းပုံကြီးကို လှည့်ကြည့်လိုက်ပြီး အန်ချင်စိတ်များကို ထိန်းချုပ်ကာ မကျေမနပ် ပြောလိုက်သည်။

"ဟေ့... ငါ့ကို အောက်ချပေးလို့ မရဘူးလား"

"မရဘူး ခုနက မင်း အမြူတေတွေ လိုက်မကောက်ဘဲ အပျင်းထူနေတယ်မလား"

ချူဟန်က ထိုသို့ပြောလိုက်ပြီး ဆွဲကိုင်ထားသော နားရွက်ကို လှုပ်ခါလိုက်သည်။

"ဒါက အပြစ်ပေးတာပဲ"

မ်ချိုက် ချက်ချင်းပင် အစာအိမ်ထဲတွင် ကမောက်ကမတွေဖြစ်လာသလို ခံစားလိုက်ရပြီး တကယ်ကို အန်တော့မလိုဖြစ်နေသည်။

ချူဟန်က ဝမ်ချိုက်ကို အနိုင်ကျင့်နေခြင်းမှ ရပ်တန့်လိုက်ပြီး အရှေ့ရှိ စူပါမားကတ် အဝင်ပေါက်ကို အကဲခတ်လိုက်သည်။ ထူးဆန်းသည်မှာ ဤစူပါမားကတ်က အပြင်ပန်းကြည့်လျှင် ပျက်စီးမှု သိပ်မရှိသော်လည်း ပတ်ဝန်းကျင် တစ်ဝိုက်တွင်တော့ တိုက်ပွဲဖြစ်ထားသည့် အထောက်အထားများ အထင်းသား ရှိနေသည်။

ချူဟန် မျက်ဝန်းထဲတွင် သံသယဖြစ်ဖွယ် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ ပုဆိန်ဖြင့် တံခါးသော့ကို ခုတ်ချလိုက်ကာ စူပါမားကတ်အထဲသို့ လှမ်းဝင်လိုက်သည်။

ဆိုင်အတွင်းပိုင်းမှာ မှောင်မိုက်နေပြီး အမြင်အာရုံမှာ အလွန် ဆိုးရွားနေသည်။ ပြတင်းပေါက်မှန်များမှတစ်ဆင့် အပြင်ဘက်မှ အလင်းရောင်များ ဝင်ရောက်နေသော်လည်း ပေကျံနေသော သွေးများနှင့် အညစ်အကြေးများကြောင့် အလင်းရောင် အပြည့်အဝ မရရှိပေ။ သို့သော် အဆင့်(၂) ဆင့်ကဲပြောင်းလဲသူ ဖြစ်သော ချူဟန်အတွက် ဤမျှ အလင်းရောင်ရရှိခြင်းကပင် လုံလောက်နေပြီ ဖြစ်သည်။

ယခင် ရှစ်ကျားကျွမ်း စစ်ဒေသတွင် စခန်းချခဲ့သော စူပါမားကတ်နှင့် ယှဉ်လျှင် အရွယ်အစား သေးငယ်ပြီး မြေညီထပ် တစ်ထပ်သာ ရှိသည်။ နေ့စဉ်သုံး ပစ္စည်းများ နည်းပါးပြီး ကုန်ပစ္စည်း အများစုမှာ စားသောက်ကုန်များသာ ဖြစ်သည်။

"ဒီလောက်တောင် များတာလား"

ခေါင်းမူးသက်သာသွားသော ဝမ်ချိုက်မှာ အံ့ဩတကြီး ရေရွတ်လိုက်သည်။

ချူဟန် မျက်နှာပေါ်တွင်လည်း နားလည်ရခက်သော အမူအရာများ ပေါ်လွင်နေသည်။ ဆိုင်အတွင်းရှိ စင်များပေါ်တွင် ကုန်ပစ္စည်းများကို သပ်ရပ်စွာ စီစဉ်ထားပြီး ပစ္စည်းများ လျော့ပါးသွားသည့် အရိပ်အယောင် လုံးဝ မတွေ့ရပေ။

"ဘယ်သူမှ မလာဖူးဘူးလား"

အမြဲတမ်း စကားများတတ်သော ဝမ်ချိုက်က ဆက်တိုက် ပြောဆိုနေတော့သည်။

"တကယ်လား... မဖြစ်နိုင်တာ။ ဒီလောက် စားစရာတွေ အများကြီး ရှိနေတာကို ဘယ်သူမှ လာမယူကြဘူးလား။ ဒီနားက လူတွေ အကုန်လုံး မျက်လုံးကန်းနေကြတာလား... ဒါမှမဟုတ် ငတုံးတွေပဲလား"

"မယူရဲတဲ့ အကြောင်းရင်း တစ်ခုခု ရှိလို့နေမှာပေါ့"

ချူဟန်သည် စောစောက လမ်းကြားတွင် သူ သတိလစ်အောင် လုပ်ခဲ့သော အမျိုးသား၏ စကားကို မေ့မသွားသေးပေ။ ထိုနေရာတစ်ဝိုက်သည် ချန်ယွီဖေး ဆိုသော လူ၏ နယ်မြေဖြစ်သည်ဟု ဆိုခဲ့သည် မဟုတ်ပါလား။

"ထားလိုက်ပါတော့... ဒါပေမဲ့ ဒီလောက်များတဲ့ ပစ္စည်းတွေကို မင်းရဲ့ စတုရန်းမီတာ ငါးဆယ်ပဲရှိတဲ့ သိုလှောင်ခန်းထဲမှာ ဘယ်လိုလုပ် ဆံ့မှာလဲ ပြီးတော့ ကားကိုလည်း သိမ်းထားရဦးမှာမလား"

ဝမ်ချိုက် စတင် တွက်ချက်နေတော့သည်။

"ဒါပေမဲ့ ဒီအတိုင်း ထားခဲ့ရမှာ နှမြောစရာကြီး။ အကုန်လုံးက စားစရာတွေချည်းပဲ။ ပြီးတော့ အများစုက သက်တမ်းမကုန်သေးဘူး။ ဒါနဲ့... အထဲမှာ ဂိုဒေါင်တောင် ရှိနိုင်သေးတယ်။ ခုနက တိကျမှု အစွမ်းကို အဆင့်မြှင့်ပြီးတော့ အမှတ်ရာချီ ရသေးတယ်မလား။ နောက်ထပ် စတုရန်းမီတာ ငါးဆယ်လောက် ထပ်ချဲ့လိုက်ပါလား။ ဒါဆိုရင် စားစရာတွေ အများကြီး သယ်သွားလို့ ရပြီပေါ့"

"ပါးစပ်ပိတ်ထား"

ချူဟန်က အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

"မင်း ဘာတွေ ကြံစည်နေလဲဆိုတာ ငါ မသိဘူးလို့များ ထင်နေတာလား"

"ချီးပဲ..."

ဝမ်ချိုက်က ပေါ်တင်ပင် မျက်စောင်းထိုးလိုက်သည်။

"မဝယ်ချင်လည်း နေလေ မင်းရဲ့ အမှတ်တွေကို ငါကလည်း လိုချင်နေတာ မဟုတ်ပါဘူး"

"စကားများမနေနဲ့... အဲဒါတွေကို မြန်မြန်သိမ်းလိုက်"

ချူဟန်က ကယ်လိုရီများသော စားသောက်ကုန်များကို လက်ညှိုးထိုးပြကာ ဝမ်ချိုက်ကို မညှာမတာ ခိုင်းစေတော့သည်။

ချူဟန်နှင့် ဝမ်ချိုက်တို့ စူပါမားကတ်ထဲတွင် စားနပ်ရိက္ခာများ သိမ်းဆည်းနေချိန်၌ပင်...

အဝေးမှ လမ်းကြားတစ်ခုတွင် ချူဟန် သတိလစ်အောင် လုပ်ခဲ့သော အမျိုးသားမှာ ဖြည်းညင်းစွာ သတိရလာသည်။ နောက်စေ့မှ ပြင်းထန်သော နာကျင်မှုကြောင့် သူ အံကြိတ်ကာ အသက်ရှိုက်လိုက်ရသည်။

"အား...အဲဒီကောင်လေးက သောက်ရမ်း ကြမ်းတာပဲကွာ"

All Chapters