← Chapters

အခန်း ၁၉၇

Vol. 20 Ch. 197

အခန်း ၁၉၇

Vol. 20 Ch. 197

အခန်း (၁၉၇) နောက်ဆုံးအခွင့်အရေး

ဝေကျွင်းချိုက်နှင့် ရှုဝမ်ယန်တို့သည် ချူဟန်ထံသို့ ချက်ချင်း အကြည့်ရောက်သွားကြသည်။ သူတို့နှစ်ဦး၏ မျက်ဝန်းများတွင် ပေါ်လွင်နေသော ခံစားချက်များမှာ ကွဲပြားနေသော်လည်း မျက်နှာအမူအရာက ပြောပြနေသော စကားလုံးများမှာ လုံးဝ တူညီနေလေသည်။

'မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ'

"ဟင်..."

ရှုဝမ်ယန်က ပေါ်တင်ပင် မျက်စောင်းထိုးလိုက်သည်။

"အထင်မကြီးစမ်းပါနဲ့ ရုပ်လေး နည်းနည်း ကြည့်ကောင်းနေလို့ သဘောကောင်းပြလိုက်တာကို... အလကား အိပ်ခွင့်ရမယ်လို့များ ထင်နေတာလား"

"ထွီ..."

ဝေကျွင်းချိုက် မျက်နှာပေါ်တွင်လည်း လှောင်ပြောင်မှုများဖြင့် ချူဟန်၏ သေးသွယ်သော ခြေလက်များကို အထင်သေးစွာ ကြည့်ကာ တံတွေးထွေးချလိုက်သည်။

"မင်းလို အရိုးစုကောင်ကများ ငါ့ကို အမိန့်ပေးနေတာလား။ လက်တစ်ဖက်တည်းနဲ့ မင်းရဲ့ သွားတွေအကုန် ကျွတ်ထွက်သွားအောင် ရိုက်ချိုးပစ်လိုက်ရမလား"

"ဘာ... သန့်ရှင်းရေး လုပ်ရမယ် ဟုတ်လာ...”

ရှုဝမ်ယန်က လက်ပိုက်ကာ နှာခေါင်းရှုံ့လျက် လှောင်ပြောင်လိုက်သည်။

" မောင်လေး... စကားပြောရင် နည်းနည်း ဆင်ခြင်ပြောတာ ကောင်းမယ်နော် ဒီမှာက လူတွေ အများကြီးရှိတာ မောင်လေးက တစ်ယောက်တည်းလေ"

"ငါတို့က တစ်ဖွဲ့တည်းဆိုတာကိုတော့ မင်း သိသားပဲ"

ဝေကျွင်းချိုက်က ရှုဝမ်ယန်ကို ခနဲ့ရန် မမေ့ဘဲ လက်ထဲရှိ သေနတ်ကို ချူဟန်ထံ ချိန်ရွယ်လိုက်သည်။

"သေချာနားထောင်စမ်း၊ အခု ငါ မင်းကို အမိန့်ပေးမယ် ကြမ်းပြင်ပေါ် ဖိတ်နေတဲ့ အရက်တွေကို လေးဖက်ထောက်ပြီး လျှာနဲ့ လိုက်လျက်စမ်း"

ချူဟန်က မျက်လုံးကို အနည်းငယ် ပင့်ကြည့်လိုက်ပြီး မည်သည့် ခံစားချက်မျှ မပါဝင်သော အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

"နောက်တစ်ကြိမ် ထပ်ပြောမယ်။ ဒီနေရာကို ရှင်းလိုက်။ ငါ့ဖိနပ်ကို ဒီညစ်ပတ်နေတဲ့ အရည်တွေ လာမပေစေနဲ့"

ဖိနပ်ကို မပေစေချင်ဘူး ဟုတ်လား။

ထိုစကားကြောင့် လူအားလုံးမှာ အံ့အားသင့်ကာ ဆွံ့အသွားကြသည်။ လွန်စွာ မောက်မာပြီး ရိုင်းစိုင်းလှသော အပြုအမူကြောင့် သူတို့ ဘာပြောရမှန်းပင် မသိတော့ပေ။ မိမိတို့ဘက်က အင်အားများပြားစွာ သာလွန်နေသည်ဟူသော လက်ရှိ အခြေအနေကို ဤလူငယ်လေး လုံးဝ နားမလည်တာများလား။

"ငါ နားကြား မမှားဘူးမလား"

"ဒီကောင့် ခေါင်း ပုံမှန်မဟုတ်တာလား"

"တောက်… လာစမ်းနေတာပဲ"

"ဒီလို သေချင်နေတဲ့ အရူးကို မမြင်ရတာ ကြာပြီ"

"အစ်ကိုချန် ရဲ့ နယ်မြေမှာတောင် ဒီလို လုပ်ရဲတယ်ဆိုတော့ လောကကြီး အကြောင်း ဘာမှ နားမလည်တဲ့ကောင်ပဲ ဖြစ်ရမယ်"

ထင်ရာစိုင်းကာ အော်ဟစ်နေကြသော သူတို့၏ အသံများကို ကြားလိုက်ရသောအခါ ချူဟန်၏ သည်းခံနိုင်စွမ်းမှာ တဖြည်းဖြည်း ကုန်ဆုံးလုနီးပါး ဖြစ်လာသည်။ သူသည် လေတစ်ချက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ့ကို သေနတ်ဖြင့် ချိန်ထားသော ဝေကျွင်းချိုက်ကို ကြည့်ကာ ပြောလိုက်သည်။

"မင်းက ဒီအုပ်စုရဲ့ ခေါင်းဆောင်လား နောက်ဆုံးအခွင့်အရေး ပေးမယ်… အချိန် ငါးမိနစ် ရမယ်… သန့်ရှင်းရေးလုပ်လိုက်"

"သောက်ရူး... မင်းကိုယ်မင်း ဘာထင်နေလဲ"

ဝေကျွင်းချိုက်မှာ အကြီးအကျယ် ဒေါသထွက်သွားပြီး ချက်ချင်းပင် သေနတ်ကို မောင်းတင်ကာ ချူဟန်ထံသို့ ခလုတ်ဆွဲလိုက်တော့သည်။

ဝေကျွင်းချိုက်၏ လုပ်ရပ်ကို မည်သူတစ်ဦးတစ်ယောက်ကမျှ ဝင်ရောက် တားဆီးခြင်း မပြုကြပေ။ ချူဟန် ဤနေရာတွင် သေဆုံးသွားခြင်းမှာ ထိုက်တန်သော ပြစ်ဒဏ်ဟုသာ အားလုံးက ယူဆထားကြသည်။ ဘေးတွင်ရှိနေသော ရှုဝမ်ယန်က နှုတ်ခမ်းမဲ့ကာ ခေါင်ရမ်းလိုက်သည်။

ချောမောခန့်ညားသော လူငယ်လေးတစ်ဦး ထပ်မံ သေဆုံးသွားရမည်ကို အနည်းငယ် နှမြောမိသော်လည်း မည်မျှပင် ရုပ်ရည်ကောင်းမွန်နေပါစေ ဗိုက်ဝအောင် မလုပ်ပေးနိုင်ပါက အလကားပင် မဟုတ်ပါလား။ အထူးသဖြင့် အခြေအနေကို နားမလည်သော ဤကဲ့သို့ အရူးတစ်ယောက်ဆိုလျှင် ပို၍ပင် အလကား ဖြစ်လေသည်။

ချူဟန် တစ်ယောက် ထိုနေရာတွင်ပင် သွေးအိုင်ထဲ လဲကျသွားတော့မည်ဟု အားလုံးက ယုံကြည်ထားလိုက်ကြသည်။ သို့သော်

နောက်တစ်စက္ကန့်မှာပင်...

ရုတ်တရက်ဆိုသလို ဖြူဖွေးသော ယုန်တစ်ကောင်မှာ ချူဟန်၏ အရှေ့တွင် မည်သည့် အရိပ်အယောင်မျှ မရှိဘဲ ပေါ်လာခဲ့သည်။

ထို့နောက်... ဖတ်...

ပစ်ခတ်လိုက်သော သေနတ်ကျည်ဆန်မှာ မျက်စိတစ်မှိတ်အတွင်း လေဟာနယ်ထဲသို့ ပျောက်ကွယ်သွားတော့သည်။

သိပ်မကျယ်ဝန်းလှသော နေရာလေးမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွားသည်။ အပ်ကျသံကိုပင် ကြားနိုင်လောက်သည့်အထိ တိတ်ဆိတ်နေလေသည်။

ကျည်ဆန်က ဘယ်ရောက်သွားတာလဲ။ ဒီယုန်ကြီးကရော ဘယ်ကနေ ထွက်လာတာလဲ။

အားလုံးက ထပ်မံ ကြည့်လိုက်သောအခါ ချူဟန်မှာ ပွန်းပဲ့ဒဏ်ရာ တစ်ချက်မျှပင် မရရှိထားဘဲ လက်ထဲရှိ ယုန်ကို ကြမ်းပြင်ပေါ်သို့ ခပ်အေးအေးပင် ချထားလိုက်သည်။ အလွန်အမင်း တုန်လှုပ်သွားသော ဝမ်ဆိုင်မှာမူ ဝင်ရောက်ပြောဆိုရန် ခွန်အားပင် မရှိတော့ပေ။

တကယ်တော့ ဘာတွေ ဖြစ်သွားတာလဲ။ မည်သူတစ်ဦးတစ်ယောက်ကမျှ နားမလည်နိုင်အောင် ဖြစ်နေကြသည်။

အံ့အားသင့်မှုနှင့် ထိတ်လန့်မှုများက အားလုံး၏ ဦးနှောက်ထဲသို့ တစ်ပြိုင်နက်တည်း ဝင်ရောက်လာပြီး မည်သူမျှ မထိန်းချုပ်နိုင်တော့ဘဲ နောက်သို့ ဆုတ်လိုက်ကြသည်။ ချူဟန်ကို ကြည့်နေကြသော သူတို့၏ မျက်ဝန်းများမှာ သရဲတစ္ဆေ သို့မဟုတ် ဘီလူးသရဲကို မြင်လိုက်ရသည့်အလား ဖြစ်နေကြသည်။

ဝေကျွင်းချိုက်၏ မျက်နှာပေါ်တွင် ကပ်ငြိနေသော မောက်မာသည့် အပြုံးများမှာ လုံးဝ အေးခဲသွားတော့သည်။ ခံစားချက်များကို မထိန်းချုပ်နိုင်တော့သော သူ၏ မျက်နှာအမူအရာမှာ အလွန် ရယ်စရာကောင်းနေသည်။ သေနတ်ကို ကိုင်ထားသော လက်များမှာ တုန်ယင်လာပြီး မကြာမီမှာပင် ဂလွမ် ခနဲ မြည်သံနှင့်အတူ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

ရှုဝမ်ယန်မှာ ကြောက်ရွံ့မှုကြောင့် တစ်ကိုယ်လုံး တုန်ယင်နေပြီး ဒူးများ ခွေယိုင်ကာ သတိလစ်တော့မတတ် ဖြစ်နေသည်။ တကယ်ပဲ သရဲများ ပေါ်လာတာလား။

"မင်း... မင်းက လူလား။ ဒါမှမဟုတ် သရဲလား"

ဝေကျွင်းချိုက်က ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပြီး ထိတ်လန့်နေသော စိတ်ကို ဖုံးကွယ်ရန်အတွက် အက်ကွဲနေသော အသံကြီးဖြင့် အော်ဟစ်လိုက်သည်။

"မျက်လှည့်ပြနေတာလား ဒီလို ဉာဏ်များတဲ့ လှည့်ကွက်တွေကို ငါက ယုံမယ်ထင်နေလား ဟေ့ကောင်တွေ... အကုန်လုံး ဝိုင်းချကြစမ်း ဒီကောင့်ကို သတ်ပစ်ကြစမ်း"

ကြောင်အမ်းအမ်း ဖြစ်နေသော ရှုဝမ်ယန်လည်း ဝေကျွင်းချိုက်၏ အော်သံကြောင့် သတိပြန်ဝင်လာသည်။ သူမသည် ကြောက်ရွံ့တုန်လှုပ်နေရင်း နောက်တစ်စက္ကန့်တွင် နားကွဲမတတ် စူးရှစွာ အော်ဟစ်လိုက်တော့သည်။

"အား..."

စူပါမားကတ် အတွင်းပိုင်းမှာ မျက်စိတစ်မှိတ်အတွင်း ဖရိုဖရဲ ဖြစ်သွားတော့သည်။

ချူဟန်သည် ခြေရင်းအထိ စီးကျလာသော အရက်အိုင်ကို ငုံ့ကြည့်လိုက်ပြီး ထိတ်လန့်မှုကြောင့် မှင်တက်နေသော ဝမ်ချိုက်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ့ကို သတ်ရန် အသည်းအသန် အော်ဟစ်နေသော ဝေကျွင်းချိုက်ထံသို့ အကြည့်များ ရွှေ့လိုက်သည်။

သူက ခပ်ဖွဖွ သက်ပြင်းချလိုက်သည်။ တစ်ခါတစ်ရံတော့လည်း လူကောင်းတစ်ယောက်လို ပြုမူဖို့ တွေးထားခဲ့တာကို...

ဒိုင်း...

သေနတ်သံ တစ်ချက်က ရှုဝမ်ယန်၏ စူးစူးဝါးဝါး အော်သံကို ဖြတ်တောက်သွားသည်။ ဝေကျွင်းချိုက်၏ မျက်ခုံးနှစ်ခုကြားတွင် အပေါက်တစ်ခု ဖြစ်သွားပြီး အရက်အိုင်ထဲသို့ လဲကျသွားတော့သည်။

ချူဟန်သည် အလွန် စိတ်အနှောင့်အယှက်ဖြစ်သွားသော မျက်နှာထားဖြင့် စောစောက သတိလစ်အောင် လုပ်ခဲ့သော အမျိုးသားထံမှ လုယူထားသည့် သေနတ်ဖြင့် ကြမ်းပြင်ကို ညွှန်ပြလိုက်သည်။

" အခုချက်ချင်း သန့်ရှင်းရေး လုပ်လိုက်စမ်း"

သူသည် အကြောင်းမဲ့ သက်သက် လူမသတ်ချင်ပေ။ ကမ္ဘာပျက်ကပ်ကြီးထဲတွင် လူသားမျိုးနွယ်ဆိုသည်မှာ အလွန် အားနည်းသော သတ္တဝါများ ဖြစ်နေပြီ မဟုတ်ပါလား။ သို့သော် လူတစ်ယောက်ကို သတ်ပြခြင်းဖြင့် အားလုံးကို သတိပေးနိုင်မည်ဆိုပါက တုံ့ဆိုင်းနေရန် အကြောင်းပြချက် မရှိတော့ပေ။

ယခင်က သူ ကိုင်ဆောင်ထားခဲ့သော ထိုငွေရောင်ပစ္စတိုမှာ အမှတ်မထင် ပျက်စီးသွားခဲ့သည်မှာ ကြာပြီဖြစ်သည်။ အဆင့်(၂) ဆင့်ကဲပြောင်းလဲသူ တစ်ဦးဖြစ်လာသော သူ့အဖို့ သာမန် လက်နက်များမှာ အသုံးမဝင်တော့ပေ။ သို့သော်လည်း ကျည်ဆန်ထိမှန်ပါက ဒဏ်ရာတော့ ရရှိနိုင်ပေသည်။

သို့သော် ယခု ချူဟန်တွင် ဝမ်ချိုက် ရှိနေသည်။ ဝမ်ချိုက်ကို ဗဟိုပြု၍ ပတ်လည် တစ်မီတာအတွင်းရှိ အရာဝတ္ထုအားလုံးကို သိုလှောင်ခန်းထဲသို့ သိမ်းဆည်းနိုင်လေသည်။ ကျည်ဆန်များကို ကာကွယ်ပေးနိုင်ရုံသာမက ပစ္စည်းများ အလဟဿ ဖြစ်သွားခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။

"တကယ်ကို စွယ်စုံသုံးလို့ရတာပဲ"

ဝမ်ချိုက်ရဲ့ အတွေးတွေကရော…

"ထားလိုက်ပါ... သူ့မှာ ဘာအတွေးမှ ရှိမှာမဟုတ်ဘူး ရှိခဲ့ရင်တောင် ငါတို့က အဖက်လုပ်နေမှာ မဟုတ်ဘူးလေ"

ချူဟန်၏ ခပ်အေးအေး စကားတစ်ခွန်းကြောင့် သူတို့အားလုံးမှာ တကယ့် နတ်ဆိုးတစ်ကောင်ကို မြင်လိုက်ရသည့်အလား တုန်လှုပ်သွားကြသည်။ ကြမ်းပြင်ပေါ်သို့ လေးဖက်ထောက်လိုက်သူမှာ ရှုဝမ်ယန်ပင် ဖြစ်သည်။ သူမသည် မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ ဖိတ်ကျနေသော အရက်များကို လျှာဖြင့် လိုက်လျက်တော့သည်။ ငယ်ငယ်ရွယ်ရွယ်ဖြင့် အောင်မြင်မှုများစွာ ရရှိခဲ့သော နာမည်ကြီး မင်းသမီးတစ်ပါးပီပီ သူမ၏ အခြေအနေနှင့်အညီ ချက်ချင်း ပြောင်းလဲနိုင်စွမ်းမှာ ကြည့်ရှုရကျိုးနပ်လှသည်။

ချူဟန်မှာ ပြောစရာစကားပင် ပျောက်ဆုံးသွားတော့သည်။ သန့်ရှင်းရေးလုပ်ခိုင်းတာ မှန်ပေမဲ့ လျှာနဲ့ လျက်ဖို့ တစ်ခွန်းမှ မပြောခဲ့ပေ။ ဒီလောက်များတဲ့ အရည်တွေကို ဘယ်အချိန်အထိ လျက်နေမှာလဲ။ သူတို့အားလုံး ကြမ်းပြင်ကို အသည်းအသန် လိုက်လျက်နေကြပြီး ချူဟန်မှာ ဘာမှ ထပ်မပြောနိုင်တော့ချိန်မှာပင်...

"အစ်ကိုချန်... ဒီဘက်မှာပါ"

ရုတ်တရက် အပြင်ဘက်မှ ဆူညံသော အသံများ ထွက်ပေါ်လာသည်။

"ဟင်... ဒီက ဇွန်ဘီတွေ ဘာလို့ အကုန်သေနေကြတာလဲ"

ချူဟန် ခေါင်းအနည်းငယ် စောင်းလိုက်ပြီး လက်ထဲရှိ သေနတ်ကို ငုံ့ကြည့်လိုက်သည်။ အခုလေးတင် ကြားလိုက်ရတဲ့ အသံက ဒီသေနတ်ရဲ့ မူလပိုင်ရှင် အသံနဲ့ တူနေသည်။

"အထဲဝင်ပြီး ဒီစူပါမားကတ်ကို ရှင်းလင်းကြစို့"

ထိုအသံမှာ အခြား အမျိုးသား တစ်ဦး၏ အသံဖြစ်သည်။ ငြင်းဆန်ခွင့် မရှိသော ဩဇာအာဏာများ ပါဝင်နေသည်။

"ဟုတ်ကဲ့ပါ အစ်ကိုချန်"

" ဒီနေ့မှ ဇွန်ဘီတွေ မရှိတာ တကယ်ကို အံ့ဩစရာပဲ "

" ဒါပေါ့ အချိန်အကြာကြီး ဒီနေရာကိုပဲ ဝင်လို့ မရခဲ့တာလေ"

"ဟုတ်ပ... ဒီနေရာ တစ်ခုတည်းကိုပဲ အမြဲတမ်း လက်မလှမ်းမီခဲ့တာ"

အမျိုးသားတစ်စုက စကားပြောရင်း စူပါမားကတ် အတွင်းသို့ ခြေလှမ်းဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ကြမ်းပြင်ပေါ်တွင် လေးဖက်ထောက်နေသော ရှုဝမ်ယန်မှာ အလျင်အမြန် ထလိုက်သည်။ သူမသည် အဝင်ပေါက်ဆီသို့ အသည်းအသန် ပြေးသွားရင်း အသံကုန်ဟစ်ကာ ငိုယိုတော့သည်။

"ဟီးဟီး... ယွီဖေး ယွီဖေး... ကျွန်မကို လူဆိုးတစ်ယောက်က အနိုင်ကျင့်တော့မလို့ အဓမ္မကျင့်မလို့

သူမ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပုံက တကယ်ကို အံ့မခန်းပင်။

"ဘယ်ကောင်လဲကွ"

ချက်ချင်းဆိုသလို အမျိုးသား၏ ဒေါသတကြီး အော်သံ ထွက်ပေါ်လာသည်။ ချူဟန်ကိုပင် အံ့အားသင့်စေလောက်အောင် ဟန်ဆောင်မှုအပြည့် ပါဝင်နေသော လေသံဖြစ်သည်။

"ငါ့မိန်းမကိုတောင် ထိရဲတယ်ဆိုတော့ မင်းက တော်တော် သတ္တိကောင်းနေတာပဲ"

"အဲဒီကောင်ပဲ"

ရှုဝမ်ယန်က လူအုပ်ကြီးကို ခေါ်ဆောင်ကာ ဆိုင်အတွင်းသို့ ပြေးဝင်လာသည်။ သူမ၏ နောက်တွင် ကပ်ပါလာသော အမျိုးသားမှာ ချန်ယွီဖေး ဖြစ်သည်။ တောင့်တင်းခိုင်မာသော ခန္ဓာကိုယ် ရှိပြီး ကြည့်ရုံဖြင့် တိုက်ခိုက်ရေးစွမ်းရည် မြင့်မားမည်ဟု ထင်ရသော အမျိုးသား တစ်ဦးဖြစ်သည်။ ရှုဝမ်ယန်က ချူဟန်၏ နှာခေါင်းဝသို့ လက်ညှိုးထိုးကာ အသုဘအိမ်တွင် ငိုနေသည့်အလား ပြင်းပြင်းထန်ထန် ငိုယိုပြလိုက်သည်။

"ဒီနှာဘူး ဒီလူရမ်းကား... ကျွန်မကို အတင်းအဓမ္မ လုပ်ဖို့ ကြိုးစားနေတာ"

"မင်းက သေချင်နေတာလား"

ချန်ယွီဖေး ၏ ဒေါသများ ပေါက်ကွဲသွားတော့သည်။

ပုံမှန်အားဖြင့်ဆိုလျှင် ထိုစကားများအတွက် ရှက်ရွံ့သင့်ပေသည်။ သို့သော် ရှုဝမ်ယန်မှာ ချက်ချင်းပင် မျက်နှာပြောင်တိုက်ကာ စူးရှစွာ အော်ဟစ်လိုက်သည်။

"ဟုတ်တယ် ပြီးတော့ ပေါင်မုန့် တစ်ချပ်တောင် ကျွန်မကို မကျွေးဘူး"

တစ်ချိန်က မာနထောင်လွှားကာ အမြင့်ဆုံး၌ တောက်ပခဲ့သည့် နတ်ဘုရားမအဆင့် ကြယ်ပွင့်တစ်ပွင့်သည် ဤကမ္ဘာပျက်ကပ်ကြီးထဲတွင်တော့ ဤကဲ့သို့သော အခြေအနေမျိုးအထိ ကျဆင်းသွားခဲ့ရလေပြီ။

ချန်ယွီဖေး က မျက်နှာတွင် မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပြီး ချူဟန်ကို အထက်အောက် အကြိမ်ကြိမ် အကဲခတ်လိုက်သည်။ အန္တရာယ် မရှိနိုင်ဟု ယူဆသွားပုံရကာ ရှုဝမ်ယန်ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

"ဟေ့ကောင်... သူမက ရှုဝမ်ယန်ဆိုတာ မင်း သိတယ်မလား နာမည်ကြီး မင်းသမီးကြီးလေ… အရမ်းကို မြင့်မြတ်တဲ့ အမျိုးသမီးကွ… ပုံမှန်အချိန်ဆိုရင် မင်း တစ်ချက်လေးတောင် ကြည့်ခွင့်ရမှာ မဟုတ်ဘူး"

ချူဟန်က ခေါင်းအနည်းငယ် စောင်းလိုက်ပြီး ရှုဝမ်ယန်၏ မျက်နှာကို တစ်စက္ကန့်မျှသာ ကြည့်လိုက်ပြီးနောက် ခပ်ဟဟ ရယ်မောကာ ပြောလိုက်သည်။

"ငါ မကန်းသေးဘူး"

All Chapters