← Chapters

အခန်း ၁၉၆

Vol. 20 Ch. 196

အခန်း ၁၉၆

Vol. 20 Ch. 196

အခန်း (၁၉၆) အရက်သမားနှင့် ကျဆင်းသွားသော မင်းသမီး

ချူဟန် လက်သီးချက်ကြောင့် အသိစိတ်လွတ်သွားသူမှာ သတိပြန်ဝင်လာသည့်အခါ စိတ်ထဲတွင် ထိတ်လန့်သွားပြီး ချက်ချင်းပင် ကုန်းရုန်းထလိုက်ကာ လမ်းကြား၏ အခြားတစ်ဖက်သို့ ပြေးထွက်သွားတော့သည်။ တစ်ဝက်ရောက်သည့်အခါတွင် ရုတ်တရက် ပြန်လှည့်လာပြီး မြေပြင်ပေါ်တွင် တစ်စုံတစ်ခုကို အသည်းအသန် ရှာဖွေတော့သည်။

"တောက်... ငါ့သေနတ်ကို ယူသွားပြီပဲ"

အမျိုးသားမှာ ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ မျက်ဝန်းများတွင် ဒေါသနှင့် သတ်ဖြတ်လိုစိတ်များ တောက်လောင်နေသည်။

"အစ်ကိုချန် ဆီ သွားတိုင်ပြီး မင်းကို ဘယ်လို လုပ်ပစ်မလဲဆိုတာ စောင့်ကြည့်နေလိုက်"

သူသည် အပျက်အစီးပုံများကို လျင်မြန်စွာ ဖြတ်ကျော်သွားပြီး မကြာမီမှာပင် လမ်းကြားအဆုံး၌ ပျောက်ကွယ်သွားတော့သည်။

နေဝင်သွားပြီးနောက် ပတ်ဝန်းကျင်မှာ တဖြည်းဖြည်း မှောင်မိုက်လာသည်။ နေရောင်ခြည် ကွယ်ပျောက်သွားသည်နှင့် စူပါမားကတ် အတွင်းပိုင်းမှာလည်း ထူထပ်သော အမှောင်ထုထဲသို့ ထပ်မံ ကျဆင်းသွားတော့သည်။ ချူဟန်သည် ဆိုင်အတွင်းပိုင်းကို အကြမ်းဖျင်း ရှင်းလင်းလိုက်ပြီးနောက် ဝမ်ချိုက်နှင့်အတူ ထောင့်တစ်နေရာတွင် ဝင်ထိုင်ကာ တစ်ညတာ အနားယူရန် ဆုံးဖြတ်လိုက်သည်။

ထိုစဉ် ရုတ်တရက် ခြေသံများ နီးကပ်လာသည်။ ထို့နောက် လူအချို့၏ စကားပြောသံများကိုပါ ကြားလိုက်ရသည်။

"ဟေ့... ဘာလို့ ဇွန်ဘီ တစ်ကောင်မှ မရှိတာလဲ"

"တကယ်ပဲ ဟ... ဘာလို့ အကုန်သေနေကြတာလဲ" "ဘယ်သူက သတ်သွားတာလဲ"

"မိုက်တယ်ဟေ့... စူပါမားကတ်ပဲ"

အပြင်ဘက်မှ ခြေသံများ ပိုမိုနီးကပ်လာသည်ကို ကြားလိုက်ရသောအခါ ဝမ်ချိုက်မှာ တစ်ကိုယ်လုံးရှိ အမွေးများ ထောင်ထသွားတော့သည်။ သူသည် ချူဟန်၏ အဝတ်အစားများကို ဆွဲကိုင်ကာ အသည်းအသန် လှုပ်ရမ်းလိုက်သည်။

"ဟေ့... လူတွေ လာနေတယ် လူတွေ ရောက်လာပြီ"

သို့သော် ချူဟန်သည် ကိုယ်နေဟန်ထားကို ပြောင်းလဲခြင်း မရှိသလို မျက်လုံးကိုပင် ဖွင့်မကြည့်ခဲ့ပေ။

"ဟေ့ကောင်... ချူဟန် ဟေ့"

ဝမ်ချိုက်မှာ အလွန်အမင်း စိုးရိမ်ပူပန်ကာ ခုန်ပေါက်နေတော့သည်။

ချူဟန်မှာ မည်သည့် တုံ့ပြန်မှုမျှ မပြပေ။ ခြေသံများ အနီးကပ်ဆုံးသို့ ရောက်ရှိလာသဖြင့် ဝမ်ချိုက်သည် စိုးရိမ်တကြီးဖြင့် ပင်းပေါင်ဘောလုံး အရွယ်အစားအထိ ကျုံ့ဝင်သွားပြီး ချူဟန်၏ အိတ်ကပ်ထဲသို့ အလျင်အမြန် ဝင်ရောက်ပုန်းအောင်းနေလိုက်သည်။

မကြာမီမှာပင် လူအချို့၏ ခြေသံများမှာ စူပါမားကတ် အတွင်းသို့ ဝင်ရောက်လာပြီးနောက် အံ့ဩမှင်တက်သွားသော အသံများ ထွက်ပေါ်လာသည်။

"၀ိုး... နောက်နေတာလား အကောင်းတိုင်းကြီး ရှိနေသေးတာပဲ"

"စားစရာ အနည်းငယ်ပဲ လျော့သွားသေးတယ်... မိုက်တယ်ကွ ဒီလောက်ဆို စားစရာ လုံလောက်ပြီ"

"ငါ့ဟာ အကုန် ငါ့ဟာတွေနော်"

ချက်ချင်းဆိုသလို ဆိုင်အတွင်းပိုင်းမှာ ရူးသွပ်ဖွယ် လုယက်မှုများ ပြည့်နှက်သွားတော့သည်။ အထုပ်များ ဆွဲဖြဲသံနှင့် အငမ်းမရ စားသောက်သံများက မပြတ်တမ်း ထွက်ပေါ်နေသည်။ သူတို့၏ ပုံစံမှာ အငတ်ဘေးကြုံနေရသော ကြွက်အုပ်ကြီးတစ်အုပ်နှင့်ပင် တူနေတော့သည်။

မည်သူမျှ သတိမထားမိသော အမှောင်ထောင့် တစ်နေရာတွင် ချူဟန်သည် မသိမသာ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏ ရင်ထဲရှိ သံသယများမှာ ပိုမို ကြီးမားလာလေသည်။

ထိုလူများသည် အရင်က ဤစူပါမားကတ်အနီးသို့ လာရောက်ရဲခဲ့မည် မဟုတ်ပေ။ အပြင်ဘက်တွင် သူ ရှင်းလင်းခဲ့သော ဇွန်ဘီ အရေအတွက်ကို ကြည့်လျှင် ဤနေရာမှာ အန္တရာယ်များသော နေရာမျိုး မဟုတ်ပေ။

'ဒီနေရာက ချန်ယွီဖေး ဆိုတဲ့ကောင် ထိန်းချုပ်ထားတဲ့ နယ်မြေများလား'

ထိုသို့ ဖြစ်နိုင်ချေ အလွန်များပေသည်။ ထိုကောက်ချက်ချမှုသို့ ရောက်ရှိသွားပြီးနောက် ချူဟန်သည် ဆက်လက် စဉ်းစားမနေတော့ဘဲ ပြန်လည် အိပ်စက်ရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူ့နှင့် မသက်ဆိုင်ပေ။ သူသည် ပစ္စည်းများ လာရောက် ဖြည့်တင်းရုံသာဖြစ်ပြီး မနက်ဖြန် စောစောတွင် ဤနေရာမှ ထွက်ခွာတော့မည် ဖြစ်သည်။

သို့သော် သူ မှေးခနဲ အိပ်ပျော်သွားချိန်မှာပင်...

"ဘယ်သွားမလို့လဲ"

ရုတ်တရက် အနီးအနားမှ အမျိုးသမီး တစ်ဦး၏ အသံ ထွက်ပေါ်လာသည်။ ထိုသူများမှာ ဗိုက်ဝပြီးနောက် စူပါမားကတ်အတွင်း လှည့်ပတ်ကြည့်ရှုနေကြသော်လည်း အမှောင်ထုကြောင့် ချူဟန် ထောင့်တစ်နေရာတွင် အိပ်နေသည်ကို မတွေ့ရှိကြပေ။

"မင်းက ငါ့ကို ဘယ်အချိန်ကတည်းက အမိန့်ပေးနိုင်သွားတာလဲ"

ဤအသံမှာ အသက်လေးဆယ်ကျော် အမျိုးသားတစ်ဦး၏ အသံဖြစ်ပြီး ချူဟန်နှင့် အလွန်နီးကပ်နေသည်။

"ကျစ်…"

အမျိုးသမီး၏ အသံတွင် ရွံရှာမထီမဲ့မြင်ပြုသော လေသံများ စွက်ဖက်နေသည်။

"ရေမွှေးလိုမျိုး တစ်ခုခု ငါ့အစား သွားရှာပေးစမ်းပါ"

"ဘာ... ရေမွှေး ဟုတ်လား"

သက်လတ်ပိုင်းအရွယ် အမျိုးသားက နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။

"အခု မင်းရဲ့ ပုံစံမျိုးနဲ့ ဘာရေမွှေးကို သုံးမှာလဲ၊ မင်း အဝတ်ဗလာနဲ့ လမ်းပေါ်လျှောက်သွားရင်တောင် မင်းကို စိတ်ဝင်စားမယ့် ယောက်ျားတစ်ယောက်မှ ရှိမှာ မဟုတ်ဘူး"

"ဘာပြောတယ်... ရှင် ဘယ်သူနဲ့ စကားပြောနေလဲဆိုတာ သိရဲ့လား"

ထိုအမျိုးသမီးမှာ ရုတ်တရက် အော်ဟစ်လိုက်ပြီး နားစည်ကွဲမတတ် အသံကြောင့် ချူဟန်မှာ အေးအေးဆေးဆေး မနေနိုင်တော့ပေ။

"ဟေ့... ရှုဝမ်ယန် မှန်လေးဘာလေး သွားကြည့်ပါလားဦး ဒီရုပ်ဒီသွင်နဲ့ မင်းက နာမည်ကြီး မင်းသမီးလည်း မဟုတ်တော့ဘူးကွ"

အမျိုးသားက ထိုအမျိုးသမီးကို လျစ်လျူရှုလိုက်ပြီး ချူဟန် အနီးရှိ ကုန်ပစ္စည်းစင်များကို စတင် မွှေနှောက်တော့သည်။ "အရက်တွေ ဘယ်မှာလဲ... ငါ အရက်မသောက်ရတာ ကြာလှပြီ"

"ဝေကျွင်းချိုက်... ဒီအရက်သမား အဘိုးကြီး၊ ရှင် သေဖို့သာ ပြင်ထားတော့"

အော်ဟစ်သံနှင့်အတူ အမျိုးသမီးက ပြေးဝင်လာတော့သည်။

ခွမ်း... ခွမ်း...

ချက်ချင်းဆိုသလို ဆူညံပွက်လောရိုက်သွားတယ်။ ကွဲအက်သွားသော ပုလင်းများထဲမှ အရက်များ စီးကျလာပြီး နေရာအနှံ့သို့ ပြန့်ကျဲသွားသည်။

"ဘာတွေ ဆူညံနေကြတာလဲ"

စူပါမားကတ်ထဲရှိ အခြားသူများလည်း ပြေးလာကြသည်။ တစ်ချိန်တည်းမှာပင် တစ်စုံတစ်ယောက်က လက်နှိပ်ဓာတ်မီးကို ဖွင့်လိုက်သည်။

အလင်းတန်းတစ်ခုက သိပ်မကျယ်ဝန်းလှသော နေရာလေးကို လင်းထိန်သွားစေသည်။ အိပ်ရေးပျက်သွားသော ချူဟန်မှာ အလွန်တရာ မှုန်ကုပ်နေသော မျက်နှာဖြင့် နံရံကို မှီနေလေသည်။ လက်တစ်ဖက်ကို ဒူးပေါ်တွင် ပေါ့ပေါ့ပါးပါး တင်ထားလျက် သူ၏ အရှေ့တည့်တည့်အထိ စီးဆင်းလာသော အရက်များကို စိုက်ကြည့်ကာ မျက်မှောင်ကြုတ်နေတော့သည်။

"နင်တို့နဲ့ ဘာဆိုင်လို့လဲ"

ရှုဝမ်ယန်ဟု ခေါ်သော အမျိုးသမီးက ရိုင်းစိုင်းစွာ ပြန်အော်လိုက်သည်။ သူမ၏ တစ်ကိုယ်လုံးတွင် သန့်ရှင်းနေသော နေရာဟူ၍ တစ်ကွက်မျှ မရှိပေ။ မျက်နှာနှင့် ဆံပင်များမှာ ညစ်ပေနေပြီး ထိုအမျိုးသား ပြောခဲ့သည့်အတိုင်း မဆိုသလောက်သာ ကျန်ရစ်သော လှပသည့် မျက်နှာပေါက်မှလွဲ၍ တစ်ချိန်က နာမည်ကြီး မင်းသမီးတစ်ပါး ဖြစ်ခဲ့သည်ဟု ယုံကြည်နိုင်စရာ အကြောင်း လုံးဝ မရှိတော့ပေ။

"မင်း... မင်းက ဘယ်သူလဲ"

ဒီအချိန်မှာပဲ ဝေကျွင်းချိုက်နဲ့ တခြားသူတွေက ထောင့်မှာရှိနေတဲ့ ချူးဟန်ကို တွေ့သွားကြသည်။ အသက်ရှင်နေသော လူတစ်ယောက်က ခပ်တည်တည် ထိုင်နေသည် မဟုတ်ပါလား။ ထို့ပြင် တစ်ကိုယ်လုံးရှိ အဝတ်အစားများမှာလည်း သန့်ရှင်းသပ်ရပ်နေပြီး မျက်စိကျစရာ ဖြစ်နေသည်။

"ဒီမှာ အရင်ကတည်းက နေနေတဲ့သူလား"

ဘေးရှိ လူများမှာ အုတ်အော်သောင်းနင်း ဖြစ်သွားကြသည်။ သူတို့၏ အသံများထဲတွင် ပြင်းထန်သော မနာလိုမှုများ ရောယှက်နေလေသည်။

"ဟင်း... အခြေအနေ ကောင်းလှချည်လား ဒီစူပါမားကတ်ထဲမှာပဲ တစ်ချိန်လုံး ပုန်းနေခဲ့တာမလား" "စားစရာ၊ ဝတ်စရာတွေအပြင် သောက်ရေတောင် ရှိသေးတယ်"

"ထားလိုက်ပါကွာ... ဇွန်ဘီ တစ်ကောင်မှတောင် သတ်ဖူးမယ့်ကောင် မဟုတ်ပါဘူး"

အခြားတစ်ဖက်တွင် ချူဟန်ကို မြင်လိုက်ရသော ရှုဝမ်ယန်မှာ မျက်ဝန်းများ အရောင်လက်သွားတော့သည်။ သန့်ရှင်းသော အဝတ်အစားများ၊ ဘေးတွင်ချထားသော ကြီးမားထည်ဝါသည့် လက်နက်ကြီး၊ ဖြူဖွေးသော အသားအရေနှင့် ခန့်ညားသော မျက်နှာထား။

ချူဟန်၏ ရုပ်ရည်က သာမန်ပဲ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဒီကမ္ဘာပျက်ကပ်ကြီးထဲမှာတော့ သူ့ဘေးနားက ညစ်ပေနေတဲ့ လူအုပ်ကြီးနဲ့ ယှဉ်လိုက်ရင် သူက စူပါစတားတစ်ယောက်ထက်တောင် ပိုပြီး တောက်ပနေပါသေးသည်။

"အို..."

ရှုဝမ်ယန်က သူမရဲ့ ဆံပင်တွေကို ညင်သာစွာ သပ်တင်လိုက်တယ်။ အကယ်၍ ထိုအပြုအမူကို ပိုင်ယွန့်အာ သို့မဟုတ် ရှန်ကျိုတီ တို့သာ ပြုမူခဲ့ပါက ယောက်ျားတစ်ယောက်ကို အရည်ပျော်သွားစေလောက်မည့် ဆွဲဆောင်မှုမျိုး ရှိနေပေမည်။ သို့သော် ညစ်ပတ်နေသော အဝတ်အစားများနှင့် ဝါကြန့်နေသော သွားများကို ဖြီးပြနေသည့် ဒုက္ခသည် အမျိုးသမီးတစ်ဦး၏ ဟန်ပန်မှာ ရွံရှာဖွယ်ကောင်းလှပေသည်။

"ဒီက မောင်လေး... မမကို တီဗီထဲမှာ မြင်ဖူးတယ်မလား" ရှုဝမ်ယန်က မျက်စပစ်ပြကာ ညို့ယူဖမ်းစားလိုသော ဟန်ပန်ကို ပြသလိုက်သည်။ ဤမျှ သန့်ရှင်းသပ်ရပ်နေသော လူငယ်လေးတစ်ဦးကို မတွေ့ရသည်မှာ အလွန်ကြာမြင့်နေပြီဖြစ်ရာ ယခုချက်ချင်းပင် သူ့ထံသို့ ပြေးဝင်ဖက်တွယ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေတော့သည်။

ချူဟန်က နားမလည်သည့်အလား ရှုဝမ်ယန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

'တီဗီ ဟုတ်လား...'

"မမလေ... ရှုဝမ်ယန်လေ မသိဘူးလား"

အနည်းငယ် ရှက်ရွံ့သွားပုံရသော်လည်း ရှုဝမ်ယန်က ချက်ချင်းပင် စကားဆက်ပြောလိုက်သည်။

"မမက ဒီနှစ်မှ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ရထားတာလေ။ ပုံမှန်ဆိုရင် လူစိမ်းတွေနဲ့ စကားပြောလေ့မရှိပေမဲ့ မောင်လေးကတော့ ချွင်းချက်ပေါ့ မမတို့ ရင်းနှီးအောင် နေလို့ရပါတယ်"

ချူဟန်က နားလည်ရခက်သော အရာတစ်ခုကို ကြည့်သည့်အလား သူမကို ထပ်မံ ကြည့်လိုက်ပြန်သည်။ သူသည် ဆယ်နှစ်တာ အနာဂတ်ကာလမှ ပြန်လည်ရောက်ရှိလာသူ ဖြစ်သည်။ ရှုဝမ်ယန် ဆိုသော နာမည်မျိုးကို သူ မှတ်မိနိုင်မည် မဟုတ်ပေ။ စွမ်းအားအဆင့်သတ်မှတ်ချက် စာရင်းတွင် ပါဝင်သော ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်မှသာ သူ့အာရုံကို ဖမ်းစားနိုင်ပေလိမ့်မည်။ ယခင်ခေတ်က အနုပညာရှင်များ ဆိုသည်မှာ သူ၏ မှတ်ဉာဏ်ထောင့် တစ်နေရာ၌ပင် ကျန်ရှိနေစရာ အကြောင်း မရှိပေ။

"ဒီသောက်ကောင်မ... အရှက်မရှိတဲ့ ကောင်မ"

ဘေးမှနေ၍ ဝေကျွင်းချိုက်က ရှုဝမ်ယန်၏ နှာခေါင်းဝသို့ လက်ညှိုးထိုးကာ ဆဲဆိုလိုက်သည်။

"မင်းကိုယ်မင်း နာမည်ကြီး မင်းသမီးကြီးလို့ ထင်နေတုန်းလား မင်းရုပ်ကိုလည်း သေချာ ပြန်ကြည့်ဦး ယောက်ျားမြင်တာနဲ့ အလကားကုန်းချင်နေတယ်ပေါ့လေ"

"နင့်ပါးစပ်ပိတ်ထား ပိုက်ဆံမရှိ ရုပ်မရှိတဲ့ အသုံးမကျတဲ့ကောင်ကများ"

ရှုဝမ်ယန်ကလည်း မလျှော့တမ်း ရိုင်းစိုင်းသော စကားလုံးများဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။

"အမှိုက်က အမှိုက်ပဲ ဖာသည်မကလည်း ဖာသည်မလိုပေါ့ကွ"

ဝေကျွင်းချိုက်က လှောင်ပြောင်လိုက်သည်။

"ထွက်သွားစမ်း"

ချက်ချင်းဆိုသလို ထိုလူစုမှာ ပွက်လောညံသွားတော့သည်။ ထိုအချိန်အတွင်း မြေပြင်ပေါ်သို့ ဖိတ်ကျနေသော အရက်များမှာ တဖြည်းဖြည်း ပြန့်ကျယ်လာပြီး ချူးဟန်ဆီကို စီးကျလာတော့မလို ဖြစ်နေပြီ။

"ဟေ့"

ချူဟန်၏ တည်ငြိမ်သော အသံက ထွက်ပေါ်လာသည်။ ထိုအသံမှာ ကျယ်လောင်ခြင်းမရှိသော်လည်း အလွန်ပီသပြတ်သားလှကာ ရှိနေသူတိုင်း၏ နားထဲသို့ ရောက်ရှိသွားလေသည်။

"မင်းတို့ လုပ်ထားတာတွေကို အခုချက်ချင်း ရှင်းလိုက်စမ်း"

သူ၏ လေသံမှာ အေးဆေးတည်ငြိမ်လွန်းလှသော်လည်း လုံးဝ ငြင်းဆန်၍မရနိုင်သော ဩဇာအာဏာစက်တစ်ခု ကိန်းအောင်းနေလေသည်။

All Chapters